အပိုင်း ၂၇
Viewers 28k

Chapter 27


မုထျန်းဟန်သည် လိုင်သယ်စစ်ပေးသော စိတ်အနှောင့်အယှက်ဒဏ်ကို မခံချင်တော့ပေ။


“ဒီရက်ပိုင်း အလုပ်များရင် ည(၁၂)နာရီ နောက်ပိုင်းမှ အိမ်ပြန်ရောက်မယ်။ အလုပ်မများရင်လည်း ည(၁၂)နာရီ မထိုးမချင်း အိမ်မပြန်ဘူး။”


မုထျန်းဟန်သည် ထိုကဲ့သို့ပြော၍သာ စကားစဖြတ်လိုက်သည်။


“ဟမ်”


“မင်းက ကောင်လေးကို ရှောင်မလို့လား”


လိုင်သယ်စစ် အံ့အားသင့်သွားသည်။


“ရှောင်တယ်လို့လည်း မဟုတ်ပါဘူး။ ငါက သူ့ကို အာရုံမပျက်စေချင်ရုံပါ။ အခုချိန်မှာ သူ့အတွက်က စာလုပ်ဖို့ပဲ ပိုအရေးကြီးတာလေ။ ငါတို့က သူ့ကို အမှန်တကယ် အကူအညီပေးချင်တယ်ဆိုမှတော့ ဒီလို ကျဉ်းထဲကျပ်ထဲအခြေအနေမှာ သူ့ကို နောက်ဆံတင်းအောင် မလုပ်သင့်ဘူး။”


မုထျန်းဟန်က ပေါ့ပေါ့ပါးပါးပဲ ပြောပြီးဖုန်းချလိုက်သည်။


စောနက သူပြောလိုက်သည့်စကားများသည် သဘာဝကျပြီး ယုတ္တရှိပုံရသော်လည်း ကောင်လေးနှင့် ခပ်ခွာခွာ နေဖြစ်ရန်အတွက် ကြိုးစားခြင်းဖြစ်ကြောင်းကိုတော့ သူ၏စိတ်ထဲတွင် သိနေလေသည်။ ဤကဲ့သို့လုပ်ရခြင်းသည်လည်း သူ၏ရင်ထဲတွင် ဆူးတစ်ခက် ရှိနေခြင်းကြောင့်ပင်။


ကောင်လေးအပေါ်ထားရှိသည့် သူ၏ခံစားချက်များ မနက်ရှိုင်းခင်၊ အခြေအနေတွေ ထိန်းသိမ်းလို့ရနိုင်သည့်အချိန်တွင် တတ်နိုင်သမျှ ကောင်လေးကို ရှောင်နေရမည်။ သူ သားရဲတစ်ကောင်အဖြစ်သို့ အမှန်တကယ်... ပြောင်းလဲသွားမည်ကို စိုးရိမ်သောကြောင့်ပင် ဖြစ်သည်။


မုထျန်းဟန်ကို မြင်တွေ့ရဖို့ တဖြည်းဖြည်း ခက်ခဲလာသည်ကို မော့တိ သတိထားမိလာသည်။ အစောပိုင်း မနက်စာ အတူစားရသည့်အချိန်ကလွဲ၍ တစ်နေကုန် မုထျန်းဟန်ကို မတွေ့ရတော့ပေ။ သူ စာလုပ်မလုပ်စစ်ဆေးဖို့ ဖုန်းတောင် မခေါ်သလောက်ပင်။ ညဘက်ဆိုလည်း သူ အိပ်ပျော်သွားသည့်တိုင် မုထျန်းဟန်မှာ အိမ်ပြန်ရောက်မလာသေးပေ။


အစပိုင်းတွင် မော့တိသည် များများစားစား မတွေးမိပေ။ (၅/၆)ရက်ကြာလာသောအခါ တစ်ခုခု လွဲနေပြီဆိုတာကို သူ သတိထားမိလိုက်သည်။


