အပိုင်း ၁၁
Viewers 28k

Chapter 11


မော့ဝုဟန်က စိတ်ရှုပ်မခံလိုကြောင်း တွေ့လိုက်ရသောအခါ သူက စိတ်ရှုပ်အောင် မလုပ်တော့ဘဲ အားလုံးနှင့်အတူ ထွက်သွားလိုက်ရ၏။


“ဒါက အမှန်ပဲ ဆိုပေမယ့် ပေါ့ပေါ့လေး မစမ်းကြည့်နဲ့…”


“သေတဲ့အထိတော့ အာမမခံဘူးဆိုပေမယ့် ဖြစ်နိုင်ချေတော့ ရှိတယ်…”


“လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ငါတို့ရဲ့ဆေးရုံကို မတော်တဆ ပင်နယ်ဆလင်နဲ့ ဝိုင်ရောသောက်ပြီး အရေးပေါ် ကုသမှုခံဖို့ ရောက်လာတဲ့ လူနာတစ်ယောက် ရှိတယ်… သူ ရောက်လာတဲ့အချိန်မှာ လုံးဝ နောက်ကျနေပြီ…”


“ငါ့အတန်းက မှတ်စုတွေ မင်းကို ပြမယ်… လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပင်နဆလင်နဲ့ အရက် ရောသွားမယ်ဆိုရင် ဥပမာအနေနဲ့ သွေးတိုးတာ၊ နှလုံးခုန်နှုန်း မြန်လာတာ၊ အသက်ရှူကြပ်တာနဲ့ ပြင်းထန်တဲ့ အခြေအနေမှာ အသက်အန္တရာယ်ထိ ဖြစ်နိုင်တဲ့အထိ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာဖို့ လွယ်တယ်… အဲ့ဒါကြောင့် ပင်နဆလင်ကို သောက်မယ်ဆိုရင် အရက်သောက်လို့ မရဘူး… မတော်တဆ ဖြစ်နိုင်ချေတွေကို ကာကွယ်ဖို့အတွက် တစ်ပတ်လောက်တော့ အရက်မသောက်ဘဲ ရပ်ထားတာ အကောင်းဆုံးပဲ…”


“ဒါကို မစမ်းကြည့်ပါနဲ့… အတန်းပဲလစ်လိုက်စမ်းပါ…”


“ပင်နဆလင်ကို သောက်ပြီးရင် အရက် မသောက်နဲ့…”


“ဒီလိုမျိုး ဘယ်တော့မှ မလုပ်နဲ့…”


“ငါ ငိုမိတော့မယ်… ငါ ဘာလို့ မင်းကို ဒီအကြောင်းတွေ ပြောနေရတာလဲ…”


“ငါ မင်းကို Blacklist ထဲ ထည့်လိုက်တော့မှာ… မင်းကို နောက်ထပ် ဆေးပညာအကြောင်းတွေ မပြောပြတော့ဘူး…”


“…”


မော့ဝုဟန်က မျက်မှောင်ကြုံ့ရင်း ပြန်ဖြေလိုက်သည်။


“ကောင်းပါပြီ… မစိုးရိမ်ကြပါနဲ့တော့… ငါ မအောင်မြင်ခဲ့ဘူး.. ပြီးတော့ အနာဂတ်မှာလည်း ဒါမျိုး ထပ်ပြီးတော့ မလုပ်တော့ပါဘူး… ဟုတ်ပြီလား…”


နောက်တစ်စက္ကန့်အကြာတွင် ပြန်စာ ရောက်ရှိလာသည်။


“မအောင်မြင်ဘူး ဟုတ်လား… ဆိုလိုတာက မင်း တကယ် ကြိုးစားကြည့်ခဲ့တယ်ပေါ့လေ…”


မော့ဝုဟန်က ပြန်စာတစ်စောင် ပို့တော့မည့်အချိန်မှာပင် ဖုန်းဝင်လာခဲ့သည်။


“ဟယ်လို…”


“ကိစ္စတစ်ခုခု ဖြစ်နေပြီ… ပဉ္စမအစ်ကို …ကိစ္စတစ်ခုခု ဖြစ်နေပြီ…”


