အပိုင်း ၂၃
Viewers 33k

Chapter 23


မော့တိ စိတ်ပူနေသည့်အရာကို မုထျန်းဟန်တစ်ယောက် နောက်ဆုံးတွင်တော့ နားလည်သဘောပေါက်သွားခဲ့လေပြီ။ အိမ်မှာ သူတစ်ယောက်တည်း ကျန်နေခဲ့မှာကို သူတို့စိတ်ချပါ့မလားဆိုပြီး စိတ်ပူနေသည်ပဲ။ မော့တိ၏သတိကြီးတတ်မှုနှင့် ရှက်တတ်ကြောက်တတ်သောစိတ်ထားကို သူ ကရုဏာသက်မိသည်။


 “မင်းက စာကြိုးစားနေရုံပဲ။ တခြားအရာတွေကို လျှောက်တွေးမနေနဲ့။”


မုထျန်းဟန်က သူ့အပေါ်ကို ဒီလောက်ထိ ကောင်းကောင်းမွန်မွန်ဆက်ဆံလိမ့်မည်ဟု မော့တိတစ်ယောက် မထင်ထားခဲ့ပေ။ သူ၏စိတ်ထဲတွင် အပြစ်ရှိသည့်ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။ သို့သော် တစ်ဖန်ပြန်လည်မွေးဖွားနိုင်ခဲ့ပြီးနောက်ပိုင်း သူ့အတွက် သူကိုယ်တိုင်ချမှတ်ထားသည့် ရည်ရွယ်ချက်ပန်းတိုင်များနှင့် လမ်းညွှန်ချက်များကို တွေးတောကြည့်လိုက်လျှင် အပြစ်ရှိစိတ်ကို ဘေးဖယ်ထားရပေမည်။ ထို့ကြောင့် “ဟုတ်ကဲ့” ဟုသာ ကောင်းကောင်းမွန်မွန် ပြန်ဖြေလိုက်သည်။


“ပြီးတော့ လိုင်သယ်စစ်နဲ့ ကိုယ်က မနက်ဆို (၈)နာရီမထိုးခင် သွားကြတာ။ ညဆိုလည်း (၁၀)နာရီနောက်ပိုင်းမှ ပြန်ရောက်ကြတယ်။ မင်းအတွက် နေ့လယ်စာနဲ့ ညစာ လာချက်ပေးဖို့ စားဖိုမှူးကို ပြောထားပေးမယ်။ မင်းစားချင်တဲ့ဟာကို သူ့ကိုပြောထားလို့ရတယ်။”


“မလိုပါဘူး ကိုကို” မော့တိက မုထျန်းဟန်၏စကားကို ကြားကြားချင်းပင် အလျှင်အမြန်ပြန်ပြောမိသည်။ 


“ကျွန်တော့်အတွက်နဲ့ စားဖိုမှူးကို ချက်ခိုင်းမနေပါနဲ့။ ကျွန်တော်က ချက်တတ်ပြုတ်တတ်ပါတယ်။ ကိုယ့်ဘာကိုယ်ပဲ ချက်ပြုတ်စားလိုက်ပါ့မယ်။”


“ကိစ္စမရှိပါဘူး။ စိတ်ထဲထားမနေနဲ့။ စားဖိုမှူးအတွက်လည်း အဆင်ပြေလောက်...”


“ တကယ် မလိုအပ်တာမလို့ပါ။” မုထျန်းဟန်စကားကို မော့တိ ဖြတ်ပြောလိုက်သည်။ 


“ကျွန်တော် တကယ် ချက်ပြုတ်တတ်ပါတယ်။ အရသာလည်းရှိတယ်။ တကယ်ပြောတာ။” အတင်းအကြပ်ပြောလိုက်သည်။


ဒီကိစ္စကို မော့တိဘက်က အကြောက်အကန်ငြင်းဆန်နေတော့ သူလည်း ဆက်ပြီးတိုက်တွန်းရမှာ ရှက်တောင်ရှက်လာသလိုပင်။ မုထျန်းဟန်မှာ သက်ပြင်းသာချနိုင်တော့သည်။ “ဟုတ်ပါပြီ။ ဒါပေမဲ့ အိမ်ဖော်ကိုတော့ ရေခဲသေတ္တာထဲ စားသောက်ကုန်တွေ လာဖြည့်ခိုင်းထားလိုက်မယ်။ ကျန်တာတော့ မင်းသင့်တော်သလို စီစဉ်လိုက်ပေါ့။”


