Chapter 12
သူ့အနေဖြင့် ကျင်းသာ့တက္ကသိုလ်သို့ ဝင်ခွင့် ရရှိနိုင်ပါတော့မလား...။
သူ့နားစည်နှစ်ဖက်တွင် သွေးများ ပြည့်လျှံလာသကဲ့သို့ ကျူးဝမ်ဇီမှာ ပြင်ပရှိ အသံဗလံများကို လုံးဝ မကြားရတော့ပေ။ သူ့အပေါ် ဖြာကျနေသော နေရောင်ခြည်မှာ အေးစက်နေ၏။ တက္ကသိုလ် ၄ နှစ်တာ ကာလအတွင်း သူ၏ လျှိုကွေ့နှင့် အတူတူ ရှိခွင့် ရစေရန် သူက ပြည်ပမှ တက္ကသိုလ်များကို လျှောက်ထားခြင်း မရှိပေ။ သို့တိုင် ဆိုးရွားသော ပြစ်မှုမှတ်တမ်းကြောင့် သူ့လမ်းကြောင်းမှာ ဖြတ်တောက်ခံလိုက်ရမည်ဟုလည်း မမျှော်လင့်ထားပေ။
အနာဂတ်တွင် သူ့အနေဖြင့် ပထမအဆင့် တက္ကသိုလ်တစ်ခုခုဆီသို့ မည်သို့မည်ပုံ လျှောက်ထားနိုင်ပါတော့မည်နည်း။ ဤသည်မှာ မည်သို့ ဖြစ်နိုင်ပါတော့မည်နည်း။
ဤဘဝတွင် သူက တတိယအဆင့် တက္ကသိုလ် တစ်ခုခုဆီသို့သာ တက်ရောက်ခွင့် ရရှိပြီး သူ့ပြိုင်ဖက်များ၏ နင်းခြေမှုကိုသာ ခံရပေတော့မည်။
တစ်စုံတစ်ယောက်ကြောင့် ကျူးဝမ်ဇီ အသိစိတ် ပြန်ဝင်လာသောအခါ သူ့မျက်နှာမှာ ဒေါသနှင့် ကြောက်ရွံ့ခြင်း အရိပ်အယောင်များ ဖုံးလွှမ်းနေပြီး သူ့ခြေထောက်များမှာ ခဲဆွဲထားသလို ရွေ့လျားခြင်း မရှိပေ။ ထို့နောက် မျက်နှာချင်းဆိုင်အခန်းမှ ကျောင်းသားများ၏ အယုတ္တအနတ္တစကားများ ကျယ်ကျယ်လောင်လောင် ပြောဆိုနေသံကို ကြားလိုက်ရသည်။
“သေစမ်း…”
သူက တစ်ချက် လှမ်းကြည့်လိုက်ရာ ထိုဆူညံသံများမှာ ဂျူနီယာများအကြားတွင် အတော်လေး နာမည်ကြီးသည့် ကျုံးသောင်ခန်းဟူသော ကောင်လေးတစ်ယောက်ထံမှ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် သူက အခြားသူများအတွက် စိုးရိမ်ပူပန်နေရမည့် အချိန် မဟုတ်ပေ။ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် ဖုန်းကို ထုတ်ယူလိုက်ပြီး ယောက်ျားလေးအိမ်သာဆီသို့ ပြေးသွားလေသည်။
သူက ဤကိစ္စကို သူ့အဖေအား အမြန်ဆုံး ပြောပြရပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သတိပေးစာကို လက်ခံရရှိသော ကျုံးသောင်ခန်းမှာ တစ်ဝက်က ဒေါသထွက်ပြီး တစ်ဝက်ကစိတ်သက်သာရာ ရသွားလေ၏။ မည်သို့ပင်ဖြစ်စေ သူက တကမ္ဘာလုံးဆိုင်ရာ ထိပ်သီးတက္ကသိုလ် ၁၀၀ စာရင်းတွင် ပါဝင်သည့် အမေရိကန်တက္ကသိုလ်တစ်ခုထံမှ ဝင်ခွင့် ရရှိထားပြီး ဖြစ်ပေသည်။ မမျှော်လင့်ထားဘဲ သူက ကျောက်ကောချန်ဆီသို့ နှစ်သိမ့်ကြွားဝါရန် သွားတော့မည်ဆဲဆဲ ထိုတက္ကသိုလ်ထံမှ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့လေသည်။
