အပိုင်း ၂၄
Viewers 29k

Chapter 24


သို့သော် ဤအချက်သည် အရေးမကြီးပေ။ အရေးသည်က မော့လျှိုကွေ့သည် မွေးတည်းက ချူချာခဲ့ပြီး မော့တိမှာ ပို၍ချူချာခဲ့သော်လည်း သူ အသက်ရှင်နေသည်ဆိုသည့်အချက်က အမှားတစ်ခုဖြစ်ခဲ့သည်။ သူသည် မိခင်ဝမ်းထဲတွင်ရှိခဲ့စဉ်အချိန်က မော့လျှိုကွေ့၏အစာအာဟာရကို ဓားပြတိုက်ကာ တစ်ဦးတည်း ကောင်းစွာအာဟာရမြောက်လာခြင်းသည် ဂြိုဟ်ဆိုးတစ်ကောင်ဖြစ်သည်ဆိုသည့် တိကျသည့် သက်သေအထောက်အထားတစ်ခု ဖြစ်ခဲ့သည်။ သူသာ အသက်မရှင်ခဲ့လျှင် သူတို့၏ချစ်လှစွာသောမင်းသမီးလေးသည် ကျန်းကျန်းမာမာဖြင့် မွေးဖွားလာနိုင်ခဲ့လိမ့်မည်။


“ကိုယ့်ကိုယ့်ကိုယ် အရမ်းအပြစ်မတင်ပါနဲ့”


မော့ရှစ်ဟုန်က ရွမ်ချင်းတန့်ကို နှစ်သိမ့်သည်။


“အဲဒီမျိုးမစစ်ကောင်က မွေးတည်းက ဂြိုဟ်မွှေဖို့ကံပါလာတာ။ ဒီ(၁၇)နှစ်လုံးလည်း သူ့ကိုဆုံးမလို့မရဘူးဆိုတာ သက်သေပဲလေ။ အမြဲတမ်း ရှောင်ကွေ့ကို စိတ်ဆင်းရဲအောင် ဆက်တိုက်လုပ်တယ်။ ဒီတစ်ခေါက် သူပြန်လာရင်တော့ ကောင်းကောင်းသင်ခန်းစာပေးရမယ်။ အဆိုးတကာ့အဆိုးဆုံးဖြစ်လာရင်တော့ အိမ်ကနှင်ချပြီး အမွေဖြတ်စွန့်လွှတ်ပစ်ရမယ်။”


“ဦးလေး၊ မော့တိကို အပြီးအပြတ်စွန့်ပစ်လိုက်မလို့လား။ တရားဝင်လုပ်မှာလား။”


မော့ဝုဟန်က ချက်ချင်းဆိုသလိုပင် ထမေးသည်။


“ဒါ...”


ပထမဒေါ်လေးက မော့ရှစ်ဟုန်နှင့် အိမ်ကြီးရှင်ဘိုးဘိုးကို နွေးထွေးညင်သာစွာကြည့်လိုက်သည်။


“အဖေ၊ တတိယမောင်လေးက နည်းနည်းစိတ်လိုက်မာန်ပါ ဖြစ်နေတယ်။ အမွေဖြတ်စွန့်လွှတ်တာမျိုးကို မလုပ်တာပဲကောင်းလိမ့်မယ်။ ဒီ(၅)နှစ်တာကာလအတွင်း ဟွာရှားမှာ အမှုကိစ္စဖြစ်ဖူးတာဆိုလို့ လက်တစ်ဆုပ်စာ ပမာဏပဲရှိတယ်။ အမှုအားလုံးကလည်း မီဒီယာတွေဆီကို မဖုံးနိုင်မဖိနိုင်ကြဘူး။ ကျွန်မတို့ တစ်ကွက်လောက်ပဲ မှားရွှေ့မိလိုက်ရင် အဆင်မပြေဖြစ်သွားမှာကို စိုးရိမ်မိပါတယ်...”


