အပိုင်း ၁၉
Viewers 28k

Chapter 19


ယွမ်ရန်မှာ စာအုပ်အတွင်းရှိ သူနှင်လုံးဝပင်မသက်ဆိုင်ခဲ့သော ဆိုးဝါးသောဇာတ်သိမ်းရှိသည့် အမြောက်စာဇာတ်ကောင် သုံးဦးထဲမှ တစ်ဦးဖြစ်သည်။


သူမ၏နည်းလမ်းများမှာ အတော်လေးပင် မရိုးသားခဲ့ချေ။ ထို့အပြင် သူမသည် လူများ၏ဖျော်ရည်များအား ဖျက်ဆီးပစ်ရသည်ကို နှစ်သက်ပြီး ဆေးပင်ခတ်ခဲ့သေးသည်။ သူမ၏လုပ်ဆောင်ချက်များမှာ မည်သည့်အခါကမှ အောင်မြင်ခဲ့ခြင်းမရှိစေကာမူ မော့တိ ထိုသို့သောသူနှင့် မည်သည့်နည်းလမ်းနှင့်မျှ သူမပူးပေါင်းနိုင်ကြောင်း ယုံကြည်၏။


ထို့ကြောင့် ယင်းပို့စ်၏နောက်ကွယ်မှလူကို သူရှာတွေ့ခဲ့ချိန် ခွဲခြမ်းစိတ်ဖြာသည့်အကြောင်းကိုတင်သူမှာ ယွမ်ရန်ဖြစ်သည်ကို သူသိလိုက်ရသည်နှင့် မော့တိ ထိုကိစ္စကို နောက်သို့သာ ပို့ထား‌လိုက်လေသည်။


မော့တိ စာ‌အကြောင်းကို လျစ်လျူရှုလိုက်ပြီးနောက် လာမည့်အကဲဖြတ်စာမေးပွဲအတွက် သူ၏လေ့ကျင်ခန်းများကိုသာ ပြန်လှန်လေ့လာနေခဲ့သည်။


စာမေးပွဲချိန်မှာ အမြဲလိုပင် လျင်မြန်စွာကုန်ဆုံးသွားလေ့ရှိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက်တာစာမေးပွဲမှာ ပြီးဆုံးသွားပြီဖြစ်သည်။ မော့တိ မေးခွန်းများကို ကျွမ်းကျွမ်းကျင်ကျင်ဖြေဆိုနိုင်ခဲ့ပြီး ရလဒ်ကောင်းများရမည်ဟု ကောင်းမွန်သည့်ခံစားချက်မျိုး ရှိနေလေသည်။


လူများ၏ခံစားချက်များ ကောင်းမွန်နေချိန်တွင် သူတို့၏သတိထားမှုလျော့ကျသွားခြင်းမှာ ရှောင်လွှဲ၍မရသောအရာဖြစ်သည်။ မော့တိ ကျောင်း၏ဘေးဘက်ဝင်ပေါက်တစ်ခုမှ ထွက်တော့မည့်အချိန်၌ မော့လျှိုကွေ့ကိုတွေ့လိုက်ရသည်။


" ရှောင်တိ…"


လွန်ခဲ့သောရက်အနည်းငယ်အတွင်း မော့လျှိုကွေ့ မော့တိကိုအိမ်ပြန်လာရန် စည်းရုံးချင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် မော့တိ သူတို့၏အဖေကိုအဆိပ်ခတ်မခတ် သူမက ရှင်းလင်းချင်နေခဲ့သော်လည်း မော့တိမှာမူ သူမကို လျစ်လျူသာရှုထားခဲ့သည်။ အတန်းအပြီးနှင့် ကျောင်းဆင်းချိန်များတွင် မော့တိမှာ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားကာ ပဉ္စမအစ်ကိုမှ ဂိတ်ပေါက်ဝတွင်စောင့်နေလျှင်ပင် သူ့ကိုမဖမ်းမိနိုင်ခဲ့ပေ။ ၎င်းမှာ သူမကို အလွန်ပင် မသက်မသာဖြစ်စေခဲ့သည်။