“ကျေးဇူးတင်ပါတယ် ကိုကို” မော့တိက ချက်ချင်းဆိုသလိုပင် ပြန်ဖြေသည်။


“ကျေးဇူးတင်စရာ ဘာလိုလို့လဲ။ အရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတုန်းက မင်းဘက်က အများကြီး အကူအညီပေးထားခဲ့တာပဲ။” မီးပွိုင့်ဖြတ်မောင်းနေရင်း မုထျန်းဟန်က စတီယာရင်ဘီးကို ဆွဲလှည့်လိုက်သည်။


သူ့ရဲ့အသက်က တကယ်ကို အရမ်းအဖိုးတန်တယ်ဆိုတာ သူကိုယ်တိုင် ဝန်ခံရမည်။


မုထျန်းဟန်နှင့် မော့တိတို့ စံအိမ်ကို ရောက်ကြသောအခါ အိမ်ကထွက်တော့မည့် လိုင်သယ်စစ်နှင့် အချိန်မီကလေး တွေ့လိုက်နိုင်လေသည်။ သာမန်ကားမောင်းထွက်သွားပြီးအပြန်မှာ အလှလေးတစ်ယောက်ကို အိမ်ခေါ်လာနိုင်သည့် သူ၏ညီအစ်ကိုသူငယ်ချင်းကို မြင်လိုက်ရတော့ လိုင်သယ်စစ်တစ်ယောက် မျက်လုံးပြူးမျက်ဆန်ပြူး ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြည့်နေနိုင်တော့သည်။


“မင်း... မင်းတို့နှစ်ယောက်က...”


“အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။” မော့တိက တံခါးဝတွင် ပေါ့ပလာပင်လေးတစ်ပင်လို တောင့်တောင့်လေး ရပ်နေလေသည်။


“မင်း-မင်း မင်းက...”


“သူ့လိပ်စာကို ရှာတွေ့သွားကြတယ်။ ဒီမှာနေဖို့ ငါ သူ့ကိုခေါ်လာတာ။” အရင်က လိုင်သယ်စစ်ပေးခဲ့ဖူးသော အကြံဉာဏ်ကို ငြင်းထုတ်ခဲ့ဖူးတာ သူ မဟုတ်သလိုမျိုးဖြင့် မုထျန်းဟန်က ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။


လိုင်သယ်စစ်က ကျန်တာဘာမှမပြောလိုသော်လည်း မုထျန်းဟန်ကို မျက်နှာမပူဘူးလားဟု မေးလိုက်ချင်သည်။


သူတို့နဲ့အတူနေမဲ့သူက ငယ်ငယ်ချောချောလေးကောင်လေးဆိုသည့်အတွက် သူကတော့ မဟားတရားကို ဝမ်းသာကြိုဆိုမိပါသည်။


“ကောင်လေး ဒီကိုလာ။ ငါတို့နဲ့အတူနေဖို့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ လာလာ ငါ မင်းကိုလိုက်ပြမယ်။ ဒီဘက်ကိုလာ...”


“တော်လောက်ပြီ။ မင်း ထပ်ပြီးအချိန်ဆွဲနေရင် ဟိုင်သုန့်နဲ့ချိန်းထားတာ နောက်ကျနေလိမ့်မယ်။” မုထျန်းဟန်က လိုင်သယ်စစ်၏အနောက်ကော်လံကို စောင့်ဆွဲလိုက်ပြီး “ကောင်လေး ပထမထပ် အရှေ့တောင်ဘက်ထောင့်က အခန်းက လိုင်သယ်စစ်ရဲ့အခန်းပဲ။ အဲဒီတစ်ခန်းကိုတော့ ရွေးလို့မရဘူး။ ကျန်တဲ့အခန်းကိုတော့ မင်းစိတ်ကြိုက်ရွေးလို့ရတယ်။ အခု ကိုယ်တို့ အလုပ်သွားလိုက်ဦးမယ်။ မင်းဘာသာမင်း အိမ်မှာ စာလုပ်နေတော့။”


ဤသို့ဖြင့် ကောင်ချောလေးကို သူ၏အခန်းဘေးမှာ နေစေချင်သည့် လိုင်သယ်စစ်၏အစီအစဉ်မှာ ပျက်ပြားသွားခဲ့ရသည်။


 