မော့မိသားစု၏စီးပွားရေးလုပ်ငန်းများကို သူမ၏သားမှ ဦးစီးစီမံခန့်ခွဲသည်။ အနာဂတ်တွင်လည်း သူမ၏သားကြီးသည် ရှယ်ယာအများဆုံးကိုင်ဆောင်သူတစ်ဦး ဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူမသည် လုပ်ငန်းစု၏ဂုဏ်သတင်းနှင့် ပုံရိပ်ကို ထိခိုက်စေမည့် မည်သည့်အရာကိုမှ ခွင့်ပြုမည်မဟုတ်ပေ။


“ဒီကိစ္စက ဘာမှထပ်စဉ်းစားနေစရာ မလိုတော့ဘူး”


မော့ဘိုးဘိုးက မျက်မှောင်ကြုတ်လိုက်သည်။


“အရင်ဆုံး မော့တိကို ပြန်ခေါ်လာခဲ့”


“အဖေ၊ ကျွန်တော်တို့မိသားစုစီးပွားရေးကို လုံးဝ မထိခိုက်ပါဘူးဗျာ။ အတိတ်က အမွေဖြတ်အမှုတွေမှာ မီဒီယာတွေ လူသိရှင်ကြားဖော်ထုတ်တယ်ဆိုတာကလည်း မသိနားမလည်တဲ့ကလေးတွေကိုပါပဲ ဟုတ်တယ်မလား။”


“မင်းက ဘာသိလို့လဲ။ အခုအချိန်က ရှောင်ကွေ့ကို ဂရုစိုက်ဖို့ပဲ အရေးကြီးတာ။ သူက အဲဒီမော့တိကိုဆို သိပ်ဂရုစိုက်တာ။ သူ့ကို အိမ်ပေါ်ကနှင်ချပြီး အမွေဖြတ်စွန့်လွှတ်လိုက်ရင် ရှောင်ကွေ့က ပျော်မယ်ထင်လို့လား။”


မော့ဘိုးဘိုးက ချောင်းနှစ်ချက်ဟန့်ပြီး သူ၏ချိုင်းထောက်ကို ခပ်ပြင်းပြင်းခေါက်ချလိုက်သည်။


“အေး ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးမှ ရှောင်ကွေ့ကို ဒီကိစ္စ ထုတ်ပြောကြတာပေါ့။ အဲဒီအချိန်ကျရင် ငါ မကန့်ကွက်တော့ဘူး။ ဒါပေမဲ့ အခုအချိန်မှာ အရေးအကြီးဆုံးက ရှောင်ကွေ့အတွက် စိတ်ရောဂါကုဆရာဝန်ကောင်းကောင်းတစ်ယောက် ရှာပေးဖို့ပဲ။ ရှောင်ကွေ့က ဆေးရုံတက်နေရလို့ အတန်းတွေ ခဏခဏပျက်ပြီး အဆင့်လည်း နည်းနည်းကျသွားခဲ့ရတယ်။ ဒီကိစ္စကို သေချာပေါက် သူစိတ်ပျက်နေမိမှာပဲ။ ပိုဆိုးတာက သူ့ထက်ပိုညံ့တဲ့တိရိစ္ဆာန်ကောင်က သူ့ကိုကျော်တက်သွားတာကို ခံလိုက်ရတာပဲ။ အဲဒီလို ချက်ကောင်းအကန်ခံရပြီးနောက်မှာ သူ့ရဲ့ယုံကြည်ချက်တွေ ပျောက်ဆုံးကုန်လိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းတစ်ခုအဖြစ် စွဲကျန်နေမယ်ဆိုရင် ဒုက္ခဖြစ်နိုင်တယ်။”


ရွမ်ချင်းတန့်က မော့ဘိုးဘိုး၏စကားကို နားထောင်ပြီး မျက်ရည်များ တစ်ခါပြန်စီးကျလာပြန်သည်။


“ကျွန်မရဲ့ရှောင်ကွေ့လေး။ ဘာလို့ အရမ်းသနားစရာကောင်းရတာလဲ။ အဲဒီတိရိစ္ဆာန်ကောင်က မေ့လဲအောင်လုပ်သွားလို့ စာလေ့လာတဲ့အခါမှာ အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ ဒါတွေအားလုံးက သူ့ကြောင့်ဖြစ်ရတာတွေပဲ။”