ယနေ့တွင် မော့လျှိုကွေ့ သူမ၏ကံကို အရှေ့ဘက်ဂိတ်တွင် စမ်းသပ်ရန်ဆုံးဖြတ်လိုက်ပြီး မမျှော်လင့်ဘဲ မော့တိကို အမှန်တကယ်ပင် ရှာတွေ့ခဲ့လေသည်။


မော့တိ ခေါ်သံကိုကြားချိန်တွင် သူ၏မျက်ခုံးများတွန့်ချိုးသွားပြီး ရပ်ကာ နောက်သို့လှည့်၍ " မမ ဘာလိုချင်လို့လဲ…"


" ရှောင်တိ ငါနဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါ…"


မော့လျှိုကွေ့ အလျင်အမြန်ရှေ့တိုးကာ မော့တိ၏အင်္ကျီလက်ကို ဆုပ်ကိုင်လိုက်သော်လည်း မော့တိမှ ချက်ချင်းပင် ရှောင်တိမ်းသွားခဲ့သည်။ မော့လျှိုကွေ့ မော့တိ၏အပြုအမူကြောင့် စိတ်ညစ်သွားပြီး သူမ၏အကြည့်များ ချဉ်စူးလာကာ " ရှောင်တိ နင်ဘာဖြစ်နေတာလဲ…နင်က ဒီအစ်မကိုမလိုချင်တော့ဘူးပေါ့…ဒါမှမဟုတ် ငါနင့်ကိုဂရုမစိုက်ဘူးလို့ပြောနေတဲ့ ကျောင်းဖိုရမ်ကလူတွေကိုပဲ ယုံကြည်ပြီး ငါ့ကိုမုန်းတီးနေတာလား…"


" မမ ကျွန်တော်အပြင်မှာကောင်းကောင်းနေနေတာမလို့ အိမ်ပြန်ဖို့အတွက် ဖိအားလာမပေးပါနဲ့…"


 မော့တိအသာအယာပင် ပြန်ဖြေလိုက်သည်။


မော့လျှိုကွေ့ မော့တိ၏သူမမေးခွန်းများကို အသာအယာရှောင်တိမ်းသည့်ပုံစံကိုကြည့်ရင်း မျက်လုံးများနီရဲလာကာ သူမ၏အသံကိုအနည်းငယ်မြင့်၍ " ရှောင်တိ နင်ဘယ်လိုတောင်အဲ့လူတွေကိုယုံပြီး ငါ့ကိုဒီလိုတွေး‌နိုင်ရတာလဲ…"


မော့တိ ထိုကိစ္စအကြောင်းကို မော့လျှိုကွေ့နှင့် ထပ်မဆွေးနွေးချင်တော့ပေ။ သူလှည့်ကာ ကျောင်းဂိတ်ပေါက်ဆီသို့ အမြန်ထွက်သွားလိုက်သည်။ မော့လျှိုကွေ့မှာမူ သူ၏နောက်မှာ အပူတပြင်းလိုက်လာခဲ့ပြီး သူမ၏‌ကောက်ကွေးနေသော ဆံနွယ်များမှာ လေနှင့်အတူဝဲကျနေကာ အနည်းငယ်နီရဲစိုစွတ်‌နေသောမျက်လုံးများနှင့် သေးငယ်သည့်မျက်နှာလေးတို့ကြောင့် နတ်ဘုရားမလေးသဖွယ်ဖြစ်နေခဲ့သည်။ ၎င်းမှာ လူများအတွက် သနားစဖွယ်ပုံပေါ်နေပြီး သူမကို ကာကွယ်ပေးချင်စိတ်များ ဖြစ်ပေါ်လာကြသည်။


