အပိုင်း ၁၅
Viewers 28k

Chapter 15


သူက မော့ယီချန်ကို အမျိုးအမည် မသိနိုင်သော အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်ပြီးနောက် မော့တိကို ပြောလိုက်သည်။


“ကောင်လေး… မင်း အဆင်ပြေရဲ့လား…”


“ကျွန်တော် အဆင်ပြေပါတယ်…”


မော့တိက သူ့လွယ်အိတ်ကြီးကို လွယ်ထား၏။ သူက မုထျန်းဟန်၏ အင်္ကျီစကို ဆွဲကာ ပြောသည်။ 


“ကိုကို သွားရအောင်…”


“သွားကြမယ်… သွားကြမယ်… မင်းရဲ့ အိတ်ကို ငါ သယ်ပေးပါ့မယ်…”


အမှီလိုက်လာသည့် လိုင်သယ်စစ်က မော့တိ၏ ကျောပိုးအိတ်ကို ဆွဲယူလိုက်သည်။


“ငါ သယ်လိုက်မယ်…”


မုထျန်းဟန်က မော့တိ၏ အိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ရှေ့မှ လျှောက်သွားလေသည်။


“လာ…”


“မင်းကို ဘယ်သူက သွားခိုင်းလို့လဲ… အဲ့ဒီမှာ ရပ်နေ…”


“ပဉ္စမညီလေး”


မော့ယီချန်က မော့ဝုဟန်ကို နောက်တစ်ကြိမ် ထပ်တားလိုက်ပြန်သည်။ သူက မုထျန်းဟန်နှင့် လိုင်သယ်စစ်တို့ကို စေ့စေ့စပ်စပ် ကြည့်ရင်း သူ့အမူအရာမှာ လေးနက်သွား၏။


“အစ်ကိုကြီး… ဘာဖြစ်တာလဲ… ဘာလို့ မော့တိကို ဒီတိုင်း သွားခွင့်ပေးလိုက်ရတာလဲ…”


မော့ဝုဟန်မှာ ဒေါသအိုး ပေါက်ကွဲနေသည့်အပြင် စိတ်ရှုပ်ထွေးနေသည်။


“အဲ့ဒီလူက မုထျန်းဟန် ဖြစ်နိုင်တယ်…” မော့ယီချန်က အေးစက်စွာ ပြောလိုက်သည်။


“မုထျန်းဟန်… မုထျန်းဟန်က ဘယ်သူလဲ…” မော့ဝုဟန်မှာ ပို၍ပင် စိတ်ရှုပ်သွားလေသည်။


“မင်းက အချိန်ပြည့် မော်ဒယ်နဲ့ ဖျော်ဖြေရေးနယ်ပယ်အကြောင်းကိုပဲ စဉ်းစားနေတာကိုး… မင်းဦးနှောက် တစ်ခုလုံးက ဗလာပဲ…”


မော့ယီချန်က မော့ဝုဟန်ကို စိတ်တိုင်းမကျသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။


“မုထျန်းဟန်က အသက် ၂၂ နှစ်မှာ “ထင်မြင်ချက်” ဆိုရှယ်ကွန်ရက် တစ်ခုကို စတင်ခဲ့တယ်… ၄ နှစ်အတွင်းမှာတင် သူက ထင်မြင်ချက်ရဲ့ လျင်မြန်တဲ့ တိုးတက်မှုကို ဦးဆောင်နိုင်ခဲ့ပြီး ဥရောပနဲ့ အမေရိကဈေးကွက် တစ်ခုလုံးနဲ့ ကမ္ဘာပေါ်က တခြားအစိတ်အပိုင်းက ဈေးကွက်တွေကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်… အသက် ၂၆ နှစ်မှာ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုက တစ်ကမ္ဘာလုံး ထိပ်သီးအယောက် ၁၀၀ ထဲ ပါလုနီးပါး ဖြစ်နေပြီ… လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ထင်မြင်ချက်ကွန်ရက်က တဟုန်ထိုး အဆမတန် ဆင့်ပွားလာခဲ့တယ်… ပြီးတော့ မုထျန်းဟန်က တခြားလုပ်ငန်းတွေမှာပါ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့အပြင် တစ်ကမ္ဘာလုံးကိုပါ လွှမ်းမိုးနိုင်စွမ်း ရှိတယ်… အခုဆိုရင် သူက ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲမှာ အဆင့် ၇၊ ဟွာရှားရဲ့ အချမ်းသာဆုံးလူ ချင်းကျယ်ကွမ်းထက်တောင် ၃ နေရာ ပိုမြင့်သေးတယ်… ကဲ မင်းပြောစမ်း… သူက ဘယ်လိုလူမျိုးလဲဆိုတာ…”


