Chapter 22
မနက်ခင်း ခြောက်နာရီအချိန်တွင် ကားပိတ်မှုမှာ အလွန်မဆိုးဝါးသေးသဖြင့် မုထျန်းဟန် မော့တိ၏အိမ်နားသို့ ခြောက်နာရီခွဲအချိန်တွင် ရောက်ရှိလာခဲ့သည်။
ယခုအချိန်တွင် မော့တိမှာ အိပ်ရာနိုးနေပြီဖြစ်နိုင်သော်လည်း မနက်စာ စားရဦးမည် မဟုတ်ပေ။ မုထျန်းဟန် အပြင်သို့ထွက်ကာ အနီးနားရှိမနက်စာဆိုင်မှ ပဲနို့နှစ်ခွက်နှင့် ရှောင်လုံပေါင်းနှစ်ပွဲဝယ်လိုက်လေသည်။
ဆိုင်ပိုင်ရှင်အန်တီကြီးအနေဖြင့် ထိုမျှကြည့်ကောင်းကာ ရည်မွန်သောလူငယ်လေးကို ပထမဦးဆုံးတွေ့ဖူးခြင်းဖြစ်သည်။ ထိုကောင်လေးမှာ တီဗွီမှ နာမည်ကျော်ထက်များပင် ကြည့်ကောင်းသည်ဟု သူမခံစားမိသည့်အတွက် ပျော်ရွှင်မြူးထူးသွားကာ သူ့အား ဂျူဂျူဘယ် ဖက်ထုပ်နှစ်ခုပင် အပိုပေးလိုက်လေသည်။ သဝန်တိုနေသည့်ဆိုင်ရှင်ကြီးမှာမူ ဘေးမှထိုင်ကာ မုထျန်းဟန်ကိုသာ တစ်ချိန်လုံးစိုက်ကြည့်နေခဲ့သည်။
မုထျန်းဟန် သူမကိုကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် မနက်စာမုန့်ကိုသယ်ဆောင်ကာ သူ၏သူငယ်ချင်းငယ်လေးကိုရှာရန် ထွက်လာလိုက်သည်။
သူ ထိုကောင်ငယ်လေးအတွက် ငှားရမ်းပေးခဲ့သည့်တိုက်ခန်းဆီသို့ရောက်ချိန်တွင် အကြိမ်အနည်းငယ်မျှ ခေါက်လိုက်သော်လည်း ပြန်လည်ဖြေကြားလာခြင်းမရှိပေ။
တစ်ခုခုမူမမှန်တော့ဘူးဆိုသည်ကို မုထျန်းဟန် ခံစားမိလိုက်သည်။ တံခါးကို နှစ်ချက်သုံးချက်ထပ်ခေါက်ပြီးသည်အထိ အိမ်ထဲမှ ပြန်ထူးသံမကြားရသောအခါ ဖုန်းထုတ်ပြီး မော့တိထံကို ဖုန်းဆက်လိုက်မိသည်။
မော့တိတစ်ယောက်မှာတော့ KFC ဆိုင်မှာ နှစ်နာရီကြာအောင် အိပ်ပျော်နေခဲ့သည်။ ဖုန်သံကြား၍နိုးလာသောအခါ သူ၏စိတ်မှာ နောက်ကျိကျိဖြစ်နေသေးသည်။ ယခုကဲ့သို့သောအချိန်တွင် ဖုန်းခေါ်သူက မုထျန်းဟန်ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ မည်ကဲ့သို့တုံ့ပြန်မှုမျိုး ပေးရမှန်းပင် မသိတော့ပေ။
