Chapter 20
သူတို့နှစ်ဦးတိုက်ခိုက်နေခြင်းမှာ ရပ်တန့်သွားချိန်၌ မော့လျှိုကွေ့ သူတို့နားသို့ အလျင်အမြန်ပြေးလာကာ ငုံ့ချလိုက်ပြီး " ရှောင်တိ… နင်သူ့လက်ကောက်ဝတ်ကို ချိုးလိုက်တာလား…"
မော့လျှိုကွေ့၏စိုးရိမ်တကြီးဖြင့် လက်မခံနိုင်သည့်မျက်နှာကိုကြည့်ကာ မော့တိပြုံးလျက် " မမက သူ့ကို စိတ်ပူနေတာလား…"
" သူကကလေးပဲရှိသေးတာလေ… ဂျူနီယာအထက်တန်းကျောင်းကတောင် ဖြစ်နိုင်သေးတယ်…မင်းဘယ်လိုလုပ်ပြီး သူ့ကိုဒီလောက်ထိခိုက်အောင်လုပ်ရတာလဲ…"
မော့လျှိုကွေ့ သူမ၏စိတ်ပူပန်နေသော မျက်နှာကို ဆက်ထိန်းထားကာ မော့တိကို တစ်ချက်ကြည့်လိုက်ပြီး "
ငါကသူ့ကိုစိတ်ပူနေတာမဟုတ်ပါဘူး… မင်းကိုစိတ်ပူတာပါ… တကယ်လို့ သူ့မိဘတွေက ကျောင်းကိုလာတိုင်ရင်ကော ဘယ်လိုလုပ်မလဲ.. အဲ့ကျရင် နင့်ရဲ့မှတ်တမ်းမှာ မှတ်ချက်ပါသွားမှာလေ … ဒီလိုဆိုဒုက္ခများကုန်မှာပေါ့…"
" တကယ်ကို ငါ့အစ်မပါပဲ..နင်ကအရာတိုင်းကို လိုက်တွေးနေတာ…" မော့တိ ခံစားချက်ကင်းမဲ့သည့်ပုံနှင့် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် " ငါတောင် သူ့ကျောင်းကိုသွားပြီး သူ့မှတ်တမ်းထဲမှတ်ချက်ထည့်ပေးဖို့ မစဉ်းစားမိဘူး…"
" ?.." မော့လျှိုကွေ့ အတန်ငယ်မျှ ရှော့ရသွားပြီး " မဟုတ်ဘူးလေ… ငါပြောချင်တာအဲ့လိုမဟုတ်…"
" အဲ့ဒါဆို မမကဘာကိုဆိုလိုချင်တာလဲ…"
" ငါပြောချင်တာက.." မော့လျှိုကွေ့ ပထမဆုံးအကြိမ်အဖြစ် သူမ၏မောင်ငယ်လေးမှာ နက်မှောင်တောက်ပနေသောမျက်လုံးများဖြင့် လူများကိုစိုက်ကြည့်တတ်ကြောင်းကို သဘောပေါက်သွားခဲ့သည်။ သူမထိုမျက်လုံးကို အတန်ငယ်မျှ ကြောက်ရွံထိတ်လန့်သွားသဖြင့် သူမ၏လည်ချောင်းမှာ မသိစိတ်ကြောင့် ရွေ့လျားသွားကာ " ငါပြောချင်တာက မင်းတို့နှစ်ယောက် အချင်းချင်းတောင်းပန်လိုက်ကြပြီးတော့ ခွင့်လွှတ်လိုက်သင့်တယ်…အပြန်အလှန်တိုက်ခိုက်နေကြတာက ကောင်းတဲ့အရာမဟုတ်ဘူးလေ…"
