အပိုင်း ၂၁
Viewers 28k

Chapter 21


တိုက်ခန်းသို့ မရောက်မီအထိ တက္ကစီဒရိုင်ဘာမှာ ပိတ်ကြပ်နေသောယာဉ်ကြောအတွင်း မိနစ်လေးဆယ်မျှ မောင်းလိုက်ရလေသည်။ ထို့နောက် မော့တိ ပိုက်ဆံရှင်းကာ အိမ်သို့ ပြန်လာခဲ့သည်။


မော့တိ ဖက်ထုပ်အနည်းငယ်မျှ ပြုလုပ်လိုက်ကာ ကြက်သွန်ဖြူနှင့် ရှာလကာရည်ကို တစ်ဝက်စီမျှထည့်လိုက်ပြီးနောက် သူ၏ရိုးရှင်းသောအစားအစာကို အပြီးသတ်လိုက်သည်။


ညစာစားပြီးချိန်တွင် သူ၏ပြန်လည်သုံးသပ်ထားသော လမ်းညွှန်ချက်အရ ၇နာရီခွဲမှ ညသန်းခေါင် ၁၂နာရီအထိ စာကြည့်လိုက်ပြီး သူ၏မျက်လုံးများ ခြောက်သွေ့လာသည့်အချိန်မှသာ ရပ်တန့်လိုက်သည်။ ထို့နောက် မျက်စဉ်းအနည်းငယ်ခပ်ကာ စားပွဲကိုရှင်းလိုက်ပြီးနောက် မော့တိ ရေမိုးချိုးလိုက်လေသည်။ သူရေချိုးခန်းမှ ထွက်လာချိန်တွင် အချိန်မှာ ၁၂နာရီခွဲနေပြီဖြစ်ပြီး ဆံပင်ခြောက်အောင်သုတ်ပြီးနောက် လိုက်ကာကိုဆွဲကာ အိပ်ရာဝင်လိုက်တော့သည်။


သူအိပ်ရာတွင်းသို့ ဝင်လိုက်ပြီးနောက် လက်ကိုဆန့်တန်းလိုက်ချိန်၌ သူ့ကို နေရာတွင်ပင် တောင့်ခဲသွားနိုင်သော တစ်စုံတစ်ရာကို မြင်လိုက်ရပြီး အအေးဓာတ်မှာ သူ၏ဦးရေပြားမှခြေဖျားအထိ စိမ့်ဝင်လာလေသည်။


ဘမျးးး


စက္ကန့်အနည်းငယ်အတွင်း မော့တိ လိုက်ကာကို ပိတ်ချလိုက်သည်။ သူ၏လက်မောင်းမှာ စားပွဲ၏ထောင့်စွန်းနှင့်ခိုက်မိသွားကာ ချွန်မြနေသောသစ်သားစပေါ်တွင် ရှည်လျားသည့်သွေးကွက်တစ်ခုပေါ်လာလေသည်။


သူ၏ပြင်းထန်သောရှော့ရနေခြင်းနှင့် နှလုံးသားအနက်တွင်းမှ တိုးထွက်လာသော အလွန်အမင်းထိတ်လန့်မှုတို့ကြောင့် သူ၏အာရုံကြောများကို ထုံကျဉ်သွားစေပြီး သူလုံးလုံးပင် နာကျင်မှုကို မခံစားနိုင်တော့ချေ။