သို့သော် အသေအချာ စိစစ်သုံးသပ်ကြည့်လိုက်ပြီးနောက် မော့တိ မအံ့ဩတော့ပါ။ မုထျန်းဟန်ဘက်က သူ့ကို တမင်ရှောင်နေသည်ဆိုတော့ သူ၏ချဉ်းကပ်မှုသည် အနည်းငယ် သက်ရောက်မှုရှိကာ သူ့အပေါ်ကိုလည်း အပြည့်အဝ စိတ်မဝင်စားခြင်း မဟုတ်ကြောင်း သိသာထင်ရှားသည်။


မော့တိတစ်ယောက် သူ၏စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။ အားလပ်ချိန်တွင် သူတို့နှစ်ယောက်၏ဆက်ဆံရေးကို ပို၍နက်ရှိုင်းစေမည့် ချဉ်းကပ်နည်းလမ်းများကို အကြံထုတ်သည်။ ကျန်သည့်အချိန်ကိုတော့ စာလုပ်ခြင်းနှင့် မော့မိသားစုကို မည်သို့မည်ပုံ မျက်ခွက်ဖြတ်ရိုက်ရမည်ဆိုသည့်အစီအစဉ်ကို အကွက်ချခြင်းဖြင့်သာ ကုန်ဆုံးသည်။


မော့မိသားစုဆိုမှ ကျောင်းဟစ်တိုင်တွင် မြင်လိုက်ရသည့် သူ စာခိုးချသည်ဆိုသည့် ကောလဟာလတစ်ခုအကြောင်း မော့တိ တွေးလိုက်မိသည်။ ဘယ်လောက် နှလုံးနာစရာကောင်းလိုက်သလဲ။


သို့သော်လည်း ဒါမျိုးတွေသည် သူ့အတွက် ရိုးနေပါပြီ။ ပြောင်းပြန်ဆိုရလျှင် မော့မိသားစုနှင့် မော့လျှိုကွေ့တစ်ယူသန်တို့ဘက်က တစ်ခုခု မလှုပ်ရှားဘူးဆိုမှသာ သံသယဝင်ဖွယ် ကောင်းပေလိမ့်မည်။


အဲဒီပို့စ်တွေကို သူ ဘာလို့ မဖျက်ရလဲဆိုသည့် အကြောင်းရင်းမှာတော့ ထိုပို့စ်များသည် သူ့အတွက် အသုံးဝင်နေသေးသောကြောင့် ဖြစ်သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းအနည်းငယ် ကုန်ဆုံးသွားကြသည်။ ထိုနေ့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် တစ်ရက်အလို နေ့လယ်ခင်းတွင် ဖြစ်သည်။ စာမေးပွဲဖြေခွင့်ကတ် ယူရန်အတွက် မော့တိတစ်ယောက် နှာခေါင်းစည်းတပ်ကာ တက်ကြွသွက်လက်စွာ ထွက်သွားသည်။


ကံမကောင်းစွာပင် ကျောင်းဂိတ်ဝက ထွက်လာသည့်အချိန်တွင် မော့လျှိုကွေ့၊ မော့ဝုဟန်တို့နှင့် ဆုံလေသည်။


မော့ဝုဟန်သည် မော့တိကို တွေ့သည်နှင့် ဒေါသူပုန်ထတော့သည်။ မော့တိဆီကို အပြေးသွားပြီး သင်ခန်းစာကောင်းကောင်း ပေးတော့မည့်ဆဲဆဲတွင် မော့လျှိုကွေ့၏ တားဆီးခြင်းကို ခံလိုက်ရသည်။


“ပဉ္စမအစ်ကို ဒေါသမထွက်ပါနဲ့။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့နော်။ မဟုတ်ရင် ညီမတို့ ရှောင်တိကို အိမ်ပြန်ခေါ်ဖို့ စည်းရုံးနိုင်မှာ မဟုတ်ဘူး။”


ထိုသို့ပြောပြီးနောက် မော့လျှိုကွေ့က မော့တိကို ပြုံးပြသည်။


“ရှောင်တိ၊ မနက်ဖြန်ဆို စာမေးပွဲဖြေရတော့မယ်နော်။ စာတွေကျက်ရတာ အဆင်ပြေရဲ့လားဟင်။”


“ပြေတယ်”