ယင်းမှာ သူ၏ ဝင်ခွင့်လုပ်ငန်းစဉ်များနှင့် ပတ်သက်သော အီးမေးလ်ဟု ထင်မှတ်ထားသော်လည်း အမှန်တကယ်တမ်းတွင် သူ၏ ဝင်ခွင့်ကို ငြင်းပယ်သည့် စာတစ်စောင်သာ ဖြစ်နေသည်။
ထိုတက္ကသိုလ်က ဖော်ပြထားသည်မှာ သူနှင့် ပတ်သက်သည့် အတည်မပြုရသေးသော သတင်းပေးမှု တစ်ခု ရရှိထားပြီး အတည်ပြုခြင်းများ လုပ်ဆောင်ပြီးနောက် သူက ထိုတက္ကသိုလ်တွင် စာလေ့လာရန် မသင့်တော်ကြောင်း ဆုံးဖြတ်လိုက်သည်ဟူ၍။ ထို့ကြောင့် ဝင်ခွင့်ကို ပြန်လည် ရုတ်သိမ်းပြီး သူ၏ လျှောက်လွှာကို ပယ်ချလိုက်လေသည်။
ဤသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ကျုံးသောင်ခန်းမှာ သူ့ကို မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် သူ့မိဘများကို ခေါ်ရန် ပြေးထွက်သွားပြီး သူ့ထံသို့ ဦးတည်လာသည့် ကျောက်ကောချန်နှင့် လျှို့ယန်ဖုန်တို့ကို တွန်းထုတ်လိုက်လေသည်။ တိုက်မိသွားသည့်အတွက် သူတို့နှစ်ယောက်သား ဟပ်ထိုးလဲကာ ပြုတ်ကျသွား၏။
ယင်းမှာ ဆိုးရွားလှသည့် ပြုတ်ကျခြင်းပင်။ တစ်ယောက်မှာ ဘတ်စကတ်ဘောလုံးများ တင်ထားသည့် စင်နှင့်ခေါင်း တိုက်မိကာ ဝုန်းခနဲ ကျယ်လောင်သော အသံကြီး ပေါ်ထွက်လာသည်။ အခြားတစ်ယောက်ကမူ ကျုံးသောင်ခန်းကို ခပ်တင်းတင်း လှမ်းဆွဲလိုက်ရာ နှစ်ယောက်လုံး ဆိုးဆိုးရွားရွား လဲကျသွားပြီး သွေးအလိမ်းလိမ်း ပေကျံကုန်လေသည်။
မော့တိက ရှာကျားဘက်စကတ်ဘောကွင်းကို ပြသထားသော စခရင်ကို ပိတ်လိုက်၏။ ထိုစဉ် သူ့မျက်လုံးများမှာ ပြုံးယောင်သန်းနေသည်။
ဤသည်မှာ ဆိုးရွားသော စတင်ခြင်း မဟုတ်သော်လည်း ဤမျှနှင့် မလုံလောက်သေးပေ။
မော့တိက မုထျန်းဟန်၏ လာမည့်ခရီးစဉ်ကို စစ်ဆေးရန် နောက်ထပ် စာမျက်နှာတစ်ခုကို ဖွင့်လိုက်ရာ သူ့ကားမှာ ဆေးရုံအပြင်ဘက်ရှိ လမ်းဆုံသို့ ရောက်ရှိနေပြီ ဖြစ်ပြီး မကြာခင် ရောက်လာတော့မည် ဖြစ်ကြောင်း တွေ့လိုက်ရသည်။
