Chapter 14
မော့တိက ဆေးရုံပေါ်တွင် နောက်တစ်ရက် ဆက်နေနေရသည်။ စေ့စေ့စပ်စပ် စဉ်းစားကြည့်ပြီးနောက် ယခုတိုင် သူ မလုံခြုံသလို ခံစားနေရဆဲပင်။ မည်သို့ပင်ဖြစ်စေ ကျူးဝမ်းဇီမှာ သူရှိနေသည့်နေရာကို သိထားသည့်အတွက် သူ့ဆွေမျိုးများကပါ အနှေးနှင့်အမြန် သိသွားလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
သို့သော် သူ၏ လက်ရှိဒဏ်ရာများကြောင့် ဆေးရုံမှ ဆင်းသွားသည့် အခြေအနေ မဟုတ်ပေ။ အကယ်၍ သူ ထွက်သွားချင်ပါကလည်း အနည်းဆုံး သူ့မိဘ သို့မဟုတ် အုပ်ထိန်းသူထံမှ သဘောတူညီချက် ယူရပေလိမ့်မည်။ သူ ဆေးရုံတက်သည့်အချိန်က “မိဘ သို့မဟုတ် အုပ်ထိန်းသူ” နေရာတွင် လက်မှတ်ထိုးခဲ့သူမှာ မုထျန်းဟန်ပင်။
မော့တိက ဤအချက်ကို တွေးမိပြီးနောက် သူ့နှုတ်ခမ်းများကို ကွေးလိုက်ပြီး လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။
ထို့နောက် သူက ယဉ်ကျေးသော ကောင်လေး၏ ပြတ်သားသည့် အသံမျိုးဖြင့် သူနာပြုကို ပြောလိုက်လေသည်။
“မမ… ကျွန်တော် ဆေးရုံကနေ ဆင်းချင်ပြီ…”
........
“မု… မင်းဖုန်းလာနေတယ်….”
လိုင်သယ်စစ်က သူ့ပါးစပ်ထဲမှ အမြှုပ်များကို ထွေးထုတ်လိုက်ပြီး လှေကားမှ ဆင်းလာသော မုထျန်းဟန်ကို ကြည့်ကာ အားပါးတရ ပြောလိုက်သည်။
“ဟိုကောင်လေးဆီက ထင်တယ်…”
မုထျန်းဟန်က လိုင်သယ်စစ်ကို အဖက်မလုပ်ပေ။ သူက ဆိုဖာပေါ်ရှိ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဝရန်တာဆီသို့ လျှောက်သွားလေသည်။
“ဟယ်လို…”
“ကျွန်တော်… ကျွန်တော်ပါ…”
ဖုန်းထဲတွင် မော့တိ၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည်။
“ကျွန်တော် ကိုကို့ကို နှောင့်ယှက်မိသလိုများ ဖြစ်သွားပြီလား…”
“မဖြစ်ပါဘူး… အခုပဲ မနက် ၇ နာရီရှိနေပြီလေ… ငါက နောက်ကျတဲ့အထိ မအိပ်တတ်ဘူး…”
မုထျန်းဟန်၏ အသံ၌ပင် အပြုံးတစ်ခု စွက်နေသယောင်ယောင်။ သူက လေ့ကျင့်ခန်း လုပ်ပြီး ရေချိုးထားသောကြောင့် ကိုယ်ငွေ့သည်ပင် ခပ်ငွေ့ငွေ့ ရစ်သိုင်းနေဆဲ ဖြစ်သည်။ သူ့ဆံပင်များမှာ အနည်းငယ် စိုစွတ်နေ၏။ သူက ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး လက်ခေါက်ထားသဖြင့် သန်မာသော လက်မောင်းတစ်စုံကို အတိုင်းသား မြင်နေရသည်။
မော့တိက ရှက်ရွံ့စွာ ပြုံးရင်း အနည်းငယ် ယဉ်ကျေးသော ပုံစံဖြင့် ပြောလိုက်သည်။
