အပိုင်း ၂၆
Viewers 28k

Chapter 26


မုထျန်းဟန်သည် ရုတ်ချည်းဆိုသလို ကသိကအောက်ဖြစ်သွားရသည်။ ကောင်လေးယူလာသော ကြက်စွတ်ပြုတ်ပန်းကန်ကို သူ အရင်ရသင့်သည် မဟုတ်ပေဘူးလား။


“အား တိုင်းရင်းရိုးရာဟင်းခတ်အမွှေးအကြိုင်တွေကို မုန်းတယ်”


လိုင်သယ်စစ်က သူ့ကိုပဲ နှိပ်စက်နေသယောင် အလန့်တကြား ထအော်လေသည်။ တစ်ချိန်တည်းမှာပင် ကောင်ချောလေးနားက မခွာဘဲ သူ၏ပါးစပ်ကို လက်ဖြင့်ပိတ်ထားသည်။


“ညီလေး၊ မင်းကို အရမ်းသဘောကျပေမဲ့ ဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်တွေဆိုရင် ငါ လုံးဝကို သည်းမခံနိုင်ဘူး။ အား ငါ မသောက်ဘူး။”


“သိပ်ဂျီးများတာပဲ”


မုထျန်းဟန်က လိုင်သယ်စစ်ကို အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာ ကြည့်လိုက်သည်။ အနားရောက်လာပြီး သူ့ကိုလည်း တစ်ချက်ဖြတ်ရိုက်သွားသေးသည်။


“တိတ်တိတ်နေ”


လိုင်သယ်စစ်က ပြန်လည်ချေပပြောဆိုချင်သော်ငြားလည်း သူ့မှာ ပါးစပ်ဟလိုက်သည်နှင့် နှာထပ်ချေပြန်သည်။


“ဒါက ကြက်စွတ်ပြုတ်ပါ။ ဟင်းခတ်အနေနဲ့လည်း ဂျင်ဆင်းတစ်မျိုးတည်း နည်းနည်းပဲထည့်ထားတာ။ သောက်ရသိပ်မခက်ဘူး။ တကယ်ပြောတာပါ။”


မုထျန်းဟန် ချဉ်းကပ်လာသည်ကို မော့တိ မြင်လိုက်သောကြောင့် သူ့အတွက် နောက်တစ်ပန်းကန် အမြန်သွားထည့်ပေးလိုက်သည်။


မုထျန်းဟန်က မော့တိနှင့် ထမင်းစားခန်း၏သလင်းကျောက်မီးဆိုင်းအောက်တွင် တောက်ပလင်းလက်နေကြသော မျက်ဝန်းတစ်စုံကို လှမ်းကြည့်လိုက်သည်။ သူငယ်အိမ်နက်နက်လေးများသည် စမ်းရေတွင်းလေးများကဲ့သို့ တောက်ပရွှန်းစိုနေကြသည်။ မျက်တောင်ရှည်ရှည်များနှင့် အနည်းငယ်ကော့တက်သွားသည့် မျက်ဝန်းအိမ်ထောင့်လေးသည် မီးရောင်အောက်တွင် မှိုင်းမှုန်ရီဝေနေသည်။ မှင်နက်ဖြင့်စုတ်ချက်ဆွဲထားသကဲ့သို့ မျက်ခုံးတစ်စုံပါ ပေါင်းစည်းလိုက်သောအခါ လှပြီးသားရှုခင်းတစ်ခုကို မျက်စိကျိန်းလောက်သည့် ဇာပဝါပါးဖြင့် တန်ဆာဆင်လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေလေသည်။


လူသွားစင်္ကြံလမ်းတွင် သူ မျက်မြင်ကြုံတွေ့လိုက်ရသည့် ချစ်ရည်ရွှန်းသောအကြည့်လေးမှာ ပျောက်ကွယ်သွားပြီး ယခုတစ်ခေါက် အကြည့်တွင်တော့ ပထမဆုံးကြိတ်ကြွေရသူ သို့မဟုတ် ထို့ထက် အနည်းငယ်ပိုသူကို ကြည့်သည့်ပုံစံမျိုးဖြစ်ကာ ငယ်ရွယ်နုပျိုပြီး ရိုးသားဖြူစင်သည့် ခံစားချက်များကဲ့သို့သော အတောမသတ်နိုင်သည့် မျှော်လင့်ချက်များနှင့် အာရုံစူးစိုက်မှုတို့ အစားထိုးဝင်ရောက်နေကြသည်။


