အပိုင်း ၁၆
Viewers 29k

Chapter 16


" မုထျန်းဟန်.." 


မော့တိအဝေးမှလှမ်းကြည့်လိုက်ချိန်တွင် ကြီးမားရှည်လျားသောစတီးပိုက်တစ်ချောင်း မုထျန်းဟန်၏အပေါ်မှ ရုတ်တရက်ဆိုသလို ကျဆင်းလာသည်ကို မြင်လိုက်ရသည်။ ထိုအခိုက်တွင် မော့တိ၏ခြေလက်များအေးစက်သွားကာ သူ၏ရှေ့တွင် ပိတ်ဆို့နေသည့်လူများကို တွန်းဖယ်လိုက်ပြီး မုထျန်းဟန်ရှိရာသို့ အပြေးထွက်လာခဲ့သည်။ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ရုတ်ရုတ်သဲသဲဖြစ်နေခဲ့သည်။ လုပ်ငန်းခွင်ကိုတာဝန်ယူထားသည့်လူနှင့် အင်ဂျင်နီယာကြီးကြပ်ရေးမှုးတို့သည်လည်း တုန်လှုပ်သွားကာ မုထျန်းဟန်ဆီသို့ ပြေးလာကြသည်။ လိုင်သယ်စစ်မှာလည်း သူပြေးကာ မအော်လိုက်မီအထိ ခေတ္တခဏမျှ ကြောင်အနေမိသည်။


ဖုန်ထု၏နောက်တွင် မုထျန်းဟန်ချောင်းတစ်ချက်ဆိုးလိုက်သည်။ သူ၏လက်ကိုထောက်ကာ စတီးပိုက်ဖြင့်အနည်းငယ်ထိမိသောခြေထောက်ကို ရွှေ့လိုက်သည်။


" မု... မု...မင်းအဆင်ပြေရဲ့လား.." 


လိုင်သယ်စစ်စိုးရိမ်တကြီးဖြင့် မြေပြင်တွင်ရှိနေသည့် မုထျန်းဟန်ကိုကြည့်ကာ " မင်းဘယ်နားထိသွားသေးလဲ.. ဟမ် … မု…" ထို့နောက်ဘေးသို့လှည့်ကာ " လူနာတင်ကားအမြန်ခေါ်.. အမြန်ခေါ်…"


လျို့ချန်းခိုင်နှင့်သူ၏ဘေးရှိအင်ဂျင်နီယာတို့မှာလည်း တုန်ယင်နေသည်။ သူတို့အလျင်အမြန်ဖုန်းကို ထုတ်ကာ 120ကိုနှိပ်ခေါ်လိုက်ကြသည်။


" လူနာတင်ကားခေါ်ဖို့ထိမလိုဘူး.. ငါက.. အဟွတ်..ငါအဆင်ပြေတယ်…"


 မုထျန်းဟန် သူ၏ကြွက်သားများအပြည့်နှင့်ထောက်ကာ အားပြုလိုက်ပြီး မြေကြီးပေါ်တွင်ထိုင်ကာ ညာဘက်ခြေချင်းဝတ်ကိုပွတ်နေခဲ့သည်။


စတီးပိုက်မှာ သူ၏ခြေချင်းဝတ်ကို ထိမိသွားသော်လည်း အားမှာ မြေကြီးပေါ်သို့ရိုက်မိသွားပြီးမှ ပြန်လည်ကန်ထွက်လာသောကြောင့် အတော်လေးလျော့ပါးနေကာ လက်ကျန်အားမှာ သူ၏ခြေချင်းဝတ်ကိုရိုက်မိသွားသည့်တိုင် သူ၏ခြေထောက်များကိုခံစားမိနေသေးသည့်အတွက် ထိုအရာမှာ အထူးအထွေမဟုတ်ချေ။


လိုင်သယ်စစ်မှ " ဘာလို့မခေါ်ရမှာလဲ.. ငါတို့ လူနာတင်ကားခေါ်ကိုခေါ်ရမှာ…"


" မုထျန်းဟန် ခင်ဗျားအဆင်ပြေရဲ့လား…" ဒေါသတကြီးဖြင့် မော့တိမှာ လေတစ်ချက်ရှိုက်သွင်းလိုက်ရသည်။ သူ၏ပါးပြင်မှာ နီမြန်းနေကာ " ခင်ဗျားခြေထောက်ဘယ်လိုနေသေးလဲ.."