“ကိုကို… ကျွန်တော် ဆေးရုံဆင်းချင်နေပြီ… ဒါပေမဲ့ ဆရာဝန်နဲ့ သူနာပြုတွေက ပြောတယ်… ကျွန်တော် အဲ့ဒီလို လုပ်ဖို့အတွက် ကိုကို့ဆီက ခွင့်ပြုချက် လိုတယ်တဲ့…”
“မင်းက အစောကြီး ဆေးရုံကနေ ဆင်းချင်နေပြီလား… မင်း ဆေးရုံတက်နေတာ ၃ ရက်ပဲ ရှိသေးတယ်လေ… မင်းရဲ့ ဒဏ်ရာတွေကရော သက်သာနေပြီလား…”
မုထျန်းဟန်က ဝရန်တာတွင် မတ်တပ်ရပ်ရင်း အားနေသော လက်တစ်ဖက်ကို သုံးကာ ဆံပင်ကို သဘက်ဖြင့် သုတ်နေသည်။ ထိုလှုပ်ရှားမှုကြောင့် ညှပ်ရိုးပေါ်တွင် ရေစက်ကလေးများ ဖြာကျလာပြီး ဆွဲဆောင်မှု ရှိသော အားကောင်းသည့် ကြွက်သားများပေါ်သို့ စီးကျသွားလေသည်။
“ကျွန်တော့်ရဲ့ ဒဏ်ရာတွေက အများကြီး သက်သာလာပါပြီ… ပြဿနာမရှိတော့ပါဘူး… ကျွန်တော် ဆေးရုံမှာ ဆက်ပြီးတော့ နေစရာ မလိုတော့ပါဘူး… ရက်နည်းနည်းလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ…”
“ဒါဆိုလည်း ဆေးရုံမှာပဲ ဆက်ပြီးတော့ နေတာက ပိုမကောင်းဘူးလား… အဲ့ဒီမှာ အခြေအနေကို စောင့်ကြည့်ပေးမယ့် ဆရာဝန်တွေ သူနာပြုတွေ ရှိတာပဲလေ…”
မနက်ခင်း နေရောင်ခြည်က ပို၍ စူးရှလာသဖြင့် မုထျန်းဟန်က မျက်စိနှစ်ဖက်ကို မှေးကျဉ်းလိုက်သည်။
“ဒါမှမဟုတ် မင်း ဆေးရုံကနေ ဆင်းချင်တဲ့တခြားအကြောင်းပြချက် ရှိလို့လား…”
မော့တိက ချက်ချင်းပြန်မဖြေပေ။ သူက ၃၊ ၄ စက္ကန့်မျှ အသံတိတ်နေပြီးမှ ခပ်တိုးတိုး ပြောသည်။
“ကျွန်တော် တောင်းပန်ပါတယ်… တခြားကိစ္စတစ်ခုကြောင့် ကျွန်တော် ဆေးရုံကနေ ဆင်းချင်တာပါ… ကျွန်တော် ဒီနေရာမှာ ရှိနေတယ်ဆိုတာကို ကျွန်တော့်အစ်ကိုကြီးတွေ သိသွားရင် သူတို့ ရောက်လာပြီး ကျွန်တော့်ကို ရိုက်နှက်ကြမှာ ကြောက်လို့ပါ…”
“မင်း တောင်းပန်စရာ မလိုပါဘူး…”
မုထျန်းဟန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဆေးရုံခန်းအတွင်း ကျူးဝမ်ဇီပြောခဲ့သည့် စကားများကို သတိရသွားလေသည်။ ဤကလေး၏ မိသားစုဝင်များကပါ သူ့ကို အတော်လေး ဆိုးဆိုးရွားရွား ဆက်ဆံပုံ ရသည့်အပြင် သူတို့၏ အတွေးအခေါ်မှာ သာမန်လူများနှင့် အလွန် ကွာခြားပုံ ရသည်။
“မင်းရဲ့ အစ်ကိုတွေက… မင်းနဲ့ သွေးသားတော်စပ်တဲ့ အစ်ကိုတွေလား…”
“သူတို့က ကျွန်တော့်ရဲ့ ဝမ်းကွဲအစ်ကိုတွေပါ…”
မော့တိက ဘာမှ ထပ်မပြောတော့ပေ။ သူက တောင်းပန်တိုးလျှိုးသည့် လေသံဖြင့်သာ တောင်းဆိုလိုက်သည်။
“ကိုကို… ကျွန်တော် ဆေးရုံဆင်းဖို့အတွက် လက်မှတ်လေး ထိုးပေးလို့ရမလားဗျာ… ကျေးဇူးပြုပြီး…”
“မင်းက ငါ့ကို ယဉ်ယဉ်ကျေးကျေး တောင်းဆိုနေမှတော့ ငါ ဘယ်လိုလုပ်ပြီး မလုပ်ပေးဘဲ နေနိုင်မှာလဲ…”