" တကယ်ကို မမပြောတာအမှန်ပဲ… ဒါပေမယ့်…" မော့တိ ကုရန်ကျွီ၏အားနည်းနေသောလက်ကောက်ဝတ်ကို ကောက်ကာ မြောက်ပြလိုက်ပြီး " ကျွန်တော် သူ့လက်ကိုမချိုးပစ်ခဲ့ဘူးလေ အဆစ်လွဲရုံလေးပဲလုပ်ခဲ့တာ…ပြီးတော့ အစထဲက သူကသာတောက်လျှောက် ကျွန်တော့်ကိုစော်ကားလာပြီးတော့ အခုကျွန်တော်က မခံနိုင်လို့ ပြန်တိုက်ခိုက်ရုံလေးပဲလေ…"
" မင်း .. မင်းလိမ်နေတာ…" ကုရန်ကျွီ မော့လျှိုကွေ့ကို လုံးလုံးပင် လျစ်လျူရှူထားကာ မော့တိကို ကြည့်လိုက်ပြီး " မင်းသာ ငါ့ကိုတက်နင်းခဲ့တဲ့သူမဟုတ်ဘူးလား ပြီးတော့ မင်းမလုပ်ခဲ့…"
" ဘာမလုပ်ခဲ့တာလဲ…"မော့တိ ကုရန်ကျွီ၏မျက်နှာကိုဆိတ်ဆွဲလိုက်ပြီး အမူအယာကင်းမဲ့စွာဖြင့် ပြောလိုက်သည်
" မင်းကို ဆေးရုံမပို့ပေးခဲ့တာကိုလား…"
ကုရန်ကျွီ မော့တိကို စိုက်ကြည့်လိုက်ကာ ဘာမှမပြောတော့ဘဲ မော့တိပြောသည်မှာ မှန်ကန်နေကြောင်းကိုသာ ပြသနေလိုက်သည်။
" ကျေးဇူးပြုပြီးတော့… ငါမင်းအပေါ် ဘာမှအကြွေးတင်နေတာမရှိဘူးလေ…ပြီးတော့ မင်းရဲ့နံရိုးတွေကျိုးနေတာမှမဟုတ်တာ မင်းဘာသာမင်း 120ကိုမခေါ်နိုင်ဘူးလား…"
ယင်းမှာ အလွန်ရယ်စရာကောင်းသည်ဟု မော့တိခံစားလိုက်ရသည်။ သူ၏ယခင်ဘဝတွင် ကုရန်ကျွီသည် မော့လျှိုကွေ့အတွက် သူ့ကိုဒုက္ခအတော်ပေးခဲ့လေသည်။ထိုစဉ်က ဖျက်ဆီးခံခဲ့ရသော စီးပွားရေးအခွင့်အလမ်းများစွာအတွက် သူကုရန်ကျွီကို နံရံနောက်တွင် မြေမမြုပ်ပစ်သည်ကပင် လုံလောက်အောင် သနားညှာတာနေပြီဖြစ်သည်။
" ဒါပေမယ့် ရှောင်တိ..မင်းကတကယ်မှားခဲ့တာပဲကို…"မော့လျှိုကွေ့ အခြေအနေကို ချုပ်ထိန်းချင်သည့်ပုံဖြင့် " တကယ်လို့သာ နင်တတ်နိုင်ရင် တခြားလူတွေကို ကူညီသင့်တယ်လေ… အဲ့ဒီအချိန်တုန်းက သူကဒဏ်ရာရနေတာကို နင်ဘယ်လိုပြီး မကူညီတဲ့အပြင် ဘာမှမလုပ်ဘဲ နေခဲ့ရတာလဲ…"
ထို့နောက် သူမထိုင်ချလိုက်သည်။ သူမ၏ဆံပင်လိမ်လေးများမှာ သေးငယ်သော မျက်နှာတစ်ဝိုက်တွင် ဝဲကျနေပြီး ကုရန်ကျွီကို ကြည့်လိုက်ချိန်တွင် သူမ၏မျက်နှာကဲ့သို့ နူးညံ့သိမ်မွေ့သော အကြည့်ဖြင့် " တောင်းပန်ပါတယ်… တို့မောင်လေးရဲ့အမှားပါပဲ…တို့ သူ့အတွက်မင်းကိုတောင်းပန်ပါတယ်နော်.. ဒါပေမယ့် မင်း…"
