အပိုင်း ၂၅
Viewers 28k

Chapter 25


မော့မိသားစုနှင့် ချင်ချန်းယီကြားက ရင်းနှီးကျွမ်းဝင်ခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း အောင်မြင်သွားခြင်းသည် မော့တိ၏အတိတ်ဘဝတွင်တော့ သူ့အတွက် ကြောက်စရာအကောင်းဆုံးနှင့် မုန်းစရာအကောင်းဆုံးသော မှတ်ဉာဏ်များထဲမှတစ်ခု ဖြစ်သည်။ အကြောင်းကား သူ့ကိုညှင်းပန်းနှိပ်စက်ခြင်းကို အင်မတန်သဘောခွေ့သော မော့မိသားစုသည် ချင်ချန်းယီနှင့် ၎င်း၏နောက်ကွယ်က အမှောင်အင်အားစု၏ အထောက်အပံ့ကို ရရှိသွားသောကြောင့်ပင်ဖြစ်သည်။ သူ့ဘဝဇာတ်ခုံ၏အဖြစ်ဆိုးဇာတ်ကွက်ကို ဤနေရာတွင် ကန့်လန့်ကာဖွင့်သည်ဟုလည်း ဆိုနိုင်ပေမည်။


ထိုအခြင်းအရာကမှစတင်တာ ချင်ချန်းယီ၏နောက်ကွယ်မှ အင်အားစုကြောင့် သူ၏တည်နေရာကို အလျှင်အမြန်ပင် ရှာဖွေတွေ့ရှိသွားကြမည်ဖြစ်ပြီး အလုပ်ပင်ပန်းသော်ငြားလည်း စိတ်ချမ်းသာရသည့် သူ၏ဘဝကလေးမှာ တစ်စစီပျက်စီးကုန်တော့မည် ဖြစ်သည်။ သူ၏စီးပွားရေး ပူးပေါင်းလုပ်ဆောင်ခြင်းလုပ်ငန်းများကို ရက်စက်စွာ ကြားဝင်နှောင့်ယှက်ခံခဲ့ရပြီး လူထူးဆန်းပေါင်းစုံ၏ နောက်ကလိုက်ခြင်းကနေကိုလည်းခဲ့ရသည်။ ဘဝင်မကျဖြစ်ပြီး နောက်ဆုံး အိမ်ပေါ်ကဆင်းတော့မည်ဟု ဆုံးဖြတ်လိုက်သောအခါတွင် မော့မိသားစု၏တားဆီးပိတ်ပင်ခြင်းကို ခံရမည်ဖြစ်သည်။ သူ့ကို အိမ်ပြန်လာရန် လာဖြောင်းဖျသည့် မော့လျှိုကွေ့နှင့် စကားများကြရာက သူမ လိမ့်ကျသွားလိမ့်မည်။ ဤအချက်သည် သူ့ကို စိတ္တဇဆေးရုံသို့ အတင်းအကြပ်ပို့ဆောင်စေရန်အတွက် အစပျိုးပေးလိုက်ခြင်းပင် ဖြစ်သည်။


ချင်ချန်းယီ၏အာဏာနှင့်အထောက်အပံ့အကူအညီပေးမှုအောက်တွင် မော့ဝုဟန်နှင့် အခြားသောမိသားစုဝင်များသည် ၎င်းတို့၏နှိပ်စက်နည်းပေါင်းစုံကို အပြည့်အဝအသုံးချခဲ့ကြပြီး စိတ္တဇဆေးရုံတွင်နေခဲ့ရသော သူ့ဘဝ၏နေ့ရက်များကို အရှင်လတ်လတ်ငရဲကျနေသကဲ့သို့ဖြစ်အောင် အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ကြသည်။


[အသိပေးချက် - နောက်စာပိုဒ်တွင် ညှင်းပန်းနှိပ်စက်သောဇာတ်လမ်းဇာတ်ကွက်များ ပါဝင်ပါသည်။ အဆင်မပြေပါက ကျော်ဖတ်နိုင်ပါသည်။]


