အပိုင်း ၁၈
Viewers 29k

Chapter 18


ထိုပို့စ်တစ်ခုက ဖိုရမ်ထဲတွင် မုန်တိုင်းထန်သွားစေခဲ့သည်။


ထို့နောက်မှ လိုက်လာသည်မှာ ဒေါသတကြီးစွပ်စွဲသံများနှင့် ဆဲဆိုနေသည်များသာဖြစ်သည်။ ထိုစကားသံများမှာ ကျောင်းသားများထံမှ ပေါ်ထွက်လာသည်ကိုပင် ယုံရခက်နေချေမည်။ သို့သော်လည်း စာရင်း၏အဆုံးနားတွင် လူအချို့မှာ ပို့စ်ပိုင်ရှင်ကို စတင်သဘောတူလာကြသည်။


" အဲ့ဒါက တကယ်အဓိပ္ပါယ်ရှိပုံပဲ…"


" အမှန်ပဲ.. ငါဆိုရင် ငါ့ရဲ့ထိုင်ခုံဖော်နဲ့မရင်းနှီးပေမယ့် သူချိ့စ်နဲ့မတည့်တာသိတော့ သူ့ကိုဘယ်တုန်းကမှ ချိ့စ်မကျွေးခဲ့ဘူး.. ဒါကတကယ်ကို နားမလည်နိုင်စရာပဲ…"


" အပေါ်ထပ်က လူတချို့က ဘာတွေဟန်ဆောင်နေတာလဲ…ရွံစရာကြီးနော်…မင်းတို့ကို မော့တိက ငါတို့နတ်ဘုရားမကို အပုတ်ချဖို့ ငှားရမ်းထားတာမလား.. အရမ်းသိသာတာပဲ…ဒီလိုအကြောင်းအရာမျိုးကိုတောင် အမှားအမှန်မခွဲခြားတော့ဘဲ ပြောနေကြတာ မင်းတို့ကို မိုးကြိုးပစ်ချမှာ မကြောက်ဘူးလား…"


" အပေါ်ထပ်နဲ့အတူ အပေါင်းတစ်…"


" ??? တချို့‌လူတွေက ရူးနေတာပဲ.. ငါမော့တိနဲ့စကားတစ်ခါမှ မပြောဖူးဘူးဟ.. ဘာလဲ ဒီလောက်စကားတောင်ပြောလို့မရတော့ဘူးလား..ဒီကိစ္စမှာ မင်းတို့ရဲ့နတ်ဘုရားမကသာ ကျိုးကြောင်းမဆီလျော်တဲ့တစ်ယောက်ပဲနော်…"


" ငါတော့ ဒါကို ကျိုးကြောင်းမဆီလျော်ဘူးလို့ မထင်ဘူး…‌ဒီကိစ္စက အနီးကပ်ကြည့်ရင် အတော်လေးကြောက်ဖို့ကောင်းတယ်လို့ ခံစားရတယ်…တကယ်လို့ ဒါသာ ရည်ရွယ်မထားတဲ့ကိစ္စဆိုရင် သူက တစ်ချိန်လုံးမော့တိကိုဂရုစိုက်ချင်ယောင်ဆောင်နေတယ်ဆိုတဲ့ သက်သေပဲ… ဒါကအတော်လေးကောင်းတဲ့ သရုပ်ဆောင်ချက်နော်…. ‌တကယ်လို့သာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်ဆိုရင်တော့ ဒါကြီးက ပိုဆိုးသွားပြီပဲ…"


" အပေါ်ထပ်ကတစ်ယောက် မင်းတို့တစ်မိသားစုလုံးသေတာကိုသာ စောင့်ကြည့်နေလိုက်…ကြည့်ရတာ မော့တိရဲ့ပန်းတိုင်ကအောင်မြင်သွားပြီပဲ… အခုတော့ အမှိုက်တွေက ငါတို့နတ်ဘုရားမကို အပုပ်ချနေကြပြီ…"