“သူ… သူက…”


မော့ဝုဟန်မှာ တစ်ခဏမျှ ကြက်သေသေသွားရသည်။ တစ်ခဏမျှ ကြာမှသာ စကားပြောနိုင်၏။


“အစ်ကိုကြီး… သူဆိုတာ သေချာရဲ့လား…”


“သေချာတယ်… နိုင်ငံခြားသားက လိုင်သယ်စစ်ဆိုတဲ့လူ ဖြစ်လိမ့်မယ်... သူ့ပါတနာတွေထဲက တစ်ယောက်ပေါ့… သူတို့က လူရှေ့ကို မကြာခဏ ထွက်လေ့မရှိဘူးဆိုပေမယ့် ဓာတ်ပုံတွေ ပျံ့ထားတာ ရှိသေးတယ်…”


မော့ယီချန်က မျက်နှာအမူအရာ မကောင်းပေ။


“မော့တိက ဘယ်လိုဖြစ်ပြီး သူတို့နဲ့ ပတ်သက်နေတာလဲ…”


“ဟုတ်တယ်… သူတို့ကို မြန်မြန် အမှီလိုက်မှ ရမယ်… သူတို့ကို မော့တိရဲ့ ပုံစံအမှန်ကို ပြောပြမှ ဖြစ်မယ်… သူတို့ကို မော့တိက စည်းရုံးထားတာ သိသာနေတာပဲ…”


မော့ဝုဟန်က ပြောရင်းဆိုရင်း ချက်ချင်း လိုက်သွားချင်နေ၏။


“အစ်ကိုကြီး သူတို့ကို မြန်မြန် သွားပြောရအောင်… ကျွန်တော်တို့ အဲ့ဒီကို ရောက်ရင် သတိပေးသင့်တာ ပေးပြီး အဆက်အသွယ်တချို့လည်း ရနိုင်တာပဲ…”


“အခုအချိန်မှာတော့ အဲ့ဒီလိုလုပ်လို့ မသင့်တော်သေးဘူး… တစ်ချက်က မုထျန်းဟန်ကို ကြည့်ရတာ သူ့သရုပ်မှန်ကို ပြချင်တဲ့ပုံစံ မဟုတ်ဘူး… ဒုတိယအချက်က သူတို့ရှေ့မှာ မော့တိက အမှန်တရားကို ပလီပလာ လုပ်ထားမှာပဲ… ငါတို့တွေ အခု လိုက်သွားရင် သူ့ကို စိတ်တိုအောင် လုပ်မိရုံပဲ ဖြစ်မှာ…”


“ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ…”


“ပြန်သွားပြီး စုံစမ်းစစ်ဆေးကြည့်ကြတာပေါ့… နောက်တော့ သူတို့ဆီ သွားလည်ဖို့ သင့်တော်မယ့်အချိန် ရှာလိုက်ဦးမယ်…”


---


မော့တိက ကားထဲတွင် ဝင်ထိုင်လိုက်ရသည့်အချိန်မှသာ စိတ်သက်သာရာ ရနိုင်တော့သည်။ သူက ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော မုထျန်းဟန်ကို ကြည့်ကာ “ကျေးဇူးတင်ပါတယ် အစ်ကို”ဟု နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။


မုထျန်းဟန်က မအောင့်အီးနိုင်တော့ဘဲ ရယ်ချလိုက်ရင်း ပြော၏


“မင်း ငါ့ကို ဘယ်နှခါလောက် ကျေးဇူးတင်စကား ပြောနေဦးမှာလဲ… အဲ့ဒီလောက်ကြီး ယဉ်ကျေးစရာမလိုပါဘူး…”


“ကျွန်တော် ပြောမှရမယ်… လုပ်သင့်တဲ့ကိစ္စပဲလေ…”