နေ့စဉ်နေ့တိုင်း အပြင်းအထန်ရိုက်နှက်ကြသည်။ ကန့်သတ်ခန်းထဲတွင် လျှပ်စစ်ရှော့ခ်တိုက်ခြင်းကတော့ လုပ်ရိုးလုပ်စဉ်တစ်ခုလိုပင် ဖြစ်နေခဲ့သည်။ ရှော့ခ်တိုက်ပြီးလျှင်လည်း သတိလစ်မသွားရပေ။ သတိလစ်သွားလျှင် သူ၏လက်ချောင်းများကို သံအပ်ဖြင့်ထိုးစိုက်ကာ သတိပြန်လည်လာအောင် အတင်းအဓမ္မ လုပ်ကြသည်။ အစာစားလိုလျှင်လည်း ဒူးထောက်တောင်းပန်ရသည်။ အပေါ့အလေးစွန့်ချင်လျှင်လည်း ဒူးထောက်တောင်းပန်ရသည်။ ဒူးထောက် မတောင်းပန်လျှင်လည်း ရပါသည်။ အစာမကျွေးဘဲ ဆေးထိုးပေးလိုက်ကြသည်။ ဆေးထိုးပြီးနောက်တွင် ဂလူးကို့စ် ပေးသည်။ အကျဉ်းချုံးပြောရလျှင် မသေရုံတမည်ထားသည်ဟု ဆိုရမည်။ ဆေးထိုးပြီးလျှင်တော့ သူ၏လက်တွေခြေတွေကို တုပ်နှောင်ပြီး ပိုပြီးကြမ်းတမ်းခက်ထန်သော အတွင်းလူနာများနှင့် အမှောင်ခန်းတစ်ခုထဲတွင် အတူထားလေသည်။ နှစ်ရက်ခန့်ကြာပြီးသော် အပြင်ထွက်စေပြီး ထမင်းအတင်းကျွေးသည်။ ညဘက်ရောက်လျှင်လည်း ဤနည်းလမ်းအတိုင်းပင် ဆက်လုပ်သည်။ မတူညီသောပုံစံ မတူညီသောကြာချိန်ဖြင့် ထပ်ကာထပ်ကာ ပြုလုပ်လေသည်။


မော့တိ၏မှတ်ဉာဏ်သည် သူ့ကို ဤသို့သောအမှောင်နေ့ရက်များဆီသို့ ရောက်ရှိခေါ်ဆောင်သွားခဲ့သည်။ သူ၏လက်ချောင်းများသည် ကြောက်လန့်မှု၊ ခံပြင်းမှု၊ မုန်းတီးမှုတို့ဖြင့် အထိန်းအကွပ်မဲ့ တုန်လှုပ်နေသည်။ မျက်နှာမှာလည်း ဖြူဆုတ်နေပြီး တစ်ကိုယ်လုံးလည်း ရေခဲတုံးကဲ့သို့ အေးစက်နေလေပြီ။


တီ တီ တီ တီ


ထိုအချိန်မှာပင် မော့တိ၏နောက်ကြောင်းပြန်ခြင်းနှင့် သူ၏အတိတ်ဘဝက အဖြစ်ဆိုးမှတ်ဉာဏ်တွေထဲကနေ ဆွဲထုတ်သွားနိုင်သည့် ဆူညံသောဖုန်းခေါ်သံတစ်ခု မြည်လာခဲ့သည်။


မော့တိတစ်ယောက် ပစ္စုပ္ပန်ကာလကို ပြန်ရောက်လာနိုင်ဖို့ အချိန်အတော်ကြာယူလိုက်ရပြီး သူ၏မျက်လုံးထဲရှိ ပူပင်သောကနှင့် အကြောက်တရားတို့မှာတော့ အရှင်းပျောက်ကွယ်မသွားခဲ့ပေ။ ဖုန်းကိုငုံ့ကြည့်လိုက်သောအခါ ဖုန်းခေါ်ဆိုသူမှာ မုထျန်းဟန်ဖြစ်ကြောင်း သိလိုက်ရသည်။


သူ၏ဆံပင်များကို ခပ်နာနာ တစ်ချက်ဆောင့်ဆွဲကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ချိုချိုသာသာဖြင့် ဖုန်းပြန်ဖြေလိုက်သည်။