မော့တိက ခေါင်းသာညိတ်ပြပြီး လှည့်ထွက်လာခဲ့လိုက်သည်။


မော့တိတစ်ယောက် ထိုကဲ့သို့ ထွက်သွားလိမ့်မည်ဟု မော့လျှိုကွေ့ မျှော်လင့်မထားခဲ့ပေ။ ရုတ်ချည်းဆိုသလို သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှု၊ မကျေနပ်ချက်တို့ဖြင့် အရောင်ဟပ်သွားပြီး သူမ၏အပြုံးမှာလည်း အေးခဲတောင့်တင်းသွားသည်။


သူမဘဝတွင် တစ်ခါမှ ဤကဲ့သို့ အပြောမခံခဲ့ရဖူးပါ။ သူမ၏မျက်လုံးများသည် မချုပ်တည်းနိုင်စွာ မျက်ရည်စများဖြင့် စိုစွတ်လာကြသည်။


“ရှောင်တိ၊ နင် ငါတို့နဲ့ အိမ်ပြန်မလိုက်ဘူးလား။ နင့်အတွက်ကြောင့်နဲ့ အမေနဲ့အဖေ အိပ်မပျော်၊ စားမဝင်ကြဘူး။ အိမ်ကလူတွေအားလုံးလည်း နင့်ကို စိုးရိမ်နေကြတယ်။ နင် လုံးဝ ဂရုမစိုက်ဘူးလား။”


မော့လျှိုကွေ့က သူမ၏လေသံကို မြှင့်ပြီးပြောလိုက်သည်။


“ဒါမှမဟုတ် နင်က ငါ့ကိုမုန်းနေတယ်ဆိုတဲ့ အင်တာနက်ပေါ်က ပေါက်ကရသတင်းတွေကြောင့်လား။ အဲဒါကြောင့် အိမ်ပြန်လိုက်ဖို့ ငြင်းနေတာလား။”


မော့လျှိုကွေ့၏ နီရဲရဲမျက်လုံးများကို မြင်လိုက်သောအခါ ယခင်တည်းကမှ ဒေါသခိုးဝေကာ ပညာပြချင်နေသော မော့ဝုဟန်သည် သည်းမခံနိုင်သော အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ လျှပ်တပြက်အတွင်းမှာပင် မော့တိဆီသို့ တဟုန်ထိုးပြေးဝင်သွားပြီး သူ၏ညာလက်သီးကို မော့တိ၏ညာမျက်လုံးဆီသို့ ချိန်ရွယ်လိုက်သည်။


ရုတ်တရက်ပင် မော့တိသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ နောက်ပြန်လှည့်ပြီး ဝင်ရောက်လာသော မော့ဝုဟန်၏ထိုးချက်ကို ဆုတ်ခွာရှောင်တိမ်းလိုက်သည်။ နောက်တစ်ကွက်တွင် မော့တိသည် မော့ဝုဟန်၏ဒူးခေါင်းကို အားပါပါဖြင့် တစ်ချက်ကန်ထည့်လိုက်ပြီး ထိုသူ၏ပုခုံးကိုဆုပ်ကိုင်ကာ မြေကြီးပေါ်သို့ ပစ်လှဲချလိုက်သည်။


မော့ဝုဟန်သည် မျက်နှာဖြင့် ခပ်နာနာကျပြီး မြေကြီးနှင့် နှာခေါင်း ဆောင့်မိပြီး ဂျွတ်ခနဲပင် အသံထွက်လာသည်။


“အား ___”


မော့ဝုဟန် နာကျင်မှုကြောင့် မျက်လုံးများပင် ပြာဝေသွားခဲ့ရသည်။


မော့လျှိုကွေ့ ကြက်သေသေကာ ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေမိသည်။ မော့ဝုဟန်က မော့တိ၏ရိုက်နှက်ခြင်းကို ခံရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သတိပြန်ဝင်လာချိန်တွင် မော့ဝုဟန်ဆီသို့ အပြေးသွားသည်။


“ရှောင်တိ၊ နင် ဒါ ဘာလုပ်တာလဲ။ အစ်ကိုကို ပြန်ခံလုပ်ရသလား။ နင်က တကယ်ကို အကြင်နာတရား မရှိတာပဲ။”


မော့လျှိုကွေ့က စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလေသည်။


“မမ၊ သူ့ကို အရင်ဆုံး ကူညီလိုက်ပါဦးတော့လား”