မော့တိက တောက်ပသော မျက်လုံးများဖြင့် မုထျန်းဟန်၏ ဘေးတိုက်အသွင်သဏ္ဌာန်ကို လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သူက ခေါင်းကို ငုံ့ကာ သူ့လက်ကို တင်းကြပ်စွာ ဆုပ်ထားရင်း ပြော၏။


“ကျွန်တော် ကိုကို့ကို ဘယ်တော့မှ လုံလုံလောက်လောက် ကျေးဇူးတင်နိုင်မှာ မဟုတ်ပါဘူး…”


ဤမြင်ကွင်းကို မြင်လိုက်ရသော လိုင်သယ်စစ်မှာ နောက်တစ်ကြိမ် အစာအိမ် အချဉ်ပေါက်လာသလို ခံစားလိုက်ရသည်။


“ကောင်းပြီလေ… မင်းသဘောပဲ…”


မုထျန်းဟန်က သူ့ဖုန်းထဲမှ မြေပုံတစ်ခုကို ဖွင့်ကြည့်လိုက်သည်။ အောက်သို့ ငုံ့ကြည့်နေသဖြင့် သူ၏ မျက်တောင်ရှည်များမှာ အောက်သို့ ဖြာကျနေ၏။ 


“ခဏနေရင် ငါ မင်းကို မြို့ရဲ့အနောက်ဖက်မှာ ရှိတဲ့ ဆေးရုံတစ်ခုဆီ ခေါ်သွားပေးမယ်…ဒါပေမဲ့ လမ်းမှာ ငါ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို အရင်ဆုံး ဝင်ရမယ်… ငါ့မှာ အလုပ်ကိစ္စတွေ ရှိသေးတယ်…”


“ကိုကို… ကျွန်တော် နောက်ထပ် ဆေးရုံမှာ မနေချင်တော့ဘူး…” မော့တိက ကမန်းကတမ်း ပြောလိုက်သည်။ 


“ကိုကို ကျွန်တော့်ကို မြို့အနောက်ပိုင်းက ဆင်ခြေဖုံးရပ်ကွပ်မှာ ချထားပေးခဲ့လို့ ရပါတယ်… ကျွန်တော် အဲ့ဒီမှာ တစ်နေရာ ငှားနေလိုက်မယ်…”


“မင်းက ဆေးရုံမှာ ဆက်ပြီးတော့ မနေချင်တော့ဘူးပေါ့...” မုထျန်းဟန်က မော့တိကို လှမ်းကြည့်လိုက်သည်။ 


“မနေချင်တော့ဘူး…”


မော့တိက ခေါင်းမာစွာဖြင့် ခေါင်းခါပြလိုက်သည်။


“ကောင်းပြီလေ… မင်းသဘောပါပဲ… ဒါပေမဲ့ ဘာမှမဖြစ်ဘူးဆိုတာ သေချာအောင်လို့ ဆေးရုံမှာ စစ်ဆေးကြည့်လိုက်တာ ပိုကောင်းမှာပေါ့… မင်း မနေချင်တော့ဘူးဆိုရင်လည်း အဆင်ပြေပါတယ်…”


ထို့နောက် မုထျန်းဟန်က သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူက ဤကောင်လေးနှင့် ပတ်သက်ပြီး ဒီထက်ပို၍ စိတ်ထဲမထည့်ထားချင်တော့ပေ။ ဤကိစ္စကို မနေ့တည်းက သူ အပြီးသတ်ပစ်ရန် စီစဉ်ထားခဲ့၏။ ယနေ့ အဘယ်ကြောင့် ဤကောင်လေးကို ထပ်မံ၍ ဂရုစိုက်ပေးနေမိပါသနည်း။


........