" အပေါ်ထပ်ကလူ မင်းရဲ့ပါးစပ်က အဆိပ်ပြင်းပြီး ပုပ်သိုးနေတာပဲ…မင်းရဲ့နတ်ဘုရားမကောဒါကိုသိရဲ့လား…သူက မင်းတို့ကို လူတွေကိုလိုက်ကိုက်ခွင့်ပေးထားတာမလား…အေးပေါ့လေ မင်းတို့နတ်ဘုရားမက လုပ်ရဲပေမယ့် ဝန်တော့မခံရဲဘူးပဲဟာ…"


"...."


ဤသို့ဖြင့် ပို့စ်များမှာ အဆဲပြိုင်ပွဲကဲ့သို့ တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ရေးသားနေကြသည်။ တစ်ညတည်းမှာပင် အထပ်ပေါင်းကိုးထောင်ကျော်အထိ မြင့်တက်သွားကာ ဆက်လက်‌မြင့်တက်နေသည်ပင်။


သို့သော်လည်း ပို့စ်၏နောက်ပိုင်း မန့်များတွင် အထပ်ပိုင်ရှင်နှင့်မော့တိကို ထောက်ခံသည့်နံပါတ်များ ပို၍များပြားလာလေသည်။ အဆိုပါပို့စ်များမှာ စုစုပေါင်းပို့စ်များ၏ ဆယ်ရာခိုင်နှုန်းအထိ ပါဝင်နေပြီး မော့လျှိုကွေ့ကို မေးခွန်းထုတ်နေသည့် မန့်များနှင့် သူမ၏ထောက်ခံသူများကို ထပ်ပေါင်းရမည်ဆိုလျင် ဆယ့်ကိုးရာခိုင်နှုန်းအထိ ရှိနေခဲ့သည်။


မော့တိ၏ခံစားချက်များ ပျော့ပြောင်းသွားလေသည်။ ဤသည်မှာ မော့လျှိုကွေ့၏ပုံရိပ်ကောင်းအတွက် အက်ကြောင်းတစ်ခုဖြစ်သွားလေပြီ။


သူအမှန်တကယ်ပင် ထိုကိစ္စကို စတင်ပေးခဲ့သည့်သူနှင့် ခွဲခြားစိတ်ဖြာပေးထားသည့်အထပ်ပိုင်ရှင်ကို ကျေးဇူးတင်မိသည်။ အမှတ်မထင်ပါပဲနှင့် ထိုအရာမှာ သူ့ကိုကူညီပေးကာ လူတိုင်း၏ မော့လျှိုကွေ့အပေါ်ဦးနှောက်မဲ့ချစ်ခင်ထောက်ခံနေကြသည့် မှော်ဝင်ဆန်းကြယ်မှုကြီးကို အနည်းငယ်လျော့ကျစေခဲ့သည်။


ပထမဆုံးအနေဖြင့် သူ ထိုပိုစ့်ကိုတင်ခဲ့သူနှင့် ခွဲခြမ်းစိတ်ဖြာပေးသည့်အထပ်ပိုင်ရှင် မည်သူဆိုသည်ကို သိချင်လာသည်။


ကျောင်းအုပ်ကြီးဟွမ်း၏ ‌ကျုံးသောင်ခန်းနှင့်အခြားသူများအပေါ်ပေးခဲ့သော ပြင်းထန်သည့်အပြစ်ပေးမှုမှာ အချို့သောလူများအား ထိတ်လန့်စေခဲ့သည်။ ထို့အပြင် မော့လျှိုကွေ့အော်ရာ၏အက်ကွဲနေမှုပါထပ်ပေါင်းရမည်ဆိုလျှင် ယနေ့သည် မော့တိ၏ရှားရှားပါးပါးသာယာသောနေ့တစ်နေ့ ဖြစ်နေသည်ပင်။