သူ၏ခေါင်းထဲတွင် ပြတင်းပေါက်အပြင်ဘက်တွင် မြင်လိုက်ရသည့်လူဖြင့်သာပြည့်နှက်နေသည်။ လမ်းမီးတိုင်၏အလင်းရောင်အောက်မှာပင် ထိုလူ၏မျက်နှာသွင်ပြင်လက္ခဏာမှာ ထင်ရှားစွာ ပေါ်ထင်နေသည်။ ငယ်ရွယ်ချောမောပြီး ကောင်းမွန်စွာ ထုဆစ်ထားသောမျက်နှာရှိသော်လည်း ထင်ရှားသော မျက်ခုံးနှင့် မျက်လုံးများက ထိုလူကို ရုန့်ရင်းကြမ်းကြုတ်သည့်ပုံပေါ်နေစေသည်။ ထို့အပြင် ဘယ်ဘက်နားရွက်ပေါ်ရှိ ထင်ရှားသောနားပေါက်များဖြင့်အနှီလူမှာ မမှားယွင်းနိုင်ပေ။ ထိုသူမှာ မော့လျှိုကွေ့ကို ပထမဆုံးအကြည့်တစ်ချက်မှာပင် ချစ်ကျွမ်းဝင်သွားခဲ့ပြီး သူမကို သူ၏ဘဝတစ်ခုလုံးဟု မှတ်ယူထားသည့် ချင်ချန်းယီဖြစ်လေသည်။


မော့တိ၏ ခြေလက်များ အေးခဲလာသော်လည်း သူ၏ရည်ရွယ်ချက်မှာမူ မပျောက်ပျက်သေးပေ။ သူ့ကိုယ်သူ ပြန်လည်စုစည်းရန်အချိန်အနည်းငယ်ယူလိုက်ပြီးနောက် မော့တိ သက်ပြင်းတစ်ချက်ချလိုက်သည်။


သူ၏လိပ်စာမှာ ဖော်ထုတ်ခံလိုက်ရသော်လည်း ယခုအချိန်အတွင်း သူ့ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သွားမည်ဟု မဆိုလိုချေ။ မည်သို့ပင်ဆိုစေကာမူ ချင်ချန်းယီ ဤနေရာတွင်ပေါ်လာရခြင်းမှာ သူ့ကြောင့်ပင် ဖြစ်ကြောင်း သံသယဝင်ရန်ပင်မလိုပေ။


အဆုံး၌ ချင်ချန်းယီသည် မြို့တော်၏ အကောင်းဆုံးသော ဇိမ်ခံနေရာများတွင်သာ နေသူဖြစ်လေသည်။ ချင်ချန်းယီသည် ချို့တဲ့သောနေရာများမှ လူလတ်တန်းစားများနှင့် ‌ဆက်ဆံရမည်ကို အမုန်းဆုံးဖြစ်သည်။ မည်သည့်အကြောင်းပြချက်တစ်ခုမှ မရှိပါဘဲနှင့် သူ၏မျက်လုံးထဲတွင် နိမ့်ကျပြီး ဆင်းရဲသည်ဟုမှတ်ယူ‌ထားသော ဆင်ခြေဖုံးအရပ်သို့ ခြေချမည်မဟုတ်ချေ။


၎င်းမှာ မော့လျှိုကွေ့အတွက် ဆိုလျှင်တော့ ချွင်းချက်ဖြစ်သွားလေပြီ…


သို့သော်လည်း ယခင်ဘဝတွင် မော့လျှိုကွေ့နှင့် ချင်ချန်းယီတို့ ချစ်ကျွမ်းဝင်သွားကြသည်မှာ ကောလိပ်ဝင်ခွင့်အပြီးမှသာ ဖြစ်ခဲ့သည်ကို သူရှင်းရှင်းလင်းလင်းမှတ်မိနေသေး‌သည်။ သူ၏လိပ်ပြာတောင်ပံခတ်သံမှာ ထပ်မံ၍ အချိန်များကို လျော့ချလိုက်ပြန်ပြီလော။


မော့တိ မသိစိတ်မှ ဖုန်းကိုဖွင့်ကာ သူငယ်ချင်းအသိုင်းအဝိုင်းကိုကြည့်လိုက်ပြီး အောက်သို့ ဆွဲချလိုက်သည်။


မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ယခင်ဘဝမှပုံနှင့်အလွန်တူသော ပုံတစ်ခုရှိနေခဲ့သည်။