ဖုန်းထဲတွင် တစ်ဖက်မှ မော့လျှိုကွေ့၏ ငိုသံကို ကြားနေရသည်။


“ဘာဖြစ်တာလဲ… ရှောင်ကွေ့… အလန့်တကြား မဖြစ်နဲ့ဦး… ဘာကိစ္စဖြစ်တာလဲ…”


“ဖေဖေက … ဖေဖေ အရက်သောက်နေရင်း သတိလစ်သွားတယ်… သူ လေဖြတ်သွားလို့ အရေးပေါ်ကုသမှု ခံယူရအောင် ဆေးရုံကို တင်လိုက်ရတယ်… ညီမလေး အရမ်းကြောက်တာပဲ… ပဉ္စမအစ်ကို … ညီမလေး ကြောက်တယ်…”


မော့လျှိုကွေ့၏ စကားများမှာ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေ၏။


“မေမေ့ဆီက ဖုန်းဆက်လာတော့ ဖေဖေ့မှာ အသက်အန္တရာယ် ရှိတယ်လို့ ပြောတယ်… ဘယ်လိုလုပ်ရမလဲ အစ်ကိုကြီး… ညီမလေး ဘယ်လိုလုပ်ရမလဲ…”


မော့ဝုဟန်က တစ်စုံတစ်ခုကို သတိရသွားပြီး စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း သူက ခြေရာ မကောက်နိုင်သည့် ထင်မြင်ယူဆချက်ကိုသာ လက်ကိုင်ထားရင်း ပြောလိုက်သည်။


“မစိုးရိမ်ပါနဲ့ ရှောင်ကွေ့… ဦးလေး သက်သာသွားမှာပါ… ညီမလေး အခု ဘယ်မှာလဲ… အစ်ကိုကြီး လာခေါ်ပေးမယ်…”


---

မော့ရှစ်ဟုန်က စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်နှင့် အရေးကြီးသော စာချုပ်တစ်ခုအကြောင်း ဆွေးနွေးနေစဉ် ရုတ်တရက် အန်လိုက်၏။ သူ့မျက်နှာမှာ နီရဲတွတ်နေပြီး အသက်ရှူကြပ်လာသည်။ ထို့နောက် ရှော့ခ်ရကာ သူ့အန်ဖတ်များပေါ်သို့ပင် လဲကျသွားလေ၏။ ထို့နောက် သူ့ကို ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရသည်။


တိုက်တိုက်ဆိုင်ဆိုင်ပင် သူက မော့တိ တက်နေသည့် ဆေးရုံသို့ပင် ရောက်သွား၏။


သို့ရာတွင် မော့တိက ဤကိစ္စကို မသိပေ။ အိပ်ပျော်နေရာမှ နိုးလာပြီးနောက် သူက ဖြည်းဖြည်းချင်း မျက်လုံး ဖွင့်လိုက်သည်။


မုထျန်းဟန်နှင့် သူ၏ နိုင်ငံခြားသားမိတ်ဆွေ ထွက်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် သူက သူ့ကျောပိုးအိတ်ကို ရှာရန် ကျားကန်၍ ကြည့်လိုက်သော်လည်း သူ့လည်ပင်းနှင့် ဦးခေါင်းမှ ထိုးကိုက်လာသဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။


ဤတစ်ကြိမ်တွင် ကိစ္စများမှာ လက်လွန်သွားခဲ့ပုံရသည်။ ဤနည်းဗျူဟာမှာ နောက်တစ်ကြိမ် အသုံးမဝင်နိုင်တော့ပေ။ ဤတစ်ကြိမ် သူ အရိုက်ခံခဲ့ရသည်မှာ သူ့ဘဝတလျှောက် ခံစားခဲ့ရသည်များနှင့် ယှဉ်ပါက ရေပုံးထဲမှ ရေတစ်ပေါက်ဟုပင် မသတ်မှတ်နိုင်ပါ။ နည်းလမ်းပေါင်းစုံဖြင့် နှိပ်စက်ညှင်းပန်းမှုကို ကြုံတွေ့ခဲ့ရသော သူ့အတွက် ဤနာကျင်မှုမှာ အမှန်တကယ်ပင် မပြောပလောက်သော်လည်း ဤကဲ့သို့သော တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်မျိုးကို နောက်တစ်ကြိမ် မကြုံတွေ့လိုတော့ပါ။