မော့တိက ဂရုတစိုက် စဉ်းစားပြီးနောက် သူ့လက်ချောင်းများမှာ ကီးဘုတ်ပေါ်တွင် ဖြတ်သန်းစေပြီး ဆေးရုံ၏ စောင့်ကြည့်ခန်းကို ဆွဲယူကြည့်ရှုလိုက်၏။
မိနစ်အနည်းငယ်ကြာပြီးနောက် နားကြပ်အတွင်းသို့ ရင်းနှီးသော အသံနှစ်ခု ဝင်ရောက်လာသည်။
“အဲ့ဒီမြေကွက်က မဆိုးဘူး… ဟွာရှားဈေးကွက်ထဲကို ဝင်ဖို့ ငါတို့ရဲ့ ပထမဆုံး အခြေစိုက်စခန်းအတွက် သိပ်ကို သင့်တော်တာပဲ…”
“မင်းကို စစ်ကားတွေ လျှော့ကြည့်ပြီး အဲ့ဒီအစား ဈေးကွက်အစီရင်ခံစာတွေ လုပ်ဖို့ ငါ ပြောထားတယ်လေ… မင်းမှ နားမထောင်ပဲ…”
လိုင်သယ်စစ်က ခြောက်ကပ်ကပ် ရယ်လိုက်၏။
“ကောင်းပြီလေ… ဟိုညီလေးဆီ သွားလည်ပြီး သူ ဘယ်လိုနေသေးလဲဆိုတာ သွားကြည့်ကြတာပေါ့… သူပြန်ကောင်းနေပြီဆိုရင် မင်း သူ့ကို တစ်ယောက်တည်း ထားခဲ့ဖို့ တကယ် စဉ်းစားထားတာလား… အနည်းဆုံးတော့ အဲ့ဒီကလေး ဆေးရုံဆင်းတဲ့အထိ ဒါမှမဟုတ် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေပြီးတဲ့အထိ သူ့ကို ကာကွယ်စောင့်ရှောက်ပေးသင့်တယ်လို့ ထင်တာပဲ…”
“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
မုထျန်းဟန်၏ လေသံမှာ လှိုင်းများလို လွန့်လူးထွက်ပေါ်လာသည်။
“သူ အဆင်ပြေလားဆိုတာ သေချာအောင် ကြည့်ရုံပဲ ပြီးတော့ အခုအချိန်မှာ အနားယူတာက သူ့အတွက် အကောင်းဆုံးပဲ… ငါတို့တွေ သူ့ကို ဆက်ပြီး နှောင့်ယှက်နေလို့ မရဘူး… တကယ်တော့ ဒီကိစ္စက အပြီးသတ်သင့်နေပြီ…”
“ကျွတ်စ်… မု… မင်းက အရမ်းကို…” လိုင်သယ်စစ်က တစ်ချက် စုတ်သပ်လိုက်၏။
“စီးပွားရေး အရမ်းဆန်ပြီး လုံးဝကို ကြည်နူးစရာ မကောင်းဘူးပဲ…”
“မင်းကို နောက်ဆုံးအကြိမ်အနေနဲ့ ပြောလိုက်မယ်… မင်း စကားလုံး အတွဲအစပ်တွေကို ဘယ်လို တွဲရမလဲဆိုတာ မသိရင် မသုံးဘဲ ဒီတိုင်း နေလိုက်…”
မုထျန်းဟန်က သူ့လက်ကို မြှောက်ပြီး အင်္ကျီလက်ကို ခေါက်လိုက်သည်။
လိုင်သယ်စစ်မှာ မုထျန်းဟန် သူ့ကို ရိုက်တော့မည်ဟု ထင်သဖြင့် အလျင်အမြန်ပင် ဘေးသို့ ခုန်ချလိုက်သည်။ ထို့နောက် သူက အနည်းငယ် ရယ်ချင်သွား၏။ သူက သူ့လည်ပင်းကို ဆန့်၍ ကြည့်ကာ ပြောလိုက်လေသည်။