မုထျန်းဟန် မော့ကြည့်လိုက်ချိန်တွင် မော့တိ နေကိုကျောပေး၍ရပ်နေသည်ကို မြင်လိုက်ရသည်။ မှင်ဖြင့်ရေးဆွဲထားသကဲ့သို့ ဖြစ်နေသည့်မျက်လုံးများမှာ စိုးရိမ်မှုများပြည့်နှက်နေပြီး ဆံပင်ရွှေရောင်နှင့်ကောင်လေးမှာ သူ၏နှုတ်ခမ်းများကွဲထွက်မတတ် ဟစ်အော်နေသည်။


မုထျန်းဟန်၏ နှလုံးသားထဲမှ အမည်မဖော်ပြနိုင်သည့်ခံစားချက်များ မြင့်တက်လာသဖြင့် သူ၏မျက်လုံးများ မှေးသွားပြီး " ကောင်ငယ်လေး ဘာလို့ငါ့ကိုကိုကိုလို့မခေါ်ဘဲ နာမည်လာခေါ်နေရတာလဲ…"


" ကျွန်တော်…" မုထျန်းဟန်၏ပထမဆုံးစကားမှာ ထိုအရာဖြစ်မည်ဟု မော့တိ မျှော်လင့်မထားခဲ့ပေ။ သူ၏စိတ်ထဲတွင် ဟာကွက်မရှိသည့် အကြောင်းပြချက်ကိုရှာတွေ့သွားပြီးနောက် ပြန်‌ဖြေလိုက်သည်


 " ကျွန်တော်အရမ်းစိတ်ပူသွားလို့ စကားချော်ထွက်သွားတာပါ..ပြီးတော့ ကျွန်တော်အင်တာနက်ပေါ်မှာ ခင်ဗျားအကြောင်းတွေရှာကြည့်ခဲ့သေးတယ်လေ.. ခင်ဗျားနာမည်တွေကြီးပဲ ကျွန်တော့်ခေါင်းထဲပြည့်နေတာ.. အဲ့ဒါ.. အဲ့ဒါကြောင့်…"


" အဆင်ပြေပါတယ်… ဒါကိုမပြောနဲ့တော့…"


မုထျန်းဟန် သူ၏စိတ်တွင်းမှ ခံစားချက် ဖုံးကွယ်ချင်သကဲ့သို့ လက်ကို ဝေ့ယမ်းလိုက်သော်လည်း ထိုအရာမှာ မအောင်မြင်ခဲ့ပေ။ သူသည် IQသာမြင့်ပြီး EQနိမ့်ကျကာ ခံစားချက်မရှိသည့်လူမျိုးမဟုတ်ချေ။ ယခုအချိန်တွင် သူအလွန်ရှင်းလင်းသွားပြီဖြစ်သည်။ သူသည်ထိုအရာကို ဖိနှိပ်ထားကာ ထိုကောင်ငယ်လေးမှာ တစ်ဆယ့်ခုနစ်နှစ်သားသာရှိသေးသည်ဟု သူ့ကိုယ်သူ တစ်ဖွဖွပြောနေသည့်တိုင် သူ၏တူထက်နှစ်နှစ်မျှသာ ကြီးသည့်ကလေးကို စိတ်ဝင်စားနေမိပြီဖြစ်သည်။


ဒါကတကယ်ကို….