ထို့နောက် မုထျန်းဟန်က သူ၏ ယနေ့အချိန်ဇယားကို စဉ်းစားလိုက်ပြီး ပြောသည်။
“ငါ ၈ နာရီအရောက် လာခဲ့မယ်… ငါ့ကို စောင့်နေ…”
“ကျေးဇူးတင်ပါတယ်… ကျေးဇူးတင်ပါတယ် အစ်ကို…”
“ကိစ္စမရှိပါဘူး… မင်း မနက်စာကို မြန်မြန်ဆန်ဆန် စားသောက်ပြီး ပစ္စည်းပစ္စယတွေ ထုပ်ပိုးထားလိုက်…”
စိတ်လှုပ်ရှားမှုကြောင့် ထိုကောင်လေး၏ အသံမှာ တုန်နေသည်ကို ကြားလိုက်ရသောအခါ မုထျန်းဟန်က ပြုံးရွှင်စွာဖြင့် ခေါင်းခါလိုက်သည်။ သူကလည်း အနည်းငယ် ခေါင်းကိုက်နေ၏။ ဤကောင်လေးမှာ ကိစ္စပေါင်းများစွာ ဖြတ်ကျော် ကြုံတွေ့ခဲ့ရသူ ဖြစ်ပေမည်။
“မု… မင်း ဟိုကောင်လေးကို သွားတွေ့မှာလား…”
လိုင်သယ်စစ်က ရုတ်တရက် ဝရန်တာသို့ ရုတ်တရက် အတင်း ဝင်လာပြီး သူ့ကို သားရဲတစ်ကောင်လို ကြည့်နေသည်။
“မင်းက ဒီလောက်မြန်မြန်ကြီး လှုပ်ရှားတော့မလို့လား…”
“ထွက်သွားစမ်းပါ…”
မုထျန်းဟန်က လိုင်သယ်စစ်၏ ပုခုံးကို တစ်ချက် ခပ်ဖွဖွ ထိုးပြီး ဧည့်ခန်းထဲသို့ ပြန်ဝင်သွားလေသည်။
“မင်းရဲ့ ညစ်တီးညစ်ပတ်အတွေးတွေကို ရှင်းထုတ်လိုက်စမ်းပါ…”
“ဟေ့ကောင်… နာတယ်ကွ…”
လိုင်သယ်စစ်က အံကြိတ်ကာ သူ့ပုခုံးကို ပွတ်သပ်ရင်း နောက်မှ လိုက်လာသည်။
“မင်းက တိရစ္ဆာန်တစ်ကောင်ပဲ… သူက ၁၇ နှစ်ပဲ ရှိသေးတယ်ကွ… ၁၇ နှစ်…”
မော့တိက ဖုန်းချလိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချပြီး ပစ္စည်းများကို စတင် ထုတ်ပိုးလိုက်သည်။
လပ်တော့မှ လွဲ၍ အခြားပစ္စည်းများအားလုံးကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်လေ၏။ ထိုကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် အကျဉ်းချုံ့ထားသော ဝင်းဒိုး ၇ ခု၊ ၈ ခုခန့် ရှိနေပြီး ၎င်းတို့အနက် တစ်ခုကို နှိပ်လိုက်မည်ဆိုပါက မမြင်နိုင်သော ကုတ်နံပါတ်များသာ တစ်မျက်နှာအပြည့် ကျလာသည်။
မော့တိက မနက်စာ စားပြီး ဆေးရုံခန်းထဲ၌ စောင့်နေချိန်တွင် မနက် ၇ နာရီခွဲသွားလေပြီ။ သူက သူ့ယခင်ဘဝတွင် ဂရုတစိုက် ရေးသားထားခဲ့သော မှတ်စုများကို ကြည့်ရင်း မှားနိုင်ချေရှိသော မေးခွန်းများကို ပြန်လည် သုံးသပ်နေ၏။ ထို့နောက် သူက ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် မော့မိသားစုမှ ကားတစ်စီး ရောက်လာသောကြောင့် မော့တိမှာ မုထျန်းဟန် အရင်ဆုံး ရောက်လာမည်ကို မစောင့်နိုင်တော့ချေ။