“ငါပြောတဲ့အထဲမှာ အမှားတစ်ခုမှ မပါဘူးနော်… အဲ့ဒီကလေးနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အချက် တစ်ချက်လောက် ပြောကြည့်ပါလား… သူက အရမ်း အရမ်းကို ချောမောတဲ့ ကောင်လေးပဲ… မင်းသူ့ကို ဒီထက်ပိုပြီး ကောင်းပေးလို့ မရဘူးလား… မင်းက သူ့ထက်စာရင် မင်းကို ကြွေနေတဲ့ တခြားသူတွေနဲ့ အဆက်ဟောင်းတွေကို ပိုပြီးတော့ ထောက်ထားငဲ့ညာပေးတတ်တယ်လို့ ငါ ဘာလို့ ထင်နေတာပါလိမ့်…”
“ဟေး ငါက အတည်ပြောနေတာ… ဒီကောင်လေးက မဆိုးဘူးလို့ ထင်တာပဲ… ပြီးတော့ သူက သဘောကျနေတာ ဖြစ်နိုင်တယ်… ငါတို့ နောက်ဆုံးအကြိမ် တွေ့တုန်းက မင်းကို မြင်လိုက်ရပြီး သူ လမ်းလျှောက်ဖို့တောင် မေ့တော့မလို ဖြစ်နေတာလေ… မင်း သူ့ကို မနေ့တုန်းက အများကြီး ကူညီပေးခဲ့တာ ဆိုတော့ မင်းအပေါ် သူ့ရဲ့အကြည့်တွေကတောင် အခုဆို ပြောင်းလဲနေပြီ… သူ့မျက်လုံးထဲမှာ မြတ်နိုးခြင်းနဲ့ အသိအမှတ်ပြုခြင်းတွေကို အများကြီး မြင်နေရတာ… အား ငါ မနာလိုတောင် ဖြစ်လာပြီ… သူ ဘာလို့ ငါ့ကိုကျတော့ ဒီလိုမျိုး မကြည့်ရတာလဲ…”
“ပါးစပ်ပိတ်ထားစမ်း…”
“ငါက ဘာလို့ ပါးစပ်ပိတ်ထားရမှာလဲ… ငါ အတည်ပြောနေတာ… မင်းက ဒီလောက်တောင် ကာကွယ်ပေးတတ်တဲ့လူတစ်ယောက်ပဲလေ သူ့ကို အနိုင်ကျင့်နေကြတာကို ဒီတိုင်း ကြည့်မနေသင့်ဘူး… သူက အိမ်မှာလည်း အရမ်းကို သနားစရာ ကောင်းမှာပဲဆိုတာ ငါ ပြောရဲတယ်… အဲ့ဒါကြောင့် မင်းလို တမူထူးတဲ့ သတ္တဝါတစ်ကောင်နဲ့ နေရင် ပိုပြီးတော့ မကောင်းဘူးလား အနည်းဆုံးတော့ မင်းက အရမ်းကို ကာကွယ်ပေးတတ်တယ်လေ… အိုး…နာလိုက်တာ… မင်း ငါ့ကို ဘာလို့ ဒီလောက်နာအောင် ရိုက်တာလဲကွ…”
“ထပ်ပြီးတော့ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့… မဟုတ်ရင် မင်းကို ဆေးရုံတက်ရတဲ့ အရသာကို သိသွားအောင် လုပ်ပေးလိုက်မယ်…”
မုထျန်းဟန်က လက်သီးဆုပ်ကို မြှောက်ပြရင်း ပြုံးလိုက်၏။
“အဲ့ဒီလိုကောင်လေးတစ်ယောက်အတွက်တောင် မင်းက ကြိုတင်ကြံစည်ထားတာတွေ ရှိတယ်ပေါ့လေ… မင်းကို ငါ သင်ခန်းစာ မပေးဘူးဆိုရင် ငါ့လက်တွေ အသုံးမကျသလို ဖြစ်သွားလိမ့်မယ်…”
“…”