သို့သော်လည်း သူ၏မသိစိတ်ထဲတွင်တော့ တစ်ဖက်ကဖုန်းခေါ်ဆိုသူသည် သူ့အတွက်အန္တရာယ်မရှိနိုင်ကြောင်းကို သိရှိနေသည့်အတွက် ဖုန်းပြန်သည့် ခလုတ်ကိုဆွဲလိုက်သည်။ “ဟယ်လို”
“ကောင်ငယ်လေး အခုထိ မနိုးသေးဘူးလား” မုထျန်းဟန်မှာ မော့တိ၏အသံကိုကြားရပြီး အံ့ဩမှင်တက်သွားမိသည်။
“မဟုတ်ပါဘူး ကိုကို။ ကျွန်တော် နိုးနေပါပြီ။”
မော့တိတစ်ယောက် “ဟယ်လို”ဟု ဖုန်းပြန်ဖြေပြီးနောက်တွင် သူ၏ဦးနှောက်သည် အလိုလိုသတိကပ်မိလျက်သား ဖြစ်သွားခဲ့သည်။ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး မုထျန်းဟန်တစ်ယောက် အဘယ်ကြောင့်မနက်စောစောစီးစီ သူ့ဆီဖုန်းခေါ်ရသည့်အကြောင်းအရင်းကို တွေးဆနေမိသည်။
“ကိုကို ဒီနေ့ ဘာလို့အစောကြီး ဖုန်းခေါ်တာလဲ။ ကိစ္စတစ်ခုခုရှိလို့လားဟင်။”
မုထျန်းဟန်က သူသယ်လာသည့် ပဲနို့ခွက်နှင့်ဒင်းဆမ်းတို့ပါသည့် မနက်စာခြင်းတောင်းကိုကြည့်ပြီး နွေးထွေးစွာပြောလိုက်သည်။ “ကိုယ် အခု မင်းအိမ်ရှေ့တံခါးဝကို ရောက်နေတာ။ တံခါးခေါက်ပေမဲ့ ဘယ်သူမှပြန်မထူးဘူး။ ကျောင်းသွားပြီလား။”
“အယ်” မော့တိ အနည်းငယ် ဆွံ့အသွားမိသည်။ ဒီလောက်မနက်အစောကြီး မုထျန်းဟန်က သူ့ကိုလာတွေ့သည်ကိုလည်း တော်တော်လေးအံ့ဩမိသည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ခေါင်းထဲက ဗျူဟာတွေနဲ့ အစီအစဉ်တွေအကုန်လုံးကို ပြန်လည်တွေးတောစုစည်းလိုက်ပြီး ယေဘုယျအကျဆုံးသောဝါကျတစ်ကြောင်းကိုပဲ ပြန်ဖြေလိုက်သည်။ “အားနာလိုက်တာ ကိုကိုရယ်။ အခုလောလောဆယ် ကျွန်တော် အိမ်မှာမရှိဘူး။ ကိစ္စတစ်ခုခုရှိလို့လားဟင်။”
“အိမ်မှာ မရှိဘူးတဲ့လား။”
မော့တိတစ်ယောက် သူအိမ်မှာမရှိဘူးဟုပြောရာတွင် ကျောင်းသွားသည်ဟုလည်း အဓိပ္ပါယ်ကောက်၍မရနိုင်ကြောင်းကို သူ အထူးတလည် သတိပြုလိုက်မိသည်။ “ဘာကိစ္စရှိလို့လဲ။ အိမ်မှာလည်း မရှိဘူး။ ပြီးတော့ ကျောင်းလည်း မသွားဘူးဆိုတော့လေ။”