" ရှောင်တိ နင်အိမ်ပြန်မလာချင်ဘူးဆိုလည်း ရပါတယ်…နင်အဲ့လို‌တွေးနေတယ်ဆိုတော့လည်း ငါဘာမှမဖြစ်တော့ပါဘူး… ဒါပေမယ့် အဖေအဆိပ်မိတာကတော့ နင်လုပ်ခဲ့တာလားဟင်…ငါကတော့နင်မဟုတ်ဘူးလို့ အမြဲတမ်းယုံကြည်နေပြီးတော့ ကျန်တဲ့အစ်ကိုတွေ နင့်ကိုလာရှာတာကနေ တားပေးနေရတာနော်…ဒါကြောင့် နင်ငါ့ကို အတည်ပြုပေးရမယ်…ငါ နင့်ကို ဒီတိုင်းအချည်းနှီး ယုံကြည်ပြီး ကူညီပေးခဲ့တာမဟုတ်တဲ့အတွက် ငါသိပါရစေ…"


အနီးနားမှ ကျောင်းသားအချို့မှာ သူတို့ကိုလှမ်းကြည့်လာကြကာ ထိုအတင်းအဖျင်းအတွက် သိချင်စိတ်ကြောင့် သူတို့၏မျက်လုံးများတောက်ပလာကြသည်။


မော့တိ ရယ်သာရယ်ချလိုက်ချင်တော့သည်။ ထိုကိစ္စမှာ ထပ်ခါ ထပ်ခါပင် ဖြစ်နေလေသည်။


မော့ဝုဟန်နှင့်အခြားသူများကျောင်းသို့မလာခဲ့ကြသည့် တကယ့်အချက်မှာ မုထျန်းဟန်မှ ကျောင်းအုပ်ကြီးဟွမ်းကို ကျောင်းလုံခြုံရေးအတွက် ပြင်းပြင်းထန်ထန်သတိပေးခဲ့ခြင်းကြောင့်သာဖြစ်သည်။ ၎င်းမှာ မော့ဝုဟန်ကျောင်းသို့‌ဝင်လာခြင်းကို တားဆီးပေးထားပြီးမော့လျှိုကွေ့နှင့် လုံးဝမသက်ဆိုင်ခဲ့ချေ။


သို့သော်လည်း ငယ်စဉ်ကတည်းကပင် သူကောင်းကောင်းမွန်မွန်နေထိုင်ရခြင်းမှာ သူ၏ကောင်းမွန်သော အစ်မကြီးဖြစ်သူ မော့လျှိုကွေ့ကြောင့်ဟု ထပ်ခါတလဲလဲပင် သတိပေးခံခဲ့ရသည်။


သူခြောက်နှစ်အရွယ်က အတန်းထဲတွင် ပထမရခဲ့ပြီး မော့လျှိုကွေ့မှာမူ တတိယဖြစ်သွားရသည့်အတွက် သူမအလွန်ပင်ဝမ်းနည်းခဲ့သည်။ ထို့ကြောင့်ပင် မော့ဝုဟန်နှင့်အခြားအစ်ကိုများက မော့တိကို ခြေထောက်များ ပုံမမှန်တော့သည်အထိ ပြင်းထန်စွာထိုးကြိတ်ခဲ့ကြကာ မသန်မစွမ်းပင် ဖြစ်လုနီးပါးဖြစ်သွားခဲ့သည်။ ထိုအချိန်မှသာ မော့လျှိုကွေ့ သူမ၏မျက်ရည်များကို ခက်ခက်ခဲခဲထိန်းချုပ်ပြီး ဆေးရုံပို့ရန်အတွက် အော်ပေးခဲ့လေသည်။


ထို့ကြောင့် သူ သူမကိုကျေးဇူးတင်နေသင့်သည်။


သူ၏ရှစ်နှစ်မြောက်မွေးနေ့တွင် မော့တိ၏တည်ရှိနေမှုမှာ မော့လျှိုကွေ့အပေါ်တွင် သက်ရောက်သွားမည်စိုးသည့်အတွက် မော့စစ်လန်မှ သူ့ကိုတစ်ညလုံးအိမ်သာထဲတွင် ထည့်ပိတ်ထားခဲ့သည်။ မော့လျှိုကွေ့သာ သနားညှာတာစွာဖြင့် ကိတ်မုန့်တစ်ပိုင်းချန်ထားပေးခဲ့သည်။