မုထျန်းဟန် သက်ပြင်းတစ်ချက်ချကာ လိုင်သယ်စစ်ကို လှမ်းပြောလိုက်သည်။ 


" ဒီကိုလာပြီး လက်တစ်ချက်ပေး…"


" မင်းအခုထနိုင်လို့လား.. လူနာတင်ကားကိုစောင့်ပြီးမှ သူတို့ဆီက ထမ်းစင်ကိုစောင့်တာကောင်းမယ်နော်…" လိုင်သယ်စစ်မှာ ထိတ်လန့်နေဆဲပင်ဖြစ်သည်။


" မလာရင် ငါပိတ်ကန်လိုက်မှာနော်…" 


မုထျန်းဟန်၏မျက်ခုံးများတွန့်ချိူးသွားပြီး " အမြန်လာ.. ငါအဆင်ပြေတယ်လို့ ပြောပြီးသားပဲကို…"


လိုင်သယ်စစ် မုထျန်းဟန်၏ခရမ်းရောင်ပြောင်းနေသည့်ခြေချင်းဝတ်ကိုကြည့်ကာ ငြင်းပယ်လိုက်သည် 


" ဟင့်အင်း… ငါတို့လူနာတင်ကားကိုပဲစောင့်ကြရအောင်…မင်းဒီတိုင်းခဏထိုင်နေလို့မရဘူးလားကွာ…"


မုထျန်းဟန် လိုင်သယ်စစ်ကို လျစ်လျူရှူလိုက်ပြီး မော့တိကိုလက်ပြလိုက်ကာ " ကောင်ငယ်လေး ဒီကိုလာပြီး လက်လှမ်းပေး…"


" ကျွန်တော်လား…" မော့တိ လိုင်သယ်စစ်နှင့်သူ၏ဘေးမှ ရွေ့လျားမည့်ဟန်မရှိသည် လူကြီးများကို တုန့်ဆိုင်းစွာဖြင့် ကြည့်လိုက်ပြီးနောက် သွားကာ မုထျန်းဟန်ကို သူ၏ကြည်လင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ 


" ကျွန်တော်ဘယ်လိုကူညီပေးရမလဲ…"


" ငါ့ရဲ့ဘယ်ဘက်ကိုလာပြီးတော့ လက်မောင်းကနေ ပင့်ကိုင်လိုက်… ချိုင်းထောက်လိုပေါ့.. ‌‌သဘောပေါက်လား…"


" အင်း…" မော့တိခေါင်းငြိမ့်ပြလိုက်သည်။ မုထျန်းဟန်၏ လက်များ မော့တိ၏ပုခုံးပေါ်သို့ရောက်ရှိသွားချိန်တွင် သူ၏လက်များမှ မုထျန်းဟန်၏ခါးကို တင်းတင်းကြပ်ကြပ်‌ဖက်တွယ်လိုက်ကာ ထရန်ကူညီပေးလိုက်သည်။


သူ၏ခြေတစ်ဖက်ဖြင့် မြံမြဲစွာမရပ်နိုင်ခင်အထိ မုထျန်းဟန်မှာ အနည်းငယ်တုန်ယင်နေခဲ့သည်။ ထို့နောက် တစ်စုံတစ်ခုကိုပြောတော့မည် လိုင်သယ်စစ်ကို ပြောလိုက်သည်


 " တစ်စုံတစ်ယောက်က အားဖြည့်‌ရည်ဘူးကိုသောက်ပြီး မြေကြီးပေါ်ပစ်ချထားခဲ့တယ်လေ.. မင်းကောက်ပြီးတော့ အမှိုက်ပုံးထဲထည့်ပေးလိုက်ပါ…"