“ဟုတ်ကဲ့။ ကျွန်တော် သိပါပြီ။ ကျေးဇူးတင်ပါတယ် ကိုကို။” မော့တိက အနည်းငယ် ချုပ်တည်းထားသောအပြုံးလေးတစ်ပွင့် ပေးသည်။


လိုင်သယ်စစ်က တစ်ခုခုပြောချင်နေသေးပေမဲ့ မုထျန်းဟန်က တံခါးကို ဘန်းခနဲမြည်အောင်ပိတ်ချလိုက်ပြီး တရွတ်တိုက်ဆွဲခေါ်သွားတော့သည်။


ကားထဲတွင် ဝင်ရောက်နေရာယူပြီးသောအခါ လိုင်သယ်စစ်က မုထျန်းဟန်ကို သံသယအကြည့်ဖြင့် ကြည့်သည်။


 “မင်း ဘာဖြစ်လို့ ဟိုကောင်လေးကို ဒုတိယထပ်နဲ့ တတိယထပ်ကို မသွားရဘူးလို့ မကန့်သတ်လိုက်တာလဲ။ ပုံမှန်ဆို မင်းက ငါ့ကိုတောင် အဲဒီအထပ်တွေ မတက်ခိုင်းပါဘူး။”


“မလိုဘူးလေ။” မုထျန်းဟန်က ဖိုင်တွဲကိုဖွင့်ပြီး ကြည့်နေလိုက်သည်။


“မင်းက သစ္စာမရှိတဲ့ကောင်ပဲ။” လိုင်သယ်စစ်က ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ရှိသည်။


 “မင်းက တော်တော်ကို‌ ကောက်ကျစ်တာပဲ။ အပေါ်ယံကြည့်လိုက်ရင် ကောင်လေးရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ ကူညီတဲ့ပုံစံပေါက်နေပေမဲ့ တကယ်တမ်းတော့ ကောင်လေးကို သိပ်သဘောမတွေ့ဘူးမလား။”


“မင်းရဲ့ ခွင့်ပြုချက်မရှိဘဲ ဒုတိယထပ်နဲ့ တတိယထပ်ကိုသွားပြီး မကိုင်သင့်တဲ့အရာကို သွားကိုင်မယ်ဆိုရင် မင်း သူ့ကို မောင်းထုတ်မယ်ပေါ့ အဲဒီလိုလား။”


“မင်းက အတွေးလွန်နေပြီ။ သူကယ်ပေးထားတဲ့အသက်ကြွေးကို ငါက ပြန်ဆပ်နေတာပါ။ ငါ ကျေးဇူးဆပ်တဲ့နည်းလမ်းက နည်းနည်းထူးခြားနေရုံလေးပဲ ရှိတာ။ ပြီးတော့ ငါ သူ့ကို ဟိုသွားဒီသွား မကန့်သတ်ခဲ့တာကလည်း သူ့ရဲ့အကျင့်စရိုက်ကို ယုံကြည်တာကြောင့်ပါ။”


“အဓိပ္ပာယ်မရှိတာတွေ။”



တစ်ဖက်တွင်တော့ မော့တိတစ်ယောက် ပထမထပ်ကိုတောင် နှံ့အောင်လျှောက်မကြည့်ခဲ့ပေ။ ဆောင်ကူးစင်္ကြံလမ်း ညာဘက်အခြမ်းက ဒုတိယအခန်းကို သူနေမည့်အခန်းအဖြစ် ရွေးချယ်လိုက်သည်။


ထို့နောက် သူ၏အိတ်ကြီးနှစ်အိတ်ထဲမှ ပစ္စည်းများကိုထုတ်ကာ နေရာချလိုက်သည်။


အခန်းအတွင်း ပစ္စည်းများ နေရာချပြီးသောအခါ ကျောင်းဆရာမကို ပျက်ကွက်ခွင့်တိုင်ရန်အတွက် သူ၏ဖုန်းကို ထုတ်လိုက်သည်။ အဲဒီအချိန်မှာပင် အဖွဲ့လိုက်ပို့ထားသောအီးမေးလ်တစ်စောင်ကို တွေ့လိုက်ရသည်။ ၎င်းကတော့ အစမ်းစာမေးပွဲရလဒ်နှင့် အဆင့်ပဲဖြစ်ပါသည်။


မော့တိ ပုံမှန်ပင် ဖွင့်ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများသည် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။


