အပိုင်း ၂၈
Viewers 28k

Chapter 28


မုထျန်းဟန်သည် သူ၏မျက်လုံးများကို အနည်းငယ်မှေးစင်းထားပြီး ဆိုဖာပေါ်တွင် လှဲ‌နေသည်။ ဆယ်မိနစ်လောက်သာ ကြာမည်။ လူသွားစင်္ကြံလမ်းဘက်မှ မော့တိ ပန်းကန်ခွက်ယောက်ဆေးကြောပြီး မီးမှုတ်လိုက်သည့်အသံကို ကြားမိသောအခါ မုထျန်းဟန်သူ၏ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ တည့်မတ်လိုက်သည်။


သူ လုံးဝအိပ်မပျော်ခဲ့ပေ။ သူ၏ခေါင်းသည် အလွန်တရာ မူးနောက်နေခဲ့ပြီး ထိုကောင်လေးကိုလည်း မည့်သို့မည်ပုံရင်ဆိုင်ရမည်ဆိုသည်ကို မသိသောကြောင့်သာ တစ်မှေးအိပ်ပျော်သွားဟန် အယောင်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကောင်ငယ်လေးဆီတွင် အနမ်းတစ်ပွင့်အခိုးခံလိုက်ရသည့် ဖြစ်စဉ်အစအဆုံးကို သူ အပြည့်အဝခံစားလိုက်ရမည်ဆိုသည်ကို မည်သူတွေးမိမည်နည်း။


စားပွဲပေါ်က ကြက်သီးနွေးစွပ်ပြုတ်ကိုကြည့်ရင်း စက္ကန့်အနည်းငယ် မတ်တပ်ရပ်နေလိုက်မိသည်။ နောက်ဆုံးတွင်တော့ စွပ်ပြုတ်ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။


ထို့နောက် သူ မီးများပိတ်ကာ အပေါ်ထပ်သို့ တက်သွားတော့သည်။


တစ်ခါမှ မခံစားခဲ့ဖူးသော စိတ်ရှုပ်ထွေးမှုတို့က သူ၏ခေါင်းထဲတွင် ဝင်ရောက်နေရာယူထားကြသည်။ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲသို့ သွားချင်သော်လည်း သူကိုယ်တိုင် မသိလိုက်ခင်မှာပင် သူ၏စာကြည့်ခန်းထဲရှိ ကွန်ပျူတာရှေ့တွင် ထိုင်မိလျက်သား ဖြစ်နေသည်။ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် လွန်ခဲ့သောမိနစ်(၃၀)က ဧည့်ခန်းထဲရှိ စောင့်ကြည့်ကင်မရာမှတ်တမ်း ပေါ်နေသည်။


ဟုတ်ပါသည်။ ဒုတိယထပ်နှင့် တတိယထပ်ရှိ အိပ်ခန်းများမှလွဲ၍ ပထမထပ်ရှိဧည့်ခန်းနှင့် ကျန်ရှိသော အခန်းတိုင်းတွင် မောနီတာများကို တပ်ဆင်ထားသည်။


မုထျန်းဟန်သည် ကျဲ့ကျို့စွပ်ပြုတ်ပန်းကန်လုံးကိုင်ကာ ဧည့်ခန်းထဲသို့ဝင်လာသော မော့တိ၏ပုံရိပ်ပေါ်လာသည်အထိ မှတ်တမ်းကို ရှေ့သို့ပြန်ဆွဲလိုက်သည်။


ကျောင်းဝတ်စုံဝတ်ထားသော မော့တိလေးက စားပွဲပေါ်သို့ စွတ်ပြုတ်ပန်းကန်ချလိုက်ပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို သူ စောင့်ကြည့်နေမိသည်။ တစ်နေရာက စောင်အသေးတစ်ခု သွားယူလာပြီး ဂရုတစိုက်ဖြင့် သူ့ကိုလွှမ်းခြုံပေးသည်။ အဲဒီလိုလုပ်ပေးပြီးတာတောင် ကောင်လေးက ထွက်မသွားခဲ့ပေ။ သစ်အယ်သီးလာခိုးစားသည့် ကြောက်ရွံ့နေသော ရှဉ့်ငယ်လေးတစ်ကောင်ကဲ့သို့ သူ၏လက်များကို ဒူးခေါင်းပေါ်တွင် ကွေးဆုပ်ပြီး ဆိုဖာခုံရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ဤကဲ့သို့ ချစ်စရာကောင်းပြီး နာခံကျိုးနွံတတ်သော အမူအရာကို စကားလုံးများဖြင့် ဖော်ပြရန်မစွမ်းသာချေ။