“ဟယ်လို ကောင်လေး။ ဖုန်းကိုင်ဖို့အရေးကို အကြာကြီးပဲ အချိန်ယူနေတာ။ ဘာတွေလုပ်နေတာလဲ။ နေ့လယ်စာရော စားပြီးပြီလား။”


မုထျန်းဟန်၏အသံသည် တည်ငြိမ်နွေးထွေးပြီး ညှို့ဓာတ်ရှိသည်။ သူသိသည့်လူများ၊ သူသိသောအတိတ်က မှတ်ဥာဏ်တို့နှင့် လုံးဝမတူခြားနားသည်။ မော့တိတစ်ယောက် တစ်ခဏတာမျှ ထူးထူးဆန်းဆန်း စိတ်ရှုပ်ထွေးသွားခဲ့သည်။


သို့သော် ဖုန်းထဲမှထွက်လာသည့်အသံကိုတော့ နားစွင့်နေမိသည်။ ရုတ်ချည်းဆိုသလို မော့တိ စိတ်ဆုံးဖြတ်လိုက်သည်။


ရွေးချယ်စရာမရှိမှသာ ထုတ်သုံးရန်ဖြစ်ပြီး နောက်ဆုံးနည်းလမ်းအဖြစ် လျာထားသောအစီအစဉ်ကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်သည်။


သူသည် ရည်းစားကောင်း၊ ချစ်သူကောင်း၊ လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်နိုင်မည်ဟု သူ့ကိုယ်သူယုံကြည်သည်။


မဟုတ်၍လား။


အခုနေအခါတွင်တော့ နှစ်ဦးနှစ်ဖက် ချစ်ကြိုးသံယောဇဉ်မရှိကြသော်လည်း ချစ်သူတစ်ယောက်အဖြစ် ပေးဆပ်ရမည့် စိုးရိမ်ပူပန်မှု၊ ရင်းနှီးကျွမ်းဝင်မှု၊ သစ္စာရှိမှုတို့ကို အလုံးစုံ သူပေးဆပ်နိုင်သည်။ မည်သို့သောအခါတွင်မှ သူ့ဘက်က သစ္စာဖောက်မည်မဟုတ်ချေ။


မုထျန်းဟန်အတွက် မတရားဘူးဆိုသည်မှာ မှန်သော်လည်း ဒီကိစ္စအတွက်တော့ သူသည် အပြစ်ရှိစိတ်ဝင်မှာ မဟုတ်ပေ။ ထိုမျှမကသေး ယခုရွေးချယ်မှုသည်လည်း အဆုံးသတ်တွင် မှန်ကန်သောရွေးချယ်မှုတစ်ခု ဖြစ်လာလိမ့်မည်ဆိုသည်မှာ မသေချာပေ။


သို့သော် ဤနည်းလမ်းသည် သူ့လို ပါဝါမရှိ အာဏာမရှိ သာမန်ကျောင်းသားတစ်ယောက်အတွက် မော့မိသားစုနှင့် ချင်ချန်းယီတို့၏ လက်ခုပ်တွင်းက လွတ်မြောက်နိုင်စေမည့် တစ်ခုတည်းသောနည်းလမ်းပင် ဖြစ်သည်။


ထို့အပြင်...


မော့မိသားစုနှင့် ချင်ချန်းယီတို့ပြုလုပ်ခဲ့သည့် ညှင်းပန်းနှိပ်စက်မှု၊ နာကျင်မှု၊ ကြောက်လန့်မှုများကို သူခံစားခဲ့ရသည်ထက် ဆယ်ဆ၊ အဆတစ်ရာ၊ အဆတစ်ထောင်သာအောင် တစ်နေ့မှာတော့ သူ လက်စားပြန်ချေလိမ့်ဦးမည် ဖြစ်သည်။


“ကောင်လေး၊ ဘာလို့ စကားပြန်မပြောတာလဲ။”


မုထျန်းဟန်က ဖုန်းထဲမှ ပြန်ဖြေသံမကြားရသောအခါ ဧည့်ကြိုဌာနမှထွက်လာပြီး သူ၏အသံကိုမြှင့်ပြောလိုက်သည်။


“တောင်းပန်ပါတယ် အစ်ကို။ ရူပဗေဒ ပုစ္ဆာတစ်ပုဒ်ကို စဉ်းစားနေလို့ပါ။ ဘယ်နားမှားနေလဲဆိုတာ ခုမှပဲ အဖြေပေါ်တော့တယ်။”


မော့တိက သူ၏စိတ်အာရုံကို အလျင်အမြန်စုစည်းပြီး ပြန်ဖြေလိုက်သည်။


“မင်းကတော့လေ...”