လိုင်သယ်စစ်က ရှူးရှူးရှားရှား ဖြစ်သွားပြီး ချက်ချင်းပင် မုထျန်းဟန်နှင့် ၃ မီတာ ခွာ၍ နေလိုက်သည်။ ထို့နောက် သူက ခေါင်းမာစွာ ပြောလိုက်၏။
“ငါက မင်းလို သတ္တဝါတစ်ကောင်နဲ့ ဆယ်ပုံတစ်ပုံတောင် မတူဘူး…”
ကွန်ပျူတာရှေ့တွင် မော့တိ၏ မျက်ခွံများမှာ အကြိမ်ကြိမ် လှုပ်ရှားသွားလေသည်။ စောင်အောက်မှ သူ့လက်များကို ဆုပ်ကိုင်ကာ ခဏအကြာတွင် ဖြေလျှော့လိုက်သည်။
လိုင်သယ်စစ်ဟူသော လူကြီး ပြောသွားသည်မှာ ဘာကို ဆိုလိုချင်ပါသနည်း။
မုထျန်းဟန်က…ဖြစ်နိုင်သည်မှာ…
သူက ယောက်ျားများကို နှစ်သက်ခြင်းပေလား။
ထို့ကြောင့် သူ့ယခင်ဘဝက လိင်တူတပ်မက်သူများ ဖြစ်ကြသော မော့ရှစ်ဟုန်နှင့် ချင်ယီချန်တို့ နှစ်ယောက်သားက သူတို့၏စကားဝိုင်းတွင် မုထျန်းဟန်ကို “စိတ်ပိုင်းဆိုင်ရာ ထန်လွန်းသူ”အဖြစ် ဖော်ပြခဲ့ကြသည်။
ယင်းမှာ အမှန်တကယ်ပင် မုထျန်းဟန်က ယောက်ျားများကို ကြိုက်နှစ်သက်သည့် ဖြစ်နိုင်ချေကို ဖော်ပြနေခြင်းပေလား။
မော့တိ၏ ခေါင်းထဲတွင် သူ ယခင်က တစ်ခါမှ မထင်မှတ်ထားသော သီအိုရီတစ်ခု ပေါ်လာ၏။ သူက အနည်းငယ် ဦးနှောက်ခြောက်လာသလို ခံစားလိုက်ရသည်။ ထို့နောက် သူက လှဲချကာ မျက်လုံးများကို မှိတ်ထားလိုက်ပြီး အိပ်ချင်ယောင် ဆောင်လိုက်၏။
အချိန်ခဏကြာပြီးနောက် ဆေးရုံအခန်းတံခါးမှာ ပွင့်လာသဖြင့် မော့တိက သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်လေသည်။
မုထျန်းဟန်က ဆေးရုံခန်းထဲသို့ ဝင်လာပြီးနောက် ဆယ်ကျော်သက်ကောင်လေး ထိုင်နေသည်ကို မြင်လိုက်ရသောအခါ သူ့နှလုံးသားမှာ တခဏမျှ ရွှင်လန်းသွားပြီး နှလုံးခုန်သံ တစ်ချက် မြန်သွား၏။
ကုတင်ပေါ်ရှိ ကောင်လေးမှာ သူ့မျက်နှာပေါ်တွင် အပြာရောင်၊ ခရမ်းရောင် ဒဏ်ရာများ ရှိနေသော်ငြား သူ့မျက်လုံးများမှာ ကြယ်ရောင်စုံသည့် မှင်ဆေးပန်းချီကားတစ်ချပ်နှယ် ဖြစ်နေသည်။ ထိုကောင်လေးက သူ့ကို နှလုံးသားတစ်ခုလုံး စိတ်ရင်းပါ ထည့်ပေါင်း၍ မျှော်လင့်ချက်များ၊ ကျေးဇူးတင်စိတ်၊ မဖော်ပြနိုင်သော ခံစားချက်တို့ဖြင့် ကြည့်နေလေ၏။ ယင်းမှာ ရိုသေလေးစားခြင်းနှင့် ဆင်တူသော်လည်း အခြားအရာ တစ်ခုခု ရှိနေသည်။