" ဒါ ခင်ဗျားသောက်လုပ်မဟုတ်ဘူး…"
ကုရန်ကျွီမှာ လှပသောနတ်သမီးတစ်ပါးလို မော့လျှိုကွေ့အား မမြင်သကဲ့သို့ တုံ့ပြန်မှုပင်မရှိဘဲ အနည်းငယ်စိတ်မရှည်ဖြစ်နေခဲ့သည်။ သူ မော့တိကိုသာ ဆက်လက်စိုက်ကြည့်နေခဲ့ပြီး " ငါကသွေးတွေအများကြီးဆုံးရှုံးရပြီးတော့ သတိလစ်လုမတတ်ဖြစ်နေတာလေ…မင်းသာငါ့အပေါ်တက်မနင်းရင် ငါဘယ်လို 120ကိုခေါ်နိုင်မှာလဲ…"
" ဒါဆိုရင် မင်းကငါ့ကိုကျေးဇူးတင်သင့်တာပေါ့…"
" မင်း…"
" ဘယ်လိုပဲဖြစ်ဖြစ်ပါ ငါမင်းကို ငါ့ရဲ့သည်းခံနိုင်စွမ်းကိုထပ်လာမစမ်းဖို့တော့ အကြံပေးချင်တယ်… နောက်တစ်ခါကျရင်တော့ ငါမင်းရဲ့လက်ကောက်ဝတ်ကို အဆစ်လွဲရုံလောက် လုပ်မှာမဟုတ်ဘူးနော်…"
မော့တိ ထရပ်လိုက်ကာ " သေချာတာပေါ့ မင်းငါ့ရဲ့ကျောင်းမှာ ရီပို့လာတင်နိုင်ပါတယ်…မင်းရဲ့အရေပြားကလုံလောက်အောင်ထူတယ်ဆိုရင်ပေါ့…"
" ငါကအဲ့လိုမျိုးတွေလုပ်မှာမဟုတ်ဘူး… ငါ့ကိုအထင်လာမသေးနဲ့…"
မော့တိ ကုရန်ကျွီနှင့် ဆက်လက်ပြောဆိုနေချင်စိတ် မရှိတော့သည့်အတွက် လှည့်ကာထွက်သွားလိုက်သည်။ မော့လျှိုကွေ့မှာမူ မော့တိ၏နောက်သို့လိုက်သွားရမည်လား ကုရန်ကျွီနှင့်အတူ နေခဲ့ရမည်လားကို ဝေခွဲမရဖြစ်နေပြီး ခဏအကြာမှ တုန့်ဆိုင်းစွာဖြင့် သူမ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရပ်တန့်လိုက်သည်။ သူမ လိုက်သွားရန်ဆုံးဖြတ်လိုက်ချိန်မှာမူ မော့တိမှာ တက္ကစီတစ်စီးပေါ်သို့တက်သွားပြီးဖြစ်ကာ မျက်စိအောက်မှာပင် ပျောက်ကွယ်သွားလေပြီ။
" ဦးလေး ကျေးဇူးပြုပြီး ဖုန့်ယန်အိမ်ရာဝင်းကိုသွားပေးပါ…" မော့တိ ကျောင်းလွယ်အိတ်ကို ဘေးတွင်ချလိုက်ပြီး ဖုန်းထုတ်ကာ အချိန်ကို ကြည့်လိုက်ချိန်တွင် ညနေခြောက်နာရီထိုးနေပြီဖြစ်သည်။
သူ၏အချိန်မှာ မော့လျှိုကွေ့နှင့် ကုရန်ကျွီတို့ကြောင့် နှောင့်နှေးခဲ့ရသဖြင့် မော့တိမျက်မှောင်ကြုတ်ကာ ဖုန်းကိုဘေးသို့ချမည်အပြုတွင် ဖုန်းတစ်ကောဝင်ရောက်လာသည်။
ထိုဖုန်းမှာ မုထျန်းဟန်ဆီမှ ဖြစ်သည်။