သူ့ကျောပိုးအိတ်မှာ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် တင်ထားကြောင်း မော့တိ တွေ့လိုက်ရသည်။ အံကို ကြိတ်ရင်း သူ့လက်ကို ဆန့်ထုတ်ကာ အိပ်ရာပေါ်သို့ မ’ တင်လိုက်လေသည်။


သူက သူ့ကွန်ပျူတာကို အမြန် ဆွဲထုတ်ကာ အပြာရောင်ဝင်းဒိုး တစ်ကွက်တည်းသာ ကျန်တော့သည်အထိ ကုတ်နံပါတ်များ တစ်ခုပြီးတစ်ခု ပေါ်နေသည့် အနက်ရောင် မျက်နှာပြင်ကို ပိတ်လိုက်သည်။


တစ်ချိန်တည်းမှာပင် ရှာကျားနိုင်ငံတကာကျောင်းမှ ထိန်းချုပ်မျက်နှာပြင်ပေါင်း ၂၀၀ ကျော်ဝန်းကျင်မှာ ရုတ်တရက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။ လုံခြုံရေးဝန်ထမ်းများနှင့် စောင့်ကြည့်ခန်းထဲရှိ ဆရာများ အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားကြ၏။


ထို့နောက် မော့တိက ဗွီဒီယိုဖိုင် တစ်ခုကို ကူးယူကာ ၎င်းကို သူ၏ လျှို့ဝှက်ဖိုင်တွဲများထဲတွင် သိမ်းဆည်းထားလိုက်ပြီးနောက် ပြန်ပိတ်ထားလိုက်သည်။ ယင်းနောက်တွင်မူ သူက ဟွာရှားတွင် အကြီးမားဆုံးသော လူမှုဆက်ဆံရေးကွန်ရက်ဖြစ်သည့် ဟွာရှားအိတ်စ်ချိန်းကွန်ရက်ကို ဖွင့်လိုက်သည်။


မော့တိက ရေပန်းစားနေသော ရှာဖွေမှုစာမျက်နှာကို တစ်ခဏမျှ ဟိုဟိုဒီဒီ ကြည့်လိုက်၏။ ထို့နောက် သူက ဝင်းဒိုးကို အရွယ်အစား ချုံ့ကာ ထူးဆန်းသော စာမျက်နှာတစ်ခုကို ဖွင့်လိုက်လေသည်။ သူက ကုတ်နံပါတ်များကို တသီတတန်း ချရေးလိုက်ပြီးနောက် သူ့အိတ်ထဲမှ နားကြပ်ကို ထုတ်ကာ တပ်ထားလိုက်သည်။


ထိုနားကြပ်မှတစ်ဆင့် မျှော်လင့်ထားသော စကားအနည်းငယ်နှင့် မမျှော်လင့်ထားသော စကားအချို့ သူ့နားထဲသို့ ဝင်ရောက်လာခဲ့လေသည်။


ကျောင်းအုပ်ကြီးဟွမ်းက ဆေးရုံမှ ထွက်လာပြီးနောက် ကျောင်းသို့ ကမန်းကတမ်း ပြန်သွားလေ၏။ အပြန်လမ်းတွင် သူ့ထံသို့ မရေမတွက်နိုင်သော ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိခဲ့ပြီး ယင်းတို့အားလုံးမှာ ကျောင်းတွင်းအကြမ်းဖက်မှုတွင် ပါဝင်ပက်သက်နေသော ကျောင်းသားများ၏ မိဘများထံမှ ဖြစ်သည်။ တစ်ယောက်ယောက်က သူတို့ကို တိတ်တဆိတ် သတင်းပေးလိုက်ပုံပင်။


ကျောင်းအုပ်ကြီးဟွမ်းက မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုံ့လိုက်သည်။ ထို့နောက် သူက အလုပ်သဘောအရ ခံစားချက်ကို ပြောင်းလဲကာ ဖုန်းလက်ခံဖြေဆိုလိုက်လေသည်။