မုထျန်းဟန်သည် ရုတ်တရက်ဆိုသလို ထူးထူးခြားခြား ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဤတစ်ခေါက် ကောင်လေးကို ကူညီသည့်အခါတွင် အတူနေရန်အတွက် အိမ်အထိပါ ခေါ်လာခဲ့မိသည်။ သူသည် ဒီကောင်လေး၏ရိုးရိုးသားသားခံစားချက်ကို နက်ရှိုင်းသောခံစားချက်များအဖြစ်သို့ ပြောင်းလဲသွားအောင် လှုံ့ဆော်မိသွားသည်လား။ ဤအခြင်းအရာမှာ သူ၏ရည်ရွယ်ချက် မဟုတ်ပေ။ သို့သော် ယခုကဲ့သိုအခြေအနေအထိ ရောက်လာခွင့်ပြုခဲ့သည့် သူကိုယ်တိုင်သည်လည်း တစ်စိတ်တစ်ဒေသအားဖြင့် တာဝန်ရှိသည်ဆိုသည်ကို ဝန်ခံရပေမည်။


 


ဒီထက်ပိုသည်က သူ အတော်လေးပျော်နေသည်ကို မငြင်းနိုင်ပေ။ အထူးသဖြင့် ထိုကောင်လေးက သူ့ကို ထိုကဲ့သို့မျက်နှာထားဖြင့် ကြည့်နေသောအခါတွင် သူ၏နှလုံးခုန်မြန်လာသည်ကို မထိန်းချုပ်နိုင်ပေ။


အရင်တည်းက အတူခေါ်နေခိုင်းသည့် လိုင်သယ်စစ်၏အကြံပေးချက်အပေါ် သုံးသပ်ခဲ့ဖူးသည့် သူ၏ထင်ကြေးသည် အမှန်တကယ်ဖြစ်လာသည့်ပုံပေါ်သည်။ သူတို့အတူနေလိုက်သည်နှင့် တချို့သောအရာများသည် ထိန်းချုပ်ရခက်လာပေလိမ့်မည်။


“ကိုကို ဘာဖြစ်လို့လဲ”


မုထျန်းဟန်က သူ့ကိုငြိမ်ငြိမ်ကြီးလုပ်ပြီး စိုက်ကြည့်နေသည်ကို တွေ့သွားသောအခါ မော့တိသည် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။


“ကိုကိုလည်း စွတ်ပြုတ်ကို မကြိုက်ဘူးလားဟင်”


“မဟုတ်တာ ကြိုက်ပါတယ်”


မုထျန်းဟန်တစ်ယောက် သူ၏အတွေးနယ်ထဲမှ ပြန်လည်ရုန်းထွက်လာပြီး မော့တိ၏လက်ထဲမှ စွတ်ပြုတ်ပန်းကန်ကိုယူကာ သုံးပုံတစ်ပုံလောက်ကို တစ်ကြိုက်တည်း သောက်လိုက်ချသည်။


စွတ်ပြုတ်ပူပူလေး၏အနံ့၊ အရသာမှာ ခံတွင်းတွေ့ဖွယ်ဖြစ်သည်။ အနွေးဓာတ်သည် သူ၏ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းစီးဝင်သွားပုံရပြီး အအေးဓာတ်ကို မောင်းထုတ်ပေးလိုက်သယောင်။ သက်တောင့်သက်သာမရှိသော စိုစွတ်စွတ်ခံစားချက်များပင် ပျောက်ကွယ်သွားသည်။


မုထျန်းဟန်က ဟင်းခနဲ သက်ပြင်းချလိုက်သည်။


“တော်တော် သောက်ကောင်းတာပဲ”


မော့တိတစ်ယောက် ပြုံးလိုက်မိသည်။ သူ၏ဘေးတွင်ထိုင်နေသော လိုင်သယ်စစ်သည် သံသယဝင်လာသည်။ စွပ်ပြုတ်အိုးထဲက တိုင်းရင်းဟင်းခတ်အမွှေးအကြိုင်များကို လှမ်းကြည့်လိုက်သည်။