မော့လျှိုကွေ့ : ဒီနေ့ငါ့မောင်လေးနဲ့ အထင်လွဲမှားမှုကို မရှင်းလင်းနိုင်ခဲ့ဘူး။ ငါအရမ်းဝမ်းနည်းနေတယ်။ ဒါပေမယ့် သူငယ်ချင်းအသစ်တစ်ယောက်ရသွားတာတော့ အံ့ဩစရာပဲ။ ဒါလေးကပဲ ဒီနေ့အတွက် သေးငယ်တဲ့ကံကောင်းမှုလေး ဖြစ်နေမယ်ထင်တယ်။


ပုံမှာ အတိအကျပင် သူမနှင့် ချင်ချန်းယီတို့အတူရှိနေသည့်ပုံပင်ဖြစ်သည်။


၎င်းမှာ အရာအားလုံးကို ရှင်းပြနေခဲ့သည်။


မော့တိ နံရံဆီသို့ မှီချလိုက်ပြီး သူ၏လက်ချောင်းထိပ်များမှာ လက်ဖဝါးအတွင်း နစ်ဝင်နေခဲ့သည်။ သူ၏နှလုံးသားတွင်းမှ ထိန်းချုပ်မရသည့် မှောင်မိုက်နေသောခံစားချက်မှာ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောနှင့်ဆဲလ်တိုင်းကို စီးဝင်နေလေသည်။


သူ၏ယခင်ဘဝတွင် ချင်ချန်းယီနှင့် ပတ်သက်ခဲ့ရဖူးသော အကြိမ်အနည်းအတွေ့အကြုံများနှင့် သူရခဲ့သည့် စာအုပ်ထဲရှိဖော်ပြချက်အရဆိုပါက ချင်ချန်းယီမှာ အသက်နှစ့်ဆယ်လေးနှစ်အရွယ် အေးစက်ပြီး အကြမ်းဖက်လာနိုင်သော အထီးကျန်သည့်စိတ်ရှိသူဖြစ်သည်။ သူသည် ပထမဦးဆုံးအကြိမ်တွေ့ဆုံစဉ်ကပင် မော့လျှိုကွေ့အပေါ် မေတ္တာသက်ဝင်သွားကာ သူမကို သူ၏ဘဝအဖြစ်ဆက်ဆံခဲ့သည်။ မော့လျှိုကွေ့အပေါ် အလွန်ချစ်မြတ်နိုးကာ အလိုလိုက်ခဲ့ပြီး သူမ၏ပြသနာတိုင်းကို ဖြေရှင်းပေးခဲ့လေသည်။ အထူးသဖြင့် သူမကြိုက်နှစ်သက်သော သို့မဟုတ် မော့လျှိုကွေ့၏ခံစားချက်ကို ထိလာစေမည့်လူများအပေါ် အထိန်းအကွပ်မဲ့စွာ အကြမ်းဖက်တတ်သူဖြစ်သည်။


ထိုမျှသာမက ချင်ချန်းယီသည် ဟွာရှား၏အချမ်းသာဆုံးသောမိသားစုမှ သားတစ်ဦးဖြစ်ပြီး သန်မာသောအမှောင်ဘက်ကွန်ယက်မှ ထောက်ပံ့ခြင်းကိုလည်း ခံရသူဖြစ်ကာ သူ့ကြောင့် ပျက်စီးခဲ့ရသောလူအရေအတွက်မှာ မနည်းလှချေ။ သို့ဖြစ်ရာ မော့လျှိုကွေ့အပေါ် အမြဲလိုအန္တရာယ်ပေးနေသည်ဟု နာမည်တပ်ခံရသော မော့တိကဲ့သို့သောလူမှာ အဘယ့်ကြောင့်များ လွတ်မြောက်နိုင်ပါမည်နည်း။


သူ၏ယခင်ဘဝ သို့မဟုတ် မူလဇာတ်ကြောင်းတွင် ချင်ချန်းယီမှာ သူ၏မိသားစုအမွေအ‌နှစ်လေးကို ထိမိခဲ့သော မော့တိကို ခြေလက်များဖြတ်တောက်ကာ မျက်လုံးနှင့်လျှာကို တူးထုတ်၍ လူသားစည်ပိုင်းအဖြစ်ပြောင်းကာ သူ၏မြေအောက်ကာစီနိုအဝင်ဝတွင် ဧည့်ကြိုပစ္စည်းအဖြစ်ပြောင်းချင်ခဲ့သည်။