“ကျ-ကျွန်တော်...” ဖုန်းထဲကထွက်လာတဲ့အသံက အနည်းငယ်ကြောက်လန့်နေသည့်ပုံပေါ်သည်။ သူ့ကိုယ်သူစိတ်ငြိမ်အောင်ထိန်းပြီး ပြောနေရသည်ဆိုသည့်ခံစားချက်ကိုလည်း ရနေသည်။ “ကိုကို ကျွန်တော့်နေရာကို တွေ့သွားကြပြီ။ ကျွန်တော် ကြောက်တယ်။ အဲဒါကြောင့်... ညလယ်ကြီး အိမ်ကထွက်လာခဲ့တာ။”
သူ့နေရာကို တွေ့သွားကြပြီတဲ့လား။
မော့မိသားစုက မော့တိ၏လိပ်စာကို ရှာတွေ့သွားခဲ့ကြရာ ညတွင်းချင်း သူ ထွက်ပြေးလာခဲ့သည်မှာ မထူးဆန်းတော့ပေ။ အသေးစိတ်မေးမြန်းမနေတော့ဘဲ “မင်း အခုဘယ်မှာလဲ” ဟုသာ မေးလိုက်သည်။
“ကျွန်တော်က... တဟွိုက်မီးရထားဘူတာလမ်းနဲ့ကပ်လျက်က KFC ဆိုင်မှာ။”
“အဲဒီမှာစောင့်နေ။ ကိုယ် မင်းကိုလာရှာမယ်။”
မုထျန်းဟန် ဖုန်းချလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် အောက်ထပ်ကိုဆင်းလာလိုက်သည်။ အပေါ်ထပ်ကိုတက်လာသည့်လူတစ်ယောက်နှင့် ဝင်တိုက်မိသယောင်ဖြစ်သွားသော်လည်း ခန္ဓာကိုယ်ကိုတိမ်းစောင်းပြီး အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သည်။
မော့တိတစ်ယောက်မှာတော့ ဖုန်းချလိုက်ပြီးနောက်တွင် ခဏတာ အသံတိတ် ငူငူကြီးထိုင်နေမိသည်။ ထို့နောက်တွင် ပဲနို့(၂)ခွက်၊ ချိစ့်ဘာဂါ(၂)လုံးနှင့် ဂျုံမုန့်ညက်အကြွပ်ကြော်(၂)ချောင်းတို့ကို ထ၍မှာလေသည်။
မုထျန်းဟန်က သူ့ကိုလာတွေ့သည်မှာ အသိသာကြီးဖြစ်လေသည်။ သူကသာ သူ၏အကြံအစည်တွေနှင့် တွက်ချက်နေခဲ့ခြင်းဖြစ်သည်။ မနက်စာဝယ်ကျွေးတာလောက်တော့ သူ့ဘက်က အနည်းဆုံးလုပ်ပေးသင့်ပါသည်။
မမျှော်လင့်ပါဘဲ မုထျန်းဟန်ရောက်လာသည့်အချိန်တွင် သူ၏လက်ထဲတွင် ပဲနို့(၂)ခွက်နှင့် ဒင်းဆမ်း(၂)ခြင်း ပါလာလေသည်။
မော့တိတစ်ယောက် အနည်းငယ်တွေဝေသွားသည်။
မုထျန်းဟန်မှာလည်း မော့တိရှေ့မှဗန်းပေါ်တွင် မနက်စာ(၂)ဆက်ကို တွေ့ရှိလိုက်ရသည်။ သူ၏မျက်ဝန်းများသည် တစ်ခဏတာမျှ နူးညံ့သွားခဲ့သည်။ ဒီ့နောက်တွင် မော့တိနှင့်မျက်နှာချင်းဆိုင်ဘက်တွင် ဝင်ထိုင်လိုက်သည်။
“ကိုယ် ဝယ်လာတဲ့ဒင်းဆမ်း မြည်းကြည့်ဦးမလား။”