လိုင်သယ်စစ်ပြောတော့မည့်စကားမှန်သမျှ လည်ချောင်းဝတွင်တစ်သွားခဲ့လေသည်။ ထို့နောက် မည်သို့ဖြင့် စတီးပိုက်ကျမလာခင်အချိန်၌ မုထျန်းဟန်ထိုပုလင်းကိုကောက်ရန်ရပ်တန့်ခဲ့သည်ဟု တွေးမိခဲ့သည်။ အကယ်၍သာ မလုပ်ခဲ့ပါက မုထျန်းဟန် ထိုမတော်တဆမှုမှ လုံးလုံးလျားလျားပင် ရှောင်တိမ်းနိုင်‌ပေလိမ့်မည်။ လိုင်သယ်စစ် စိတ်တိုသွားပြီး " ပစ်တဲ့သူကပဲ ကောက်သင့်တာပေါ့..ဘာလို့မင်းကလုပ်ရမှာလဲ တာ့ကော…"


မုထျန်းဟန်မှာ အမြဲတမ်းဆိုသလို ပုံမှန်အချိန်များတွင်ပင် သတိတကြီးဖြင့် နေတတ်သည်ကို သူသိလေသည်။ အထူးသဖြင့် အရာအားလုံးမှာ အသေးစိတ်အထိ စနစ်တကျဖြင့် အရည်အသွေးပြည့်မှီရမည်ပင်။ သို့သော်လည်း ဤသို့သောအချိန်မျိုးတွင် သူလက်မလွှတ်နိုင်သေးသည်ပေလော…


" ကျွန်တော်ကောက်လိုက်ပါ့မယ်…" ဘေးတွင်ရပ်နေသည့် ကြီးကြပ်ရေးမှူးမှ အလျင်အမြန်ပြေးလာကာ လုပ်အားပေးကူညီလိုက်ရသည်။ သူ၏ချွေးများမှာ ဘူးသီးလုံးလောက်ထိပင် ကျဆင်းနေပြီး ပုလင်းကိုကောက်လိုက်လေသည်။ ဤသည်မှာ သူသောက်ပြီးသည်နှင့် ပေါ့ပေါ့ပါးပါးဘေးသို့ပစ်ထုတ်လိုက်သည့်ပုလင်းတစ်ခုသာဖြစ်ပေရာ ထိုမျှသော အရှုပ်မျိုးကို ဖန်တီးနိုင်လိမ့်မည်ဟု သူမည်ကဲ့သို့ သိနိုင်ပေမည်နည်း။


မုထျန်းဟန် ထိုအရေးကို ဆက်လည်ရှည်ကြာနေလိုခြင်း မရှိသဖြင့် မော့တိကိုလှည့်ကာ ပြောလာခဲ့သည် " ကားဆီကိုသွားကြတာပေါ့…"


" အမ်…"


မုထျန်းဟန် သူအဆင်ပြေသည်ဟု ပြောလိုက်သော်ငြား သူ၏လက်ကောက်ဝတ်နှင့်ခြေထောက်များမှာ အမှန်တကယ်ပင် နာကျင်နေသည်။ သို့သော်လည်း ‌သူခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏မေးစေ့ကိုလာပွတ်တိုက်နေသည့် လူငယ်လေး၏ဆံပင်မှ သယ်လာသော ခေါင်း‌လျော်ရည်နံ့သင်းပြပြလေးမှာ သူ၏အသားကိုပွတ်တိုက်နေကာ သူ၏နှလုံးသားထဲတွင် ယားယံနေစေခဲ့သည်။ သူ၏အကြည့်ကို အနည်းငယ်ရွှေ့လိုက်ရုံမျှဖြင့် ထိုလူငယ်လေး၏ နူးညံ့သောမေးစေ့၊ဖြူဖွေးသွယ်လျသောလည်တိုင်နှင့် သူ၏ကော်လာအောက်မှ လှပသည့်ညှပ်ရိုးကို မြင်နေရသည်။