" ဟယ်လို ကိုကို…" မော့တိ သူ၏အနည်းငယ် အက်ရှနေသော နာနာခံခံအသံဖြင့် ဖုန်းကိုဖြေလိုက်သည်။
" ဘာဖြစ်လို့ပါလိမ့်… မင်းအသံကိုကြည့်ရတာ အခုပဲပြေးထားတဲ့အသံလိုပဲ…"
မုထျန်းဟန်၏အသံထဲတွင် အပြုံးတစ်ပွင့်ပါဝင်နေပြီး တည်ငြိမ်ကာ ညှို့ယူဖမ်းစားနိုင်လှသည်။ မိုက်ခရိုဖုန်း၏စစ်ထုတ်ခြင်းမှတစ်ဆင့် အရွယ်ရောက်ပြီးသော ယောင်္ကျားသား၏အသံမှာ နက်ရှိုင်းစွာ ထင်ရှားနေသည်။ ၎င်းမှာ နားမှတစ်ဆင့် မော့တိ၏နှလုံးသားအထိ ထိုးဖောက်ဝင်ရောက်သွားလေပြီ။ မော့တိကဲ့သို့ မုထျန်းဟန်၏ယောင်္ကျားပီသမှုအပေါ် ရင်မခုန်တတ်သူသည်ပင် နှလုံးသားထဲမှ ခုန်ပေါက်နေမှုကို ခံစားလိုက်မိသည်။
မုထျန်းဟန်မှာ သူ၏အသံမှစ၍ ရုပ်ရည်သွင်ပြင် ပြီးပြည့်စုံလှကြောင်းကို သူဝန်ခံရပေမည်။ သူသည် မော့တိမြင်ဖူးခဲ့သမျှထဲတွင် အချောဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံးသူသာ ဖြစ်လေသည်။
" ကောင်ငယ်လေး မင်းဘာလို့စကားမပြောတော့တာလဲ…"
မုထျန်းဟန် သူ၏နားထဲသို့ ကြိုးမဲ့နားကြပ်တစ်ခုထိုးသွင်းလိုက်ကာ ခြေထောက်ကိုချိတ်လိုက်ပြီး ခရီးသည်တင်ခုံတွင်ထိုင်နေသော လက်ထောက်ကို ဖိုင်တစ်ခုပေးရန် လက်ဟန်ပြလိုက်သည်။
" အို ကျွန်တော်က တက္ကစီငှားမလို့ပါ…"
မော့တိ၏မျက်နှာအမူအယာမှာ တည်ငြိမ်စွာ ခံစားချက်ကင်းမဲ့နေဆဲဖြစ်သော်လည်း သူ၏အသံမှာမူ မှန်ကန်သော အရေးကြီးနေသည့်မူဟန်ကို သယ်ဆောင်နေခဲ့သည်
" ကျွန်တော်အခုပဲကားပေါ်ကိုရောက်တာ ကိုကို ဘာလို့ ဖုန်းခေါ်တာလဲ…"
" မင်းကအခုတစ်ယောက်တည်း နေနေတာဆိုတော့ ငါလည်း မင်းကို စစ်ဆေးဖို့အတွက် ခေါ်ရတာပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် တိုက်ရိုက်ဖုန်းခေါ်လိုက်တာက စာပို့နေတာထက် ပိုကောင်းတယ်လေ…"
မုထျန်းဟန် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်
" ကောင်းပြီ ဒီနေ့ပြသနာတစ်ခုခုများရှိသေးလား… အကဲဖြတ်စာမေးပွဲကကော ဘယ်လိုတဲ့လဲ…"
" ဟုတ်ကဲ့ အဆင်ပြေခဲ့ပါတယ်.. ဘာပြသနာမှမရှိပါဘူး ကိုကိုစိတ်မပူပါနဲ့…" မော့တိ၏အသံမှာ ပျားရည်လောင်းထားသကဲ့သို့ ကြည်လင်သန့်စင်နေခဲ့သည်။