မုထျန်းဟန်တစ်ယောက် မတတ်သာဘဲ ဟာသတစ်ခုအဖြစ် ခံစားလိုက်မိသည်။


“ခဏနေ (၁၂)နာရီပဲ ထိုးတော့မယ်။ အစာမစားဘဲ စာပဲလုပ်နေလို့ မရဘူးလေ။ မင်းကို ချီးကျူးရမလား၊ ဆူရမလားတောင် မသိတော့ဘူး။”


“ချီးကျူး... ချီးကျူးပေါ့”


မော့တိက လေသံတိုးတိုးလေးဖြင့် ပြန်ပြောသည်။


မုထျန်းဟန်က ဖုန်းတစ်ဖက်အခြမ်းမှ သူ၏အတွေးအမြင်ကို ဖော်ပြနေသည့် ရှိုးတိုးရှန့်တန့် နူးညံ့သည့်အသံတိုးလေးကို နားထောင်ရင်း မတတ်သာဘဲ ရယ်လိုက်မိသည်။


“ကောင်းပြီလေ ချီးကျူးရမှာပေါ့။ ဒါပေမဲ့... စာလုပ်တယ်ဆိုတာလည်း အနားယူချိန်လေးနဲ့ တွဲလုပ်ရတယ်။ အချိန်မှန် အစာစား။ ဟုတ်ပြီလား။”


“အွန်း”


မော့တိ၏အသံသည် သိသာထင်ရှားစွာ သက်ဝင်လှုပ်ရှားသွားပြီး စကားပြောသံမှာ ခပ်သွက်သွက်လေး ဖြစ်သွားသည်။


“အစ်ကို၊ ရေခဲသေတ္တာထဲမှာ အသီးအရွက်တွေနဲ့ အသားတွေ အများကြီးတွေ့ထားတယ်။ ကျွန်တော် ကြက်သားကြော်နဲ့ အသီးအရွက်ကြော် လုပ်စားချင်လို့။ ပြီးတော့ ခရမ်းသီးနှပ်ရောပဲ။”


“အင်း မင်းကြိုက်တာ ချက်စားလို့ရတယ်။ လက်ကို ဓားမထိမိအောင်တော့ ဂရုစိုက်။ ဆီတွေ မဖိတ်မစင်အောင်လည်း သတိထားဦးနော်။ နားလည်လား။”


မုထျန်းဟန်၏မျက်ဝန်းများသည် ထိုအချိန်တွင် မည်မျှပင် နူးညံ့ညင်သာနေသည်အား သူ့ကိုယ်သူမသိပေ။ စကားပြောနေချိန်တွင်လည်း သူ၏နှုတ်ခမ်းများသည် နားရွက်တက်ချိတ်တော့မည့် အတိုင်းပင်။ သူ၏ပြုံးပျော်နေသာမျက်ဝန်းများထဲတွင် အလိုလိုက်ပေးဆပ်ချင်နေသော အရိပ်အယောင်များ ရှိနေသည်မှာ ငြင်းမရနိုင်ပေ။ ကောင်လေးသည် သူနှင့် မကြာသေးမီကမှ ဆုံခဲ့ရသည့် သာမန်လူငယ်လေးတစ်ဦးဖြစ်သော်လည်း သူ့ဘက်က အမှန်တကယ်ကို ဂရုစိုက်စောင့်ရှောက်ပေးချင်မိသူတစ်ဦး ဖြစ်သည်။


