အပိုင်း ၁၇
Viewers 28k

Chapter 17


မုထျန်းဟန်၏ပထမဆုံးတုန့်ပြန်ချက်မှာ " ဟင့်အင်း " ဖြစ်နေလိမ့်မည်ဟု လိုင်သယ်စစ်မထင်ထားခဲ့ပေ။


မုထျန်းဟန်က ငြင်းလိုက်တယ်လား…


ထိုအရာမှာ အကူအညီလိုအပ်နေသည့်ကောင်ငယ်လေးကို ကူညီနိုင်ရုံသာမက ထိုကလေးသည် မုထျန်းဟန်၏အသက်သခင်လည်း ဖြစ်နေသေးသည်။ ကျိန်းသေပေါက်ကိုပင် သူမလုပ်သင့်သည်မှာ ငြင်းပယ်ခြင်းဖြစ်သင့်သည်။


ထို့အပြင် ထိုကောင်လေးမှာ အလွန်ချစ်စရာကောင်းလှပေရာ သူတို့၏အိမ်ထဲတွင် မျက်စိဖမ်းစားနိုင်သော သကြားလုံးလေးရှိနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။


လိုင်သယ်စစ် မုထျန်းဟန်၏ငြင်းပယ်ခြင်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်လိုက်ကာ " ဘာလို့မလုပ်ရမှာလဲ.. ငါတို့သာ သူ့ကိုအပြင်မှာ ပေးငှားလိုက်ရင် သူတစ်ခါပြန်ရှာတွေ့သွားပြီးတော့ ထပ်အရိုက်ခံရရင်ကော…ဘဝကိုကယ်ပေးထားတဲ့ကျေးဇူးကြွေးဆိုတာ ရေတံခွန်လိုပဲ ပြန်ပေးဆပ်သင့်တာတဲ့.. ဒီအဆိုကို ငါအခုပဲသုံးလိုက်တာမဟုတ်ဘူးလား.."


(ကြင်နာမှုမှ ရေတစ်စက်ကိုခံယူပြီး စမ်းချောင်းတစ်ခုသဖွယ် ပြန်ပေးဆပ်ခြင်းကို ဆိုလိုသည်)


ဆိုးသည်မှာ မည်သူကမှ လိုင်သယ်စစ်၏အသုံးအနှုန်းကို အရေးမစိုက်ခဲ့ကြပေ။


မော့တိ သူ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူသည်လည်း သူလက်မခံခင်မှာပင် မုထျန်းဟန်မှ ငြင်းပယ်မည်ကို မထင်ထားမိခဲ့ချေ။


ကြည့်ရသည်မှာ သူ မုထျန်းဟန်ကို အထင်သေးမိခြင်း သို့မဟုတ် ထိုသူကို လုံးလုံးနားမလည်ခြင်းသာ ဖြစ်ပေလိမ့်မည်။


မုထျန်းဟန်အတွက်မူ သူ၏ သေးငယ်သည့်အကူအညီလေးမှာ မည်သို့မှနေမည်မဟုတ်ချေ။ သူ ဤသေးငယ်သည့်အရာလေးဖြင့် မုထျန်းဟန်ကို သူ၏အနာဂတ်ခိုလှုံရာအဖြစ် လုပ်ဆောင်နိုင်မည်မဟုတ်ချေ။


သူ၏ကိုယ်ပိုင်အရည်အသွေးကို မြင့်တင်ကာ အဆက်အသွယ်များပို၍ကျယ်ပြန့်လာရန် လုပ်ဆောင်ရမည်သာမက သူနှင့်မုထျန်းဟန်တို့၏ ချစ်ခင်မှုအမှတ်များကို ပို၍တိုးတက်လာအောင် လုပ်ဆောင်ရန်လည်း လိုသေးသည်။


ယခုအခိုက်တွင်မူ သူမည်သို့လုပ်ဆောင်ရမည်နည်း။ အမှန်တကယ်ပင် ယမန်နေ့မှ ပစ်ပယ်ခဲ့သော အစီအစဉ်ကို လုပ်ဆောင်ရမည်လော…