သို့သော်လည်း ထိုတည်ငြိမ်နေမှုမှာ ညနေ‌ခင်းကျောင်းဆင်းချိန်တွင် ပြိုကွဲသွားခဲ့သည်။


ကျောင်းဂိတ်ပေါက်တွင် တောက်ပသောအနီရောင် မာစီရာတီတစ်စီးရပ်ထားပြီး ကား၏ဘေးတွင် သူ၏ကောင်းမွန်လှစွာသော ပဉ္စမအစ်ကိုမော့ဝုဟန်ရပ်နေလေသည်။ သူသည် နေရာတစ်ဝိုက်ကို ဒေါသတကြီးဖြင့် စိတ်မရှည်သည့်အကြည့်ဖြင့် ခြုံငုံအကဲခတ်နေပေရာ သေချာပေါက်ပင် မော့လျှိုကွေ့အတွက်လာရောက်ခြင်းမဖြစ်နိုင်ပေ။ သို့ဖြစ်ရာ သူ၏ရည်ရွယ်ချက်မှာ တစ်ခုသာ ဖြစ်နိုင်တော့သည်။


မော့တိ တစ်ဟုန်ထိုးတက်လာသည့် သူ၏နက်မှောင်နေသောစိတ်ကို ဖိနှိပ်ကာ မော့ဝုဟန်ကို အကြည့်တစ်ချက်ပေးလိုက်ပြီးနောက် လူအုပ်ကြီး၏အဝေးမှ ပြန်လှည့်ထွက်လာခဲ့သည်။ သူကျောင်းဆီသို့ ပြန်လျောက်လာကာ အခြားနံရံများထက် နိမ့်သော လျှို့ဝှက်နံရံတစ်ခုသို့ ရောက်သည်အထိ အကွေ့အကောက်များသော လမ်းကြောင်းတစ်‌လျောက်လိုက်သွားလိုက်သည်။ ဖြည်းဖြည်းမှန်မှန်ဖြင့် သူ၏ရှည်လျားသောခြေထောက်များကို အမှီပြုကာ တံတိုင်းပေါ်တက်၍ ခုန်ကျော်လိုက်သည်။


" အားးးးးး " အောက်မှ အော်သံတစ်ခုထွက်ပေါ်လာသည်။


မော့တိ ငုံ့ကြည့်လိုက်ချိန်တွင် ဆန့်ကျင်ဘက်အလယ်တန်းကျောင်းယူနီဖောင်းဝတ်ထားသည့် ကောင်လေးတစ်ယောက် မြေကြီးပေါ်တွင် လဲလျောင်းနေသည်ကို မြင်လိုက်ရသဖြင့် မော့တိလည်း ရှော့ရကာ ထိတ်လန့်သွားပြီး မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်နိုင်သည်အထိ ကြောင်အသွားခဲ့ရသည်။


ဒါက ကုရန်ကျွီလား…


" သောက်ကျိုးနည်း… မင်းငါ့ကိုသတ်မလို့လား…"


 ကုရန်ကျွီ သူ့အား အမူအယာကင်းမဲ့နေသည့်မျက်နှာဖြင့် စိုက်ကြည့်နေသောအထက်တန်း‌ကျောင်းသား ကို မျက်လုံးလှန်ကာသာ ကြည့်လိုက်မိသည်။ သူသည် ‌ခုနလေးကမှ လူမိုက်အချို့နှင့်ရန်ဖြစ်ခဲ့ရပြီး ခေါင်းခိုက်မိကာ သွေးထွက်နေပြီး မူးဝေနေခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် တစ်စုံတစ်ဦးထံမှတက်နင်းခံလိုက်ရသည်ဖြစ်ရာ ကုရန်ကျွီမှာ ‌သွေးပင်အန်ထွက်တော့မလို ဖြစ်သွားခဲ့ရလေသည်။