မုထျန်းဟန်က ဒင်းဆမ်းခြင်းတောင်းနှင့်အတူ ပါဆယ်ထုပ်ကို စားပွဲပေါ်သို့တင်လိုက်သည်။ ဘူးကိုဖွင့်ပြီး ပြောလာသည်။
“နွေးနွေးလေးရှိတုန်းပဲ၊ ဝက်သား၊ တရုတ်နံနံ၊ ဂဏန်းသား အစုံပဲ၊ မင်း ကြိုက်ရဲ့လားတော့ မသိဘူး”
“ကြိုက်ပါတယ်” မော့တိတစ်ယောက် ခြင်းတောင်းနှင့် ထုပ်ထားသည့်စက္ကူပေါ်က ဆီစွန်းနေသည်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများ တစ်ချက်ညှိုးကျသွားသည်။ ဖုံးကွယ်ထားသည့် နွေးထွေးမှုအရိပ်အယောင်လေး စိုးစဉ်းမျှရှိနေသည်။
သူ မနက်စာစားရဲ့လားဆိုပြီး တစ်စုံတစ်ယောက်၏ဂရုစိုက်မှုကိုရဖူးခြင်းမှာ... ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်လေသည်။
“ဒါဆို ထပ်စားဦးလေ။” မုထျန်းဟန်က လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရသော စတိုင်ကျကျ လျော့ရဲရဲအပေါ်ဝတ်အင်္ကျီကို ဝတ်စားထားသည်။ ဘာဂါကို လက်လှမ်းယူလိုက်ပြီး ပြော၏။“ကိုယ် တစ်လုံးယူစားရင် စိတ်မဆိုးဘူးမလား။”
“မဆိုးပါဘူး။” မော့တိက ခေါင်းတခါခါလည်တခါခါဖြင့် ပြန်ပြောသည်။ “အဲဒါက ခင်များအတွက် ဝယ်ထားတာပဲလေ။
“ကြည့်ရတာ တစ်ယောက်ကိုတစ်ယောက် မနက်စာဝယ်ကျွေးဖို့ မပြောလည်းဘဲ အလိုလိုနားလည်နေကြတယ်ထင်တယ်” ဟု မုထျန်းဟန်က ပြုံး၍ပြောသည်။ ထို့နောက် ပတ်ထားသောစက္ကူကိုခွာပြီး တစ်ကိုက်ကိုက်လိုက်သည်။ “အရသာရှိသားပဲ”
မော့တိကတော့ သူ၏ပါးစပ်ထဲတွင် ဒင်းဆမ်း၏အရည်ရွှမ်းသောအသားကို တမြုံ့မြုံ့ဖြင့်ဝါးနေပြီး တကယ်ပဲ အရသာရှိတယ်ဟု တွေးတောနေမိသည်။
မုထျန်းဟန်က သူ၏ဟမ်ဘာဂါကို လတ်စသတ်လိုက်ပြီး ဒင်းဆမ်းတစ်လုံးကို ဆက်စားနေလိုက်သည်။ စားနေရင်းနှင့်လည်း မော့တိဖြင့် ဟိုစစဒီစစ စကားစမြည်ပြောနေသေးသည်။ မနက်စာကုန်ခါနီးမှာအချိန်မှသာ မနေ့ညကဖြစ်ခဲ့သည့်အကြောင်းကို လေသံအေးအေးဖြင့် မေးလေသည်။