သူ၏ခိုင်မာ‌သော ငြင်းပယ်မှုကြောင့် လိုင်သယ်စစ်နှင့် မော့တိတို့၏အတွေးများ လမ်းချော်သွားသည်ကိုမူ မုထျန်းဟန် သိမထားခဲ့ပေ။


သူ မော့တိအား သူနှင့် လိုင်သယ်စစ်တို့နှင့် အတူမနေထိုင်စေချင်သည့် အကြောင်းပြချက်မှာမူ အလွန်ပင် ရိုးရှင်းလှသည်။ သူသည် ဤကောင်လေးနှင့်ပတ်သက်၍ ယခုထက်ပို၍များပြားနက်ရှိုင်းသည့် ခံစားချက်များ မရှိချင်သောကြောင့်ပင်ဖြစ်သည်။


အဘယ့်ကြောင့်နည်း… အကြောင်းမှာ သူ၏နှလုံးသားထဲတွင် အရိပ်ထင်ပြီးဖြစ်နေခြင်းကြောင့်ပင်…


စတင်ခဲ့ပြီးသော ခံစားချက်များကို ‌မရှောင်တိမ်းနိုင်သော်လည်း နောင်တိုးတက်လာမည့်အရာများကိုမူ အနည်းဆုံးတော့ ထိန်းချူပ်ရပေမည်။ မဟုတ်ပါက သူအမှန်တကယ်ပင် သားရဲအိုကြီးတစ်ကောင် ဖြစ်သွားပေလိမ့်မည်။


သူတို့ကိုယ်စီ အတွေးများဖြင့် နစ်မြုပ်နေချိန်တွင် လူနာတင်ကားမှာရောက်ရှိလာပြီဖြစ်သည်။


ဆယ်မိနစ်ကြာပြီးနောက် သူတို့အားလုံး ဆေးရုံသို့ရောက်ရှိသွားကြကာ မုထျန်းဟန်နှင့်မော့တိတို့ကို တစ်ကိုယ်လုံးစစ်ဆေးလိုက်ကြသည်။


မော့တိ၏ဒဏ်ရာများနှင့် ပတ်သက်၍ အရေးကြီးထိခိုက်ထားမှုမရှိချေ။ ၎င်းတို့မှာ လုံးလုံးမပျောက်ကင်းသေးသည့် ပွန်းပဲ့မှုအချို့သာ ဖြစ်လေသည်။ သူလိမ်းဆေးအချို့ကို လိမ်းကာ ကောင်းကောင်းအနားယူရန်သာ လိုအပ်လေသည်။ မုထျန်းဟန်အတွက်မှာမူ ခြေချင်းဝတ်နေရာလွဲသွားခြင်းနှင့် တစ်ရှူးပျော့များ ပြင်းထန်စွာဆုတ်ပြဲသွားရုံသာဖြစ်သည်။ ၎င်းသည်လည်း အလွန်ပြင်းထန်သည့်အရာမဟုတ်ချေ။ သူသင့်တော်သည့်ကုသမှုအချိူ့ကို ခံယူပြီး ကိုယ်လက်လှုပ်ရှားမှုများကို အချိန်တစ်ခုအထိ လျော့ချထားရန်သာလိုအပ်သည်။


စစ်ဆေးမှုပြီးနောက်တွင် မုထျန်းဟန် ဆေးရုံတွင် မနေခဲ့ချေ။ သူ မော့တိကို အနောက်ဘက် ဆင်ခြေဖုံးအရပ်ရှိ အိမ်ရာသို့ပို့ဆောင်ပေးရန် ဒရိုင်ဘာကို မှာကြားလိုက်သည်။