 ထို့အပြင် ထိုအထက်တန်းကျောင်းသားမှ သူ့ကိုအေးတိအေးစက်သာ ကြည့်နေခဲ့ပြီး တောင်းပန်မည့်ပုံပင် မရှိခဲ့ချေ။ သောက်ချီးလိုပဲ… ထိုလူက ကြည့်ကောင်းတဲ့ရုပ်ရည်ရှိပေမယ့် သွေးအေးပြီးဂရုဏာကင်းမဲ့လွန်းတယ်…


" သောက်ကျိုးနည်း တစ်ခုခုပြောလေကွာ…"


မော့တိ ကုရန်ကျွီအား အသာကြည့်လိုက်ကာ ပြောစရာစကား မဲ့နေရသည်။


ဇာတ်ကြောင်းအရ ကုရန်ကျွီ ရန်ဖြစ်ခဲ့ပြီးနောက် လမ်းကြားထဲတွင် သတိလစ်တော့မည့်အချိန်၌ မော့လျှိုကွေ့၏ကယ်တင်ခြင်းကို ခံရမည်ဖြစ်သည်။ ထို့နောက် ‌မော့လျှိုကွေ့မှာ သန်မာပြီး တွန်းလှန်မရနိုင်သော ချစ်ခြင်းမျိုးဖြင့် နတ်သမီးကဲ့သို့သော မော့လျှိုကွေ့အပေါ် မေတ္တာသက်ဝင်သွားမည်ပင်။ ထိုကုရန်ကျွီမှာ စာအုပ်ထဲတွင် အရေးပါသေားဇာတ်ပို့တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး တတိယအမျိုးသားဇာတ်လိုက်ဟု ဆိုရပေမည်။


ယခုမူကား မည်သို့သော အခြေအနေဖြစ်သွားသည်နည်း။ လိပ်ပြာတောင်ပံခတ်မှုကြောင့် မော့လျှိုကွေ့အစား သူက မတော်တဆအစားထိုးခံခဲ့ရသည်လား…


သူ ထိုနေရာသို့ မဝင်ချင်ပေ။


ထို့အပြင် သူသည် ကုရန်ကျွီအပေါ်သို့ တက်နင်းမိခဲ့ပေရာ သူနတ်သားတစ်ပါးကဲ့သို့ ဟန်ဆောင်မှုအချို့ဖြင့် ကုရန်ကျွီ၏ဒဏ်ရာများကို ကုသပေးခဲ့လျှင်ပင် ထိုအရာမှာ အလုပ်ဖြစ်မည်မ‌ဟုတ်ပေ။ ထိုမျှသာမက သူ မော့လျှိုကွေ့၏ 'လမ်းလွဲနေသောလူငယ်ကိုကယ်တင်ခြင်း' ကို အတုခိုးရန်လည်း မလုပ်ချင်ပါချေ။


မော့တိ ယခုအချိန်၌ ကုရန်ကျွီကို အုတ်ခဲနှင့် မထုမိသည်ကပင် သူ၏အသိစိတ်မှာ အရင်အတိုင်းရှိနေသေးသည်ဟုဆိုနိုင်ပေမည်။


ကုရန်ကျွီ၏ဦးခေါင်းမှာ ပေါက်ကွဲထွက်လုမတတ် နာကျင်နေသော်လည်း သူသတိမလစ်နိုင်သေးပေ။ သူအံတင်းတင်းကြိတ်ကာ အလင်းရောင်ကိုပိတ်ရပ်နေသည့်အထက်တန်းကျောင်းသားကို လှမ်းကြည့်လိုက်သည်။ ကုရန်ကျွီ သူ၏သွားများပင် ဒေါသကြောင့် ယားယံနေလေပြီ။ ထိုလူမှာ မည်သည့်အရာများမှားယွင်းနေသည်နည်း။ သူ၏ခေါင်းတွင်သွေးများရွှဲနေပြီး လဲလျောင်းနေသည်ကို မမြင်ရဘူးလော။ အဘယ့်ကြောင့် သူ့ထံမှ တုန့်ပြန်မှုတစ်စုံတစ်ရာပင် မရရှိသည်နည်း။ ထိုသူမှာ သူ့ကိုဆေးရုံပို့ရန်ပင် မဆိုထားနှင့် လူနာတင်ကားပင် ခေါ်မပေးခဲ့ချေ။