သို့သော်လည်း မော့လျှိုကွေ့မှာ အလွန်ကြင်နာသည့်အတွက် မော့တိကို အလွန်ပြင်းထန်စွာ အပြစ်မပေးချင်သည့်အတွက် ချင်ချန်းယီမှာ သူ့ဘဝ၏အချစ်လေးစကားကိုနာခံကာ တိုက်ရိုက်ဝင်ရောက် မစွက်ဖက်ခဲ့ခြင်းဖြစ်သည်။ မော့တိ စိတ်ကျန်းမာရေးဆေးရုံသို့ အားသုံးကာ ပို့ဆောင်ခံရပြီးချိန်မှသာ သူအမှန်ကိုဖုံးကာ မော့ဝုဟန်နှင့်အခြားသူများထံမှ မော့တိ၏ကုသမှုအပေါ် အပြည့်အဝလွှဲပြောင်းပေးနိုင်မည့် အဆက်အသွယ်များကို ရှာဖွေခဲ့သည်။ ဒီလိုနှင့် အမျိုးစုံသော အနိုင်ကျင့်မှု ၊ အလွဲသုံးစားမှု ၊ ဆေးထိုးသွင်းမှု ၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု စသည်ဖြင့်အရာအားလုံးမှာ သူ့အပေါ်တွင်သာ မူတည်သွားလေသည်။


သို့ဖြစ်ရာ သူ၏နားလည်မှုအရဆိုလျှင် ချင်ချန်းယီ ဤနေရာသို့ရောက်နေရခြင်းမှာ မော့လျှိုကွေ့၏ စိတ်ညစ်နေမှုအကြောင်းကို ကြားခဲ့ပြီး သူမ၏ပြသနာများကို ဖြေရှင်းပေးရန်အတွက် ဖြစ်ကြောင်းကို သူ့အတွက် 99ရာခိုင်နှုန်း လုံးဝသေချာနေပြီပင်။


ချင်ချန်းယီ၏နောက်ကွယ်မှ အာဏာနှင့်အဆက်အသွယ်များအရဆိုပါက သူနေသည့်နေရာကို စုံစမ်းရန်မှာ နာရီအနည်းငယ်သာယူရမည်ဖြစ်သည်။


မော့တိ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ တုန်ယင်နေသည့် ကျက်သီးများမှာ ထိန်းချုပ်မရနိုင်ဖြစ်နေခဲ့သည်။ သူ၏အရိုးများထဲတွင်ပင် ထွင်းထုထားသော ဒေါသ၊မုန်းတီးမှုနှင့် ကြောက်ရွံ့မှုတို့မှာ တစ်ကိုယ်လုံးတွင် စုန်ဆန်ပြေးလွှားနေကြကာ မော့တိကို ဒုက္ခရောက်စေနေသည်။


မော့တိ ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားကာ သုံးစက္ကန့်အကြာတွင် သူ၏မျက်လုံးများကိုမှိတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ထပ်မံချလိုက်ပြန်သည်။


အဆင်ပြေပါတယ်.. စိတ်လျော့ စိတ်လျော့...


ချင်ချန်းယီ အခုဘယ်လောက်ပဲ အာဏာရှိရှိ သူက အသက်မပြည့်သေးတဲ့သူပဲဖြစ်နေသေးတယ်.. ။ ပိုပြီးအရေးကြီးတာက အခုချက်ချင်း သူ၏အိမ်ထဲသို့ ဝင်မလာနိုင်သေးဘူး…။ ခုနတုန်းက ချင်ချန်းယီရဲ့အကြည့်အရဆိုရင် သူ့ကိုဖမ်းပြီး မော့လျိုကွေ့ဆီပို့ပေးရမလား ဒါမှမဟုတ် မော့လျိုကွေ့ကိုပဲ ဒီကိုခေါ်လာရမလားဆိုတာကို ဝေခွဲမရဖြစ်နေသေးပုံပဲ…။