ထို့ကြောင့် သူ သူမကိုကျေးဇူးတင်နေသင့်သည်။


အသက်ဆယ့်နှစ်နှစ်အရွယ်တွင် မော့တိခက်ခက်ခဲခဲပိုက်ဆံစုကာ ဂစ်တာတစ်လုံးဝယ်ခဲ့သော်လည်း မော့လျှိုကွေ့အနားယူခြင်းကိုထိခိုက်မည်ဆိုးသည့်အတွက် ဖခင်ဖြစ်သူထံမှ ရိုက်ချိုးခြင်းကို ခံခဲ့ရသည်။ ဖခင်ဖြစ်သူမှ မော့တိကို လာရောက်ရိုက်နှက်ချင်သော်လည်း မော့လျှိုကွေ့မှ သဘောထားကြီးကြီးဖြင့် သူမစိတ်ထဲမထားသည့်အကြောင်းဖော်ပြကာ မော့တိရိုက်နှက်ခံရခြင်းကို တားဆီးပေးခဲ့သည်။


ထို့ကြောင့် သူ ကျေးဇူးတင်နေသင့်သည်လား…


ထိုသို့သောကိစ္စမျိုးမှာ မရေတွက်နိုင်အောင်ပင် ဖြစ်ပျက်ခဲ့ပြီး မော့တိပင် အလုံးစုံကို လိုက်မမှတ်မိ‌နိုင်တော့ပေ။ မော့တိသူ၏လမ်းကိုပိတ်ရပ်နေသော မော့လျှိုကွေ့ကိုကြည့်ကာ ရုတ်တရက်ဆန်သော အပြုံးတစ်ခုပေးလိုက်ပြီး " သေချာတာပေါ့ ကျွန်တော်မလုပ်ပါဘူး မမ…"


" နင်မလုပ်ခဲ့ဘူးလား…" မော့လျှိုကွေ့၏မျက်လုံးများ အနည်းငယ်ဝိုင်းစက်သွားကာ " ရှောင်တိ နင်မလုပ်ဘူးဆိုရင် ဘာလို့အိမ်ပြန်မလာတာလဲ… အဖေနဲ့အမေက နင်မလုပ်တာကိုသိရင် သူတို့ခွင့်လွှတ်ပေးကြမှာပဲကို…အိမ်‌မှာနေရတာ‌ဒီလောက်ကောင်းတာ အပြင်မှာနေနေတာက အိမ်လောက်ကောင်းမှာတဲ့လား…"


မော့တိ အမည်မဖော်ပြနိုင်သော အပြုံးတစ်ခုဖြင့် တုန့်ဆိုင်းခြင်းပင်မရှိဘဲ သူမကိုကြည့်လိုက်ပြီး " မမကတကယ်ပဲ ကျွန်တော်အိမ်မှာအချိန်ကောင်းတွေရှိတယ်လို့ ထင်တယ်ပေါ့…"


" ဘာလို့လဲ.. မကောင်းတာရှိလို့လား…" မော့လျှိုကွေ့ တချို့သောအချက်များကြောင့် အနည်းငယ်မလွယ်ကူသလိုခံစားလိုက်ရပြီး " အိမ်မှာက အစားအသောက်အနေအထိုင်ကောင်းမွန်တယ်လေ… ပြီးတော့ နင်ဘယ်သွားသွား လိုက်ပို့မဲ့ယာဉ်မောင်းတွေလည်းရှိတာ… အပြင်မှာ တစ်ယောက်တည်းနေနေတာထက် ပိုမကောင်းနေလို့လား…"


" ‌ဒီလိုဆိုပေမယ့်… ကျွန်တော်သဘောမတူဘူး…" မော့တိ သူတို့၏ပြောလက်စစကားဝိုင်းကို မဆက်ချင်တော့သောကြောင့် လှည့်ထွက်သွားလိုက်သည်။