ကုရန်ကျွီလက်သီးဆုပ်ထားမိသော်လည်း ယခုအချိန်မှာ ဒေါသပေါက်ကွဲရမည့်အချိန်ကောင်းမဟုတ်သည်ကို သူသိနေသေးသည်။ သူ၏ဒေါသကိုဖိနှိပ်ကာ ခံစားချက်များကို ရှင်းထုတ်လိုက်ပြီး အသနားခံရန်အတွက် ပြင်လိုက်သည်။


သူ၏ပါးစပ်ကိုဖွင့်လုဆဲဆဲမှာပင် ထိုလူငယ်လေးမှာ သူ့ကို မတူညီသည့်အကြည့်ဖြင့် နောက်ဆုံးတစ်ကြိမ်ကြည့်သွားပြီးနောက် မည်သည့်ခံစားချက်မျှပင် မကျန်ခဲ့ဘဲ လျှောက်ထွက်သွားလေသည်။


သူထွက်သွားတယ်….


ဒီအတိုင်းထွက်သွားတယ်…


ငိုးးးး


ကုရန်ကျွီ၏ဒေါသများအဆုံးစွန်အထိပေါက်ကွဲထွက်သွားခဲ့သည်။ သူ၏အားအကုန်သုံးကာ လမ်းထောင့်ရှိအမှိုက်ပုံးရှိရာသို့ တက်လိုက်ပြီး ရွံရှာနေမှုကိုသည်းခံကာ ပစ်ထားသည့်အိတ်မှ သူ၏ဖုန်းကိုထုတ်၍ 120ကို ခေါ်လိုက်ရလေသည်။


စောင့်ကြည့်နေစမ်းပါ…


သူထိုကောင်လေး၏မျက်နှာကို သူ၏မှတ်ဉာဏ်ထဲတွင် ထွင်းထုထားရပေမည်။


လောလောဆယ် မော့တိမှာ စိတ်ရှုပ်စရာကောင်းသည့် အခြေအနေအတွင်းသို့ ကျဆင်းနေရသည်။


အချိန်နှင့်အမျှ ကျောင်းဂိတ်ဝတွင် သူ့ကိုတားဆီးနေသည့်မော့ဝုဟန်နှင့်အတူ အိမ်သို့ပြန်လာရန်အတွက် အနှောင့်အယှက်ပေးနေသည့် မော့လျှိုကွေ့လည်းရှိနေပြီး အစောပိုင်းလေးကမှ မတော်တဆ‌တွေ့ဆုံခဲ့ရသည့် ကုရန်ကျွီလည်း ရှိနေပြန်သည်။ ထိုသူမှာ ဒေါသူပုန်ထနေသကဲ့သို့ ကျောင်း၏ဘေးဘက်ဂိတ်များ၊ဖြတ်လမ်းများနှင့် လမ်းကြားလေးများတွင်ပါ မော့တိကို တိုက်ခိုက်ရန်ပုံစံအသင့်ဖြင့် ချောင်းမြောင်းစောင့်ဆိုင်းနေလေသည်။