“ဟယ်လို… အိုး မစ္စတာကျုံး… မဟုတ်တာ ကျွန်တော် မလုပ်နိုင်ပါဘူး… လတ်တလော ကျွန်တော် အရက်ဖြတ်ထားလို့ အပြင်မှာ ထမင်းမစားဖြစ်တာ ကြာပြီ… အားနာပါတယ်… ကျွန်တော့်ကလေးတွေဆီ ပြန်ရဦးမှာဗျ… ပြဿနာတစ်ခုခု ရှိလို့လား… ခင်များ ကျွန်တော့်ကို ဖုန်းကနေပဲ ပြောလို့ရပါတယ်…”


“အိုင်းယား… မစ္စတာကျုံးရဲ့သားက ကျောင်းတွင်းအကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နေတယ်ဟုတ်လား… ဒီကိစ္စက… မစ္စတာကျုံး ခင်ဗျားရဲ့သားကို တကယ်မြှောက်စားထားတာပဲ… သူက တခြားကျောင်းသားတွေနဲ့ အဖွဲ့ဖွဲ့ပြီး ကျောင်းသားလေး တစ်ယောက်ကို အနိုင်ကျင့်ရုံတင်မကဘူး… အသက်အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့အထိ အချက်ပေါင်းများစွာ ကန်ကျောက်ထားတာ… အဲ့ဒီကောင်လေးရဲ့ ခေါင်းကို ကန်လိုက်ကြလို့ သူ့ဦးနှောက်သွေးကြောတောင်မှ ပေါက်လုမတတ် ဖြစ်သွားတယ်တဲ့…”


“ခင်ဗျား ဘာပြောလိုက်တယ်… အားနာပါတယ် မစ္စတာကျုံး ကျွန်တော် ခင်ဗျားပြောတာကို လက်မခံနိုင်ဘူး… ခင်ဗျားရဲ့သားက ကလေးပဲ ရှိသေးတယ်ဆိုရင် တိုက်ခိုက်ခံရတဲ့ ကျောင်းသားလေးကလည်း ကလေးတစ်ယောက်ပါပဲ… ဒီကိစ္စက ပိုက်ဆံလေး နည်းနည်းလောက် ပေးရုံနဲ့ ဖြေရှင်းလို့ ရတဲ့ကိစ္စ မဟုတ်ဘူး… ကျွန်တော့်ကို မခြိမ်းခြောက်ပါနဲ့ ပြီးတော့ အဲ့ဒီကျောင်းသားလေးကိုလည်း မခြိမ်းခြောက်ပါနဲ့… ခင်ဗျား အမှားတွေ ထပ်ပြီးတော့ မလုပ်တာ ကောင်းမယ်ထင်တယ်… တကယ်တော့ သူ့မှတ်တမ်းမှာ ဒီကိစ္စကို ထပ်ဖြည့်တယ်ဆိုတာက သူ့ကို သင်ခန်းစာလေး တစ်ခု ပေးတဲ့သဘောပါပဲ… ပြဿနာကြီးတော့ မဟုတ်ပါဘူး… သာမန်တက္ကသိုလ်တွေအတွက် ဝင်ခွင့်ရဖို့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး…”


“…”


မိနစ် ၂၀ ကြာပြီးနောက် ကျောင်းအုပ်ကြီးဟွမ်းက ဖုန်းချလိုက်သည်။ သို့သော် သူ ဖုန်းချပြီးပြီးချင်းမှာပင် နောက်ထပ် ဖုန်းတစ်လုံး ဝင်လာ၏။


ယနေ့တစ်နေ့ခင်းလုံး ကျောင်းအုပ်ကြီးဟွမ်မှာ ဖုန်းများကို ဖြေကြားရင်းပင် အချိန်ကုန်သွားခဲ့ရသည်။ ညအချိန်သို့ ရောက်လာသည်အထိ ကျူးမိသားစုထံမှ ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာဆဲပင်။