ဖြစ်ပျက်ခဲ့သည်များကို ပြန်မပြောခင် မော့တိသည် ခဏတာရပ်တန့်သွားခဲ့သည်။ သူ့ကိုရှာတွေ့သွားပြီဖြစ်တဲ့အကြောင်းကို ပြောပြသည်။ သို့သော်လည်း ချင်ချန်းယီရဲ့သရုပ်မှန်ကိုတော့ သူပြောပြသည့်ဇာတ်လမ်းထဲမှ အသေးစိတ်အချက်အလက်တချို့ကို ရောချပြီး ချန်လှပ်ထားခဲ့သည်။
ထို့နောက်တွင်တော့ နောက်နေရာအသစ်တစ်ခုကို ပြောင်းရွှေ့နေထိုင်လိုသည့် သူ၏ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။
မော့တိ တစ်ခုခုဖုံးကွယ်ထားသည်ကို မုထျန်းဟန် အတပ်ပြောနိုင်သည်။ သို့သော်လည်း စကားလမ်းမကြောင်းဘဲ သူပြောလိုက်၏။
“ဒီလူက မင်းကို ဒီလောက်မြန်မြန်ကြီး ရှာတွေ့နိုင်မှတော့ ဒုတိယအကြိမ်လည်း ထပ်ရှာတွေ့နိုင်ဦးမှာပဲ။ မင်း အိမ်ပြောင်းနေရင်တောင် ဘေးမကင်းနိုင်သေးဘူး”
“ဒါဆို ကျွန်တော် ရွေးစရာလမ်းဆုံးနေပြီပေါ့။” မော့တိက သူ့နှုတ်ခမ်းပေါ်က ပေကျံနေတဲ့ဆီကို လျှာဖြင့်သပ်ပြီးနောက် ခေါင်းငိုက်စိုက်ကျသွားသည်။
“တကယ်တော့ မင်းမှာ ရွေးချယ်စရာတစ်ခု ရှိသေးတယ်။”
မော့တိ၏ ပျော့အိအိဆံသားနက်နက်လေးကိုကြည့်ရင်း မုထျန်းဟန်က နူးညံ့စွာပြောလိုက်သည်။
“ဟင်?” မော့တိက မုထျန်းဟန်ကို စူးစမ်းမှု စိတ်အားထက်သန်မှု အနည်းငယ်တို့ဖြင့် ကြည့်လိုက်သည်။
“ကိုကို ကျွန်တော့်မှာ တခြား ဘာရွေးချယ်စရာ ရှိသေးလို့လဲဟင်။”
မုထျန်းဟန်သည် ကောင်လေး၏ ချစ်စရာကောင်းသည့်တိရိစ္ဆာန်ပေါက်လေးတစ်ကောင်ကဲ့သို့ မဝံ့မရဲအမူအရာလေးကို သဘောကျနေမိသည်။ သူ၏နှလုံးသားတွင် ဖိအားတစ်စုံတစ်ရာကို ခံစားလိုက်မိတော့သည်။
“မင်း ကိုယ့်ဆီက အကူအညီတောင်းကြည့်ဖို့အကြောင်း တွေးရောတွေးမိရဲ့လား။ ကိုယ် ကတိပေးထားခဲ့တဲ့ ဆုအကြောင်းကိုရော မင်း မေ့သွားပြီလား။”
သူက ရယ်မောရင်း ပြောလိုက်သည်။
“ဆုလား” မော့တိ မှင်တက်သွားမိသည်။ “ကိုကို အဲဒီဆုအနေနဲ့ ကိုကို့ဆီက အကူအညီတောင်းလို့ ရတယ်ဆိုတဲ့သဘောလားဟင်။”
မုထျန်းဟန်၏ တုံ့ပြန်စကားကိုမစောင့်ဘဲ “ကိုကို ကိုကို့နာမည်သုံးပြီး ကျွန်တော့်ကို အိမ်ကူငှားပေးမလို့လားဟင်” သူက တိုးတိုးလေးဆိုလိုက်၏။