မော့တိ ကုရန်ကျွီ စိတ်ကုန်သွားမည့်အချိန်ထိ ပုန်းအောင်းနေရတော့မည်ပင်။


မည်သို့ပင်ဆိုစေကာမူ ယေဘုယျအားဖြင့် ထိုသုံးယောက်ထဲတွင် ကုရန်ကျွီမှာ သူ့အတွက် စက်ဆုပ်ဖွယ်ရာအနည်းဆုံးသူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခင်ဘဝတွင် ထိုကောင်စုတ်လေးမှာ ချင်ချန်းယီနှင့်မော့လျှိုကွေ့တို့ အတူရှိသွားပြီးနောက်တွင် နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားခဲ့လေသည်။ ထို့ကြောင့် ထိုသူတို့၏ မော့တိကို ခွန်အားသုံးဖိနှိပ်ကာ ထောင်ထဲတွင် ပိတ်ဆို့ခဲ့သည့် ကမ်ပိန်းတွင် ပါဝင်ခဲ့ခြင်းမရှိပေ။


သို့သော်လည်း ယင်းမှာ သူ ကုရန်ကျွီကိုသည်းခံပေးမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ အဆုံးမှာတော့ ကုရန်ကျွီ နိုင်ငံခြားထွက်မသွားခင်အချိန်အထိ သူမော့တိ၏စီးပွားရေးလုပ်ငန်းများကို စိတ်မြန်လက်မြန်ဖြင့် ဖျက်ဆီးပစ်ခဲ့သည်လေ။ မော့တိ ကုရန်ကျွီကို အဆုံးစွန်ထိ မုန်းတီးနေမည်မဟုတ်လျှင်ပင် သူ့အား မျက်နှာသာပေးရန်မှာမူ ဖြစ်နိုင်သည့်အရာမဟုတ်ချေ။


သူစာအုပ်ထဲမှ မှတ်မိနေသည့်အရာအရ ကုရန်ကျွီသည်လည်း ကောင်းမွန်သောဇာတ်သိမ်းမရခဲ့ပေ။ ၎င်းအမျိုးသားဇာတ်လိုက်နံပါတ်သုံးမှာ အပိုင်းအနည်းငယ်အပြီးတွင် သတ်ဖြတ်ခံခဲ့ရသည်။ အကြောင်းမှာမူ သူသည်အခြားသောအမျိူးသားဇာတ်လိုက်များနှင့်မတူဘဲ ကွဲပြားခြားနားကာ ဇာတ်လိုက်မကို ကာကွယ်စောင့်ရှောက်နေခြင်း အလွန်အမင်းချစ်မြတ်နိုးပြနေခြင်းတို့မရှိခဲ့ခြင်းကြောင့် စာဖတ်သူအများအပြားကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့်ပင် သူသည် မတော်တဆမှုတစ်ခုဖြင့် သေဆုံးသွားရန် ရေးသားခြင်းခံလိုက်ရသည်။


မော့တိ ထိုအပိုင်းအကြောင်းစဉ်းစားမိလိုက်ချိန်တွင် သူ ကို့ရိုးကားယားနိုင်မှုတစ်ခုတည်းကိုသာ ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ သူကဲ့သို့ အဆိပ်ပြင်းဗီလိန်မျိူးသာမက ဇာတ်လိုက်မကို လုံလုံလောက်လောက်ချစ်မပြခဲ့သည့်ထောက်ခံသူများသည်ပင် ဇာတ်သိမ်းကောင်းရရှိရန် မထိုက်တန်သည့်ပုံပင်။


သို့သော်လည်း အဆုံးမှာတော့ ကုရန်ကျွီမှာ အမျိူးသားဇာတ်လိုက်တစ်ဦးဖြစ်နေပြီး သူအသက်ရှင်နေသည့်အချိန်တွင်း လွတ်လပ်မှုနှင့် ဘဝ၏ပျော်ရွှင်မှုများကို ခံစားနိုင်ခဲ့သေးသည်။ မော့တိကဲ့သို့ မွေးစထဲမှ အဆိပ်ပြင်းဗီလိန်တစ်ဦးဖြစ်ခဲ့ရသူနှင့် နှိုင်းယှဉ်ပါက သူတို့နေထိုင်ခဲ့ရသည့်ဘဝမှာ လုံးလုံးလျားလျားပင် ကွာခြားလှသည်။