ကျောင်းသားမိဘများကို စိတ်ကျေနပ်အောင် ချွေးသိပ်ပေးရင်း ကျောညောင်းလာ၏။ တကယ်တမ်းတွင် သူ့ရင်ထဲ၌လည်း အပူတစ်ခု ရှိနေဆဲဖြစ်သည်။ ထိုကျောင်းသားအုပ်စုမှာ အလွန် ရက်စက်လှသဖြင့် သူတို့အား ပြင်းထန်သော အပြစ်ဒဏ်တစ်ခုခု ချမှတ်လျှင်ပင် အမှားမရှိပေ။ သို့သော် ရလဒ်အနေဖြင့် ကျောင်းသားမိဘများက ဤအချက်ကို သတိမပြုမိကြဘဲ အချို့မှာ သူ့ကိုပင် ခြိမ်းခြောက်နေကြသည်။


ရယ်စရာ ကောင်းလှပေသည်။ သူ့သည်းခံနိုင်စွမ်းကို စမ်းသပ်နေကြ၏။ အကယ်၍ သူသာ ဗွီဒီယိုကို ဖွင့်ချလိုက်ပါက မည်သူ အဆိုးရွားဆုံး ဖြစ်သွားနိုင်သည်ကို မသိနိုင်ကြပေ။


အခြားတစ်ဖက်တွင် ကျောင်းအုပ်ကြီးဟွမ်း ဖုန်းပြောနေသည်ကို နားထောင်နေသည့် မော့တိက သူ့အစီအစဉ်ကို ပြင်ဆင်နေ၏။


သူက ယခုချက်ချင်း ဗွီဒီယိုဖိုင်ကို ဖွင့်ချတော့မည် မဟုတ်ပေ။ ဤဗွီဒီယိုကို အသုံးချရန် ပို၍ သင့်တော်သော နေရာများ ရှိသေးသည်။


ယခုအချိန်၌ ကျောင်းတွင် သူ၏ဂုဏ်သတင်းမှာ ဆိုးရွားနေသော အချိန်ကာလ ဖြစ်၏။ လူတိုင်းက သူ့ကို မုန်းနေကြခြင်း မဟုတ်သော်လည်း သူ့ဘက်တွင် ရပ်တည်ပေးသောသူမှာ အလွန် အင်မတန် နည်းပါးလှပေသည်။ ဗွီဒီယိုကို ဖွင့်ချလိုက်ပါလျှင် အမှန်တရား ပြိုလဲသွားနိုင်ချေ များနေဆဲပင်။ သူက ရေတပ်တစ်ခုလုံး ခေါ်ဆောင်လာခဲ့သည်တိုင်အောင် လုံးထွေးသတ်ပုတ်ခြင်း ခံရနိုင်ဆဲဖြစ်ပြီး ညစ်ညမ်းသော ရေဆိုးများဖြင့် အပက်ခံရနိုင်ပေသည်။ ဤအကျိုးဆက်များမှာ သူလိုချင်သည့်အရာ မဟုတ်ပေ။


၎င်းကို အခြားသော ရည်ရွယ်ချက်အတွက် အသုံးပြုလိုက်ပါကလည်း အနည်းဆုံး သူ့ကို ပို၍ စိတ်ကျေနပ်မှု ရနိုင်စေရုံသာ ဖြစ်သည်။


ဥပမာအနေဖြင့် သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ဥပဒေသလိုပင်။


သူ့ယခင်ဘဝတွင် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရသည့် ဒုတိယနေ့ နေ့လည်ပိုင်းက ကျောင်းတံခါးမှ ထွက်ခါနီး ကျုံးသောင်ခန်း၊ ကျောက်ကောချန်နှင့် အခြားကျောင်းသားများက သူ့ကို ဝိုင်း၍ တိုက်ခိုက်ကြသည်ကို ပြတ်ပြတ်သားသား မှတ်မိနေဆဲပင်။ သူတို့ကြောင့် သူ့ညာလက် ကျိုးသွားကာ ဘယ်ခြေထောက် အဆစ်လွဲသွားရပြီး နောက်ဆုံး အင်္ဂလိပ်စာ စာမေးပွဲကို မဖြေဆိုလိုက်ရပေ။