“အရူးလေး” နောက်ဆုံးတွင်တော့ ရက်ပေါင်းများစွာ ပြုလုပ်ချင်နေမိသည့် မော့တိခေါင်းပေါ်က ပျော့အိအိဆံနွယ်တစ်စုကို မုထျန်းဟန် လက်လှမ်းပြီး ထိတွေ့လိုက်မိသည်။
“ဘယ်ဟုတ်လိမ့်မလဲ။ မင်းကို ကိုယ်ခေါ်ထုတ်သွားတယ်ဆိုတာ မင်းအစ်ကိုတွေက သိထားပြီးသားလေ။ မင်းကိုရှာတွေ့ဖိုဆိုရင် ကိုယ့်ကိုခြေရာခံလိုက်ရုံပဲ။ အဲဒါကြောင့် ကိုယ့်နာမည်သုံးတာက အထောက်အကူဖြစ်မှာ မဟုတ်ဘူး။”
မော့တိထံမှ စကားပြန်မရတော့ပေ။ မုထျန်းဟန်ကို ဘာမှပြန်မပြောဘဲ တွေတွေကြီးကြည့်နေလေသည်။ မုထျန်းဟန်က လက်လှမ်းပြီး သူ၏ခေါင်းကို လှမ်းပုတ်လိုက်သည်။ နှစ်ကြိမ်တိတိ လုပ်မိသွားခဲ့လေပြီ။
“အဟွတ်” တစ်ဖက်မှာတော့ မုထျန်းဟန်က ရုပ်တည်ကြီးနှင့် ဖြစ်နေလေသည်။ ကောင်လေးဘက်က အံ့ဩသွားသည့်ရုပ်လေး ဖြစ်သွားသည်ကို သူ သတိထားလိုက်မိသည်။ သို့သော် သူ၏မျက်လုံးထဲတွင်တော့ ပြောမပြတတ်အောင် လှသည်။ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အုပ်ထိန်းသူပုံစံဖမ်းလိုက်ပြီး ထိုင်ခုံပေါ်က မော့တိ၏အိတ်ကို ကောက်ယူလိုက်သည်။
“နေရာအသစ်ငှားဖို့က မဖြစ်နိုင်ဘူးဆိုတော့ ကောင်လေး မင်း ကိုယ်နဲ့လိုက်နေပါတော့လား။ အမှန်ပြောရရင် လိုင်သယ်စစ်ပြောခဲ့တာက အဓိပ္ပာယ်ရှိတယ်။ကိုယ်တို့စံအိမ်မှာ အခန်းအများကြီးပဲရှိတယ်။ မင်း အတူလာနေလို့လည်း ဘာပြဿနာမှမရှိနိုင်ဘူး။”
သူနဲ့ လိုင်သယ်စစ် ဟွာရှားမှ ထွက်သွားသောအခါတွင်လည်း ဤအိမ်ကြီးသည် ကောင်လေးကို အသက်ကြွေးကျေးဇူးဆပ်ရန်အတွက်ပဲ ဖြစ်ပေလိမ့်မည်။ ဤနည်းဖြင့်သာ သူ ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားနိုင်ပေမည်။
“ခင်များတို့နှစ်ယောက်နဲ့ အတူနေရမယ်။” မော့တိက မုထျန်းဟန်၏အတွေးကို နားမလည်သည့်သဘောမျိုးဖြင့် ကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင် ကြောင်အမ်းအမ်းအမူအရာ ပေါ်လွင်နေသည်။
“ဟုတ်တာပေါ့။ မင်း စားလို့ဝပြီလား။”
“ဟုတ်ကဲ့ ဝပါပြီ။ ဒါပေမယ့်...”