မော့လျှိုကွေ့ မော့တိ၏နောက်ကျောကိုကြည့်ကာ အချို့အချက်များဖြင့် သူမ၏မောင်ငယ်လေးမှာ ယခင်နှင့်မ‌တူတော့သည်ဟု ခံစားလိုက်ရသည်။ အချိန်အနည်းငယ်ကြာအထိ သူမအမှီမလိုက်ရဲခဲ့သော်လည်း မော့တိကျောင်းပေါက်ဝအနီးသို့ရောက်ကာ ပျောက်ကွယ်သွားတော့မည့်အချိန်တွင် သူမအံတင်းတင်းကြိတ်ကာ အပြေးလိုက်သွားရသည်။


" ရှောင်တိ နင်ဒီနေ့တော့ငါနဲ့ပြန်လိုက်ရမယ်… နင်ပြန်မလာဘူးဆိုရင် အမေကအရမ်းဝမ်းနည်းနေမှာ ပြီးတော့…."


မော့လျှိုကွေ့၏အသံရုတ်တရက်ရပ်တန့်သွားသည်။ သူမ၏ရှေ့မှ ပြန့်ကြဲနေသည့်ပုံရိပ်နှစ်ခုကို အံဩတကြီးကြည့်ကာ အရှေ့သို့ပြေး၍ မတားဆီးခင်အချိန်အထိ အချိန်အနည်းငယ်ယူလိုက်ရသည်။ ထို့နောက် လက်ကိုဆန့်ကာ သူတို့လှမ်းဆွဲလိုက်ပြီး " နင်တို့ဘာတွေလုပ်နေကြတာလဲ… ရန်မဖြစ်နဲ့လေ… ရန်ဖြစ်လို့မရဘူး…"


" သွားစမ်းပါ…" ကုရန်ကျွီ စိတ်မရှည်တော့ဘဲ မော့လျှိုကွေ့၏လက်ကိုခါချကာ ဘေးသို့တွန်းဖယ်လိုက်သဖြင့် သူမတုန်ယင်သွားရပြီး လဲကျတော့မလိုပင် ဖြစ်သွားခဲ့ရသည်။


မော့တိ : "...."


မော့တိ သူ၏ခန္ဓာကိုယ်ကို လှည့်ကာ ကုရန်ကျွီထံမှ လက်သီးတစ်ချက်ကို ရှောင်တိမ်းလိုက်သည်။ ကုရန်ကျွီ၏ခါးကိုကိုင်ကာ ခြေထောက်ကို မြောက်၍ သူ၏ခြေထောက်ကိုကန်လိုက်ပြီး " သူဘယ်သူလဲ မင်းသိလား… မင်းဘယ်လိုတောင် သူ့ကိုတွန်းချရတာလဲ…"


" ဘယ်သူမလို့လဲ… မင်းရဲ့အစ်မမဟုတ်ဘူးလား.. ဘာလဲ ငါကသူ့လက်ကို နည်းနည်းလေးတောင် ခါချလို့မရဘူးပေါ့…မင်းက အစ်မလုပ်တဲ့သူကို အတော်စိုးရိမ်နေတယ် ဟုတ်လား…" 


ကုရန်ကျွီ တစ်ဦးချင်းချရသည့်ပွဲများတွင် မည်သည့်အခါကမျှ မရှုံးခဲ့ဖူးသော်လည်း ထိုအားနည်းပြီး စည်းကမ်းလိုက်နာပုံရှိသည့်ကျောင်းသားမှာ မယုံနိုင်အောင်ပင် သူ့ကို ထိုးစစ်မှ ခံစစ်အခြေအနေသို့ တွန်းပို့နိုင်ခဲ့သည်။ ကုရန်ကျွီ ဒေါသကြောင့် သူ၏သွားများပင် ယားယံလာကာ လက်သီးချက်ပြင်းပြင်းများ ပစ်လွှတ်လိုက်တော့သည်။


" မင်းအဲ့လောက် အစ်မကိုစိတ်ပူနေရင်လည်း သူမကို မျက်စိစူးစရာဖြစ်အောင်မလုပ်နဲ့ ဘေးဖယ်နေလို့ပြောလိုက်…"