" ဘာပြဿနာမှလား…" မုထျန်းဟန် နွေဦးနှင့်တူသည့်အပြုံးကို ဆက်ထိန်းထားသော်လည်း သူ၏မျက်ခုံးများမှာ တွန့်ချိုးနေသည်။
ဒီကောင်စုတ်လေးရဲ့သတ္တိတွေက ပိုတောင်ကြီးလာတာပဲ.. သူ့ကိုတောင် လိမ်ရဲတယ်…
မကြာသေးမီကပင် သူကျောင်းအုပ်ကြီးဟွမ်းထံမှ ထောက်ပံမှုအချို့ရရန် ထိုကောင်လေးကိုစောင့်ကြည့်ပေးထားသည့် မေးလ်တစ်စောင်ကို လက်ခံရရှိခဲ့သည်။ မေးလ်ထဲတွင် အသေးစိတ်အချက်အလက်များအားလုံးပါဝင်နေပြီး ဤကောင်ငယ်လေး၏အစ်ကိုမှ ကျောင်းရှေ့တွင် နေ့စဉ်ရက်ဆက်စောင့်ဆိုင်းနေကာ ဖောက်ဝင်ရန်ပင်ကြိုးစားခဲ့သဖြင့် ကျောင်းလုံခြုံရေးများမှ တားဆီးခဲ့ရခြင်းနှင့် တစ်ချိန်တည်းမှာပင် အစ်မဖြစ်သူမော့လျှိုကွေ့မှ အတန်းပြီးချိန်တွင် သူ့ကိုနေ့တိုင်းလာရှာနေသဖြင့် တစ်နေရာမှ တစ်နေရာသို့ ပုန်းရှောင်နေသည့်အချက်များပါဝင်လေသည်။
သို့သော်လည်း ယခုဤကောင်လေးထံမှ အဆိုးကိုဖုံးကွယ်ပြီး အကောင်းကိုသာ ပြောပြသည့်အပြုအမူမှာ သူလေး၏စဉ်းစားတတ်ပြီး သူ့အပေါ်အနှောင့်အယှက်မဖြစ်စေချင်ခြင်းကြောင့်ပေလော သို့မဟုတ် သူနှင့်မရင်းနှီးချင်ခြင်းကြောင့်ပေလော…
" အမှန်ပဲ.. ကျွန်တော်ကောင်းကောင်းလုပ်နေပါတယ်..အကဲဖြတ်စာမေးပွဲရလဒ်တွေထွက်လာတာနဲ့ ကိုကိုပထမဦးဆုံးသိစေရမယ်…" မော့တိ စကားအကြောင်းအရာကို တမင်တကာပင် လွှဲပစ်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် " ကျွန်တော် ကျောင်းသားတွေကြားထဲမှာ ဘယ်လောက်အမှတ်မြင့်မြင့်ရမယ်လို့ အစ်ကိုထင်မိလဲ…"
" မင်းရဲ့အရင်စာမေးပွဲရလဒ်ကကော ဘယ်လိုနေခဲ့လဲ…"
မော့တိ ပထမအကြောင်းအရာကို မပြောချင်သည်ကို မုထျန်းဟန်ရိပ်မိလိုက်သဖြင့် မော့တိ၏ဦးဆောင်ရာနောက်သို့သာ လိုက်၍မေးလိုက်သည်။ သို့သော်လည်း အတွင်းစိတ်၏အနက်ပိုင်းတွင်မူ သူ့အား တစ်စုံတစ်ရာကို ဖုံးကွယ်ထားသည့်ကောင်ငယ်လေးထံသို့ အလည်လာရန် ဆုံးဖြတ်ချလိုက်လေသည်။
" အရင်တစ်ခါတုန်းက ကျွန်တော်ရတာ.."