မော့တိသည် သူ၏နှာခေါင်းစည်းကို နေသားတကျ ပြန်လည်ပြင်ဆင်လိုက်ပြီး မော့လျှိုကွေ့ ဗျာများနေချိန်တွင် သူ၏ခြေတံရှည်များဖြင့် ခပ်သွက်သွက်လှမ်းကာ လမ်းမတစ်ဖက်ခြမ်းတွင် ပါကင်ထိုးထားသော တက္ကစီကားပေါ်သို့ အပြေးတစ်ပိုင်း သွားတော့သည်။ ကားပေါ်သို့တက်ပြီး ဒရိုင်ဘာကို မြန်မြန်မောင်းရန် ပြောလိုက်သည်။


မော့တိ ကျောင်းရောက်လာစဉ်အချိန်တည်းက လိုရမယ်ရ ကြိုတင်ခေါ်ထားခဲ့သော တက္ကစီဒရိုင်ဘာသည် လီဗာကိုနင်းကာ အရှိန်တင်‌ မောင်းထွက်သွားခဲ့လေသည်။


မော့တိ နှာခေါင်းစည်းကို ဆွဲချလိုက်ပြီး သူ၏မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ပွင့် ထင်ဟပ်နေလေသည်။ သူ၏ဖုန်းကို လော့ခ်ဖြည်ဖွင့်လိုက်ပြီး မှတ်စုထဲဝင်ကာ အချက်တစ်ချက်ကို မျဉ်းခြစ်ချလိုက်သည်။


သူ၏အတိတ်ဘဝတွင် မော့ဝုဟန်သည် နိုင်ငံတကာမော်ဒယ်ပြိုင်ပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ မော့မိသားစု၏ မျိုးရိုးအဆင့်အတန်း၊ ကျောထောက်နောက်ခံတို့နှင့် သူ၏ချောမောခန့်ညားသော ရုပ်ရည်ရူပကာ၊ တောင့်တင်းဖြောင့်စင်းသော ခန္ဓာကိုယ်အချိုးအစားတို့ပါ ပေါင်းစပ်လိုက်လျှင် မော့ဝုဟန်သည် လူရွေးပွဲကအစ ဗိုလ်လုပွဲအဆုံး မြန်မြန်ဆန်ဆန်ပင် ကျော်ဖြတ်သွားနိုင်ခဲ့သည်။ သည့်နောက်တွင် အနုပညာလောကထဲသို့ ဝင်ရောက်လာကာ နိုင်ငံအနှံ့က မရေမတွက်နိုင်သော မိန်းကလေးပရိတ်သတ်များ၏ အရူးအမူးနှစ်သက်အားပေးမှုကို ရရှိခဲ့ပြီး ဟွာရှား၏လူသိအများဆုံး အမျိုးသားမော်ဒယ်တစ်ယောက် ဖြစ်လာခဲ့သည်။


ကံဆိုးချင်တော့ မော်ဒယ်ပြိုင်ပွဲသည် နောက်သုံးရက်နေရင် စတင်မည်ဖြစ်ပြီး မော့ဝုဟန် ယခုလို နှာရိုးကျိုးကြီးနှင့်ဆိုလျှင်ဖြင့်...


တက်ရောက်ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။


မော့တိ စံအိမ်ကို ပြန်ရောက်ပြီး များမကြာမီတွင် မိုးများ ရွာချလာပြန်သည်။


နှစ်စဉ်နှစ်တိုင်း ကောလိပ်စာမေးပွဲ မတိုင်ခင် မိုးရွာတတ်ခြင်းသည် ထုံးစံတစ်ခုလိုပင် ဖြစ်နေသည့်ပုံပေါ်နေလေပြီ။


မိုးရွာသောနေ့ရက်များကို မော့တိ မနှစ်သက်ပါ။ သူ့အတိတ်ဘဝ၏ နောက်ဆုံးနှစ်ကာလများတွင် လေထန်သည့်နေ့ရက်တွေရော မိုးသည်းသည့်နေ့ရက်တွေမှာပါ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ ရရှိခံစားခဲ့ရသည်။ လျှပ်စစ်ရှော့ခ်တိုက်ခြင်း မခံရလျှင်တောင် မခံမရပ်နိုင်လောက်အောင် နာကျင်ခံစားခဲ့ရသောကြောင့် သူ၏ဘဝသည် နိဂုံးချုပ်နေပြီဟုပင် ထင်မှတ်ခဲ့မိသည်။