ထိပ်ဆုံးတွင် သူ၏အမည်ရှိနေလေသည်။


တရုတ် (၁၃၂)မှတ်၊ သင်္ချာ (၁၅၀)မှတ်၊ အင်္ဂလိပ် (၂၇၈)မှတ်၊ သိပ္ပံ (၂၇၈)မှတ်၊ စုစုပေါင်း (၇၀၈)မှတ်ဖြင့် အတန်းတွင်းအဆင့် ပထမ၊ ကျောင်းတွင်းအဆင့် ဒုတိယ။


အောက်တွင်ရှိသော အခြားအမည်တစ်ခုမှာတော့ မော့လျှိုကွေ့ဖြစ်သည်။ စုစုပေါင်း (၆၈၉)မှတ်ဖြင့် အတန်းတွင်းအဆင့် တတိယ၊ ကျောင်းတွင်းအဆင့် သတ္တမ။


ရမှတ်က သူထင်ထားသည်ထက် အနည်းငယ်ပိုပြီးမြင့်နေခဲ့သည်။ မော့မိသားစုဆီသို့အတွေးနယ် မလွင့်မှီအချိန်ထိ မော့တိ၏စိတ်သည် တစ်ခဏတာမျှ ပျော်ရွှင်နေခဲ့သည်။ ထိုမိသားစုအကြောင်းကို တွေးမိလျှင်တွေးမိချင်းပင် သူ့မျက်နှာပေါ်ကအပြုံးလေး ကွယ်ပျောက်သွားခဲ့ရသည်။


လွန်ခဲ့သော(၁၁)နှစ်ကအတိုင်းဆိုလျှင် မော့လျှိုကွေ့သည် စိတ်တိုဒေါသထွက်ပြီး ငိုနေပေလိမ့်မည်။ ပြီးတော့ မော့မိသားစုလည်း ပေါက်ကွဲပြီး စိတ်ဒုက္ခရောက်ကြတော့မည်မလား။


သူ့ကို ‘သင်ခန်းစာ’ ကောင်းကောင်းပေးမည်ဆိုပြီး ပြန်ဖမ်းမခေါ်ချင်နေကြဘူးလား။


ဆိုးတာပဲ။ ဘာလို့ဆို ဒီတစ်ခေါက်မှာတော့ သူ့အစ်ကိုများ သူ့ကိုတွေ့ချင်သည်ဟုဆိုလိုက်သည်နှင့် သူ့ကိုသဘောကျနေကြပြီဟု ထင်မိသည့်အရူးတစ်ကောင်(ယခင်ဘဝကမော့တိ) မရှိတော့၍ဖြစ်သည်။ မုန့်ဖိုးအားလုံးစုဆောင်းကာ သူ့အစ်ကိုများအား အရုပ်တို့ဝယ်ပေးပြီး အနောက်ဘက်ဥယျာဉ်ထဲတွင် စောင့်နေရင်း အစ်ကိုတွေ သူ့ကိုခေါ်ဆော့လိမ့်မည်ဟု တွေးခဲ့သော်ငြားလည်း အမှန်တကယ်ဖြစ်ပျက်ခဲ့သည်က သူ့ကိုအကြင်နာတရားမရှိ ရက်ရက်စက်စက် ရိုက်နှက်ဆူဆဲခဲ့ကြခြင်းပင်ဖြစ်သည်။


သူ၏ညာခြေထောက် မသန်မစွမ်းဖြစ်လောက်သည်အထိ အရိုက်နှက်ခံရပြီး သူ့ညီမ ‘ကြင်နာမှု’ပြမှ ကယ်တင်ခံရမည့် ကောင်လေးလည်း ရှိမည်မဟုတ်တော့ပေ။


တကယ်... နှမြောစရာပေပဲ။


မော့တိ၏နှုတ်ခမ်းပေါ်တွင် လှောင်ပြုံးတစ်ပွင့် ဖြတ်သန်းသွားခဲ့သည်။ စာရေးစားပွဲဆီကို လျှောက်သွားပြီး သူ၏စာအုပ်များကို ထုတ်လိုက်သည်။ မော့မိသားစုအကြောင်း စဉ်းစားတွေးတောပြီး အချိန်ဖြုန်းနေမည့်အစား စာပေလေ့လာပြီး အချိန်ကုန်ဆုံးသည်ကမှ အကျိုးရှိပေလိမ့်မည်။