“မဟုတ်သေးဘူးဗျ”


မော့ဝုဟန်က တစ်ခုခုကို တွေးတွေးဆဆဖြင့်ပြောသည်။


“မော့တိရဲ့စွမ်းဆောင်ရည်က အမြဲတမ်းညံ့ဖျင်းနေခဲ့တာ။ ရှောင်ကွေ့ကိုကျော်တက်ဖို့မပြောနဲ့ ရှောင်ကွေ့နီးနီးတောင် မတော်ဘူး။ စာမေးပွဲမှာ အဲဒီလောက်ထိ အစွမ်းမပြနိုင်ဘူး။ ခိုးချတာပဲ ဖြစ်ရမယ်။”


“ဟုတ်တယ်။ အဲဒါပဲ ဖြစ်ရမယ်”


မော့ဝုဟန်၏မျက်လုံးများသည် နီရဲလာခဲ့သည်။


“မော့တိ အဲဒီတိရိစ္ဆာန်ကောင်။ မကောင်းတာတွေ တစ်ခုပြီးတစ်ခု လုပ်နေတော့တာပဲ။ ပထမတော့ ရှောင်ကွေ့ကို ချောက်ချပြီး မေ့လဲသွားအောင်လုပ်တယ်။ ဘယ်သူမှမယုံဘူးလည်းဆိုရော ရှောင်ကွေ့မကောင်းကြောင်းကို ကျောင်းပွဲမှာ လိုက်ဖွတယ်။ နောက်တစ်ခုက ရှောင်ကွေ့က ရည်ရွယ်ချက်မြင့်မားတဲ့သူမို့ အဆင့်ကျသွားရင် စိတ်ထိခိုက်မယ်ဆိုတာကိုသိလို့ စာခိုးချပြီး သူ့ကိုယ်သူ အဆင့်တက်အောင်လုပ်တယ်။ မော့တိလို အမြဲတမ်း အရည်အချင်းနိမ့်ကျတဲ့သူတစ်ယောက်က သူ့ကိုကျော်တက်သွားတာကို ရှောင်ကွေ့သိရင် စိတ်ဒဏ်ရာက နှစ်ဆပိုပြင်းထန်သွားလိမ့်မယ်။ အဲဒီထိတ်လန့်မှုက သူ့ရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲကို ထိခိုက်မှုရှိစေလိမ့်မယ်။ မော့တိရဲ့အတွေးတွေက တကယ်ကို အဆိပ်အတောက်ဆန်တယ်။ အကွက်ပေါင်းများစွာကို ကြိုတင်စီစဉ်ထားခဲ့တာပဲ။”


“မော့တိကို ဘယ်တော့သွားရှာမလဲ”


မော့ရှစ်ဟုန်၏တလိပ်လိပ်တက်လာသော ဒေါသစိတ်ကြောင့် မော့တိကို အမွေဖြတ်စွန့်လွှတ်မည့်အကြောင်းဆီကို တစ်ဖန်ဦးလှည့် ဇာတ်လမ်းစမည်ကို စိုးရိမ်သည့် ပထမဒေါ်လေးက မြန်မြန်ဆန်ဆန်ပင် ဝင်မေးလိုက်သည်။


“အဲဒီ မျိုးမစစ်ကောင်ကို ဒီနေ့ပဲ ပြန်ခေါ်လာမယ်။ သူ့ကို ဆုံးမရမယ်။ အပြင်မှာပဲ ဆက်လွှတ်ထားမယ်ဆိုရင် သူ့ကို စောင့်ကြည့်နေမဲ့သူ ဘယ်သူမှမရှိတော့ ရှောင်ကွေ့ကို ဆက်ပြီးဒုက္ခပေးနေလိမ့်မယ်။”


မော့ရှစ်ဟုန်က ဒေါသအလွန်ထွက်နေပြီး ငြိမ်ငြိမ်တောင် ထိုင်မနေနိုင်တော့ပေ။


“သူက ပျက်ဆီးနေပြီ။ ကျွန်တော်တို့ သူ့ကိုအချိုးပြင်ပေးမှကို ရတော့မယ်” သူကဆိုကာ ထထွက်သွားလေသည်။