ထို့ကြောင့် သူ ပြန်လည်မွေးဖွားလာသည့်အချိန်မှစ၍ စွတ်ပြုတ်ရည် ပူပူလောလော သောက်ခြင်းကို သဘောကျမိခဲ့သည်။ သူ၏အရိုးအက်ကြောင်းများကို အပူဓာတ်၊ အနွေးဓာတ်တို့ဖြင့် ပြည့်ဝစေပြီး ကာကွယ်မှုပေးနိုင်သည့် ခံစားချက်မျိုး ပေးနိုင်သောကြောင့် ဖြစ်သည်။


သူသည် ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး ကြက်သား မကျန်တော့သည့်အတွက် တရုတ်အာလူးနှင့် ဝက်နံရိုးစွတ်ပြုတ် ချက်ဖို့အတွက်သာ ဆုံးဖြတ်လိုက်သည်။



ယနေ့တွင်တော့ မုထျန်းဟန်သည် အနည်းငယ် စောစီးစွာ ပြန်ရောက်လာခဲ့သည်။ အိမ်ပြန်ရောက်လာသောအချိန်သည် (၁၂)နာရီမထိုးမီ မိနစ်အနည်းငယ်အလိုဖြစ်ပြီး လက်ထောက်ကောင်းက ကူတွဲပေးလာရသည်။ သောက်စားမူးရူးပြီး ပြန်ရောက်လာသည်မှာ အသိသာကြီးပင်။


လိုင်သယ်စစ်မှာ မူးနေသော်လည်း လမ်းလျှောက်နိုင်သေးသည်။ သူသည် အိပ်ခန်းထဲမှထွက်လာသော မော့တိကိုမြင်လိုက်သောအခါ ကြောင်စီစီ ပြုံးပြပြီး “ယို” ဟု နှုတ်ဆက်ပြီး အလေးပြုပြသည့် ဟန်ပန်အမူအရာလုပ်ပြသည်။ ထို့နောက် သူ၏အိပ်ရာထဲသို့ တန်းကာ ခေါင်းထိုးဝင်သွားပြီး တုတ်တုတ်မျှမလှုပ်ဘဲ လဲသွားတော့သည်။



လက်ထောက်ကောင်းသည် မုထျန်းဟန်ကို ဆိုဖာပေါ်သို့ ကူတွဲပေးပြီး ရေနွေးတဘက် ယူပေးရန် ထွက်သွားသည်။ မုထျန်းဟန်သည် လက်ထောက်ကောင်းဆီမှ တဘက်ကိုယူပြီး ပြန်ခိုင်းလိုက်သည်။


မော့တိက တစ်ခုခုပြောချင်ပုံရသော်လည်း မုထျန်းဟန်က လက်ကာပြီး မျက်လုံးပြန်မှိတ်ကာ ဆိုဖာပေါ်တွင် လှဲချလိုက်သည်။ ကြည့်ရသည်မှာ မုထျန်းဟန်သည် အမူးလွန်နေပြီး သူ၏အိပ်ရာပေါ်တွင် သက်တောင့်သက်သာ ပြန်အိပ်ချင်သော်လည်း ဒုတိယထပ်သို့ သူ့ကိုကူတွဲကာ မည်သူ့ကိုမျှမတက်စေချင်သောကြောင့် ဧည့်ခန်းထဲက ဆိုဖာပေါ်တွင်သာ လှဲလျောင်းနေရခြင်း ဖြစ်သည့်ပုံပင်။