" ငါ့လက်အောက်ကလူတွေကို စုံစမ်းမှုအနည်းငယ်လုပ်ခိုင်းလိုက်တော့ အနောက်ဘက်အရပ်က အိမ်ရာအချို့က အတော်လေးကောင်းတယ်လို့ ပြောတယ်…အဲ့ဒီမှာ နားဖို့နေရာများများရှိပြီး အဆင့်အတန်းကလည်း အဆင်ပြေတယ်…အနီးအနားက သယ်ယူပို့ဆောင်ရေးကလည်း အလွန်အ‌ဆင်ပြေတယ်ဆို‌တော့ မင်းအဲ့ဒီမှာ နေရာတစ်ခုကိုရွေးလိုက်လို့ရတယ်…"


 မုထျန်းဟန် မော့တိကို ပြောလိုက်သည်


 " မင်းမှာ ငါကူညီနိုင်မဲ့အရာရှိရင် ဖုန်းသာခေါ်လိုက် .. ငါငြင်းပယ်မှာမဟုတ်ဘူး… ဟုတ်ပြီလား…"


" ကောင်းပါပြီ ကျေးဇူးတင်ပါတယ် ကိုကို…" မော့တိ၏မျက်လုံးများ ကွေးတက်သွားကာ မုထျန်းဟန်ကို နာနာခံခံဖြင့် ပြုံးပြလိုက်သည်။


" အရမ်းတွန့်တိုတာပဲ…" လိုင်သယ်စစ် မုထျန်းဟန်ကို အမည်မဖော်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ " သူ့ကို အိမ်တစ်လုံးဝယ်ပေးမယ်လို့ ငါထင်နေတာ…"


" တကယ်ကြီးကို ‌ကျေးဇူးပြုပြီး မလုပ်လိုက်ပါနဲ့… ကျွန်တော်မလိုချင်ပါဘူး…" မော့တိ ပြတ်ပြတ်သားသားငြင်းပယ်လိုက်သည်။


သူ၏ခက်ခက်ခဲခဲရယူထားသည့် ကိုယ်ကျင့်တရားလေးကို သူ့အဖို့ အဓိပ္ပါယ်မရှိသည့် အိမ်တစ်လုံးဖြင့် မလဲလှယ်ချင်ပါချေ။ ၎င်းမှာ သူ့အစီအစဉ်၏အပြင်ဘက်သို့ အမှန်တကယ်ပင် ရောက်ရှိနေပြီဖြစ်သည်။


" ငါအမှန်တကယ်ကို မင်းအတွက် အခုအချိန် အိမ်ဝယ်ပေးတာက မသင့်တော်ဘူးလို့ ထင်မိတယ်…မင်းရဲ့စာမေးပွဲ‌တွေပြီးတဲ့အထိ စောင့်လိုက်တာက ပိုပြီးကောင်းလိမ့်မယ်…အဲ့ကြရင် ငါမင်းရဲ့ကျောင်းနဲ့နီးမဲ့တစ်ခုကို ရွေးချယ်ပေးမယ်…"


 မော့တိအမှန်တကယ်ပင် အလိုမရှိသည်ကို မုထျန်းဟန် မြင်နေရသော်လည်း သူရှင်းပြလိုက်သည်


 " ယွမ်မီလီယံအနည်းလေးနဲ့ ငါကဘာလို့ မင်းအတွက်တွန့်တိုရမှာလဲ…"


" မဟုတ်ဘူး… ကိုကို တကယ်အဲ့လိုလုပ်ပေးဖို့မလိုပါဘူး…" မော့တိ လက်ကိုယမ်းကာ ရှက်သွားဟန်ဖြင့် " ကျွန်တော် ကိုကို့အကူအညီလိုတဲ့အခါကျရင် တကယ်ပြောမှာပါ.. အားနာမှာမဟုတ်ပါဘူး…ဒါပေမယ့် ကျေးဇူးပြုပြီး အိမ်တစ်လုံးတော့ မဝယ်ပေးပါနဲ့…"


" ကောင်းပြီ… မင်း ငါ့အပေါ်အားနာမနေသေးသ၍ ငါမင်းကို အိမ်တစ်လုံးမဝယ်ပေးပါဘူး…ငါ့အကူအညီလိုတဲ့အချိန်ကျရင်တော့ ငါ့ကိုပြောပြရမယ်နော်…"