မော့တိ ကုရန်ကျွီအား လက်သီးတစ်ချက်ပင့်ကြွေးလိုက်ချိန်တွင် သူ၏နှာခေါင်းမှ သွေးများကျဆင်းလာသည်။ မော့တိ မီးတောက်လုမတတ် ပေါက်ကွဲနေသည့် ကုရန်ကျွီနှင့် သူမ၏ပုခုံးကို အုပ်ကိုင်ထားသည့် မော့လျှိုကွေ့တို့ကို သံသယရှိစွာဖြင့် လှမ်းကြည့်လိုက်သည်။


ကုရန်ကျွီ သွေးများကို သုတ်လိုက်ကာ သူ၏ရမ်းကားတတ်သော မျက်နှာပေါ်တွင် ချွေးများရွှဲနစ်နေပြီး မော့လျှိုကွေ့ကို မထီမဲ့မြင်ပြုသည့်အကြည့်တစ်ချက်ပေးကာ ပြောလိုက်သည် " ကောင်းသားပဲ… မင်းအစ်မအတွက် ငါ့ကိုလက်စားချေတာပေါ့လေ.. လာခဲ့စမ်းပါ..."


" မင်းရူးနေလား…"


ပေါက်ကွဲထွက်လုမတတ်ဖြစ်နေသည့် ကုရန်ကျွီကိုကြည့်ရင်းဖြင့် မော့တိ ဤအခြေအနေမှာ အံ့ဩဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။ ကုရန်ကျွီ၏ယခုလက်ရှိပုံစံနှင့် ယခင်ဘဝတွင် မော့လျှိုကွေ့ကိုသာ သူ၏နတ်ဘုရားနှင့် ဘိုးဘေးကဲ့သို့ ကိုးကွယ်ခဲ့သည့်ပုံစံတို့၏ကွာခြားချက်မှာ ကမ္ဘာနှစ်ခုကွဲထွက်နေသလိုပင်။


သို့သော်လည်း မော့တိ ထိုအရာကိုမြင်ရသည်မှာ ဝမ်းသာလှသည်။ ဤသို့သာ ဆက်သွားပါက ကုရန်ကျွီ သူ၏နောင်တရမှုထဲတွင် ကူးခတ်နေလျင်ခတ် မဟုတ်ပါက မော့လျှိုကွေ့ သူမကိုကူညီမည့်သူတစ်ဦးကို ဆုံးရှုံးရမည်ဖြစ်ရာ မည်သည့်အခြေအနေတွင်မဆို ၎င်းမှာ ချီးကျူးထိုက်ပေသည်။


" ပေါက်ကရတွေပြောမနေနဲ့…" ထိုလူငယ်လေးမှ သူ့ကိုစော်ကားနေသည့်စကားကို ကြားရချိန်၌ ကုရန်ကျွီ၏ဒေါသများမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ လက်သီးကိုဆုပ်ကာ မော့တိဆီသို့ ပြေးထွက်လာပြီး " ငါ့ကိုအဘိုးလို့ခေါ်တဲ့အထိကို မင်းကိုရိုက်နှက်ပစ်ဦးမယ်…"


မော့တိ ဘေးသို့ယိမ်းကာ ခဏအကြာတွင် ကုရန်ကျွီ၏လက်ကိုဆုပ်ကိုင်လိုက်ပြီး လက်ကောက်ဝတ်ကို အားသုံးကာ ၂၇၀ဒီဂရီအထိ ချိုးချလိုက်သည်။


" အားးးးး " ကုရန်ကျွီ နာကျင်မှုကြောင့် ငိုချလိုက်မိသော်လည်း သတိမလစ်သေးချေ။ အံတင်းတင်းကြိတ်ကာ မော့တိ၏မျက်လုံးဆီသို့ လက်သီးပြင်းတစ်ချက် ထိုးသွင်းလာခဲ့သည်။