မုထျန်းဟန်မှာ သူ့ခြေလှမ်းများ တစ်ခဏမျှ ရပ်တန့်သွား၏။ သူက သူ့ခေါင်းထဲရှိ ယောက်ယက်ခတ်နေသော အတွေးများကို ရှင်းထုတ်ပစ်ရပေလိမ့်မည်။ သူ့ကို ကြည့်ရသည်မှာ လိုင်သယ်စစ်၏ စကားများက လွှမ်းမိုးထားသယောင်ယောင်။ သူက ယခုလို အဓိပ္ပာယ်မရှိဘဲ အရိုင်းဆန်သည့် အတွေးများ တွေးမိသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။
“မင်း ဘယ်လိုနေသေးလဲ…”
မုထျန်းဟန်က လမ်းလျှောက်လာပြီး မော့တိ၏ အိပ်ရာဘေးတွင် ရပ်လိုက်သည်။
“မင်းရဲ့ ခေါင်းက နာနေတုန်းပဲလား… တစ်နေရာရာက မသက်မသာ ခံစားနေရတာမျိုးရော ရှိသေးလား…”
“ကျွန်တော့်ရဲ့ခေါင်းက မနာတော့ပါဘူး… ကျွန်တော့်မျက်နှာ၊ ဘယ်လက်မောင်းနဲ့ ညာဘက်ခြေထောက်ကပဲ နည်းနည်းလေး နာတော့တယ်… ကျေးဇူးတင်ပါတယ် ကိုကို…”
ဤစကားကို ကြားလိုက်သည့် လိုင်သယ်စစ်က ချက်ချင်းပင် အော်လိုက်သည်။
“ကောင်လေး… မင်းက ဘယ်သူ့ကို ကိုကိုလို့ ခေါ်လိုက်တာလဲ… သူက မင်းထက် အသက် ၁၁ နှစ်တောင် ကြီးတယ်နော်… သူ့ကို ဦးလေးလို့ ခေါ်တာ ပိုကောင်းလိမ့်မယ်…”
“ဒါပေမဲ့ ကိုကိုက ဦးလေးကြီးတစ်ယောက်နဲ့မှ မတူတာ… သူက အရမ်းကို ငယ်သေးတယ်… ပြီးတော့ အရမ်း…”
မော့တိက သူ့ခေါင်းလေးကို ငုံ့လိုက်သည်။
“အရမ်း ချောလွန်းတယ်… ကျွန်တော် တွေ့ဖူးသမျှထဲမှ အချောဆုံးလူတစ်ယောက်ပဲ…”
လိုင်သယ်စစ်မှာ ချက်ချင်းပင် ပူပန်ကြောင့်ကြရင်း အူတိုမိသွား၏။ ယခုအခါ ဤကောင်လေးမှာ သူ့သူငယ်ချင်း အထန်ကောင်ကို ကြွေနေပြီ ဖြစ်ကြောင်း ၈၀% သေချာနေလေပြီ။
သေစမ်း။ ခေါင်းကိုက်စရာပဲ။ ဘာလို့ မိန်းမလှလေးတွေနဲ့ ရုပ်ချောချော ကောင်လေးတွေ အများစုက မုထျန်းဟန်ကိုပဲ ဘာလို့ ကြွေကုန်ကြတာပါလိမ့်။ သူ့ကိုမူ တစ်ယောက်တစ်လေမှ တစ်ချက်ကလေးပင် လှည့်မကြည့်ကြချေ။
မုထျန်းဟန်မှာ လက်ရှိတွင် ခံစားချက်များ ရှုပ်ထွေးနေ၏။ အစောပိုင်းက လိုင်သယ်စစ် ပြောခဲ့သော ပေါက်ကရ စကားများကြောင့်သာ မဟုတ်ပါက ဒွိဟကင်းစွာဖြင့် ထိုချီးကျူးစကားကို လက်ခံမည် ဖြစ်သလို ထိုကလေး၏ ဦးခေါင်းကိုပင် ပွတ်သပ်ပေးပေလိမ့်မည်။ သို့သော် ယခုတွင်မူ…
ဟူး…
သို့သော် သူက ယင်းကြောင့် ထိုကလေးမှာ သူ့ကို အမှန်တကယ် ကြိုက်နေသည်ဟု မယူဆရဲပါချေ။