အရက်မူးနေသော အခြေအနေတွင်တောင် မုထျန်းဟန်သည် ‘မူးသည်’ ဆိုသော ဝေါဟာရ၏အစွန်းအထင်းကို မခံပေ။ သူ၏နှဖူးပြင်နှင့် ဆံပင်တို့သည် တောက်ပြောင်သပ်ရပ်နေကြသည်။ ရှင်းသန့်ပြတ်သားသောမျက်နှာသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း ကြည့်ကောင်းချောမောနေသေးသည်။ မီးအလင်းရောင်သည် သူ၏ဖြောင့်စင်းနေသောနှာခေါင်းနှင့် မျက်ခုံးထူထူနက်နက်တို့ပေါ်သို့ ဖြာကျနေပြီး မျက်တောင်ရှည်များအောက်တွင်တော့ အရိပ်ကျနေလေသည်။


မော့တိတစ်ယောက် ခဏတာ မတ်တပ်ရပ်ကာ မုထျန်းဟန်ကို ကြည့်ရှုခံစားပြီးနောက် ကျဲ့ကျို့*စွတ်ပြုတ် ချက်ရန်အတွက် ထွက်သွားသည်။


TN: အမူးပြေစွပ်ပြုတ်


မူရင်းကျဲ့ကျို့စွပ်ပြုတ် ပြုတ်နည်းကို သူ မသိသော်လည်း အလွယ်နည်းလမ်းကို သိထားသည်။ ဥပမာဆိုလျှင် သံပရိုသီးစိတ်အချို့လှီးပြီး ဆီးသီးနက်နှင့် ရှာလကာရည်ထဲသို့ ထည့်ရမည်။ ထို့နောက် ရေထည့်ကာ ဆူအောင်တည်ပြီး နောက်ဆုံးတွင်မှ ပျားရည်ထည့်ရမည် ဖြစ်သည်။


မော့တိ၏လှုပ်ရှားမှု မြန်ဆန်သောကြောင့် စွပ်ပြုတ်ကို (၁၀)မိနစ်မပြည့်ခင်တွင်ပင် ပြီးစီးလေသည်။ သို့သော် မော့တိ ဧည့်ခန်းသို့ပြန်ရောက်သောအခါ မုထျန်းဟန် အိပ်ပျော်နေသည်ကိုသာ မြင်လိုက်ရသည်။


မော့တိသည် ခတ္တခဏ ရပ်တန့်သွားပြီး ဆိုဖာခုံရှေ့ရှိ လက်ဖက်ရည်စားပွဲပေါ်သို့ စွတ်ပြုတ်ပန်းကန်ကို သွားတင်လိုက်သည်။ ထို့နောက် သူသည် စောင်အသေးတစ်ထည် သွားယူပြီး မုထျန်းဟန်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။


မုထျန်းဟန်ကို စောင်ခြုံပေးပြီးနောက် ထွက်သွားရမည့်အစား မော့တိသည် ဖြည်းဖြည်းချင်း ကိုယ်ကိုကွေးညွှတ်လာပြီး ဆိုဖာခုံဘေးတွင် ဟမ်းစတားပေါက်လေးတစ်ကောင်ကဲ့သို့ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။


သူသည် မုထျန်းဟန်ကို အချိန်တစ်ခုထိ ငေးကြည့်နေပြီး ငေးနေသည့်တစ်ချိန်လုံးတွင်လည်း သူ၏ပါးပြင်နှစ်ဖက်လုံးသည် ပန်းရောင်သန်းနေလေသည်။ နောက်ဆုံးတွင်တော့ သူ ဆုံးဖြတ်ချက်ချလိုက်သည်။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍ အားယူကာ မုထျန်းဟန်၏မျက်နှာပေါ်သို့ အနမ်းနုနုလေးတစ်ပွင့်ကို ဖြတ်ခနဲ ခြွေချလိုက်သည်။


ပြီးသည်နှင့် ချက်ချင်းပင် ဧည့်ခန်းထဲမှ ထွက်သွားတော့သည်။


စက္ကန့်အနည်းငယ်အကြာတွင် တည်တည်ငြိမ်ငြိမ် အသက်ရှူနေခဲ့သော မုထျန်းဟန်၏မျက်ခွံများ လှုပ်ရှားလာကာ မျက်လုံးများ ပွင့်လာသည်။


TN: မုထျန်းဟန်အတွက် အာနိသင်အပြင်းဆုံး အမူးပြေစွပ်ပြုတ်သည် မော့တိစွပ်ပြုတ် ဖြစ်မည်ထင်သည်။


 Xxxxxxxxx