မော့တိ တည်တည်ငြိမ်ငြိမ်ဖြင့် ဖုန်းကိုဖွင့်ကာ မော့လျှိုကွေ့၏ သီးသန့်ချက်‌ဆီသို့စာပို့လိုက်သည်။


" မမ မနက်ဖြန်မနက်ကျောင်းဆင်းရင် ကျွန်တော်အတန်းထဲမှာစောင့်နေမယ်… စကားပြောရအောင်…"


မော့တိ စာပို့ပြီးသည်နှင့် ဖုန်းကိုပိတ်ချလိုက်သည်။ ထို့နောက် ပြတင်းပေါက်ဘေးဘက်ဘောင်သို့ အသာအယာထိကာ လိုက်ကာကိုမလိုက်လေသည်။


ချင်ချန်းယီမှာ အောက်ထပ်တွင်မရှိတော့ပေ။


အဝါရောင်လမ်းမီးတိုင်မှ မှုန်ဝါးဝါးအလင်းရောင်က မော့တိ၏မျက်နှာပေါ်သို့ ကျရောက်လာကာ သူ့ကို မျက်စိကျိန်းသွားစေသဖြင့် မော့တိ လိုက်ကာကိုပြန်ပိတ်လိုက်သည်။


ချင်ချန်းယီမှာ ယာယီမျှ ပြန်လည်ထွက်ခွာသွားသော်လည်း မည်သည့်အချက်ဖြင့်မဆို သူပေါ့ပေါ့ပါးပါးမှတ်ယူမထားသင့်ပေ။


ချင်ချန်းယီသည် မနက်စောစောအချိန်၌ မော့လျှိုကွေ့ကို သူ၏တည်နေရာနှင့်ပတ်သက်၍ သေချာပေါက်ပြောပြလိမ့်မည်ပင်။ သို့သော်လည်း သူယခုပို့လိုက်သည့်စာကြောင့် သူမသူ့ကို ဤနေရာသို့ လာမရှာတော့ဘဲ ကျောင်းတွင်သာ စောင့်‌ဆိုင်းနေပေမည်။


သို့ဖြစ်ရာ ထိုအရာမဖြစ်ပျက်ခင်မှာပင် သူထွက်သွားရန်လိုအပ်သည်။


မော့တိ သူ၏ကွန်ပြူတာကိုဖွင့်ကာ အလင်းအနည်းငယ်ငှားရမ်းလိုက်ပြီး သူ၏ပစ္စည်းများကိုထုတ်ပိုးကာ သူ၏ခြေရင်းတွင်ချထားလိုက်သည်။ ထို့နောက် အဝတ်များကိုလဲလှယ်ကာ ‌အနားယူရန်အတွက် ခုတင်ပေါ်တွင် လဲလျောင်းလိုက်လေသည်။


.........


နှိုးစက်သံမှ နံနက်၃နာရီခွဲအချိန်တွင် မြည်လာချိန် မော့တိ ချက်ချင်းဆိုသလို မျက်လုံးကိုဖွင့်ကာ အရေးအကြီးဆုံး အိတ်နှစ်လုံးကို ကောက်ယူလိုက်ပြီး တိုက်ခန်းမှ ထွက်ခွာလာခဲ့သည်။


မုထျန်းဟန် သူ၏နံနက်ခင်းလေ့ကျင့်ရေးပြီးချိန်တွင် ရေမိုးချိုးလိုက်ပြီး သူ၏ရေငွေ့များရှိနေသေးသော ခန္ဒာကိုယ်ဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူ၏ဆံပင်ကိုမူ လက်တစ်ဖက်မှ ပုဝါတစ်ထည်ဖြင့် သုတ်နေလေသည်။