မော့တိ၏အတွေးသည် သွေးထွက်အောင် မှန်ခဲ့သည်။ ရလဒ်တွေထွက်ပြီး မကြာခင်မှာပင် မော့လျှိုကွေ့တစ်ယောက် စားပွဲခုံပေါ်သို့ ခေါင်းငိုက်စိုက်ချမိလျက်သား ဖြစ်သွားသည်။ အတန်းသူအတန်းသားတွေက စိတ်ပူ၍ သတင်းမေးကြသောအခါမှ ခေါင်းထောင်ပြီး ခပ်ယဲ့ယဲ့သာပြုံးပြသည်။


ကျူးဝမ်ဇီတစ်ယောက် သန့်စင်ခန်းသွားရင်း ဤမြင်ကွင်းကို မြင်လိုက်ရခြင်းဖြစ်သည်။ သူ၏နှလုံးသားသည် အပြင်းအထန် နာကျင်ရသည်။ သို့သော် သူ ထိန်းထိန်းသိမ်းသိမ်း နေရပေမည်။ အကြောင်းမှာကား သူ၏မိဘများသည် ကောလိပ်ဝင်ခွင့်စာမေးပွဲ မတိုင်ခင် မော့လျှိုကွေ့နှင့် အဆက်အသွယ်မလုပ်ရဟူ၍ တားမြစ်ပိတ်ပင်ထားပြီး မဟုတ်လျှင် အိတ်ခ်စ် တက္ကသိုလ်သို့တက်ရောက်နိုင်အောင် တရားမဝင်နည်းလမ်းများဖြင့် မကူညီဟု ရာဇသံထုတ်ထားသောကြောင့် ဖြစ်သည်။


သို့သော်လည်း သူ၏နတ်ဘုရားမလေး စိတ်ဓာတ်ကျအားငယ်နေချိန်တွင် ဘာမှမလုပ်ဘဲ ဘေးထွက်မတ်တပ်ရပ် လက်ပိုက်ကြည့်မနေနိုင်ပေ။ ထို့ကြောင့် သူလုပ်မိသော ပထမဆုံးလုပ်ရပ်သည် သူမကိုအားပေးနှစ်သိမ့်ရန်အတွက် သူမ၏အစ်ကိုဖြစ်သူ မော့ဝုဟန်ကို ဖုန်းခေါ်လိုက်မိခြင်းဖြစ်သည်။


တစ်နာရီတောင်မကြာလိုက်ပေ။ မော့မိသားစုဝင်အားလုံး ထိုသတင်းကိုကြားပြီးကြပြီး ဖြစ်သည်။


မော့အိမ်ကြီးရှင်ဘိုးဘိုးသည် အလွန်တရာ စိတ်ဆိုးဒေါသထွက်နေပြီး သူ၏မြေးမလေးကိုတွေ့ချင်ဇောဖြင့် ချက်ချင်းပင် ကျောင်းသို့လိုက်သွားချင်နေသည်။ မော့တိ၏ရမှတ်သည် မော့လျှိုကွေ့ထက် များနေသည်ကို မော့ရှစ်ဟုန် သိရှိသွားသောအခါ လက်ဖက်ရည်ကြွေပန်းကန်ကို ဒေါသတကြီး ဆောင့်ချလိုက်သည်။


“မျိုးမစစ်ကောင်”


“တတိယမောင်လေး စိတ်လျှော့ပါ”


အနားရှိ ပထမဒေါ်လေးက ပြေရာပြေကြောင်း ပြောကြည့်သည်။


“ရှောင်ကွေ့က သူ့ကိုယ်သူ အများကြီးမျှော်လင့်ထားတာ။ အခုလို သူ့အဆင့်တွေကျသွားတော့ သေချာပေါက် ဝမ်းနည်းနေတော့မှာပေါ့။ ဒါပေမဲ့ နင်က အခုမှ ဆေးရုံက ဆင်းခါစလေ။ နင့်ကျန်းမာရေးကို မထိခိုက်စေနဲ့။ မဟုတ်ရင် ရှောင်ကွေ့ပဲ ပိုပြီးစိတ်ဆင်းရဲရမှာ။ အဲဒီကလေးမက အရမ်းသိတတ်တာနော်။ နင် ကျန်းမာရေးမကောင်းတာ မြင်သွားရင် သူ့ကိုယ်သူ အပြစ်တင်နေလိမ့်မယ်။”