မော့ဝုဟန်သည် မော့ရှစ်ဟုန်နောက်သို့ အမြန်အဆန်လိုက်သွားသည်။ ရွမ်ချင်းတန့်မှာ လိုက်သွားချင်သော်လည်း မော့ဘိုးဘိုး၏ တားဆီးခြင်းကို ခံလိုက်ရသည်။


“ချွေးမလေး၊ စိတ်ရောဂါကုဆရာဝန်သာ မြန်မြန်သွားရှာချည်”


မော့ဝုဟန်နှင့် မော့ရှစ်ဟုန်တို့သည် မဆိုင်းမတွပင် ကျောင်းသို့လိုက်သွားကြလေသည်။ သို့သော် ကျောင်းစောင့်၏တားဆီးခြင်းကို ခံလိုက်ရသည်။


“ဒါ ဘယ်လိုအသုံးမကျတဲ့ကျောင်းအုပ်မျိုးလဲ ဟွမ်လီချန်။ ဘယ်သူ့ကို ဘယ်လိုကပ်စားရပ်စား လုပ်ရမလဲပဲသိတယ်။”


“ဦးလေး၊ မော့တိက မုထျန်းဟန်နဲ့ အဆင်ပြေနေတော့ ဟွမ်လီချန်က သူ့ဘက်ပါနေတာနေမယ်။ ကျွန်တော်တို့ ကျောင်းထဲမဝင်နိုင်အောင်လို့ တမင်သက်သက်ကို ပြောထားတာနေမှာ။ ဘာတွေလဲဗျာ။ မုထျန်းဟန် လုပ်ထားတာဆိုလို့ ငွေသန်းပေါင်းနည်းနည်း မြှုပ်နှံထားတာပဲရှိတယ်။ အဲဒါကိုများ အဲဒီလောက်ထိ မျက်နှာသာပေးနေတာလား” မော့ဝုဟန်က မော့ရှစ်ဟုန်ကို ဒေါသတကြီးပြောသည်။


မော့ရှစ်ဟုန်၏မျက်လုံးများသည် သဘောပေါက်နားလည်သွားခဲ့သည်။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အသက်အငယ်ဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် မုထျန်းဟန်ဆိုသည်မှာ သူနှင့်မရင်းနှီးသူတော့ မဟုတ်ပေ။ တကယ်တမ်းဆိုလျှင် သူတို့က မုထျန်းဟန်နှင့် ခင်မင်ရင်းနှီးမှုရအောင် နေထိုင်သင့်ပေသည်။ သို့သော် သူ၏နေရာနှင့် အချိန်ဇယားကို သိရှိသွားသောအခါတွင်တော့ သူတို့ ခက်ခက်ခဲခဲကြိုးစားအားထုတ်ခဲ့ရသော တွေ့ဆုံခွင့်ကလေးကိုပင် မုထျန်းဟန်၏ပယ်ချခြင်း ခံခဲ့ရသည်။


ထို့ကြောင့် မုထျန်းဟန်သည် အကောင်းအဆိုးမခွဲခြားနိုင်သောသူ သို့မဟုတ် မော့မိသားစုကို ဆန့်ကျင်ပါသည်ဟူသည့် မော့တိ၏တစ်ဖက်ပိတ်စကားများကို မျက်စိစုံမှိတ်ယုံစားသောသူ၊ တစ်မျိုးမဟုတ်တစ်မျိုးဖြစ်သည်မှာ သိသာပါသည်။ ဒုတိယအချက်ကြောင့်သာဆိုလျှင် ဦးနှောက်မရှိသည့် ယောကျ်ားတစ်ယောက်ဖြစ်ပြီး သူ၏အကျင့်စရိုက်အကြောင်းကို စကားထဲထည့်ပြောရန်ပင် မလိုလောက်တော့ပေ။