သူ၏ယခင်ဘဝမှ နောက်ဆုံးစာမေးပွဲရလဒ်အကြောင်းကို မော့တိမည်ကဲ့သို့ မှတ်မိနိုင်တော့မည်နည်း။ သို့သော်လည်း သူခန့်မှန်းနိုင်နေသေးသည်။ သူအတန်းထဲတွင် ပထမရကာ မော့လျှိုကွေ့ကိုဝမ်းနည်းအောင်လုပ်မိ၍ အစ်ကိုများထံမှ အရိုက်နှက်ခံခဲ့ရသည့်အချိန်မှစ၍ သူ၏အဆင့်များကို ပုံမှန်အခြေအနေမှ အနည်းငယ်မြင့်သည့်နေရာတွင်သာ ထိန်းသိမ်းထားခဲ့သည်။ သူ ထိုစာတော်ပြီး ဉာဏ်ပညာမြင့်မားသော မော့လျှိုကွေ့နှင့် ဝေးဝေးနေရန်လိုပေသည်။
" ကျွန်တော်အရင်တစ်ခေါက်က ကောင်းကောင်းမလုပ်ခဲ့မိတော့ သာမာန်ထက်နည်းနည်းပဲသာမယ်…" မော့တိ ရှက်ရွံနေသည့်အသံဖြင့် ဖြေလိုက်သည်။
" ကိစ္စမရှိပါဘူး.. ငါတို့ တစ်ခါတလေအနိုင်ရတတ်ပြီး တစ်ခါတလေ ရှုံးနိမ့်တတ်ကြတာပဲဟာ…ရလဒ်တွေတက်လိုက်ဆင်းလိုက်ဖြစ်တာက ပုံမှန်ပါပဲ…" မုထျန်းဟန် အလွန်ချစ်မြတ်နိုးတတ်သော အကြီးတစ်ယောက်သဖွယ်ပြုမူလိုက်ပြီး သူ၏အသံနိမ့်နိမ့်မှာ စိတ်ရှည်ကာ နူးညံ့နေသည် " စိတ်ပူဖို့မလိုပါဘူး..စိတ်မညစ်နဲ့.. အရင်တစ်ခါက မင်းကောင်းကောင်းမလုပ်နိုင်ခဲ့တာတောင် သာမာန်အဆင့်ရဲ့အထက်မှာရှိတာ အခုအကောင်းဆုံးလုပ်ခဲ့တာဆိုတော့ သေချာပေါက် အမှတ်ကောင်းမှာပဲ…"
" အင်းး "
" မင်းဆုအနေနဲ့လိုချင်တာတစ်ခုခုမရှိဘူးလား … မင်းသာအမှတ်ကောင်းခဲ့ရင် ဒီအစ်ကိုကြီးက မင်းကို အိမ်တစ်လုံးဝယ်ပေးရင်ကော ဘယ်လိုလဲ…"
"??!" မော့တိ ချက်ချင်းပြန်ဖြေလိုက်သည်
" ကိုကို ကျေးဇူးပြုပြီး မလုပ်ပါနဲ့…"
" ကိုယ်ကနောက်နေတာပါ..မင်းမလိုချင်ဘူးဆိုတာ သိနေသားပဲကို…" မုထျန်းဟန် ကလေးတစ်ယောက်ကို စနောက်နေရသကဲ့သို့ တစ်ခိခိရယ်လိုက်ပြီး " ကောင်လေး မင်းအိမ်မဟုတ်ဘဲနဲ့ တခြားလိုချင်တာမရှိဘူးလား…"
" ကိုကို ကျွန်တော်တကယ် ဘာဆုမှမလိုချင်တာပါ…"
" ဘာလို့ ဘာဆုမှမလိုချင်ရတာတုန်း… မင်းရဲ့ရမှတ်ကောင်းတွေထွက်လာမဲ့အချိန်ကျရင် ဂုဏ်ပြုရမယ်လေ…"
" ဒါပေမယ့် အဆင့်တွေမှ ထွက်မလာသေးတာ…" မော့တိ သူ၏အသံကိုနှိမ့်လိုက်သည်။
" ကိုယ်သိပါတယ်.. ဒါပေမယ့် မင်းဒီလိုခံစားနေရတယ်ဆိုထဲက အဆင့်တွေကကောင်းမှာပဲလေ… မင်းကိုယ်မင်း ယုံကြည်ချက်ထားသင့်တယ်…"
မုထျန်းဟန်ဆက်ပြောလာခဲ့သည်
" ကောင်လေး မင်းကမပြောဘူးဆိုတော့လည်း ရွေးရမှာက ကိုယ့်အပေါ်မူတည်သွားတာပေါ့…."