“ဦးလေး၊ အဘိုး၊ ဒီနေ့လယ် ကျွန်တော် ရှောင်ကွေ့ကို သွားခေါ်မယ်” မော့ဝုဟန်က ပြောသည်။ ထို့နောက် အံတကြိတ်ကြိတ်ပြောလေသည်။


 “မော့တိဆိုတဲ့တိရိစ္ဆာန်ကောင်ကိုလည်း ကျွန်တော် ပြန်ခေါ်လာခဲ့မယ်။ သူကများ ရှောင်ကွေ့ကို နာကျင်အောင်လုပ်ရဲတယ်ပေါ့။ ကျွန်တော် သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်”  


 


“အဲဒီမျိုးမစစ်ကောင်ကို မွေးလာတည်းက သူများပေးချင်ပေး၊ မပေးချင်စွန့်ပစ်လိုက်ပါလို့ ပြောသားပဲ။ အဲဒီတိရိစ္ဆာန်ကောင်က ရှောင်ကွေ့အတွက် အာဟာရတွေအားလုံးကို ယူသွားလို့ ရှောင်းကွေ့တစ်ယောက် ဖန်ပေါင်းချောင်ထဲမှာ နေခဲ့ရတာ။ စတွေ့တည်းက ဂြိုဟ်ဆိုးမှန်း သိသားပဲ။ အဲဒီ မျိုးမစစ်ကောင်။”


မော့ရှစ်ဟုန်တစ်ယောက် ဒေါသစိတ်ဖြင့် မျက်နှာမှာ နီရဲတွတ်လာသည်။


“ဒီနေ့ ကျွန်တော် အဲဒီတိရိစ္ဆာန်ကောင်ကို ပြန်ခေါ်လာပြီး သူ့ရဲ့အသိဉာဏ်ကို ခွေးစားသွားပြီလားဆိုတာ ကြည့်ရမယ်”


“ဒါတွေအားလုံး ကျွန်မရဲ့အမှားပါ...”


ရွမ်ချင်းတန့်တစ်ယောက် မျက်လုံးများ နီဆွေးနေပြီး တစ်ရှူးစက္ကူထဲသို့ နှာချေးညှစ်ထုတ်လိုက်သည်။


“ကောင်လေးက အရမ်းငယ်သေးတော့ ကျွန်မ ရှင့်ကိုတားခဲ့တာ။ ကျွန်မသာ မတားမိခဲ့ရင် ကျွန်မရဲ့ရှောင်ကွေ့လေး သူအပြစ်ဖို့ချောက်ချတာကို ခံရမှာမဟုတ်ဘူး။ အားလုံးက ကျွန်မ အမှားတွေပဲ။”


“ယောင်းမ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကလေးအမေအရင်းကတော့ တုံ့ဆိုင်းနေမိမှာ ဓမ္မတာပဲပေါ့။ အမေတိုင်းက ကိုယ့်သားသမီးကို ချစ်ကြတာပဲလေ။ တချို့ကလေးတွေကသာ... ဟင်း... ဆုံးမလို့ မရကြတာ။”


ဘေးနားရှိ ဒုတိယဒေါ်လေးက သူမ၏လက်ကိုဆုပ်ကိုင်လိုက်သည်။


“ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ကွယ်”


ကြည့်ရသည့်ပုံစံမှာတော့ မော့တိပေါက်စလေးမှာလည်း ဖန်ပေါင်းချောင်ထဲတွင် နေခဲ့ရသည်ကို မော့မိသားစုဝင်အားလုံးက မေ့လျော့သွားကြဟန် တူပါသည်။ မော့တိပေါက်စလေး၏ကျန်းမာရေးမှာလည်း သူ့ညီမဖြစ်သူ၏အခြေအနေနှင့် သိပ်မကွာခဲ့ပေ။ သူ၏ကိုယ်အလေးချိန်သည် (၃)ကျင်း* (၈)လျန် မျှသာရှိခဲ့ပြီး မော့လျှိုကွေ့ထက်ပင် ပို၍ပိန်လှီခဲ့ပါသေးသည်။


TN: (၁) ကျင်း = (၅၀၀) ဂရမ်၊ (၁)လျန် = (၅၀) ဂရမ်။ ထို့ကြောင့် မွေးခါစမော့တိလေးသည် (၁.၅) ကီလိုဂရမ် အလေးချိန်ရှိပြီး မော့လျှိုကွေ့ကမှ (၄၀၀) ဂရမ် ပို၍ထွားပေဦးမည်။


Xxxxxxxxx