ဤကဲ့သို့လူမျိုးသည် ထွန်းပေါက်မည်မဟုတ်။ လက်ရှိအချိန်တွင် ကံကောင်းထောက်မစွာဖြင့် ကုမ္ပဏီတစ်ခု တည်ထောင်နိုင်သော်လည်း နောင်တစ်ချိန်တွင် ပျက်စီးမည်မှာ အနှေးနှင့်အမြန်ပင်။


သို့သော် သူတို့လက်ရှိရပ်တည်နေရသည့် အခြေအနေသည် မုထျန်းဟန်နှင့် ဆန့်ကျင်ရသည့်တိုက်ပွဲတွင် အသာစီးရနိုင်ခြေမရှိပေ။


“သိပ်ကို အလုပ်များနေတယ်ပေါ့လေ။ ငါတို့မော့မိသားစုက ကလေးတစ်ယောက်ကိုတောင် မဆုံးမနိုင်ဘူး။ ငါတို့မော့မိသားစုကို ဂရုမစိုက်တာ။”


မော့ရှစ်ဟုန်က သူ၏ချစ်လှစွာသောသမီးငယ်၏အတန်းပိုင်ဆရာထံ ဖုန်းခေါ်ရန်အတွက် ဖုန်းကိုထုတ်လိုက်သည်။ ဖုန်းနံပါတ်ကို တွေ့သည့်အချိန်တွင်ပင် စကားသံတစ်ခု ကြားဖြတ်ဝင်လာသည်။


“ဦးလေး၊ ရှောင်ကွေ့ကို ရှာနေတာလားဟင်”


မော့ရှစ်ဟုန်က ဘေးဘီဝဲယာကို အကဲခတ်ကြည့်ပြီး အနည်းငယ် မှင်သက်သွားမိသည်။ ဒီ ချင်ချန်းယီဆိုသည့်ကောင်လေးက မနေ့က ရှောင်ကွေ့နှင့်တွေ့လာသည်ဟူသော ဟွာရှားက အချမ်းသာဆုံးလူ၏သား မဟုတ်လား။


“မင်းက…”


“ဦးလေး၊ ကျွန်တော့်ကို ချန်းယီလို့ ခေါ်နိုင်ပါတယ်။ ဦးလေး စောနက ဘာပြောနေတာလဲဟင်။ ရှောင်ကွေ့ကို သွားတွေ့မလို့လား။”


ချင်ချန်းယီက ပြုံးပြရင်း စကားစလိုက်သည်။


“ဟုတ်တယ် ဒါပေမဲ့ ငါတို့ အထဲဝင်လို့မရဘူး” မော့ဝုဟန်က အတင်းဝင်ပြောသည်။


မော့ဝုဟန်က အားမလိုအားမရတွေဖြစ်ကာ သူ၏မကျေနပ်ချက်များကို ချင်ချန်းယီသို့ ဖွင့်ထုတ်ပြောပြသည်။ သူတို့ကိုကျောင်းထဲအဝင်မခံသည့်အကြောင်းသာမက မော့လျှိုကွေ့နှင့် မော့တိအကြောင်းတွေကိုပါ ချင်ချန်းယီကို ပြောပြလိုက်သည်။ မော့တိ၏အယုတ်တမာလုပ်ရပ်များ၊ မကောင်းသတင်းလွှင့်မှုများကြောင့် မော့လျှိုကွေ့ မည်သို့မည်ပုံခံစားခဲ့ရကြောင်းနှင့် ယခုအခြေအနေအထိ ရောက်လာသည့်ဖြစ်ကြောင်းကုန်စဉ်ကို ဖောက်သည်ချနေလေသည်။


ချင်ချန်းယီသည် နားထောင်နေရင်း သူ၏မျက်နှာပေါ်က အပြုံးများသည် ပျောက်ဆုံးကုန်သည်။ သူ၏ကြမ်းတမ်းခက်ထန်သည့်မျက်လုံးများပေါ်တွင် အရိပ်ထင်လာသည့် ရက်စက်ကြမ်းကြုတ်မှုနှင့် လူမဆန်မှုတို့မှာလည်း မဖုံးနိုင်မဖိနိုင်ပင် ဖြစ်လာရသည်။