သူတို့ဆောက်လုပ်ရေးဆိုက်ထဲသို့ ရောက်ချိန်၌ မုထျန်းဟန်နှင့် လိုင်သယ်စစ်တို့ နှစ်ဦးစလုံး အလုပ်လုပ်ရန်ထွက်သွားကြပြီး မော့တိကို ကားပေါ်တွင် တစ်ဦးတည်းထားခဲ့ကြသည်။


မော့တိနှင့်ကားဒရိုင်ဘာတို့မှာ တိတ်ဆိတ်လျက်သာ ရှိကြသည်။


" ရေနည်းနည်းလောက်သောက်ချင်လား.." ဒရိုင်ဘာဦးလေးမှ ကို့ရို့ကားယားနိုင်သော တိတ်ဆိတ်မှုကို ဖြိုခွဲရန် ကြိုးစားလိုက်သည်။


" မလိုတော့ပါဘူး ကျေးဇူးပါဦးလေး… ကျွန်တော် အပြင်ဘက်ကို တစ်ချက်လောက်ထွက်ကြည့်လိုက်ပါဦးမယ်…" မော့တိမှာ လူလိမ္မာလေးဟန်ဖြင့် ပြုံးကာ ပြတင်းပေါက်ဆီသို့ ညွှန်ပြလိုက်သည်။ 


" အဲ့ဒီမှာ ကျွန်တော်မမြင်ဖူးတာတွေလည်း ရှိတော့ တစ်ချက်လောက် သွားကြည့်ချင်လို့လေ…"


" ကောင်းပါပြီလေ.." ထိုသို့ပြောပြီးနောက် ကားဒရိုင်ဘာမှ စိတ်ဝင်စားသည့်ဟန်မရှိတော့ဘဲ ခေါင်းကိုငုံ့ကာ သူ၏ဖုန်းကိုသာ ပြန်လည်ဆော့ကစားနေခဲ့သည်။


ကားဒရိုင်ဘာ၏စိတ်မှာ အဘယ့်ကြောင့် ပြောင်းလဲသွားသည်ကို မသိသော်ငြား မော့တိ ထိုအရာကိုစိတ်ထဲထားခြင်းမရှိပေ။ တံခါးကိုသာဖွင့်ကာ အပြင်သို့ ထွက်လာလိုက်သည်။


မုထျန်းဟန်၏ခြေထောက်များမှာ ဟွာရှားတွင် မသန်စွမ်းဖြစ်သွားခဲ့ရခြင်းဖြစ်သည်။ နေရာမှာ ပို၍အန္တရာယ်များလေလေ ထိုသို့ဖြစ်ရန်အခြေအနေပိုများလေလေဖြစ်သဖြင့် သူနီးနီးကပ်ကပ်နေရပေမည်။


မော့တိတံခါးကိုပိတ်လိုက်သည်နှင့် ကားဒရိုင်ဘာမှ သူ၏နဖူးကိုကိုင်ကာ မကျေမနပ်ဖြင့် ငြီးတွားလိုက်သည်


 " ငါကဘော့စ်ထက်နှစ်နှစ်ပဲကြီးတာပါကွာ သူ့ကိုကျ ကိုကိုလို့ခေါ်ပြီး ငါ့ကျမှဦးလေးတဲ့…"


မော့တိ လုပ်ငန်းခွင်၏အစွန်ဖက်သို့သွားလိုက်ကာ အလည်ပိုင်းအရပ်သို့ရှာဖွေသွားနေသည်။


ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အမျိုးစုံလှသော ပေါက်တူးပေါက်ပြားများ၊ ကွန်ကရစ်လှည်းများ နှင့် နေရာတစ်ခွင်ကို သွယ်တန်းထားသည့် စတီးပိုက်များရှိနေခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်၏မြူထူထပ်နေသော နေရာတစ်ဝိုက်ကို တောက်ပသည့်နေရောင်မှ အလင်းဖြာကျနေကာ နေရာတစ်ခုလုံးရွှေရောင်‌သန်းနေသည်။


မုထျန်းဟန်မှာ လုပ်ငန်းခွင်၏အလယ်တည့်တည့်တွင် လုံခြုံရေးခေါင်းဆောင်းဝတ်ဆင်ထားသည့်လူတစ်ဦးနှင့်အတူ စကားပြောနေသည်။ သူတို့၏နောက်တွင် အဆောက်အဦး၏အကြမ်းဖျင်းပုံကြမ်းရှိနေကာ အုတ်များကိုသယ်ဆောင်လာသည့် အလုပ်သမားများနှင့် ပေါက်တူးပေါက်ပြားများဖြင့် အလုပ်ရှုပ်နေကြသည့်လူများရှိနေခဲ့သည်။ ဝါးလုံးနှင့် စတီးပိုက်များသည်လည်း ပလက်ဖောင်းပေါ်တွင်ရှိနေပြီး ၎င်းတို့မှာ အန္တရာယ်ပြုနိုင်ပုံမရသော်လည်း သတိထား၍ကြည့်မည်ဆိုပါက အတော်အတန်မလွယ်ကူသည်ကို မြင်ရပေမည်။