သူက မှတ်စုစာအုပ် ကိုင်ထားသော လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်၏။ မော့တိက ချက်ချင်းပင် ဘေးဘက်သို့ ရွှေ့ကာ လပ်တော့ကို ဖွင့်လိုက်သည်။ ထို့နောက် သူက ဝင်းဒိုးတစ်ခုကို ဆွဲကာ ကုတ်နံပါတ်အချို့ကို လျင်မြန်စွာ ရိုက်ထည့်လိုက်လေသည်။
မိနစ်ဝက်ခန့်အကြာတွင် မျက်နှာပြင်ပေါ်၌ စောင့်ကြည့်စာမျက်နှာ တစ်ခု ပေါ်လာသည်။
နေရောင်ကြောင့် အတော်အတန် ရောင်ပြန်ဟပ်နေသည့် စောင့်ကြည့်ကင်မရာထဲတွင် ကားမှာ ကားပါကင် တစ်နေရာ၌ ဖြည်းဖြည်းချင်း ရပ်တန့်သွား၏။ ၃ စက္ကန့်အကြာတွင် အမျိုးသားတစ်ယောက် ပေါ်လာသည်။
၎င်းမှာ မော့ဝုဟန်ပင်။ မော့ဝုဟန် ဆင်းလာပြီးနောက် နောက်ထပ် အရပ်ရှည်ရှည် ရင့်ကျက်သော ယောက်ျား တစ်ယောက် ဆင်းလာသည်။ ဖုံးဖိ၍မရနိုင်လောက်သော အထက်တန်းလွှာသွင်ပြင်ကြောင့် ၎င်းမှာ လက်ရှိတွင် မော့မိသားစု၏ လုပ်ငန်း တစ်ဝက်နီးပါးကို တာဝန်ယူထားရသော မော့ယီချန် ဖြစ်ပေသည်။ မော့ယီချန်က ကားတံခါးကို ပိတ်ကာ သူ့ဆေးရုံခန်းရှိရာသို့ လမ်းလျှောက်လာ၏။
ဤတစ်ကြိမ်တွင် သူ့အစ်ကိုကောင်းတစ်ယောက်က ဒုက္ခခံပြီး သူ့ဆီသို့ လာလိမ့်မည်ဟု မော့တိ မမျှော်လင့်ထားပေ။
မော့ယီချန်၏ ဝသီနှင့် ပင်ကိုယ်စရိုက်ကြောင့် သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ဖြတ်သွားလျှင်ပင် သူက မော့တိကို တစ်ချက်ကလေးပင် လှည့်ကြည့်မည် မဟုတ်ချေ။ သို့ရာတွင် ယခုအခါ သူ့အတွက် ဆေးရုံထိပင် ရောက်လာခဲ့သည်။
မော့တိက သူ့လက်ဆစ်များနှင့် လက်ချောင်းများကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။ သူက ထိုလူနှစ်ယောက်ကို ကြောက်ရွံ့ခြင်း မဟုတ်ဘဲ သူတို့ကို ရိုက်ချင်သည့်စိတ်အား မထိန်းချုပ်နိုင်မည်ကို ကြောက်နေရုံသာ။
မုထျန်းဟန်က မိနစ် ၂၀ အတွင်း သေချာပေါက် ရောက်လာနိုင်ပေသည်။ မော့တိက ကွန်ပျူတာကို ပိတ်ကာ သူ့ကျောပိုးအိတ်ထဲသို့ ထည့်ထားလိုက်၏။ ထို့နောက် သူက ကုတင်ပေါ်တွင် ထိုင်ကာ အစ်ကိုနှစ်ယောက် ရောက်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
မုထျန်းဟန် ရောက်လာသောအခါ သူ လှေကားဆီသို့ ဝင်ဝင်ချင်းမှာပင် အပေါ်ထပ်မှ ကျယ်လောင်သော အသံများကို ကြားလိုက်ရသည်။ သူက ရုတ်တရက် မကောင်းသော ကြိုတင်သတိပေးချက်ကို ခံစားလိုက်ရပြီးနောက် အပေါ်သို့ အရှိန်မြင့်ကာ ပြေးတက်သွားလိုက်၏။ လိုင်သယ်စစ်ကမူ “ခြေထောက်တွေ ရှည်နေတော့ ဘာလုပ်ရမှာလဲ… ပြဿနာကြီးပဲ” ဟု ရေရွတ်ကာ သူ့နောက်မှ လိုက်သွားလေသည်။