“အဲဒီမော့တိဆိုတဲ့ကောင်က တကယ့်ကို အော်ဂလီဆန်စရာပဲ။ ရွံဖို့ကောင်းတဲ့ကောင်။ သူ့ကိုသင်ခန်းစာမပေးရင် မဖြစ်တော့ဘူး။”


ချင်ချန်းယီ၏အသံသည် လေသံအေးအေးနှင့် တည်တည်ငြိမ်ငြိမ်ရှိသော်လည်း သူ၏အပြုံးထဲတွင်တော့ အေးစက်မှုတို့ ရှိနေလေသည်။


“ဦးလေး၊ ကျွန်တော်နဲ့လိုက်ခဲ့ပါ။ ကျွန်တော်လည်း ကျောင်းကိုသွားမလို့လေ။ အတော်ပဲဖြစ်သွားတာပေါ့။”


“မင်းက ကျောင်းကိုသွားမလို့လား” မော့ဝုဟန်က မေးသည်။


“ဟုတ်ကဲ့။ ရှောင်းကွေ့က ဒီကျောင်းက ကျောင်းသူဆိုတာ ကျွန်တော် သိထားပါတယ်။ ဒီကျောင်းတော်ကြီးက ရှောင်ကွေ့လို ဉာဏ်ရည်ထက်မြက်ပြီး ရိုးသားဖြူစင် နူးညံ့သိမ်မွေ့တဲ့လူမျိုးကို မွေးထုတ်ပေးနိုင်တယ်ဆိုတော့ တစ်ခုခုထူးခြားနေလို့ပဲ ဖြစ်ရမယ်။ ဒါကြောင့် တစ်ခေါက်လောက် ကြည့်ရအောင်ဆိုပြီး ကျွန်တော် ရောက်လာခဲ့တာ။ ကျောင်းအထောက်အပံ့ဖြစ်အောင်လည်း ငွေသန်းပေါင်းနည်းနည်းလောက် ကျွန်တော့်အဖေကို ရင်းနှီးမြှုပ်နှံခိုင်းမလို့ပေါ့။”


“ဪ ကျောင်းအုပ်ကြီးဟွမ်းပါလား။ အထဲဝင်ကြစို့လေ” ချင်ချန်းယီက တံခါးရှိရာကို ညွှန်ပြရင်းပြောသည်။


ချင်ချန်းယီ ကျောင်းတံခါးဝကို ရောက်နေသည်ဆိုသည့်သတင်းကြားမိသည်နှင့် ကျောင်းအုပ်ကြီးဟွမ်းမှာ ချွေးများပင်ပြန်လာလေပြီ။ သုတ်သီးသုတ်ပျာဖြင့် ဧည့်သည်များကို အထဲသွားပင့်ရှာသည်။


“အောင်မယ်လေး။ လာတွေ့တာ နည်းနည်းတောင် နောက်ကျသွားတယ်။ စိတ်မရှိပါနဲ့ဗျာ။ ကျေးဇူးပြုပြီး အထဲကြွပါ။ အပြင်မှာ တော်တော်ပူတာ။ ရုံးခန်းထဲဝင်ပြီး စကားပြောကြတာပေါ့။”


တစ်ချိန်တည်းမှာပင် ယခုဖြစ်နေသည့်အချင်းအရာများကို မော့တိဆီသို့ သတင်းပို့ရန်အတွက် သူ၏နောက်တွင်ရှိသော ကျောင်းဆရာလျှိုကို မျက်နှာရိပ်မျက်နှာကဲ ပြရသေးသည်။ ဆိုရလျှင် သူသည် ဒါရိုက်တာမုထံမှ ရင်းနှီးငွေအဖြစ် ယွမ်သန်း(၈၀) လက်ခံရရှိထားသည် မဟုတ်ပါလား။ ဤမျှလောက် မြန်မြန်ဆန်ဆန်ကြီး မျက်နှာလွဲခဲပစ် မလုပ်နိုင်ပေ။ ချင်မျိုးရိုးထံမှ ရင်းနှီးငွေ သန်း(၈၀/၉၀)လောက်ကို တစ်ချီတည်းနှင့် ရနိုင်လျှင်တော့ တစ်မျိုးဖြစ်သွားနိုင်သည်။