“မင်း လိမ်နေတာပဲ။ အဲဒီထဲမှာ ဆေးတွေပါတဲ့ဟာကို ဘယ်လိုလုပ်ပြီး အရသာရှိမှာလဲ။”


ထို့နောက် သူသည် မော့တိကိုကြည့်ကာ ထိတ်ထိတ်ပျာပျာဖြင့် စကားပြင်ပြောလေသည်။


“ညီလေး စိတ်မဆိုးနဲ့နော်။ မင်း ချက်တာမကောင်းဘူးလို့ ပြောတာ မဟုတ်ဘူး။ အစ်ကိုက အခါးကြောက်လို့ပါ။”


“မခါးဘူး။ တကယ်ပါ။”


မော့တိတစ်ယောက် စိတ်မဆိုးမိပါ။ ပြုံးပြုံးလေးဖြင့်သာ စကားပြန်ပြောသည်။


“မခါးရုံတင် မဟုတ်ဘူး။ အရသာပါရှိတာ။ ဒီစွပ်ပြုတ်က သွေးလှည့်ပတ်နှုန်းနဲ့ ချီဓာတ်ကို အားကောင်းစေတယ်။ တကယ်ကောင်းတာပါ။”


လိုင်သယ်စစ်မှာတော့ ခေါင်းတခါခါ လည်တခါခါ လုပ်နေတုန်းပင်။ တိုင်းရင်းဟင်းခတ်အမွှေးအကြိုင်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ရုတ်တရက်ဆိုသလို အနံ့ပြင်းပြင်းတွေကိုသာ အမှတ်ရလာသည်။


သို့သော် တရုတ်ရိုးရာတိုင်းရင်းဆေးဝါးများသည် အတော်လေးကို အံ့ဖွယ်ကောင်းသည်ဟု ဝန်ခံရမည်။ ထိုဆေးများသည် အနောက်တိုင်းဆေးဝါးများနှင့်ပင် မပျောက်ကင်းနိုင်ခဲ့သော သူ၏လည်ချောင်းရောင်နာရောဂါကို အမြစ်ဖြတ်ပျောက်ကင်းအောင် စွမ်းဆောင်နိုင်ခဲ့သည်။


“မသောက်ချင်ဘူးဆိုလည်း ထားလိုက်စမ်းပါ။ သူ့ကို ခေါင်းထဲထည့်မနေနဲ့။”


မုထျန်းဟန်က သူ၏ပန်းကန်ထဲမှစွတ်ပြုတ်ကို လက်စသတ်လိုက်ပြီး နောက်တစ်ပန်းကန် သူ့ဘာသူထပ်ထည့်လိုက်သည်။ ဘာကြောင့်မှန်းရယ်မသိ စွတ်ပြုတ်သည် သောက်လေ အရသာရှိလေဖြစ်သည်။ သူ၏မိတ်ဆွေလေးသည် အချက်အပြုတ်လက်ရာ တကယ်ကောင်းသည်ပင်။


မော့တိတစ်ယောက် မဝံ့မရဲ ခေါင်းညိတ်ပြလိုက်ရသည်။ လိုင်သယ်စစ်က မသောက်ဘူးဟု ငြင်းဆန်နေသည်ကိုမြင်တော့ လက်ကျန်စွတ်ပြုတ်ရည်များကို သူပဲသောက်လိုက်သည်။


စွတ်ပြုတ်အနံ့ကို ရှူရှိက်မိသောအခါ လိုင်သယ်စစ်သည် သွားရည်တများများ ကျလာပြီး သူ၏ဗိုက်ထဲတွင်လည်း တဂွီဂွီ မြည်လာသည်။ သို့သော် စွတ်ပြုတ်အိုးထဲတွင်ရှိသော ဟင်းခတ်အမွှေးအကြိုင်များကို ကြည့်လိုက်မိချိန်တွင်တော့ သူ၏နှလုံးသားသည် တုန်ရီလာရသည်။ စိတ်ပျက်စရာကောင်းသည်ဟုသာ သူ့ကိုယ်သူ ပြောနိုင်တော့သည်။


“ဟင်းခတ်အမွှေးအကြိုင်တွေကို ဘယ်ကရတာလဲ”


လိုင်သယ်စစ်တစ်ယောက်‌ အော်ငိုချင်လာသည်။ စွတ်ပြုတ်ထဲတွင် ဟင်းခတ်အမွှေးအကြိုင်များသာ မပါခဲ့လျှင်တော့ဖြင့်...