သူက အခြားသော ဘာသာရပ်များတွင် ကောင်းကောင်း ဖြေဆိုနိုင်ခဲ့သော်လည်း သူ ၆ နှစ်တာ အိပ်မက်မက်ခဲ့ရသည့် ကျင်းသာတက္ကသိုလ်ဆီသို့ ဝင်ခွင့်ရရန် မဖြစ်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်မှာ နာကျင်နေသော်လည်း သူက လုံးဝ မငိုပေ။ အောင်စာရင်း ထွက်လာသည့် အချိန်မှသာ သူ့မျက်လုံးများမှာ နီရဲနေ၏။


ထို့ပြင် စာမေးပွဲနောက်ဆုံးနေ့တွင် မော့မိသားစုက မော့လျှိုကွေ့ကို ခေါ်ဆောင်ကာ အောင်ပွဲခံသည့် အနေဖြင့် မိသားစုခရီးတစ်ခု ထွက်သွားကြ၏။ သူ့အတွက်မူ ဖုန်းလေးပင် တစ်ကြိမ်တစ်ခါမှ ဆက်လာခြင်း မရှိပေ။ 


---


နောက်တစ်ရက်တွင် ကျောင်းတွင်းအကြမ်းဖက်မှု၌ ပါဝင်ကြသူများအား ပြင်းပြင်းထန်ထန် အပြစ်ပေးမည် ဖြစ်ပြီး သူတို့၏ မှတ်တမ်းထဲတွင် ပြင်းထန်သော မှတ်ချက် ထည့်သွင်းမည် ဖြစ်ကြောင်း တစ်ကျောင်းလုံးသို့ ကြေညာလိုက်၏။ ဤကိစ္စတွင် မော့တိကို နာမည်ဖျက်ပြီး လိုင်သယ်စစ်ကို ဆဲဆိုသည့် ကျူးဝမ်ဇီပါ ပါဝင်ပေသည်။ ရှာကျားတစ်ကျောင်းလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။


တကယ်တမ်းတွင် ကျောင်းအုပ်ကြီးဟွမ်းက ကျူးဝမ်ဇီအား စာရင်းထဲသို့ ထည့်ရသည့်အကြောင်းအရင်းမှာ သူ့အဖေ၏ ခြိမ်းခြောက်မှုကို ဒေါသထွက်သွားသောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူ့အနေဖြင့် ကျူးဝမ်ဇီကို အနည်းငယ်သာ အပြစ်ပေးပြီး လွှတ်ပေးလိုက်ပေလိမ့်မည်။ ထို့ပြင် နောက်ထပ် အကြောင်းပြချက်မှာ သူက လိုင်သယ်စစ်နှင့် မုထျန်းဟန်တို့ကို မျက်နှာလိုမျက်နှာရ လုပ်ချင်သောကြောင့် ဖြစ်ပြီး ယင်းကြောင့် ကျူးဝမ်ဇီ၏ အပြစ်ဒဏ်မှာ ပြင်းထန်သွားခြင်းပင်။


သို့ရာတွင် ကျူးဝမ်းဇီကလည်း မည်သည့်နည်းနှင့်မျှ မမှားပေ။ ဤဗွီဒီယိုတွင် သူက တိုက်ခိုက်ရာ၌ ပါဝင်ခြင်း မရှိသော်လည်း သတိမမူနိုင်သော နေရာများ၌ သူကလည်း ဤကဲ့သို့ လုပ်ဆောင်လေ့ ရှိ၏။ အထူးသဖြင့် သူ့ယခင်ဘဝတွင် သူက ယောက်ျားလေးအခန်းအတွင်း မော့တိကို ကြမ်းကြမ်းတမ်းတမ်း အနိုင်ကျင့်လေ့ရှိပေသည်။


“ရာရာစစ မော့တိက ငါ့ကို ပြုပြင်ခိုင်းတယ်ပေါ့လေ…”