မော့ဝုဟန်က လှောင်ရယ် ရယ်လိုက်သည်။


“အဟက်။ ကျောင်းအုပ်ကြီးဟွမ်းက ကျုပ်တို့မော့မိသားစုဝင်တွေကို ကျောင်းထဲအဝင်မခံဘူးလို့ ကျုပ်က ထင်နေတာ။”


“အဲဒီလို မဟုတ်ရပါဘူးဗျာ။ နားလည်မှုလွဲသွားတာပါ”


ကျောင်းအုပ်ကြီးဟွမ်းက စိတ်ထဲမပါ့တပါ ပြုံးပြလိုက်ပြီး ကျောင်းဝင်းထဲသို့ ဦးဆောင်ခေါ်သွားသည်။


မော့တိတစ်ယောက် သူ၏ရှေ့မှ ကွန်ပျူတာဖန်သားပြင်ကို ငေးစိုက်ကြည့်နေမိသည်။ သူ၏လက်တွေနှင့် ခြေထောက်တွေသည် အေးစက်တောင့်တင်းလာသည်။


မကြာသေးမီကပင် ရွမ်ယန်ထံမှ မော့မိသားစုနှင့်ပတ်သက်သည့် ကိစ္စတစ်ခု ကျောင်းမှာဖြစ်နေသည်ဟု သတင်းပို့ထားသည့် ‘အမည်မသိ’မက်ဆေ့တစ်စောင် လက်ခံရရှိခဲ့သည်။ ကျောင်းမှာ ပြဿနာဖြစ်လာလိမ့်မည်ဆိုသည်ကို သူ သိထားခဲ့သော်လည်း ကျောင်းလုံခြုံရေးကင်မရာစနစ်ထဲကို ခိုးဝင်ကြည့်လိုက်သောအခါ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရမည်ဟု မမျှော်လင့်ခဲ့ပေ။


သူ၏ချစ်လှစွာသောဖခင်ကြီးနှင့် ပဉ္စမအစ်ကိုအပြင်... ချင်ချန်းယီပါ အဆစ်ပါသေးသည်။ စကားတပြောပြောနှင့် ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်သွားနေကြသည်မှာ ရယ်လို့မောလို့ပင်ဖြစ်သည်။


သူ၏အတိတ်ဘဝတွင် ဤဖြစ်ရပ်သည် နောက်(၅/၆)နှစ်လောက်နေမှသာ ဖြစ်ပျက်ခဲ့ပေလောက်မည်။ အစပိုင်းတွင် မော့မိသားစုသည် မော့လျှိုကွေ့ကို ‘အဓမ္မခေါ်ဆောင်သွားသော’ ချင်ချန်းယီအား သဘောမတွေ့ခဲ့ကြပေ။ ဤဖြစ်ရပ်သည် အဘယ်ကြောင့် အချိန်စောပြီး ဖြစ်ပျက်လာရသနည်း။


အခြေခံသဘောတရားတိုင်း ပြောင်းလဲမှုတိုင်းက ပင်မအခြေခံအကြောင်းရင်းတစ်ခုကို အဆီအငေါ်မတည့်အောင် ပြောင်းလဲပစ်ချင်နေသည့်သူ့ကို မူရင်းဇာတ်အိမ်ဆီသို့ အတင်းဖျစ်ညှစ်လမ်းကြောင်းပေးပြီး ဇာတ်လမ်းဇာတ်ကွက်ကို မူလအတိုင်း ဆက်လက်တည်ရှိနေနိုင်ဖို့ ကြိုးစားနေသယောင်။


မော့တိ၏လက်ချောင်းများသည် အေးစက်ထုံထိုင်းသွားကြသည်။ အသိစိတ်နှင့် သွေးကြောများဆီသို့ အကြောက်တရားက ဖြန်းခနဲ အေးစိမ့်ပျံ့နှံ့သွားသည်။


Xxxxxxxxx