မော့တိ သူ၏လည်ပင်းကိုဆန့်ကာ ဖုန်များဖုံးလွှမ်းနေသည့် လုပ်ငန်းခွင်သို့ ခြုံငုံကြည့်လိုက်သည်။ နေရောင်အနည်းငယ်မှာ ကြမ်းတမ်းပြီး ခိုင်ခံသော ဝရိန်ဆော်နေသည့်နေရာသို့ ဖြာကျနေသည်။


ရုတ်တရက်ဆိုသလို မော့တိ ‌ဆိုးဝါးသည့်သတိပေးချက်တစ်ခုရရှိသွားကာ မသိစိတ်၏လှုံ့ဆော်မှုဖြင့် ထရပ်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်၏အလယ်သို့ အလျင်အမြန်ပြေးလာလေသည်။


လူငယ်လေးတစ်ဦး ‌ဆိုက်ထဲသို့ကျူးကျော်လာသည်ကို မြင်လိုက်ရသဖြင့် အလုပ်သမားတစ်ဦးမှ အလျင်အမြန်အော်လိုက်ကာ ထွက်သွားရန်ပြောဆိုလိုက်သည်။


မော့တိမှာမူ ထိုလူကို လျစ်လျူရှုကာ ဆက်လက်၍ပြေးနေခဲ့သည်။ နောက်ထပ်အသားညိုညိုဖြင့် အလုပ်သမားတစ်ဦးမှ မော့တိပြေးလွှားနေသည်ကို မြင်လိုက်သောကြောင့် ရပ်တန့်ရန်ကြိုးပမ်းလိုက်ကာ ဒေါသတကြီးဖြင့် အော်ငေါက်လိုက်သည် 


" မင်းဘာလုပ်နေတာလဲ ကလေးတွေက ဒီထဲကိုဝင်လာလို့မရဘူး.. ထွက်သွား…"


" မင်းဘယ်ကရောက်လာတာလဲ.. မျက်လုံးမပါဘူးလား..ဘယ်သူကများပေးဝင်လိုက်တာပါလိမ့်…မင်းမတော်တဆတစ်ခုခုဖြစ်သွားရင် တာဝန်ယူနိုင်လို့လားဟ…"


" တောင်းပန်ပါတယ် ဦးလေး.. ကျွန်တော် လူတစ်ယောက်ကို လာရှာတာပါ.." ချက်ခြင်းဆိုသလို မော့တိ တောင်းပန်စကားဆိုလိုက်ကာ ရပ်နေသည့်မုထျန်းဟန်ဆီသို့ လက်ညိုးထိုးပြပြီး ပြောလိုက်သည် 


" ကျွန်တော်သူ့ကိုရှာနေပါ.. သူနဲ့စကားပြောရဖို့လိုတယ်…"


" မင်းကအရပ်ရှည်တဲ့သူဌေးကိုရှာနေတာလား.." အရပ်ရှည်ရှည်ဖြင့် အလုပ်သမားတစ်ဦးမှ ‌ညွှန်ပြသည့်နေရာသို့ လှမ်းကြည့်ကာ ပြောလာခဲ့သည်။ " မင်းကသူဌေးနဲ့သိတယ်လို့ ဘယ်သူသိမှာလဲ..မင်းဝင်သွားလို့မရဘူး … တကယ်လို့သာ ငါတို့ကပေးဝင်လိုက်ပြီး အဲ့မှာတစ်ခုခုဖြစ်သွားရင် ငါတို့ဘယ်လိုလုပ်မှာတုန်း .."