“App တစ်ခုကနေ အော်ဒါမှာပြီး ဒီကို လာပို့ခိုင်းလိုက်တာလေ။ ဈေးလည်း သက်သာတယ်။”


မော့တိက ပြန်ပြောသည်။


မုထျန်းဟန်သည် မော့တိ၏ပြုံးယောင်သန်းနေသောမျက်ဝန်းများကိုကြည့်ရင်း စွပ်ပြုတ်ရည်ကို အချိန်ဆွဲသောက်ကာ အရသာခံနေလေသည်။ သူ၏နှလုံးသားလေး နူးညံ့နွေးထွေးသွားသည်။


သို့သော် တစ်ချိန်တည်းတွင်ပင် ကောင်လေးနှင့် ခပ်လှမ်းလှမ်းနေဖို့ရန်အတွက် သူ့ကိုယ်သူ ပြန်သတိပေးမိသည်။


မဟုတ်လျှင်တော့ သူသည် တိရိစ္ဆာန်သာသာလောက်သာ ကျင့်ဝတ်ရှိတော့မည်ဖြစ်သည်။


စွပ်ပြုတ်သောက်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ကြပြီး ကိုယ်လက်သန့်စင်ရန်အတွက် အလျှိုလျှိုထွက်သွားကြလေသည်။


မော့တိသည် ရေမြန်မြန်ချိုး၊ ရေမြန်မြန်သုတ်ကာ စဉ်းစားခန်းဖွင့်နေလေသည်။ နောက်ဆုံးတွင်တော့ လိုင်သယ်စစ်၏အခန်းတံခါးကို ခေါက်ရန် ဆုံးဖြတ်လိုက်သည်။


လိုင်သယ်စစ်သည် တံခါးဖွင့်ပြီး မော့တိကို တွေ့လိုက်သောအခါ အနည်းငယ် အံ့ဩမှင်သက်သွားသည်။ သို့သော် အားရပါးရ ပြုံးဖြဲပြလိုက်သည်။


“ညီလေး ဘာအကူအညီလိုလို့လဲဟင်”


မော့တိသည် အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်နေပြီး ခဏကြာတော့ စကားစပြောလာသည်။


“အစ်ကိုလိုင်သယ်စစ်၊ အစ်ကို့ကို ကျွန်တော် အကူအညီတောင်းစရာလေး ရှိလို့ပါ”


“ဘာလဲဟင်”


လိုင်သယ်စစ်က အင်တိုက်အားတိုက် မေးလိုက်သည်။


“ကျွန်တော် မေးချင်တာက... ကိုကိုမုထျန်းဟန် ဘယ်အစားအစာကြိုက်လဲဆိုတာ ခင်များ သိလားဟင်။ သူက ဘယ်လိုအရသာမျိုးကို သဘောကျလဲ။”


လိုင်သယ်စစ်၏တက်ကြွနေသောစိတ်ဓာတ်တို့ကို ရုတ်ချည်းဆိုသလို မနာလိုစိတ်တို့က လုယက်နေရာယူလိုက်ကြသည်။


“ညီလေး၊ မင်း တကယ်ကြီး... အဟွတ် အဟွတ် မုထျန်းဟန်ကို ကြိုက်နေတာလား”


လိုင်သယ်စစ်က ဟန်မဆောင်နိုင်တော့ဘဲ ထုတ်မေးလိုက်မိသည်။


မော့တိတစ်ယောက် အကျပ်ရိုက်သွားသည်။ ရှက်ရွံ့မှုတို့ဖြင့် သူ၏ခေါင်းကိုငုံ့ချလိုက်ပြီး လိုင်သယ်စစ်၏အမေးကို ပြန်ဖြေလိုက်သည်မှာကား...