မုထျန်းဟန် သူ့ကိုယ်သူ ထပ်မံ၍ ကြည့်မနေရန် ပြောလိုက်သည်။ သူလှည့်ကာ ရှောင်လိုက်ချင်မိသော်လည်း သူနှင့်နီးကပ်နေသည့် တစ်ဖက်လူ၏ခန္ဓာကိုယ်မှာ ဆွဲဆောင်မှုရှိစွာဖြင့် ပူနွေးနေကာ လူငယ်လေး၏ ထူးခြားသောရနံ့နှင့်အထိအတွေ့ကို သယ်ဆောင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းမှ သူသည် တစ်ဆယ့်ခုနစ်နှစ်အရွယ်ကောင်ငယ်လေးအပေါ် အခွင့်အရေးယူမိနေကြောင်းကို သတိပေးနေခဲ့သည်။


မုထျန်းဟန် ယခုပင် သူမှားယွင်းသည့်ဆုံးဖြတ်ချက်ချမိလိုက်သည်ဟု ခံစားလိုက်ရသည်။


" နေပါဦး … မင်းကဘာလို့ဆိုက်ထဲကိုရောက်လာရတာလဲ.. ငါမင်းကိုကားထဲမှာပဲ နေခဲ့ဖို့မပြောခဲ့ဖူးလား…" မုထျန်းဟန် သူ၏အာရုံကို စကားပြောခြင်းဖြင့် ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။


" ကျွန်တော်…" မော့တိ ခေါင်းကို အနည်းငယ်ငုံ့လိုက်ကာ သူ၏တာဝန်ဖြစ်သော ထောက်ကူရန်အတွက်အလုပ်ကို ဆက်လက်လုပ်ဆောင်လိုက်ပြီး " တကယ်တော့.. ဘာမှမဟုတ်တော့ပါဘူး…"


" ဘာမှမဟုတ်ဘူးလား…ဘာမှမဟုတ်ဘူးဆိုရင် မင်းဘာလို့ ဆောက်လုပ်ရေးဆိုက်ထဲကိုလာရတာလဲ…"


" ကျွန်တော် ခင်ဗျားရပ်နေတဲ့နေရာက အန္တရာယ်ရှိတယ်လို့ တွေးမိလိုက်လို့ပါ…မော့တိ၏အသံတွင် ချုပ်တီးထားမှုအချို့ရှိနေပြီး " ခင်ဗျားရပ်နေတဲ့နေရာက ငြမ်းစင်နဲ့ကပ်နေတာလေ..ပြီးတော့ အလုပ်သမားတွေကလည်း အလုပ်လုပ်နေကြတာ.. ကျွန်တော်ပိုက်တချို့ ရွေ့‌နေတာ မြင်လိုက်တာနဲ့ မလုံခြုံဘူးလို့ ခံစားမိလို့ ခင်ဗျားကို သတိပေးချင်ခဲ့တာ…"


" အဲ့ဒါကြောင့်ပဲလား…" မုထျန်းဟန် စကားပြောနေသည်ကို ရပ်တန့်လိုက်သည်။


" ‌အင်း .." မော့တိ ခေါင်းငြိမ့်လိုက်သည်။


မုထျန်းဟန်၏စိတ်မှာ အ‌မည်မဖော်နိုင်သော ရှုပ်ထွေးမှုအချို့ရှိသွားခဲ့ပြီး ထိုအခိုက်တွင် ၎င်းမှာ သိမ်မွေ့ကာ ယားယံစေပြီး အနည်းငယ် ချဉ်စူးနေသည်။


" တကယ်တော့… ငါမင်းကိုတကယ်ကျေးဇူးတင်ချင်တာ…" မုထျန်းဟန်မှ ပြောလာခဲ့သည်။


" ဟမ်…" 


မော့တိ မရေရာမှုဖြင့် မော့ကြည့်လာကာ


" ကျွန်တော် ခင်ဗျားကို သတိမပေးနိုင်ခဲ့ဘူးလေ…"