မော့တိတစ်ယောက် မုထျန်းဟန်နှင့် နောက်ထပ် (၅/၆)မိနစ်လောက် စကားဆက်ပြောပြီးနောက် ဖုန်းချလိုက်သည်။ ရေခဲသေတ္တာထဲမှ ပါဝင်ပစ္စည်းများကို ထုတ်ယူပြီး စတင်ချက်ပြုတ်လေသည်။


မော့တိတစ်ယောက် ချက်ပြုတ်နေသည့်အချိန်တွင် တစ်ဖက်မှာတော့ မော့ရှစ်ဟုန်နှင့် မော့ဝုဟန်တို့သည် ယခုအချိန်မှစတင်ကာ အိမ်မှာပဲစာလေ့လာတော့မည်ဟု မော့တိက အတန်းပိုင်ဆရာထံသို့ ခွင့်တိုင်ထားသည့်အကြောင်း ကြားသိလိုက်ရသောကြောင့် ဒေါသူပုန်ထနေကြသည်။


မော့ဝုဟန်က ဒေါသထွက်ပြီး စားပွဲခုံကိုကန်မည်အပြုတွင် ချင်ချန်းယီသည် မော့တိ၏နေထိုင်ရာကို သူသိထားပြီး သူတို့ကိုခေါ်သွားမည်ဟု ရုတ်တရက်ထပြောသည်။ ဤအကြောင်းကို မော့လျှိုကွေ့ သတင်းကြားသောအခါ သူတို့နှင့်လိုက်မည်ဟု အလျှင်အမြန် မရမကတောင်းဆိုသည်။ သူမ၏ဝမ်းနည်းသောလေသံသည် သူတို့၏နားလည်မှုလွဲနေခြင်းများကို ပြေလည်အောင်ဖြေရှင်းရန်အတွက် သူမ၏အစ်ကိုကို ရှာချင်သည်ဟု ဖော်ပြနေသည်။


သို့သော် ဆိုးသည်က သူတို့သည် တောငန်းရိုင်းတစ်ကောင်ကို လိုက်ဖမ်းနေရခြင်းပင်။


မော့တိသည် သူ ငှားရမ်းနေထိုင်ခဲ့သောတိုက်ခန်းသို့ မည်သည့်အခါတွင်မှ ပြန်မလာတော့ဟု အရင်ကတည်းက ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ တိုက်ခန်းထဲတွင် သယ်မရသော ပစ္စည်းများသာ ဟိုတစ်စသည်တစ်စ ပြန့်ကြဲနေကြလိမ့်မည်။ သူသည် ထိုပစ္စည်းများကိုတော့ သဗ္ဗေသတ္တာ ကမ္မသက္ကာဟုသာ သဘောထားလိုက်တော့သည်။


နေ့လယ်စာစားပြီးနောက်တွင် မော့တိသည် ပန်းကန်ခွက်ယောက်များ ဆေးကြောပြီး စာပြန်လုပ်နေခဲ့သည်။ ညနေ(၆)နာရီခန့်ရောက်သောအခါ သူ၏အာရုံစူးစိုက်မှုသည် မိုးခြိမ်းသံတစ်ချက်ကြောင့် လွင့်ပြယ်သွားခဲ့ရသည်။


နောက်ထပ်လေးနာရီကြာ စာလုပ်ပြီးနောက် မော့တိတစ်ယောက် ပင်ပန်းသွားလေပြီ။ နာရီတစ်ချက်ကြည့်လိုက်ပြီး အညောင်းဆန့်ရန် ထိုင်ရာမှထလိုက်သည်။


ပြတင်းပေါက်အပြင်ဘက်တွင် မိုးကြိုးများသည် တစ်ချက်ပြီးတစ်ချက် ထစ်ချုန်းနေသည်။ ထို့နောက် ရုတ်ချည်းဆိုသလိုပင် မိုးများသည်းထန်စွာ ရွာကျလာသည်။ မိုးစက်မိုးပေါက်ကြီးများသည် မှန်ပြတင်းပေါက်ပေါ်သို့ ကျရောက်လျှက်ရှိသည်။ အိမ်အပြင်ဘက်ရှိ ငှက်ပျောရွက်များမှာလည်း မိုးရေစက်များကြောင့် သန့်ရှင်းစိုစွတ်ကာ စိမ်းလန်းနေကြပြီး ဘယ်ညာယိမ်းနွဲ့နေကြသည်။