" ဒါပေမယ့် ကျွန်တော်တကယ်ကို အခုချိန် ဘာမှမလိုချင်တာပါ…"
" ဒါဆို ဒီလိုလုပ်ရင်ကော.. မင်းတစ်ခုခုစဉ်းစားမိတဲ့အခါကျရင်တော့ ကိုယ့်ကိုချက်ချင်းပြောရမယ်နော်…" မုထျန်းဟန် သူဟွာရှားမှ ထွက်မသွားခင်အချိန်အတွင်း ထိုကလေးကို ကူညီချင်မိသည်။ ထို့နောက် ပြုံးလျက် " ဒီဆုက မင်းရဲ့ကောလိပ်စာမေးပွဲအထိ အကြုံးဝင်လိ့မ်မယ်…"
" ကောင်းပါပြီ…" မော့တိ အနည်းငယ် တုန့်ဆိုင်းနေရင်းမှ ဖြေလိုက်သည်။
ထို့နောက် ခေါင်းစဉ်ကို ပြောင်းလဲလိုက်ကာ " ကိုကို မြို့တော်က မုန့်တွေစားကြည့်ပြီးပြီလား…"
" ဟင့်အင်း ဒါပေမယ့် ကိုယ်စမ်းကြည့်ချင်တယ်…"
မုထျန်းဟန် အချက်အလက်များကို ကြည့်နေရင်းမှ ထိုကောင်ငယ်လေး၏အတွေးမှာ မည်သို့ဖြင့် ဤမျှ မြန်မြန်ပြောင်းလဲနိုင်သည်နည်း ဟူသည်ကို စဉ်းစားနေမိသည်။
" ဒါဆိုရင် အခွင့်ကြုံတဲ့အခါ ကျွန်တော် ကိုကို့ကို ဒီကမုန့်တွေမြည်းစမ်းကြည့်ဖို့ခေါ်သွားပေးမယ်… ကျွန်တော် ဒေသထွက်စစ်စစ် ဆိုင်သေးသေးလေးတွေအများကြီးသိထားတာ.. အွန်လိုင်းပေါ်က ရှာလို့ရတဲ့ဟာမျိုးတွေမဟုတ်ဘူးနော်…"
" ကောင်းပြီလေ…" မုထျန်းဟန် သူ၏နားကြပ်ဖြင့် ရှုပ်ထွေးနေပြီးနောက် အသံကိုမြင့်လိုက်ကာ ရယ်လျက် " အခွင့်အရေးရှိနေသေးသရွေ့ ကိုယ် ဒီလမ်းပြငယ်လေးနောက်လိုက်ပြီးတော့ ဒေသထွက်စစ်စစ်တွေကို မြည်းစမ်းကြည့်ပါ့မယ်…"
မော့တိနှင့် မုထျန်းဟန်တို့ ဖုန်းမချမီအချိန်ထိ ဆယ်မိနစ်ကျော်မျှ ဆက်လက်ပြောဆိုနေခဲ့သည်။
ဖုန်းချပြီးနောက်တွင် မော့တိထံ၌ ချစ်စဖွယ်အကောင်ငယ်လေးကဲ့သို့ ရှက်ရွံကာ နာခံတတ်သည့်ပုံမျိုး စိုးစဉ်းမျှ မကျန်ရှိတော့ချေ။ သူ၏မှင်ကဲ့သို့ မျက်လုံးတစ်စုံမှ တည်ငြိမ်နေပြီး အထက်တန်းကျောင်းသားတစ်ဦးတွင် ရှိသင့်သည့်အမူအယာမျိုး မဟုတ်ပေ။
မော့တိ မျက်လုံးကိုပိတ်ကာ အနောက်သို့မှီချလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်သည်။
သူ မုထျန်းဟန်ကို သူ၏အစီအစဉ်အတွင်းသို့ ဆွဲသွင်းခဲ့သည်မှာ အမှားအယွင်းတစ်ခုမဟုတ်နိုင်ဟုသာ မျှော်လင့်နေမိသည်။
တိုက်ခန်းသို့ မရောက်မီအထိ တက္ကစီဒရိုင်ဘာမှာ ပိတ်ကြပ်နေသောယာဉ်ကြောအတွင်း မိနစ်လေးဆယ်မျှ မောင်းလိုက်ရလေသည်။ ထို့နောက် မော့တိ ပိုက်ဆံရှင်းကာ အိမ်သို့ ပြန်လာခဲ့သည်။
Xxxxxxxx