" အမှန်ပဲ.. တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ..မင်းလိုကလေးက ပြေးလွှားနေစရာဘာရှိလို့လဲ..အဲ့ဒီမှာ ဘာမှပျော်စရာမရှိဘူး…" အရပ်ပုသည့်အလုပ်သမားမှ လက်ကိုဆန့်ကာ မော့တိ၏ပုခုံးကို ကိုင်လိုက်ပြီး " အမြန်ထွက်သွားတော့ ဒီမှာပြသနာရှာမနေနဲ့.. တစ်ခုခုမှားနေတယ်ဆိုရင်တောင်မှပဲ မင်းဒီမှာ ပြေးလွှားနေလို့မရဘူး.. ထွက်သွားတော့…"


မုထျန်းဟန်မှာမူ အင်ဂျင်နီယာနှင့် ပုံကြမ်းတစ်စုံဖြင့် နောက်လာမည့်ဘတ်ဂျက်အကြောင်းကို ပြောဆိုနေချိန်တွင် မလှမ်းမကမ်းမှ စကားများသံကို ကြားလိုက်ရသည်။ လှမ်းကြည့်လိုက်ချိန်တွင် သူကားထဲ‌တွင်နေရန်ပြောခဲ့သည့် ထိုကလေးမှာ အလုပ်သမားနှစ်ဦးဖြင့် အခြေအတင်စကားများနေသည်ကို မြင်လိုက်ရသည်။


" အဲ့ကောင်လေးက မင်းကိုအတော်ကပ်တာပဲ.."


 ခြောက်မီတာ ခုနစ်မီတာအကွာတွင် လက်ထောက်အင်ဂျင်နီယာတစ်ဦးနှင့် ရပ်ကာ စကားပြောနေသည့် ‌လိုင်သယ်စစ်မှ မော့တိကို မြင်လိုက်ချိန်တွင် မုထျန်းဟန်ကို လှမ်းပြောလိုက်သည်။


မုထျန်းဟန် လိုင်သယ်စစ်နှင့် အနှောင့်အယှက်မဖြစ်ချင်သော်လည်း သူ၏စကားကိုကြားလိုက်ချိန်တွင် လိုင်သယ်စစ်အား ခေါင်းအစခြေအဆုံး ခြုံကြည့်လိုက်ကာ " ဘာလဲ မင်းကမနာလိုနေပြန်ပြီလား..ဆိုးတာပဲ မင်းလုပ်နိုင်တာဘာမှမရှိဘူးလေ.. အကွာအဟကဒီလောက်ကြီးနေတာကို…"


" သောက်ကျိုးနည်း မင်းကတော့လေ.." လိုင်သယ်စစ် ပြန်ကြည့်ကာ ပြောလာခဲ့သည်။


" လျို့ချန်းခိုင် ဒါကိုယူသွားပြီး လိုင်သယ်စစ်နဲ့ဆက်‌ဆွေးနွေးထားချည်…ငါဟိုဘက်ကအခြေအနေကို တစ်ချက်သွားကြည့်ပြီးရင် ပြန်လာခဲ့မယ်…" 


မုထျန်းဟန် စာရွက်စာတမ်းများကို သူ၏ရှေ့တွင်ရှိသော ချွေးပြန်နေသည့် အင်ဂျင်နီယာ လျို့ချန်းခိုင်ဆီသို့ လွှဲပေးလိုက်သည်။


" ကောင်းပါပြီ ကျွန်တော်ချက်ခြင်းလုပ်လိုက်ပါ့မယ်…" 


လျို့ချန်းခိုင် အမြန်ပြန်ဖြေလိုက်ကာ လိုင်သယ်စစ်ဆီသို့ အပြေးအလွှားသွား‌လိုက်သည်။


မုထျန်းဟန် သူ၏လက်မှသဲများကိုခါလိုက်ကာ မြေကြီးပေါ်မှ ပုလင်းအလွတ်တစ်လုံးကို ကောက်ယူလိုက်ပြီးနောက် ထွက်သွားရန်ပြင်လိုက်သည်။ သူခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းပြီးနောက် ရုတ်တရက်ဆိုသလို အပေါ်မှလူတစ်ယောက်၏ အော်သံကို ကြားလိုက်ရသည်။


သူ၏ဆဌမအာရုံနှင့် ကြိုတင်သိမြင်ချက်များပေါက်ကွဲထွက်သွားပြီး တတ်နိုင်သမျှ လျင်မြန်စွာသွားရန် မသိစိတ်မှ လှုံ့ဆော်လာခဲ့သည်။


" ဘမြးးး "


ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ဖုန်တစ်အုပ်ထသွားလေသည်။


Xxxxxxxxxx