ကုရန်ကျွီ၏အညှာအတာကင်းမဲ့သောပုံစံမှာ မော့တိ၏မျက်လုံးများကို အနည်းငယ်ပြောင်းလဲသွားစေခဲ့သည်။ သူ၏ကိုယ်တွင်းမှာ စိတ်မရှည်မှုနှင့် ဒေါသတို့ပေါက်ကွဲထွက်လာခဲ့ပြီးနောက် ကုရန်ကျွီကို ဖမ်းကိုင်ထားခြင်းအား ရပ်တန့်လိုက်သည်။ မော့တိ သူ၏ခေါင်းကိုစောင်းကာ ကုရန်ကျွီ၏လက်ကိုဆန့်ထုတ်လိုက်ပြီး ရင်ဘတ်ကို သူ့ဒူးနှင့်တိုက်ချလိုက်တော့သည်။


" အားးးးးးးးးးး " ကုရန်ကျွီ၏အသက်ရှုနှုန်းမှာ နာကျင်မှုကြောင့် နှေးကွေးလာခဲ့ပြီး သွားများပင် ယားယံလာသည်။ သို့သော်လည်း သူ၏နာကျင်မှုကိုဖိနှိပ်ပြီး တန်ပြန်မတိုက်လိုက်နိုင်ခင်မှာပင် သူ၏လည်ပင်းနောက်မှ ရိုက်ချက်တစ်ချက်ကို ထပ်မံရရှိလိုက်ပြန်သည်။ ကုရန်ကျွီ၏ ဦးနှောက်တစ်ခုလုံး ထုံကျင်သွားကာ မြေကြီးပေါ်သို့ လဲကျသွားလေသည်။


" ဘယ်သူက ဘယ်သူ့ကိုအဘိုးလို့ခေါ်မှာလဲ…" မော့တိ ကုရန်ကျွီ၏ဒူးခေါင်းကို ဆောင့်ကန်ကာ ကျောဘက်ကိုတက်နင်းလိုက်ပြီး ဒူးထောက်ထိုင်ချလိုက်သည်။ ထို့နောက် ပြုံးကာ မေးလိုက်လေသည် 


" ပြောပါဦး ဘယ်သူကအဘိုးလို့ခေါ်နေတာလဲ…"


" မင်း…." ဤသည်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ကုရန်ကျွီတစ်ဦးချင်းတိုက်ပွဲတွင် ဆိုးရွားစွာရှုံးနိမ့်ရခြင်းဖြစ်သည်။ နောက်ဆုံးတစ်ကြိမ် သူလမ်းကြားထဲတွင် မေ့လဲလုမတတ်ရိုက်နှက်ခံခဲ့ရစဉ်က ကုရန်ကျွီမှာ ခြုံခိုတိုက်ခိုက်ခံရခြင်းသာဖြစ်ကာ ခြောက်ယောက်တစ်ယောက် တိုက်ခိုက်ရခြင်းဖြစ်သည်။ သို့သော်လည်း သူ ထိုကျောင်းသားကောင်းပုံစံဖြင့်လူကို အရှက်မဲ့ရှုံးနိမ့်ရမည်ကိုမူ ကုရန်ကျွီမည်သည့်အချိန်ကမှ ထင်မထားခဲ့ပါချေ။


" မင်းရဲ့မျက်လုံးထဲမှာ အခုထိ ငါ့ကိုရိုက်နှက်ချင်နေသေးတဲ့ပုံပဲ…" 


မော့တိ ကုရန်ကျွီ၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်ကာ အသာအယာပြုံးလိုက်ပြီး အားအနည်းငယ်သုံးလိုက်သည်။


" အားးးးးးး " ကုရန်ကျွီ ထပ်မံငိုကြွေးလိုက်ရပြန်သည်။


" ရှောင်တိ…"


သူတို့နှစ်ဦးတိုက်ခိုက်နေခြင်းမှာ ရပ်တန့်သွားချိန်၌ မော့လျှိုကွေ့ သူတို့နားသို့ အလျင်အမြန်ပြေးလာကာ ငုံ့ချလိုက်ပြီး " ရှောင်တိ… နင်သူ့လက်ကောက်ဝတ်ကို ချိုးလိုက်တာလား…"


Xxxxx