ပို၍ချစ်ဖို့ကောင်းသည်က ထိုကောင်လေးသည် သူ့ကိုဆယ်စက္ကန့်ကျော်လောက် ငေးစိုက်ကြည့်နေစဉ်တစ်လျှောက်လုံး သူ၏ပါးပြင်နှစ်ဖက်သည် တဖြည်းဖြည်း သွေးရောင်လွှမ်းလာပြီး သာမန်မျက်စိနှင့်ပင် မြင်နိုင်သောအတိုင်းအတာထိ ရဲတောက်လာခဲ့ခြင်းပင်။ သူ၏ခန္ဓာကိုယ်မှ ရှက်ရွံ့မှုအငွေ့အသက်တို့ ဖြာထွက်နေကြပြီး ဤသို့ဖြစ်ရခြင်းသည် အတွေ့အကြုံမရှိသော လူငယ်လေးနှင့် အချစ်ဦးရှိသူတို့မှ ခံစားဖူးသည့် စိုးရိမ်ပူပန်မှုတို့၏ တစ်မူထူးခြားသော အလေ့အထဖြစ်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့ကိုယ်သူ အားတင်းလိုက်သည့်ပုံစံမျိုးဖြင့် လက်သီးဆုပ်လေးနှစ်ခုကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ခန္ဓာကိုယ်ကို ကွေးညွှတ်ပြီး မုထျန်းဟန်၏မျက်နှာပေါ်သို့ အနမ်းတစ်ပွင့် ခြွေချလိုက်သည်။ ထို့နောက် အလျှင်အမြန်ပင် ပြေးထွက်သွားတော့သည်။


ဧည့်ခန်းအဆုံးတစ်ဖက်သို့ ရောက်သောအခါ စိတ်တွေလှုပ်ရှားလွန်း၍ ယိုင်တိယိုင်တိုင်ဖြစ်ပြီး ချော်တောင်လဲမိတော့မလိုပင် ဖြစ်သွားသေးသည်။


မုထျန်းဟန်သည် ဖန်သားပြင်ကို ငေးစိုက်ကြည့်ရင်း ကွန်ပျူတာရှေ့တွင် ထိုင်နေလေသည်။ သူ၏နှလုံးသား အထိန်းအကွပ်မဲ့ ထပ်ဖန်တလဲလဲ ခုန်ပေါက်နေသည်ကို ခံစားမိလိုက်သည်။ သူ၏နှလုံးသားမြစ်ဖျားတွင် နွေးထွေးခြင်းရေစီးကြောင်းတစ်စင်း ထွက်ပေါ်လာပြီး ကလူကျီစယ် ပျံ့နှံ့စီးဆင်းနေလေတော့သည်။


သူ တစ်ခါမှ မခံစားခဲ့ရဖူးသည့် နားလည်ရခက်သော ခံစားချက်များဖြင့် ပြည့်ကျပ်နေသည်။ ထိုခံစားချက်သည် လူကို ပေါ့ပါးထုံထိုင်းစေသလောက် လေးလံပြင်းထန်သည်။ ထိုခံစားချက်သည် သူ၏သွေးကြောများထဲမှ တလိပ်လိပ်ထိုးထွက်လာပြီး သူ၏အသိတရားအာရုံကြောများဆီသို့ ရစ်ပတ်လွှမ်းခြုံသွားသည်။ ဆယ်ကျော်သက်အရွယ်ကို ပြန်ရောက်သွားသလားဟုပင် ခံစားလိုက်ရသည်။ အခုမှ အချစ်ကို စသိနားလည်သည့် လူငယ်လေးတစ်ယောက်ကဲ့သို့ သူ၏ဖြစ်တည်မှုသည် ချိုသာကြည်နူးရသောပျော်ရွှင်မှုများ၊ စိတ်ပင်ပန်းမှုများ လှည့်ပတ်စီးဝင်နေသကဲ့သို့ မျှော်လင့်ချက်များ၊ စိတ်ရှုပ်ထွေးမှုများကြောင့် ဖြစ်ပေါ်လာသည့် ဝရုန်းသုန်းကား နှလုံးခုန်နှုန်းများဖြင့် လှုပ်ရှားရိုက်ခတ်နေလေသည်။


သို့သော် တစ်ချိန်တည်းမှာပင် ပြောမထွက်နိုင်လောက်သော အပြစ်ရှိစိတ်နှင့် တားမြစ်ပိတ်ပင်ထားသည့် လူ့ကျင့်ဝတ်တို့ကလည်း ရှိနေပြန်သည်။