မုထျန်းဟန် စတုတ္ထထပ်လှေကားဆီသို့ ရောက်သောအခါ ဆေးရုံခန်းအတွင်း၌သာ နေပြီး သူ့ကို တိတ်တဆိတ် စောင့်ဆိုင်းနေရမည့် ကောင်လေးက လှေကားဆီသို့ ကြောက်လန့်တကြား ပြေးလာသည်ကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရှပ်အင်္ကျီမှာ ဆုတ်ဖြဲခံထားရပြီး ပြုတ်ထွက်နေသော ကြယ်သီးတစ်လုံးက အပ်ချည်ကြိုးတွင် တွဲလွဲခိုနေ၏။ သူ့နောက်မှ အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့် ယောက်ျားနှစ်ယောက် ပြေးလိုက်လာကြသည်။
“မော့တိ… အဲ့ဒီမှာ ရပ်နေစမ်း…”
“မော့တိ မင်း တကယ်လို့ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းမယ်ဆိုရင် မော့မိသားစုအိမ်ထဲကို နောက်တစ်ကြိမ် ခြေချဖို့ မစဉ်းစားနဲ့… ငါတို့မော့မိသားစုက မင်းလို ကိုယ့်အဖေကို အဆိပ်ခတ်ပြီး နောင်တမရတတ်တဲ့ တိရစ္ဆာန်လို ကောင်မျိုးကို မိသားစုထဲမှာ ဆက်ပြီး မထားရဲဘူး…”
“ကျွန်တော် မလုပ်ဘူး… ခင်ဗျားတို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ…”
မော့တိက ခက်ခက်ခဲခဲဖြင့် သူ ပြေးနိုင်သလောက် မြန်မြန်ပြေးနေသည်။ ထိုယောက်ျား နှစ်ယောက်က ယုန်လေးတစ်ကောင်ကို နောက်ပြောင်နေကြသည့် သိန်းငှက်များအလား သူ့နောက်မှ အေးအေးလူလူ လိုက်လာနေကြသည်။ အခြားဆေးရုံခန်းအတွင်းမှ လူနာတစ်ယောက်က အခြေအနေကို အကဲခတ်ရန် ထွက်လာပြီးနောက် မော့ဝုဟန် ပြောသည့်စကားကို ယုံကြည်နေသည့်အလား မော့တိကို အထင်သေးသည့်ပုံစံဖြင့် ကြည့်လိုက်သည်။
“ကျွန်တော် အဖေ့ကို ဘယ်တုန်းကမှ အဆိပ်မပေးခဲ့ဘူး… ကျွန်တော့်ကို မစွပ်စွဲနဲ့…”
မော့တိက ပြေးရင်းလွှားရင်း ငြင်းဆန်နေ၏။ သူက အသက်ရှူရပ်လုနီးပါးပင်။ ထို့နောက် သူက မော့ကြည့်လိုက်ရာ မုထျန်းဟန်ကို တွေ့လိုက်ရလေသည်။
တစ်ခဏအတွင်းမှာပင် ကောင်လေး၏ မျက်လုံးများမှာ မီးရှူးမီးပန်းအလား တောက်ပသွားသည်ကို မုထျန်းဟန် တွေ့လိုက်ရသည်။ ၎င်းမှာ ယုံကြည်မှုနှင့် အံအားသင့်ခြင်းများ ပြည့်နှက်နေရုံသာမက သူရဲကောင်းတစ်ယောက်ကို ကြည့်နေသည့်အလား မြတ်နိုးခြင်းနှင့် ကျေးဇူးတင်စိတ်တို့ပါ ပါဝင်နေသည်
မုထျန်းဟန်ခမျာ သူ့နှလုံးသားထဲတွင် ရုတ်တရက် ထိန်းချုပ်၍ မရလောက်အောင် လှုပ်ခတ်သွား၏။
“ကိုကို…”
မော့တိက ချက်ချင်းပင် မုထျန်းဟန်ဘေးသို့ ပြေးသွားပြီး သူ့နောက်တွင် ဝင်ပုန်းနေလိုက်သည်။