မုထျန်းဟန် မော့တိ၏အနည်းငယ်ငုံ့နေသည့်ခေါင်းလေးကို ကြည့်ကာ ပျော့ပြောင်းဟန်ပေါ်နေသည့် ဆံပင်များကို ပွတ်သပ်ပေးလိုက်ချင်သော်လည်း ကံကောင်းစွာဖြင့် သူအချိန်မီရပ်တန့်နိုင်လိုက်ကာ ချောင်းအနည်းငယ်ဟန့်လိုက်ရင်း " မင်းကျောင်းကိုဘယ်တော့ပြန်သွားမှာလဲ…"


" မနက်ဖြန်ကျရင်…" မော့တိ ခဏမျှစဉ်းစားလိုက်ပြီး " ဘယ်လိုပဲဖြစ်ဖြစ် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် နှစ်ပတ်ထက်ပိုပြီး အချိန်ရှိသေးတာပဲလေ…"


မော့တိ အနောက်ဘက်ဆင်ခြေဖုံးအရပ်သို့ရောက်ပြီးနောက် အလျင်အမြန်ပင် အိပ်ခန်းနှစ်ခန်းပါသည့် တိုက်ခန်းတစ်ခုကို ငှားရမ်းလိုက်သည်။ မုထျန်းဟန်မှ သုံးလစာအတွက်ပေးချေပေးလိုက်ပြီး တစ်လစာမှာ‌မူ စပေါ်အတွက်ဖြစ်သည်။ ထိုအရာကိုမူ မော့တိ မငြင်းပယ်ခဲ့ပါချေ။


သူ့ထံတွင် အမှန်တကယ်ပင် ငွေအများကြီးရှိမနေချေ။ မော့မိသားစုသည် မည်သည့်အချိန်ကမှ သူ့ကို ငွေပေးခဲ့‌ခြင်းမရှိရာ သူသိမ်းထားသည့် နှစ်သစ်ကူးငွေအနည်းငယ်နှင့် ဆေးရုံသို့သွားရသည့်ခရီးများမှ ရလာသည့်ငွေအချို့သာ အများဆုံးဖြစ်လေသည်။


နောက်တစ်နေ့တွင် မော့တိကျောင်းသို့ ပြန်သွားခဲ့သည်။


ဤအချိန်တွင် ၎င်းမှာ အလွန်ကွဲပြားခြားနားနေလေသည်။ သူ ကျုံးသောင်ခန်းနှင့်အခြားသူများထံမှ အစော်ကားခံခဲ့ရသော ပန်းမွေ့ယာသို့သွားရာလမ်း‌တွင် သူ့ကို မည်သူကမှ လာခေါ်ခြင်းမရှိခဲ့သည့်အပြင် သူ့အားအထင်အမြင်သေးပြီး ရွံရှာသည့်အကြည့်ဖြင့် ကြည့်နေသည့်သူများသည်ပင် သူထင်ထားသလောက် များပြားခဲ့ခြင်းမရှိပေ။


သူ နံပါတ်၂အကန့်တစ်ခုထဲသို့ ဝင်ဟန်ပြုလိုက်ကာ တံခါးကိုလော့ချလိုက်သည်။ ထို့နောက် ကျောင်းဖိုရမ်ထဲသို့ ဝင်ရောက်ခဲ့လေသည်။


သူသည် ယခင်နေ့ရက်များအတွင်း ကျောင်းမှအခြေအနေကိုစစ်ဆေးရန်အတွက် အလုပ်ရှုပ်နေခဲ့သော်လည်း လူအများ၏တုန့်ပြန်ပုံပေါ်ကြည့်ချင်အားဖြင့် သူပါဝင်နေသည့် တစ်စုံတစ်ခုမှာ ဖြစ်ပျက်သွားသည့်ပုံပင်။