“အင်း”


“သေစမ်း”


လိုင်သယ်စစ်သည် မုထျန်းဟန်ကို ရိုက်နှက်ချင်လာလေပြီ။ လူအများစုသည် သာမန်မဟုတ်သော အတ္တသမား မုထျန်းဟန်ကိုသာလျှင် အဘယ်ကြောင့် သဘောကျကြပါသနည်း။ လူများသည် အပြင်ပန်းရုပ်ရည်သွင်ပြင်ကိုသာ ကြည့်ကြပြီး အတွင်းစိတ် လှလှလေးကို အဘယ်ကြောင့် ကျော်မကြည့်နိုင်ကြပါသနည်း။ ဥပမာ သူ့လိုလူမျိုးပေါ့။ သူသည် ချစ်ချင်စဖွယ် ရုပ်ရည်သန့်ပြန့် ဉာဏ်ထက်မြက်သောသူ ဖြစ်သည်။


သို့သော် သူ့အစ်ကိုကို တစ်ပတ်ရိုက်သည့်အလုပ်မျိုးကိုတော့ဖြင့် သူ မလုပ်ပေ။ ထို့အပြင် သူသည် ဒီ ညီချောချောလေးကို သဘောကျ၊ ရင်းနှီးချစ်ခင်ပြီး ကရုဏာသက်မိသည့် ခံစားချက်များသာရှိသည်။ တခြားသော မဟုတ်မဟတ်အတွေးမျိုး မရှိချေ။


“သူကြိုက်တဲ့အစားအစာတွေက အများကြီးပဲ။ ပင်လယ်စာတို့၊ ချောကလက်တို့၊ ဪ ပြီးတော့ ဟွာရှားကို ရောက်လာပြီးမှဆို ကျောက်ပုစွန်အစပ်ဟင်းတို့ပေါ့။ ဝက်ကလီစာအစပ်ချက်တို့၊ ကြက်အစပ်ချက်တို့... အစုံပါပဲ။”


လိုင်သယ်စစ်က ဟင်းပွဲအမည်အချို့ကို စာရင်းထုတ်ပေးနေလေသည်။


“စပ်တဲ့ဟင်းအများစုဆို အကုန်ကြိုက်တယ်။ အိုက်ယား တကယ်တော့ ငါလည်း အဲဒီလောက်ထိ တိတိကျကျကြီး မသိဘူးကွာ။”


မော့တိသည် လိုင်သယ်စစ်ပြောသမျှကို အတည်ပေါက်ကြီး ချမှတ်ရေးနေလေသည်။ ထို့နောက် မော့တိက ကျေးဇူးတင်စွာဖြင့် ပြောသည်။


“ကျေးဇူးတင်ပါတယ် အစ်ကိုလိုင်သယ်စစ်။ ကျွန်တော် နောက်ထပ် တောင်းဆိုစရာတစ်ခု ရှိပါတယ်။ ကျွန်တော် အခုလို လာမေးတာကို လျှို့ဝှက်ထားပေးလို့ ရနိုင်မလားဟင်။”


“ကိစ္စမရှိပါဘူး”


လိုင်သယ်စစ်က ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပြန်ဖြေသည်။


လိုင်သယ်စစ်သည် အခန်းတံခါးကို ပိတ်ပြီးသည်နှင့်တစ်ပြိုင်နက် အိပ်ရာဘေးသို့ ကမန်းတတန်းသွားကာ သူ၏ဖုန်းကိုကောက်ကိုင်လိုက်ပြီး မုထျန်းဟန်ထံသို့ ဖုန်းခေါ်လိုက်သည်။


“ဟယ်လို ငါ့လခွီး... အခုလေးတင် ညီလေးက ငါ့ကို ဘာလာမေးလဲ သိလား”


(TN: လိုင်သယ်စစ်ကို မည်သူမျှ လျှို့ဝှက်ချက် ထုတ်မပြောပြသင့်ပါ။ တစ်မိနစ်တောင် မခံပေ။)


“ဘာလဲ”


မုထျန်းဟန်က ခပ်ပြတ်ပြတ်ပင် မေးသည်။


“ငါ မင်းကို အရင်ဆူဦးမယ်။ သားရဲအိုကြီး”