“ဒါဆိုလည်း ကိုယ်နဲ့လိုက်ခဲ့တော့။ နောက်တောင်ကျနေပြီ။” မုထျန်းဟန်က မတ်တပ်ထရပ်လိုက်ပြီး မော့တိ၏ဆံပင်တွေကို တစ်ခါထပ်ပြီး ပွတ်သပ်လိုက်ပြန်သည်။ မော့တိ၏အိတ်ကြီးကို လက်တစ်ဖက်ဖြင့်သယ်ယူလိုက်သည်။
“မင်း အခန်းရွေးလို့ရအောင် အိမ်ကိုအရင်လိုက်ပို့ပေးမယ်။” သူက နူးညံ့ညင်သာသည့်တိုင် တိကျပြတ်သားသောလေသံဖြင့်ပြောသည်။
မော့တိက သူ၏အဝတ်အိတ်ကြီးကိုသယ်သွားသော မုထျန်းဟန်ကို ခပ်ဝေးဝေးမှလှမ်းကြည့်ရင်း မျက်ဝန်းများ ညှိုးကျသွားသည်။ ခေါင်းငုံ့ပြီး လွယ်အိတ်ကြိုးကို ဆုပ်ကိုင်လိုက်သည်။
သို့သော် သုံးစက္ကန့်ကြာပြီးနောက် ခေါင်းပြန်မော့လာသောအခါတွင်တော့ မုထျန်းဟန်နှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည့် နာခံကျိုးနွံတတ်ပြီး သနားကမားအမူအရာလေးက မျက်နှာပေါ်ပြန်ရောက်လာခဲ့သည်။
မော့တိသည် မုထျန်းဟန်နောက်ကို လူလိမ္မာလေးတစ်ယောက်ကဲ့သို့ နောက်ကလိုက်သွားသည်။ သူ၏ပစ္စည်းအားလုံး ကားထဲထည့်ပြီး လူပါဝင်ထိုင်လိုက်သည်။
မော့တိတွေးထားသည်ထက် အခြေအနေတွေက ပိုပြီးကောင်းနေခဲ့သည်။ ချင်ချန်းယီနဲ့ မော့လျှိုကွေ့တို့ တွေ့ဆုံပွဲက အချိန်စောပြီးလုပ်မည့်အကြောင်းကို သူ သိလိုက်ရသည်။ ဤကဲ့သို့ ကဖျက်ယဖျက်အခြေအနေက “မုထျန်းဟန်၏အသက်”ကို အသုံးချဖို့လိုအပ်နေကြောင်း သူ့ကိုပြောနေသယောင်ပင်။ အစပိုင်းတွင်တော့ မုထျန်းဟန်၏အဆက်အသွယ်နှင့် အာဏာကိုအသုံးချပြီး အခက်အခဲကိုရှောင်လွှဲဖို့သာဖြစ်ပြီး အတူနေသည့်အခြေအနေထိ ဖန်တီးရန်အစီအစဉ်မရှိခဲ့ပေ။
သို့သော်လည်း မုထျန်းဟန်နှင့် အတူနေထိုင်ရမည့်အတွေးကို အတိုက်အခံလုပ်စရာအကြောင်း မရှိတော့ပေ။ သူနှင့်ရင်းနှီးကျွမ်းဝင်ဖို့သည် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး သူတို့၏ခံစားချက်တွေကို တစ်ခါပြန်လည် အသက်ဝင်လာစေနိုင်သည်။
“ကိုကို အိမ်မှာက ကိုကိုနဲ့ အစ်ကိုလိုင်သယ်စစ် နှစ်ယောက်တည်းနေတာလားး” မော့တိက ညင်သာစွာမေးသည်။
“ဟုတ်တယ် ဒါပေမဲ့ မနက်ပိုင်း လာချက်ပြုတ်ပေးတဲ့ အိမ်ဖော်တစ်ယောက်တော့ရှိတယ်။ သူက အိမ်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ တန်းပြန်တာ။” မုထျန်းဟန်က လီဗာကို နင်းလိုက်သည်။
“အိပ်ခန်းထဲမှာ စာပြန်လေ့ကျင့်တာပဲဖြစ်ဖြစ် ပထမထပ်မှာ စာလေ့လာတာပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ အနှောင့်အယှက် မရှိပါဘူး။ စိတ်မပူနဲ့။”
“ကျွန်တော်က အဲဒါကို စိတ်ပူလို့မဟုတ်ပါဘူး။ ကျွန်တော်က...” မော့တိ စကားကို ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
“ကိုကို စာမေးပွဲမဖြေခင် ပြန်လည်လေ့ကျင့်ခန်းလုပ်ဖို့ ကျွန်တော် ကျောင်းပြန်မတက်ချင်ဘူး။ ကျွန်တော့်ဘာသာ ကျွန်တော်ပဲ လေ့ကျင့်ချင်တယ်။ အဲဒါဆိုရင်ရော... အဆင်ပြေမလား။”
“ပြေတာပေါ့”
Xxxxxxxxxx