ကျောင်းဖိုရမ်တွင်းသို့ ဝင်ဝင်ခြင်းပင် မော့တိ၏မျက်လုံးများမှာ တောက်ပသည့် အနီရောင်ခေါင်းစီးကြီးဖြင့် ထိုးနှက်ခံလိုက်ရလေသည်။


" နည်းလမ်းကျကျ ‌ဆွေးနွေးခြင်း.. ဒီတစ်ခါ လျှိုကွေ့နတ်ဘုရားမနဲ့မော့တိ ဘယ်သူမှားယွင်းနေတာလဲ…"


မော့တိ၏မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားပြီး အထပ်၈၀၀၀မျှရှိသည့် ခေါင်းစီးအနီရောင်ကြီးကို ကလစ်နှိပ်လိုက်သည်။


ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးများရှေ့သို့ မကြာသေးမီက ကြိမ်းမောင်းနေသည့်ပို့စ်များ ပေါ်လာခဲ့သည်။


" အထပ်ပိုင်ရှင် မင်းရဲ့စိတ်ကချို့ယွင်းနေတာလား… ငါတို့နတ်ဘုရားမရဲ့နာမည်ကို မှောင်မိုက်စေချင်တာပေါ့… မင်းအပြင်ထွက်ရင် ကားတိုက်မခံရစေနဲ့…."


" အထပ်ပိုင်ရှင်ရဲ့အတွေးတွေက သိသိသာသာကိုပဲ ရွံစရာကောင်းလွန်းတယ်… ဒါကိုဘယ်မှာဆွေးနွေးလို့ရမလဲနော်…"


" အထပ်ပိုင်ရှင်က ချီးထုပ်ပဲ… အတည်ပြုခြင်း ပြီးဆုံးသွားပြီ…"


" ငါ့ရဲ့နတ်ဘုရားမလေးက လှပဖြူဖွေး‌ပြီးတော့ ခြေတံရှည်တွေနဲ့ ချမ်းသာတယ်၊ ဉာဏ်ရည်မြင့်မားအရည်အချင်းရှိပြီး ကြင်နာတတ်တာ မင်းမနာလိုနေရင်လည်း အလကားပဲနော်..မင်းရဲ့ရွံဖို့ကောင်းတဲ့အတွေးတွေကို အဲ့ဒီရွံဖို့ကောင်းတဲ့အမှိုက်ကောင်မော့တိနဲ့ အတူယူသွားပြီး လစ်လိုက်တော့…"


" အထပ်ပိုင်ရှင် မင်းက ရှောင်ကွေ့လေးအပေါ်ရေဆိုးတွေလောင်းချချင်နေတဲ့ မော့တိမလား… ငါမင်းရဲ့ဓာတ်မတည့်တဲ့ဟာတွေနဲ့ စောစောစီးစီးသေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ငါ့ကိုကျေးဇူးမတင်ပါနဲ့ ရတယ် ရတယ်…"


" …. "


သို့သော်လည်း ထိုတစ်ဖက်စီးမှ အနိုင်ကျင့်သံများမှာ အထပ်၃၀မြောက်ရှိ စာလုံးပေါင်းရာကျော်ပါသော ခွဲခြမ်းစိတ်ဖြာထားသည့် စာအရှည်ကြီးနောက်တွင် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။