ထို့အတူ သူသည်လည်း သူ့အပေါ် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ခြင်းကို အခြေခံ၍ ပျော်ရွှင်မှုနှင့် မျက်နှာသာပေးမှုကိုရရှိခဲ့သည့် တစ်စုံတစ်ဦးအပေါ် စာနာပေးရန် အရည်အချင်းမရှိပါချေ။


မော့တိ ကုရန်ကျွီနှင့် ထိပ်တိုက်တွေ့ရန် မရည်ရွယ်ပါသော်လည်း သူ့ထံကုရန်ကျွီရောက်လာသည်ကို ရှောင်ရှားရန်အတွက် သူ၏ခြေထောက်ကို ချိုးမပစ်နိုင်ပေ။ မော့ဝုဟန်၏ကြားဖြတ်ပိတ်ပင်ထားမှုနှင့်အတူ မော့လျှိုကွေ့ကအဆက်မပြတ်တိုက်တွန်းနေခြင်းတို့ကြောင့် မော့တိအကဲဖြတ်စာမေးပွဲအပြီးတွင် ပြန်လည်စစ်ဆေးရန်အတွက် အိမ်သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။


ဤသည်မှာ ရှာကျား၏ အတင်းကြပ်ဆုံးအကဲဖြတ်ပေးမည့် နောက်ဆုံးစာမေးပွဲပင်ဖြစ်သည်။


အကဲဖြတ်စာမေးပွဲနေ့တွင် မော့တိစောစောထကာ ပုံမှန်အတိုင်း မုထျန်းဟန်ဆီသို့ မနက်ခင်းနှုတ်ဆက်သည့်စာတစ်စောင်ပေးပို့လိုက်သည်။ ထို့နောက် ထကာ ဆေးကြောပြီး အသားညှပ်ပေါင်မုန့်များလုပ်ကာ ထိုအချိန်အတွင်း စာပြန်‌နွှေးနေလေသည်။


သူ၏အသားညှပ်ပေါင်မုန့်ကိုယူကာ ဘတ်စ်ကားမှတ်တိုင်သို့ သွားတော့မည့်အချိန်၌ မော့တိ၏ဖုန်းသို့ အမည်မသိစာတစ်စောင် ဝင်ရောက်လာခဲ့သည်။


" မော့တိ ငါကဘေးခန်းကကျောင်းသားတစ်ယောက်ပါ… ငါမင်းနဲ့သူငယ်ချင်းဖြစ်ချင်တယ်… ကျောင်းဆင်းတဲ့အချိန်ကျရင် ငါ့ကို ဖုရုံလမ်းမက နေ့လည်ခင်းကော်ဖီဆိုင်မှာ လာတွေ့လှည့်…ငါမင်းကိုအရေးတကြီးပြောစရာရှိတယ်… လာဖြစ်အောင်လာပါ.. မလာရင် မင်းနောင်တရလိမ့်မယ်… မင်းရဲ့ထူးဆန်းတဲ့သူငယ်ချင်း…"


မော့တိ လက်ကိုမြောက်ကာ စာကို အမူအယာကင်းမဲ့စွာဖြင့် ဖျက်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏အသားညှပ်ပေါင်မုန့်ကို ကိုက်ဝါးနေခဲ့သည်။


သူမစစ်ဆေးကြည့်ပါဘဲနှင့်ပင် ထိုစာကိုပို့သည့်သူမှာ ကျောင်းဖိုရမ်အတွင်းမှဟော့ဖြစ်နေသည့်ပို့စ်ကို စတင်သူဖြစ်သည်ကို မော့တိသိနေခဲ့သည်။ ထို့အပြင် ထိုသူ၏တကယ့်နာမည်အစစ်မှာ ယွမ်ရန်ဖြစ်သည်။


Xxxxxxxxx