မိုးကောင်းကင်သည် မည်းမှောင်နေလေသည်။ ထို့ကြောင့် မော့တိတစ်ယောက် မီးဖွင့်ရန်အသွား အိမ်အပြင်ဘက်မှ လျှပ်စီးတစ်ချက် လက်သည်ကို မြင်လိုက်ရသည်။


“တကယ်ကို မိုးသက်မုန်တိုင်းကျနေတာပဲ”


မော့တိက မီးခလုတ်ဖွင့်လိုက်သည်။ အပြင်ဘက်မှ လေဝင်နေသောကြောင့် ချမ်းစိမ့်စိမ့် အအေးဓာတ်ကိုခံစားရ၍ ပြတင်းပေါက်ကိုလည်း ပိတ်လိုက်သည်။


မုထျန်းဟန်နှင့် လိုင်သယ်စစ်တို့ ညဘက်အိမ်ပြန်လာကြသောအချိန်တွင် မိုးစဲသွားနိုင်သော်လည်း မိုးမိလာနိုင်သေးသည်။


ထိုအကြောင်းကိုတွေးမိပြီး မော့တိသည် မီးဖိုချောင်ထဲသို့ဝင်ကာ စွတ်ပြုတ်အိုးကို ထုတ်လိုက်သည်။ အိုးကို သန့်စင်ဆေးကြောပြီး ချက်ပြုတ်ရန်အတွက် ပြင်ဆင်လိုက်သည်။


စံထားရလောက်သည့်ရည်းစား၊ အကောင်းဆုံးသောချစ်သူတစ်ယောက် ဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချပြီးပြီ ဆိုမှတော့ဖြင့် ယုယကြင်နာမှုနှင့် ဦးစားပေးဂရုစိုက်မှုတို့ အထူးတလည် လိုအပ်နေပြီဖြစ်သည်။



မုထျန်းဟန်နှင့် လိုင်သယ်စစ်တို့ တစ်နေကုန် အလုပ်ရှုပ်နေကြသည်။ သူတို့အိမ်ပြန်ရောက်ကြသောအခါ ည(၁၂)နာရီပင် ကျော်နေလေပြီ။


“ဟား.... ဟပ်ချိုး”


တံခါးပေါက်က ဝင်လျှင်ဝင်ချင်း လိုင်သယ်စစ်တစ်ယောက် နှာချေလေတော့သည်။ သူ၏နှာခေါင်းကို သုတ်လိုက်ပြီးနောက် ကုတ်အင်္ကျီအစိုကို ချွတ်ကာ ချိတ်တွင် ချိတ်ထားလိုက်သည်။


“ဆိုးရွားလိုက်တဲ့ ရာသီဥတု။ မိုးရွာတဲ့နေ့တွေကို အမုန်းဆုံးပဲ။”


မုထျန်းဟန်မှာ နှာမချေသော်လည်း အအေးဓာတ်ကြောင့် သက်တောင့်သက်သာ မရှိသည့်ပုံပင်။ ညာဘက်စင်္ကြံလမ်းမှ မီးအလင်းရောင် မြင်နေရသေးသောကြောင့် တစ်ချက်ကြည့်ဖို့ သွားလိုက်သည်။


“ကိုကိုတို့ ပြန်ရောက်လာပြီပဲ”


အိမ်အပြင်က အသံဗလံကြားသောအခါ မော့တိတစ်ယောက် စာအုပ်ချပြီး ကွန်ပျူတာကို ပိတ်လိုက်သည်။ ကပျာကယာထွက်လာတာကြောင့် မျက်နှာချင်းဆိုင်ဘက်မှလာသည့် မုထျန်းဟန်နှင့် ဝင်တိုက်မိမလိုပင် ဖြစ်သွားရသည်။


“ဂရုစိုက်ဦးလေ”