" တကယ်လို့သာ မင်းနဲ့အလုပ်သမားနှစ်ယောက် စကားမများနေကြဘူးဆိုရင် ငါအဲ့ဒီကို အခြေအနေသွားကြည့်ဖို့လာမှာမဟုတ်ဘူး…ငါတကယ်ပဲ အဲ့ပိုက်တွေနဲ့ ရိုက်မိသွားနိုင်တယ်…" ယခုတွေးကြည့်မှပင် သူနောက်ကျမှပေါ်လာသည့် ကြောက်လန့်မှုကို ခံစားလိုက်ရသည်။ အရေးပေါ်အခြေအနေတွင် သူခြေတစ်လှမ်း နှစ်လှမ်းမျှသာ မလှမ်းနိုင်ခဲ့ပါက သူအသက်ရှင်မည်ဆိုလျှင်ပင် သူ၏ခြေထောက်များမှာ ထိခိုက်သွားနိုင်သည်ပင်။


ထိုသို့ဆိုပါက ထိခိုက်သွားမည့်ခြေထောက်မှာ အသုံးမဝင်တော့ခြင်းပင် ဖြစ်‌နိုင်ပေသည်။


သူတို့နှစ်ဦး၏နောက်မှ လိုက်လာသည့် လိုင်သယ်စစ်သည်လည်း ထိုစကားကို ကြားလိုက်ရကာ သူ၏တုန်လှုပ်နေသည့်စိတ်မှာ ကြည်နူးသွားရလေသည်။ ထိုကောင်စုတ်ထံတွင် ကောင်းမွန်သည့်ကံရှိပုံပင်။ သူသည် မက်မွန်ပွင့်ကဲ့သို့ အချစ်မျိုးကို ရခဲ့သည်သာမက ထိုမက်မွန်ပွင့်အချစ်ကပင် သူ၏အသက်ကို ကယ်တင်ခဲ့သည်မှာ သူ့အား အမှန်တကယ်ပင် ပြောစရာစကားမဲ့စေခဲ့သည်။


သူမနာလိုမိသော်လည်း ထိုသူအတွက် ပျော်ရွှင်မိလေသည်။


" ဟင့်အင်း မဟုတ်ပါဘူး … ကျွန်တော်အဲ့လောက်ကြီးမလုပ်ခဲ့ပါဘူး…" မော့တိ ခေါင်းကိုယမ်းလိုက်သည်။


" ဟုတ်ပါတယ်ဆို.. မင်းလုပ်ခဲ့တာ.. အနည်းဆုံးတော့ မင်းကိုငါ့ဘဝရဲ့ကယ်တင်ရှင်တစ်ဝက်လို့ယူဆနိုင်တယ်လေ…အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ငါ့ခြေထောက်ရဲ့ ကယ်တင်ရှင်ပေါ့.." 


မုထျန်းဟန် သူ၏ခြေထောက်မှနာကျင်မှုကို သည်းခံကာ ပြုံးပြလိုက်ပြီး " မင်းအဲ့လောက်နှိမ့်ချနေဖို့မလိုပါဘူး .."


" အမှန်ပဲ အမှန်ပဲ…" 


လိုင်သယ်စစ်မှ ဝင်ပြောလာကာ " ညီငယ်လေး မင်းဘာပဲလိုချင်လိုချင် မုကိုသာပြောလိုက်ချည် .. မင်းမှာပြသနာတွေရှိရင်လည်း ပါးစပ်သာဟလိုက် သူဖြေရှင်းပေးလိမ့်မယ်… အနည်းဆုံးတော့ ငါတို့ဟွာရှားကထွက်မသွားခင်အချိန်အတွင်း အကြွေးပြန်ဆပ်ခဲ့မှာပါဟ…"


" ကိုကိုက ဟွာရှားကနေသွားတော့မလို့လား .." မော့တိ အံ့ဩတကြီးဖြင့် မုထျန်းဟန်ကို ကြည့်လိုက်သည်။