လိုင်သယ်စစ်က အထေ့အငေါ့လေးဖြင့် စကားစလိုက်သည်။


“ပေါက်ကရတွေ ပတ်ပျိုးမနေနဲ့။ လိုရင်းကိုပြော မဟုတ်ရင်တော့ ကိုယ့်အကြောင်းနဲ့ကိုယ်နော်။”


မုထျန်းဟန်က ဘဝင်မကျစွာပြန်ပြောသည်။


“ဘာပဲဖြစ်ဖြစ်ကွာ။ ရိုက်နှက်ရုံကလွဲလို့ မင်း ငါ့ကိုဘာလုပ်နိုင်မှာမလို့လဲ။”


လိုင်သယ်စစ်သည် သေမတတ် မနာလိုဖြစ်သည့်ကြားက သေမတတ်ပါ ဒေါသထွက်သွားရ၏။


“အဲဒီလိုလား”


မုထျန်းဟန်၏အသံသည် ပုံမှန်ပင်။


“ငါ မင်းကိုပေးမယ်လို့ ကတိပေးထားတဲ့ လစာနဲ့ ရှယ်ယာတွေအပြင် ငါ မှတ်မိပါသေးတယ် Rolls Royce တစ်စီး၊ Porsche တစ်စီး၊ ကယ်လီဖိုးနီးယား အပန်းဖြေအိမ်တစ်လုံး ပြီးတော့...”


မုထျန်းဟန်က ပေါ့ပေါ့ပါးပါးပင် ပြောသည်။


“တော်လိုက်တော့။ ငါ မှားသွားပါတယ်။ အမှားလုပ်မိတာ သိပါပြီ။


လိုင်သယ်စစ်သည် ချက်ချင်းဆိုသလို ကြားဖြတ်ဝင်ပြောကာ တစ်ဆက်တည်းဆိုသလိုပင် မျက်နှာချိုသွေးရင်း ပြောလိုက်သည်။


“အိုက်ယား ငါတို့က ညီအစ်ကိုကောင်းတွေပဲ။ ငါ့ရဲ့အစ်ကိုကို ဖြစ်ပျက်ခဲ့သမျှ ပြန်ပြောပြရမှာ ငါ့တာဝန်ပဲပေါ့။”


“စောနလေးတင် သူငယ်လေး ရောက်လာပြီး မင်း ဘာကြိုက်တတ်လဲ၊ ဘယ်လိုအရသာမျိုး စားရတာ သဘောတွေ့လဲဆိုတာတွေ လာမေးသွားတယ်။ ပြီးတော့ မင်းကို ပြန်မပြောဘဲ လျှို့ဝှက်ထားပေးပါဆိုပြီး ပြောသွားသေးတယ်။”


လိုင်သယ်စစ်က မကြည်မသာပြောသည်။


“မုအာ၊ ကြည့်ရတာ ကောင်လေးက မင်းကို တကယ် သဘောကျနေတဲ့ပုံပဲ။ အတည်ပေါက်ကြီးနဲ့နော်။ ငါ ပေါက်ကရလေးဆယ် လျှောက်ပြောနေတာ မဟုတ်ဘူး။ ထင်ယောင်ထင်မှား ဖြစ်နေတာလည်း မဟုတ်ဘူး။”


တစ်ဖက်မှ မုထျန်းဟန်ကတော့ စကားပြန်မရချေ။


“မုအာ မင်း ဘာလို့ စကားပြန်မပြောတာလဲ။ အရမ်းပျော်သွားလို့လား... ဟင်။ ဒါပေမဲ့ သူက မင်းကို အတည်ကြိုက်နေတယ်ဆိုရင်တောင် မင်းဘက်က အကွက်ရွှေ့လို့ရတယ်ဆိုတဲ့သဘော မဟုတ်ဘူးနော်။ သူက အခုမှ (၁၇)နှစ်ပဲ ရှိသေးတယ်။ မင်းဘက်က အေးအေးဆေးဆေးနဲ့ လွှတ်ထားပေးလိုက်သင့်တယ်။ မဟုတ်ရင်တော့ မင်းက တကယ်ကို သားရိုင်းတစ်ကောင် ဖြစ်သွားပြီ။”


“သိပါတယ်ကွာ”


“ချီးကို သိပါတယ်ကွာ လုပ်နေလိုက်... နေစမ်းပါဦး”


ရုတ်တရက်ဆိုသလို လိုင်သယ်စစ်သည် စကားစပြတ်သွားပြီး တစ္ဆေသရဲကို မြင်လိုက်သလို အကြည့်မျိုးဖြင့်...