မုထျန်းဟန်က မော့တိ၏ခန္ဓာကိုယ်ကို လှမ်းထိန်းပေးလိုက်ပြီး နွေးထွေးစွာပြောသည်။


“အိပ်ရာမဝင်သေးဘူးလား”


“ကျွန်တော်က ပုံမှန်ဆို ည(၁၂)နာရီအထိ စာပြန်ကြည့်တာ”


မုထျန်းဟန်၏လှမ်းဖမ်းခြင်းခံရလိုက်သောကြောင့် မော့တိတစ်ယောက် အနည်းငယ် ရှက်သွေးဖြာသွားသည်။ မီးရောင်အောက်တွင် သူ၏ပါးပြင်နှစ်ဖက်သည် သိသိသာသာပင် ပန်းနုရောင်သန်းနေသည်။


“ကိုကို ခဏစောင့်ဦး။ ကျွန်တော် မီးဖိုချောင်ထဲ ဝင်လိုက်ဦးမယ်”


ထို့နောက် မော့တိသည် မိးဖိုချောင်ထဲသို့ ပြေးထွက်သွားသည်။ မုထျန်းဟန်မှာတော့ အနည်းငယ် အံ့ဩမှင်တက်သွားသောကြောင့် နေရာမှာပင် တောင့်တောင့်ကြီး ရပ်နေမိလေသည်။


ကောင်လေးက... ရှက်သွားသည်လား။


သူ့ကိုကြည့်နေသည့် ကောင်လေး၏ပုံစံမှာ အတိတ်က သူ့ကိုပိုးပန်းသူတွေနှင့် တူနေသည်ဟု သူထင်မြင်မိသည်မှာ မီးရောင်ကြောင့်လား၊ သူ၏အမြင်အာရုံ ဝေဝါးသွားတာကြောင့်လားတော့ မသိပေ။ ထိုအကြည့်သည် သဘောကျနှစ်သက်ခြင်းများဖြင့် ပြည့်နှက်နေပြီး ရွှန်းစိုတောက်ပနေကြသည်။


ယင်းက ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။


သူက ကောင်လေးအပေါ်ကို ကြင်နာပြခဲ့မိ၍ ကောင်လေးဘက်က အလေးသာလာလျှင်တောင် ချစ်မြတ်နိုးခြင်းဆိုသော ဤအဆင့်ထိတော့ မဖြစ်သင့်ပေ။ ဒါမှမဟုတ်...


သူလုပ်ခဲ့တာတွေအားလုံးက မှန်ကန်တဲ့ဆုံးဖြတ်ချက် ဟုတ်ခဲ့ရဲ့လား။


“မုအာ၊ မင်း အဲဒီမှာ ဘာရပ်လုပ်နေတာလဲ။ တံခါးစောင့် လုပ်နေတာလား။”


လမ်းပေါ်တွင် မိခင်တစ်ယောက်က သူမ၏သားငယ်ကို ဤကဲ့သို့ပြောဆိုနေခြင်းကို လိုင်သယ်စစ် ကြားမိခဲ့ခြင်းဖြစ်သည်။ အတော်လေးစိတ်ဝင်စားစရာကောင်းသည်ဟု ခံစားမိ၍ ထိုကဲ့သို့အသုံးအနှုန်းကို ပြောဆိုရန်အတွက် တစ်နေကုန်လေ့ကျင့်ထားခဲ့သည်။


မုထျန်းဟန်က ခွန်းတုံ့မပြန်ဘဲ တစ်ဖက်လှည့်ကာ အဝတ်အစားလဲရန် ထွက်သွားသည်။


သူ ပြန်ထွက်လာသောအခါ မော့တိသည် ပန်းကန်လုံး(၂)ခုကို သယ်ထားကာ ထမင်းစားပွဲအလယ်တွင် ကြက်စွတ်ပြုတ်တစ်အိုးလည်း ရှိသည်။ သူသည် ပန်းကန်လုံး(၂)ခုကို ကြက်စွတ်ပြုတ် ခပ်ထည့်လိုက်ပြီး တစ်ပန်းကန်ကို လိုင်သယ်စစ်ဆီသို့ ပြုံးပြုံးလေးဖြင့် ကမ်းပေးလိုက်သည်။


Xxxxxxxx