" ကြည့်ရတာတော့ ငါတစ်ယောက်တည်းကပဲ ဒီပို့စ်ကို အတည်ပေါက်ကြီးဖြေနေတဲ့ပုံပဲနော်…ငါအကြမ်းဖျင်းသုံးသပ်ပြမယ်… ပထမဆုံးအနေနဲ့ အထပ်ပိုင်ရှင် ဒီဟာကိုတင်လိုက်တာက ကျူးဝမ်ဇီနဲ့အခြားသူတွေရဲ့ ပြင်းထန်တဲ့အပြစ်ဒဏ်ကနေ လှုံ့ဆော်ခံလိုက်ရလို့ပဲဖြစ်မယ်…တကယ်ကိုပဲ အဲ့အချိန်တုန်းက နတ်ဘုရားမအတွက် တရားမျှတမှုကိုရှာပေးဖို့အတွက်ကို ကျူးဝမ်ဇီ၊ကျုံးသောင်ခန်းနဲ့ အခြားသူတွေက လူအများရဲ့မျက်လုံးထဲရောက်နေတာလေ.. ဒါဆိုရင် သူတို့ကဘယ်လိုဖြစ်ပြီးတော့များ ဒီလောက် ပြင်းပြင်းထန်ထန်အပြစ်ပေးခံလိုက်ရတာလဲ…အဆုံးမှာတော့ အဲ့လိုကိစ္စမျိုးက အရင်တုန်းက ငါတို့ကျောင်းမှာ ဖြစ်ခဲ့ဖူးတယ်လေ…တစ်ချို့ကျောင်းသားတွေက အကြမ်းဖက်မှုကို တုံ့ပြန်ဖို့ အကြမ်းဖက်မှုကို သုံးခဲ့ကြဖူးတာပဲ… ဒါပေမယ့် အဆုံးမှာတော့ သူတို့က အပြစ်တင်စကားတွေပဲရခဲ့ကြရတာလေ… ပြီးတော့လည်း တကယ်အပြစ်ပေးခံလိုက်ရတာ အရိုက်ခံရတဲ့ကျောင်းသားတစ်ယောက်ပဲ..ဘာဖြစ်လို့လဲဆိုတော့ သူကကြီးလေးတဲ့အမှားကိုကျုးလွန်ခဲ့ပြီး သူလုပ်ခဲ့တာတွေက အရမ်းရွံဖို့ကောင်းလို့ပဲ…


တစ်ချိန်တည်းမှာပဲ အခုကိစ္စကလည်း 'အကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ အကြမ်းဖက်မှု' ပဲလေ..ကျူးဝမ်ဇီနဲ့ကျန်တဲ့သူတွေက အပြစ်ပေးခံလိုက်ရပေမဲ့ တကယ့်တရားခံ မော့တိကတော့ ဘာမှမဖြစ်သွားတာ..ဒါက မော့တိအမှားမလုပ်ခဲ့ဖူးလို့ ဆိုလိုနေတာမဟုတ်ဘူးလား…


ဒါကအမှန်ပဲလေ…


ငါအခုပဲသဘောပေါက်သွားတာက ငါတို့ရဲ့ကနဦးအမြင်တွေက အတော်လေးဆိုးရွားနေတာပဲ..ငါတို့သာ ဒီစက်ဝိုင်းထဲကနေ ထွက်ကြည့်ရင် မော့တိက တကယ်အပြစ်ကင်းတဲ့မတရားခံရသူဆိုတာကို သိလိမ့်မယ်…ပြီးတော့ ကျူးဝမ်ဇီနဲ့တခြားသူတွေကသာ ရှင်းရှင်းလင်းလင်း ကျောင်းတွင်းအကြမ်းဖက်ကြတဲ့သူတွေပဲ…မတရားမှုကိုတိုက်ဖျက်ဖို့နေနေသာသာ ဒါကတရားမျှတမှုတောင် မဟုတ်ဘူး..ဒါကရိုးရိုးရှင်းရှင်းကို ကျောင်းတွင်းအကြမ်းဖက်နေတာပဲ.. သူတို့ပြောနေတဲ့တရားမျှတမှုဆိုတာကြီးက လှည့်စားထားခဲ့တာကြီး…