မော့ဝုဟန်က မော့တိ၏ လုပ်ရပ်ကို မြင်သောအခါ ဒေါသထွက်သွား၏။ သူက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် ခံ့ညားထည်ဝါသော အမျိုးသားကို စိုက်ကြည့်လိုက်သည်။
“ခင်ဗျား ဘယ်သူလဲ… ကျုပ်တို့က ကျုပ်ညီလေးကို ဆုံးမနေကြတာ… ခင်ဗျားက အပြင်လူပဲ ဝင်မရှုပ်နဲ့…”
“ညီလေးတဲ့လား…” မုထျန်းဟန်က ရုတ်တရက် ပြုံးလိုက်သည်။
“အဲ့ဒီလိုလား… ဒီကောင်လေးက ကျွန်တော့်ရဲ့ ညီလေးပဲလေ… ဒါနဲ့ သူ့ဆီမှာ ခင်ဗျားလို အစ်ကိုတစ်ယောက် ရှိတယ်ဆိုတာ ကျုပ် ဘာလို့ မသိထားတာပါလိမ့်… ခင်ဗျားက သူ့ကို ထိခိုက်အောင်လုပ်မယ့် ရန်သူရော မဖြစ်နိုင်ဘူးလား…”
ထို့နောက် မုထျန်းဟန်က အနီးအနားတွင် စုဝေးနေကြသော လူနာများနှင့် သူတို့၏ မိသားစုဝင်များကို ကြည့်ကာ ပြောလိုက်သည်။
“အားလုံးပဲ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပေးကြပါဦး… ဒီလူနှစ်ယောက်က ဒီကောင်လေးရဲ့ အစ်ကိုတွေ ဖြစ်နိုင်ပါ့မလား… သူတို့တွေက အပြင်ကနေ ရောက်လာတဲ့ လမ်းသရဲတွေ ဒါမှမဟုတ် လူကုန်ကူးမယ့်သူတွေလို့ ထင်ရတာပဲ…”
“သောက်ရေးမပါတာတွေ…”
ထိုစကားကို ကြားသောအခါ မော့ဝုဟန်က ဒေါသအိုး ပေါက်ကွဲမတတ် ဖြစ်သွားရသည်။ ယခင်က သူ့ကို ဤကဲ့သို့ စော်ကားပြောဆိုခြင်းမျိုး မခံရဖူးပေ။ သူက ရှေ့သို့ ပြေးထွက်လာပြီး မုထျန်းဟန်ကို လက်သီးဖြင့် တစ်ချက် လှမ်းထိုးလိုက်သည်။
သို့ရာတွင် မုထျန်းဟန်က အလွယ်တကူပင် ရှောင်လိုက်လေသည်။
ထို့နောက် မုထျန်းဟန်က သူ၏ ဘယ်လက်ဖြင့် မော့ဝုဟန်၏ လက်မောင်းကို ဖမ်းကိုင်ထားလိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်ကို လှည့်၍ ခြေထောက်များကို အမြန်လွှဲလိုက်ရာ မော့ဝုဟန်မှာ မြေကြီးပေါ်သို့ ဘုန်းကနဲ လဲကျသွားလေသည်။
“မင်းမေလခွမ်း…”
“တိတ်စမ်း…”
မော့ဝုဟန် ကျိန်ဆဲ၍ မပြီးခင်မှာပင် သူ့နောက်တွင် ရပ်နေသည့် မော့ယီချန်က စကားစကို ဖြတ်လိုက်သည်။ မော့ယီချန်က သူ့ရှေ့မှ လူကို ကြည့်ကာ သူ့မျက်ခုံးများကို ပင့်၍ ပြော၏။
“တစ်ဆိတ်လောက်ပါ… ခင်ဗျားက မစ္စတာမုထျန်းဟန်လား…”
မုထျန်းဟန်က ဘာမှပြန်မဖြေပေ။ သူက လူမှုကွန်ရက်တွင် ဓာတ်ပုံတစ်ပုံမှ တင်ထားခြင်း မရှိသလို မီဒီယာရှေ့တွင် တစ်ကြိမ်တစ်ခါမှ လူလုံးထွက်ပြခြင်း မရှိသော်လည်း စီးပွားရေးအသိုင်းအဝိုင်း၌ အချို့သော လျှို့ဝှက်ဓာတ်ပုံများ ပျံ့နှံ့နေနိုင်သည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။
Xxxxxxxx