လိုင်သယ်စစ်မှာမူ ခွေးတစ်ကောင်ကဲ့သို့ အိပ်ငိုက်နေသော်လည်း အရေးပေါ်အိမ်သာအသုံးပြုရန်အတွက် နိုးထလာရသည်။ လမ်းတစ်လျောက် သမ်းဝေကာ သူ၏ခါးပတ်ကိုဖြုတ်လျက် မုထျန်းဟန်ကို သာမန်ကာလျှံကာ လှမ်းမေးလိုက်သည် " မု ဒီနေ့လည်း ၅ခွဲနိုးတာလား…"


" 5:31 "


" မင်းကတော့ ပုံမှန်ကိုမဟုတ်တာ…" လိုင်သယ်စစ် ယခုမှ လွတ်မြောက်လာသကဲ့သို့ သက်ပြင်းရှည်တစ်ချက်ချလိုက်ကာ သူ၏နာရီကို ရီဝေဝေဖြင့် ကြည့်လိုက်ပြီး " အခုပဲ ၆ပဲရှိသေးတာ.. ငါခဏသွားပြန်အိပ်လိုက်ဦးမယ်..ငါ့ကိုမခေါ်နော် မနေ့ကလည်း တစ်နေကုန်အလုပ်လုပ်နေခဲ့ရပြီးတော့ ဒီမနက်မှပြန်လာနိုင်တာကို မင်းရပေမဲ့ ငါကတော့ ပင်ပန်းပြီး အိပ်ချင်နေသေးတယ်…"


" ငါ့ကိုမနှောင့်နှေးစေသရွေ့ မင်းသဘောအတိုင်းပဲ…"


မုထျန်းဟန် သူ၏ရေချိုးဝတ်စုံကို တင်းကြပ်လိုက်ကာ ထင်ရှားနေသည့် ဝမ်းဗိုက်ကြွက်သားများကို တစ်စိတ်တစ်ပိုင်းမျှ ကာဆီးလိုက်သည် " မင်းကိုပြောဖို့မေ့နေတာ ငါဒီနေ့ ဟိုကလေးကိုသွားတွေ့မှာမလို့ အိမ်မှာ မနက်စာမစားတော့ဘူး…၈နာရီကျမှ ဟိုင်ရှင်းအဖွဲ့မှာ တွေ့ကြတာပေါ့…"


" တကယ်ကြီးလား…" လိုင်သယ်စစ် သူ၏လက်ကိုဆေးကြောနေသည့် လက်သန့်စင်ဆေးဘူးပင် လွတ်ကျတော့မလို ဖြစ်သွားရသည် " ငါတို့ဒီနေ့အရမ်းအလုပ်ရှုပ်မဲ့ဟာကို အဲ့ကလေးကို သွားတွေ့ဖို့ အချိန်ဖယ်နိုင်သေးတယ်ပေါ့.. ပြီးတော့ သူ့ကိုမကြိုက်ပါဘူးလို့ ပြောရဲသေးတယ်…"


" တော်ပြီ.. ငါကဒီတိုင်းစိုးရိမ်နေတဲ့အုပ်ထိန်းသူတစ်ယောက်အနေနဲ့ သူ့ကို သွားစစ်ကြည့်ရုံလေးပဲ…" မုထျန်းဟန် အဝတ်လဲခန်းသို့ လျောက်သွားကာ အဝတ်အစားလဲလှယ်နေရင်းမှ ပြောလိုက်သည် " ပြီးတော့ ငါတို့က ဒီရက်ပိုင်းအလုပ်တွေရှုပ်မှာဆိုတော့ သူ့ကို ဒီမနက်ပဲသွားတွေ့နိုင်တယ်…"


လိုင်သယ်စစ် လှောင်ပြောင်လိုက်သည် " ငါမနက်အစောကြီးမထနိုင်မှန်းသိလို့ ရည်ရွယ်ချက်ရှိရှိ ငါ့ကိုချန်ထားခဲ့ပြီး အဲ့ဒီနူးညံ့နေတဲ့ကောင်ငယ်လေးကို သွားတွေ့မှာပေါ့…"


" အဲ့ဒါဆိုရင် ငါအခု ကုမ္ပဏီသွားမယ်ဆိုရင်ကော မင်းလိုက်မှာလား…"