အားလုံးက မော့တိကို အရင်တစ်ခါ ဓာတ်မတည့်မှုကိစ္စကြောင့် အရိုက်ခံ၊အပယ်ခံ၊အကြမ်းဖက်ခံ၊ အနိုင်ကျင့်ခံရသင့်တယ်လို့တွေးနေကြတယ်မလား… ဒါဆို ငါမေးပါဦးမယ် မင်းတို့ကသူ့ကို ဘယ်အပေါ်မူတည်ပြီး ရက်စက်ကြမ်းကြုတ်တယ်လို့ မြင်နေကြတာလဲ… လူတိုင်းက သူကရည်ရွယ်ချက်ရှိရှိနဲ့ သဘောထားကွဲလွဲစေပြီးတော့ မော့လျှိုကွေ့ရဲ့နာမည်ကိုဖျက်ဆီးနေတယ်လို့ ပြောနေကြတာ ဒါပေမယ့် ဒီစကားကတကယ်ကော ဖြစ်နိုင်ရဲ့လား…ငါအမှန်အတိုင်းပြောပြမယ် .. ငါကသရက်သီးနဲ့ဓာတ်မတည့်ဘူး.. စားလိုက်တာနဲ့ ပူဖောင်းလိုမျိုး ဖောင်းတက်လာတာ…ငါ့မိဘတွေနဲ့သူငယ်ချင်းတွေအားလုံးသိတယ်…တကယ်လို့သာ သူတို့တွေ ငါ့ကိုသရက်သီးတစ်စိတ်ပေးလာမယ်ဆိုရင် (သေချာတာပေါ့ သူတို့မပေးပါဘူး) ငါ့ရဲ့မသိစိတ်ကနေပြီး ငါ သရက်သီးနဲ့မတည့်တာမေ့သွားကြပြီလားဆိုပြီး ပြန်မေးမိမှာပဲ…ဒါကသမာရိုးကျ မသိစိတ်ကမေးမိတဲ့မေးခွန်းပဲ…ဒါပေမယ့် နတ်ဘုရားမကတော့ အမှန်တကယ်ကြီးကို တုန်လှုပ်သွားပြီးတော့ ဝမ်းနည်းတကြီးငိုယို လဲကျသွားတယ်နော်… ဒါကဘယ်လောက်တောင် ထူးဆန်းနေတာလဲ…


အချုပ်အနေနဲ့ ငါမင်းတို့ကို သာယာနာပျော်ဖွယ်မကောင်းတာ တစ်ခုပြောပြရဦးမယ်…မင်းတို့လူတွေက အမှန်တရားတစ်ခုကို လက်မခံချင်ကြဘူးနော်… မင်းတို့ပြောနေတာက နတ်ဘုရားမက မော့တိကို အရမ်းစိုးရိမ်တတ်တယ်တဲ့ (သူကလည်း အမြဲတမ်းထုတ်ပြပါတယ်လေ) ဒါပေမယ့် သူကမော့တိကို တကယ်ဂရုမစိုက်ပါဘူး…မဟုတ်လို့ရှိရင် သူဘာလို့ မော့တိရဲ့ပြင်းထန်တဲ့ဓာတ်မတည့်မှုကို မသိဘဲနေမှာလဲ…ငါ့ရဲ့ဂျူနီယာအတန်းဖော်တွေပြောတာက မော့တိက သူ့ရဲ့ဓာတ်မတည့်မှုကို အရေးပေါ်ကုသဖို့အတွက် ဆေးရုံကိုပို့ခဲ့ရလို့ အတန်းရဲ့ပွဲကို မတက်ရောက်နိုင်ခဲ့ဘူးတဲ့…မင်းတို့အနေနဲ့ သူကကိုကိုးသောက်မိရင် သေတတ်တဲ့အဆင့်ထိဖြစ်တတ်တာကိုတောင် မသိရင် မင်းအဲ့လူကို ဂရုစိုက်တယ်လို့ ပြောနိုင်လို့လားဟ…ပြီးတော့ သူ့ကိုတောင်သောက်ဖို့ပေးလိုက်သေးတယ်…ပွင့်ပွင့်လင်းလင်းပြောရရင် ငါတော့မယုံဘူး..ဒါက မင်းအဲ့လူကို ဂရုမစိုက်လို့ဘဲဖြစ်ဖြစ် ဒါမဟုတ်… ဟားဟားး…"


Xxxxxxxx