“မုအာ၊ မင်း-မင်းဘက်ကလည်း... ကောင်လေးကို သဘောကျ...”


“မင်း အတွေးလွန်နေပြီ”


မုထျန်းဟန်က ငြင်းလိုက်သည်။


မုထျန်းဟန်သည် လိုင်သယ်စစ်ကို လိမ်ညာငြင်းဆိုနိုင်သော်လည်း ဂနာမငြိမ်ဖြစ်နေသော သူ၏စိတ်ကိုတော့ အပြည့်အဝ မသိကျိုးကျွန် မပြုနိုင်ပေ။


“ကောင်လေးကို တကယ်မကြိုက်ဘူးလား”


လိုင်သယ်စစ်က သံသယဝင်နေလေသည်။


“လိမ်ပြောနေတယ် ထင်လို့လား”


မုထျန်းဟန်၏လေသံသည် ပို၍ပင် လေးလံသွားသည်။


“မင်းကို ပါးစပ်ပိတ်ထားဖို့ သတိပေးလိုက်မယ်နော်။ ဒီကိစ္စကို မင်း ငါ့ကိုလာပြောလို့ရပေမဲ့ ကောင်လေးက မကြာခင်ပဲ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရတော့မယ်။ မင်းရဲ့ မဟုတ်တရုတ်ဇာတ်လမ်းတွေက သူ့အပေါ်ကို ဆိုးကျိုးသက်ရောက်စေလိမ့်မယ်။ နားလည်လား။”


“အေးပါ ငါ သဘောပေါက်ပါတယ်။ သူ့ရှေ့မှာ ဘာမှမပြောပါဘူးကွာ။”


လိုင်သယ်စစ်က ချက်ချင်း ပြန်ပြောသည်။


“ဒါပေမဲ့... မင်း တကယ်ပဲ ကောင်လေးအပေါ်ကို ခံစားချက် မရှိတာလား။ ငါ မင်းကို မယုံဘူးနော်။”


“မယုံစရာ ဘာရှိလို့လဲ"


မုထျန်းဟန်၏အသံသည် အေးစက်နေသည်။


“ငါက အမြဲတမ်း တည်ငြိမ်ရင့်ကျက်တဲ့ပုံစံမျိုးကိုပဲ သဘောကျခဲ့တာ။ ဒီလိုပုံစံမျိုးကတော့ ငါ့အတွက် ကလေးသာသာပဲရှိတယ်။”


“ချီး”


လိုင်သယ်စစ်သည် သူ၏အမြင်မကြည်မှုကို ရုတ်ချည်းဖော်ပြသည်။


“အဲဒီလိုလား။ ဒါဆို အဲဒီ ‘တည်ငြိမ်ရင့်ကျက်တဲ့ပုံစံ’ တွေနဲ့တွဲတာ ဘာလို့ သုံးလလောက်ပဲခံလဲ။”


“တည်ငြိမ်ရင့်ကျက်မှုက ပထမဦးစားပေး သတ်မှတ်ချက်ပဲ။ စိတ်ရင်းဓာတ်ခံတို့ အကျင့်စရိုက်တို့နဲ့လည်း ပူးတွဲကြည့်ရသေးတာပေါ့။”


“ဟုတ်နေဦးမယ်။ အဓိပ္ပာယ်မရှိတာတွေလုပ်လည်း ဆင်ခြေဆင်လက်တွေကတော့ ပေးနေတာပဲ။”


“အိုး ငါပြောတာ မှန်တယ်မလား”


လိုင်သယ်စစ်က သူ့ဘာသူပြောရင်း စိတ်လှုပ်ရှားစွာ ထအော်နေလေသည်။


Xxxxxxxx