" နောက်နှစ်ပတ်အတွင်းတော့မဟုတ်သေးဘူး…" 


မုထျန်းဟန် သူတို့၏အကူအညီဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ဘေးတွင်ရပ်ထားသည့် Maybachကားထဲသို့ ဝင်လိုက်ပြီး ထိုင်ချလိုက်ကာ " ဒါပေမယ့် လိုင်သယ်စစ်ပြောတာမှန်တယ်…ကောင်ငယ်လေး မင်းဘာပဲတောင်းဆို တောင်းဆို ငါကူညီနိုင်တဲ့အရာဆိုရင် ကျိန်းသေပေါက်လုပ်ပေးမှာပါ…"


" ကျွန်တော်… ကျွန်တော့်မှာ ဘာမှတောင်းဆိုစရာမရှိဘူး…"


‌မော့တိ သူ၏ခေါင်းထဲတွင် အလျင်အမြန်အကျိုးနှင့်အပြစ်များကို တွက်ချက်လိုက်ကာ အဆုံးတွင် ဘာမှမပြောရန် ဆုံးဖြတ်လိုက်သည်။ သူလိုချင်သည့်ရလဒ်မှာ သူတောင်းဆိုသဖြင့် မုထျန်းဟန်ဖြေရှင်းပေးလိုက်ကာ လမ်းခွဲကြခြင်းမျိုးမဟုတ်ပေ။ ၎င်းမှာ သူခက်ခဲစွာတည်ဆောက်ခဲ့ရသည့် နှောင်ကြိုးနှင့်ခံစားချက်များကို ဖြတ်ချသွားပေလိမ့်မည်။


သူလိုချင်သည့် ခိုလှုံရာအရပ်မှာ ယခုအချိန်တွင် မလိုအပ်‌သေးပေ။ ယခုအချိန်တွင် မော့မိသားစုနှင့် မော့လျိုကွေ့၏နောက်မှ ထောက်ပံ့သူများနှင့် ခွန်အားကြီးအမျိုးသားဇာတ်လိုက်များ မပေါ်လာသေးသည်ဖြစ်ရာ သူတစ်ဦးတည်း စီမံနိုင်သေးသည်ပင်။ ကောင်းမွန်သောသံမဏိမှာ ဓားသွားပေါ်တွင်သာ အသုံးပြုသင့်သည်။ သူထိုခံစားချက်များနှင့် အခွင့်အရေးများကို ယခုအချိန်တွင် မဖြုန်းပစ်နိုင်ချေ။


" ဘာမှတောင်းဆိုဖို့မရှိဘူးလား…" လိုင်သယ်စစ်မှာမူ သဘောမတူချေ "မမိုက်မဲစမ်းပါနဲ့.. မင်းဘာပဲလိုလို ပြောသာ ပြောလိုက်ချည်.."


ထိုသို့ပြောပြီးနောက် ရုတ်တရက်ဆိုသလို လိုင်သယ်စစ်အကြံတစ်ခုရသွားကာ ကျယ်လောင်စွာအော်ပြောလိုက်သည် 


" မင်းရဲ့ညီအကိုအုပ်စုနဲ့အတန်းဖော်တွေက အကုန်အရူးတွေကြီးပဲ… မင်းတကယ်လို့ အိမ်ငှားလိုက်တယ်ဆိုရင်တောင်မှပဲ အဲ့ဒါက တစ်ခုခုမှားယွင်းနိုင်သေးတယ်.. မင်းဘာလို့ငါတို့နဲ့လာမနေတာလဲ…"


" ဟုတ်တယ်မလား မု…" 


လိုင်သယ်စစ် မုထျန်းဟန်ကိုကြည့်ကာ


 " ငါတို့ဗီလာကအကြီးကြီးပဲဟာ.. ဒီကောင်လေးလာနေရင်တောင်မှပဲ လုံးဝအိုကေသေးတယ်…"


Xxxxxxxx