မုထျန်းဟန် အဝတ်စားလဲပြီးသည်နှင့် အပြင်သို့ ထွက်လာခဲ့သည်။ အသားရောင်ဘောင်းဘီရှည်နှင့်ဆင်တူ အသားရောင်ရှပ်အင်္ကျီအပွကိုဝတ်ဆင်ထားပြီး ကျယ်ပြန့်သောရင်အုပ်ကျယ်ကြီးနှင့် ရှည်သွယ်သည့် ခြေထောက်များကို အသားပေးထားကာ နူးညံ့သိမ်မွေ့မှုအနည်းငယ်ဖြင့် သဘာဝကျကျ တည်ငြိမ်မှုကို ပေးစွမ်းနေသည်။ လိုင်သယ်စစ်မှာမူ မျက်လုံးများကျွတ်ထွက်လုမတတ်ပင်ဖြစ်သွားခဲ့ရကာ " မင်းကသားရဲကောင်ပဲ… ဘာလို့ အနောက်တိုင်းဝတ်စုံနဲ့ ဘောင်းဘီကိုမဝတ်သွားဘဲ ဒီလိုမျိုးလဲ…ငါထင်တာတော့ မင်းက ကလေးကို ဖျားယောင်းသွေးဆောင်ချင်နေတာ နေမယ်…"


" ငါထင်တာတော့ မင်းအရိုက်ခံရတော့မယ်…" မုထျန်းဟန် ရပ်ကာ ပြုံးပြလိုက်ပြီး သူ၏လက်ဖဝါးကို ဆုပ်နယ်နေခဲ့သည်။ လိုင်သယ်စစ် ရုတ်တရက်တုံ့ပြန်မှုကြောင့် ထခုန်မိသွားခဲ့ပြီး သူ၏တံတောင်ဆစ်မှာ ဘေစင်နှင့်တိုက်မိသွားရာ " အား " ဟုအော်လိုက်ပြီး ထိုင်ချလိုက်ကာ ငိုကြွေးလုမတတ်ဖြစ်သွားလေသညခ။


မုထျန်းဟန် သူ၏မိမိုက်နေသည့်ကိုယ်ဟန်ကို ဆက်ထိန်းထားကာ စင်ဝင်အောက်သို့ ဖိနပ်လဲရန်သွားလိုက်ပြီး " ကြည့်ရတာ မိုးကောင်းကင်က မင်းကို မဟုတ်တာတွေမပြောဖို့ သတိပေးနေပုံပဲ…"


" ချီးပဲ…" လိုင်သယ်စစ် နာကျင်မှုကြောင့် အံကိုကြိတ်လျက် " မင်းကဒီလောက်ကောင်းကောင်းဝတ်သွားပြီးတော့ အဲ့ကောင်လေးကို သွားမမြူဆွယ်ပါဘူးလို့ ပြောနေတာလား…"


" ဒါလား…" မုထျန်းဟန် တံခါးကိုလက်တစ်ဖက်ဖြင့် ကိုင်ကာ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး လိုင်သယ်စစ်ကို ပြုံးပြလိုက်သည် " ဒါကပုံမှန်ဝတ်စားပုံပါပဲလေ…ငါ့ရဲ့မူလကိုယ်ထည်က ကောင်းလွန်းနေလို့ ဘာဝတ်ဝတ်ကြည့်ကောင်းနေတာပေါ့.. မင်းရဲ့ချီးကျူးမှုအတွက် ကျေးဇူးပါ…"


လိုင်သယ်စစ်ထံမှ စကားပြန်သံကိုပင်မစောင့်ဘဲ မုထျန်းဟန် လက်ဆွဲအိတ်ကိုကိုင်ကာ တံခါးမှ ထွက်သွားလေသည်။


" ချီး…" လိုင်သယ်စစ် သူ၏မျက်လုံးကိုသာ လှန်လိုက်မိတော့သည်။


သူတကယ်ကိုမနာလိုမဖြစ်ပါဘူးနော်…


Xxxxxxxxx