“ငါက အသက် ၂၈ နှစ်ပြည့်ပြီးပြီ… ငါက မင်းထက် နည်းနည်းလေး ပိုပြီး အသက်ကြီးတယ်ဆိုတော့ မင်း ငါ့ကို အစ်ကိုဖြစ်ဖြစ် ဦးလေးဖြစ်ဖြစ် ကြိုက်သလို ခေါ်လို့ရတယ်… ဘာပဲဖြစ်ဖြစ် အဆင်ပြေတာပဲ…”
မုထျန်းဟန်က ကုလားထိုင်တစ်လုံးကို ဆွဲ၍ ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက ပြုံးရွှင်စွာ ပြော၏။
“မင်း ကောင်းကောင်း အနားယူပြီးတော့ ဆရာဝန်ရဲ့စကားကို နားထောင်ဖို့ လိုတယ်… မင်းရဲ့ကျောင်းအုပ် ပြောတာတော့ မင်းက စီနီယာတန်းကဆို…”
“ဟုတ်ကဲ့…”
မော့တိက ခေါင်းငြိမ့်လိုက်သည်။
“မင်းက ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရတော့မှာပဲ… စာမေးပွဲက ဇွန်လ ၇ ရက်နဲ့ ၈ ရက်မလား…”
“ဟုတ်ကဲ့… စာမေးပွဲဖြေဖို့ ရက် ၂၀ ပဲ လိုပါတော့တယ်…”
မော့တိက မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေမှာ မထိခိုက်ရအောင် ကျွန်တော် မြန်မြန် ပြန်ပြီး သက်သာချင်တာပဲ…”
“မင်း အဆင်ပြေသွားမှာပါ… လာမယ့် စာမေးပွဲမှာ မင်း အောင်မြင်ဖို့ ငါဆုတောင်းပေးပါတယ်…”
“ကျေးဇူးတင်ပါတယ် ကိုကို… ကျွန်တော်… ကျွန်တော်…”
မော့တိက သတိထားရင်း မျှော်လင့်နေသည့် အကြည့်မျိုးဖြင့် မုထျန်းဟန်ကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
“ကျွန်တော် ကိုကို့ကို ဆက်သွယ်ဖို့ နံပါတ် ယူထားလို့ ရမလား… ကျွန်တော် နေပြန်ကောင်းလာရင် ညစာ ဖိတ်ကျွေးချင်လို့ပါ…”
သေ…စမ်း…။
လိုင်သယ်စစ်မှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ၇၂၀ ဒီဂရီလှည့်ကာ သူ့ကိုယ်သူ ခက်ရင်းကြီး တစ်ချောင်းနှင့် ထိုးပစ်လိုက်ချင်မိသည်။ သူက အလွန် အားကျနေ၏။ မော့တိဟုခေါ်သော ဤကောင်ချောလေးမှာ သေချာပေါက် သားရဲကောင်လို သူ့သူငယ်ချင်းဖြစ်သူကို သေချာပေါက် ကြွေနေလေသည်။
(TN - တော်တော်လေး ထူးဆန်းနေတယ်ဆိုပေမယ့် စာရေးဆရာက ဒီတိုင်း ရေးထားတာပါ :))
မုထျန်းဟန်က တစ်ခဏမျှ အသံတိတ်နေပြီးမှ ပြောလိုက်သည်။
“မင်း ငါ့ကို ညစာ ဝယ်ကျွေးစရာ မလိုပါဘူး… မင်း အဆင်ပြေတယ်ဆိုရင်ပဲ ငါ ဝမ်းသာပါတယ်… တခြားကိစ္စတွေအတွက်ကတော့…”
Xxxxxxxx