ကျောက်ကောချန်က ကြေညာချက်ကို ကြားသောအခါ ချက်ချင်းပင် တရှူးရှူးတရှဲရှဲဖြင့် ဒေါသထွက်သွား၏။ သူက ဘတ်စကတ်ဘောလုံးကို အားပြင်းပြင်း ကန်လိုက်ပြီး ချက်ချင်းပင် မော့တိနှင့် တွေ့ရန် ဆေးရုံသို့ လိုက်သွားမည် ပြုလေသည်။ လူအများအပြားက သူ့ကို ဆွဲထားကြပြီး ချော့မော့ထားလိုက်ရသည်။


“ကျောက်ကောချန်… စိတ်ထိန်းပါဦး…ဘေးခန်းက ကျုံးသောင်ခန်းနဲ့ လျှို့ယန်ဖုန်တို့ကို ကြည့်… သူတို့တောင် နင့်လို စိတ်လိုက်မာန်ပါ မလုပ်ကြဘူး…”


သူ့ဘေးနားမှ မိန်းကလေးက အကြံပေးလိုက်သည်။


“သူတို့နှစ်ယောက်လုံးက နိုင်ငံခြားသွားတော့မှာလေ… သူတို့က ဝင်ခွင့် ရပြီးပြီပဲ… ငါနဲ့ ဘယ်လိုလုပ်ပြီးတော့ တူတော့မှာလဲ… ဒီမှတ်တမ်းနဲ့သာဆိုရင် ငါ ဘယ်လိုလုပ်ပြီးတော့ တက္ကသိုလ်ကောင်းတစ်ခုခုမှာ ဝင်ခွင့် ရတော့မှာလဲ…”


တတိယအဆင့် တက္ကသိုလ်သို့ ဝင်ခွင့် ရပြီးနောက်တွင်မူ သူ၏နတ်ဘုရားမလေးကို မည်သို့ မျက်နှာပြဝံ့ပါတော့မည်နည်း။ သူ၏ အမွေဆက်ခံခွင့်အတွက် မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်ဦးပါမည်နည်း။


ဤအကြောင်းကို သူ ဆက်ပြီး တွေးလေလေ၊ ပို၍ ဒေါသထွက်လာလေလေ ဖြစ်နေသည်။ သူက အံကြိတ်ရင်း ပြောလိုက်၏။


“ငါ မော့တိကို သတ်ပစ်မယ်…”


“ဝုန်းဒိုင်းကြဲမနေနဲ့တော့… စီနီယာကျူးဝမ်ဇီတောင်မှ နင့်လောက် စိုးရိမ်သောကရောက်မနေဘူး… ငါကြားတာတော့ သူက ကျင်းသာ့မှာ တက်ချင်တာတဲ့…”


အခြားမိန်းကလေးတစ်ယောက်က ကြားဖြတ်ကာ ပြောလိုက်သည်။


ဤစကားကို ကြားသောအခါ ကျောက်ကောချန်က အံကြိတ်ထားရင်းမှပင် အားကစားကွင်းမှ မျက်စောင်းထိုး လမ်းတစ်ဝက်တွင် တည်ရှိသော စီနီယာအတန်းကို လှမ်းကြည့်လိုက်၏။ ယင်း၌ အမှန်တကယ်ပင် တိတ်ဆိတ် ငြိမ်သက်လွန်းနေသည်ကို တွေ့လိုက်ရသည်။ တိုးတီးပြောဆိုခြင်းများ ရှိသော်လည်း သိသိသာသာ ရုန်းရင်းဆန်ခတ် ဖြစ်ခြင်းမျိုး မရှိပေ။


သူတို့အားလုံး မသိကြသည်မှာ ကျူးဝမ်ဇီ၏ စိတ်ထဲ၌ တုန်လှုပ်နေခြင်းပင်။ သူ့ပါးနှစ်ဖက်တွင် သွေးရောင် မရှိဘဲ ဖြူဖျော့နေ၏။


သူက အမှန်တကယ်ပင် သူ့မှတ်တမ်းများထဲ၌ ပြင်းထန်သော ပြစ်မှုမှတ်တမ်း ထည့်သွင်းခံလိုက်ရပြီလား။


သူက ကျင်းသာ့တက္ကသိုလ်သို့ ဝင်ခွင့် လျှောက်ထားနိုင်ပါတော့မလား...။