ယခုအချိန်တွင် ဒီ(၁၇)နှစ်အရွယ် ကောင်လေးကို သူ ချစ်မိသွားပြီဆိုသည်မှာ... သေချာသလောက်ပင် ရှိပြီ။


သူသည် အမှန်တကယ်ပင် သားရဲကြီးတစ်ကောင် ဖြစ်လေပြီ။


သို့သော် သူသည် ဤအချင်းအရာကို ပြင်ဆင်လိုစိတ် မရှိသလို ပြောင်းလဲချင်စိတ်လည်း မရှိပေ။


ဤကဲ့သို့ နှစ်လိုဖွယ်ကောင်းသောကောင်လေးက သူ့အပေါ်ကို နှစ်ခြိုက်သဘောကျပြီး သူ့ဘက်မှလည်း အလားတူခံစားချက်မျိုး ရှိနေသည်။ ထိုသို့ဆိုလျှင် သူသည် သားရဲကြီးတစ်ကောင်ဖြစ်လျှင်လည်း ဖြစ်စေတော့။ ဒီထက်ဆိုးတာ ဘာရှိဦးမည်လဲ။


မုထျန်းဟန် ရုတ်တရက် သူ၏ဆံပင်များကို ဆုပ်ဖွလိုက်သည့်အတွက် ဆံပင်လိပ်တချို့ ရှုပ်ပွကုန်သည်။


ဒီလိုအတွေးမျိုးပင် တွေးနိုင်နေပြီဆိုတော့ သူ တကယ် စိတ်လွတ်သွားပြီပဲ။ 


မုထျန်းဟန်သည် ရေချိုးခန်းသို့ဝင်ရန်အတွက် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ များမကြာမီ ရေချိုးခန်းထဲတွင် ပူနွေးစိုစွတ်သောရေငွေ့များဖြင့် ပိတ်ဖုံးလွှမ်းခြုံသွားတော့သည်။


ထိုအချိန်တွင် ဉာဏ်ကြီးရှင်မော့တိမှာတော့ အိပ်၍ပင်ပျော်နေလေပြီ။


မော့တိသည် အိမ်ပြောင်းလာပြီး ဒုတိယမြောက်နေ့တည်းက စံအိမ်ထဲတွင် စောင့်ကြည့်ကင်မရာများရှိနေကြောင်းကို သိထားပြီးဖြစ်သည်။ သူ၏အတိတ်ဘဝတွင်လည်း အချိန်အတော်ကြာ ပုန်းလျှိုးကွယ်လျှိုး နေထိုင်ခဲ့ရသည်။ လျှို့ဝှက်ကင်မရာများနှင့် အလားတူကိရိယာများကို သူသည် ချက်ချင်းမတွေ့မိလျှင်တောင် သတိပြုမိဖို့ အချိန်သိပ်မယူရပေ။


သို့သော် မုထျန်းဟန်သည် သူ့ကို အန္တရာယ်ပေးချင်သောကြောင့် မဟုတ်ဘဲ သတိဝီရိယရှိသောကြောင့်သာ ဤကဲ့သို့ တပ်ဆင်ထားခြင်းကို သူ သဘောပေါက်သည်။ ထို့ကြောင့် သူသည် ဤအချင်းအရာကို ပေါ့ပေါ့တန်တန်သာ သဘောထားခဲ့သည်။


စားပွဲပေါ်သို့ စွပ်ပြုတ်ပန်းကန် ချလိုက်ပြီးသောအချိန်တွင် သူ၏စိတ်ထဲ၌ အစီအစဉ်တစ်ခု ပေါ်လာသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က မုထျန်းဟန်၏စိမ်းကားမှုကို ပြန်လည်ချေပနိုင်ပြီး တစ်စုံတစ်ရာသော ခံစားချက်ကို ဆွဲထုတ်လာနိုင်မည့် အစီအစဉ်တစ်ခုပင် ဖြစ်သည်။


ထို့ကြောင့် မုထျန်းဟန် ဧည့်ခန်းထဲတွင် အိပ်ပျော်သွားတုန်း တစ်ခုခုဖြစ်သွားသလားဟူသော စိတ်ဖြင့် စောင့်ကြည့်ကင်မရာမှတ်တမ်း ပြန်စစ်ကြည့်ချိန်တွင် ဖြစ်စဉ်အစအဆုံးကို မျက်မြင်တွေ့ရှိစေရန် သူ တမင်စီစဉ်ခဲ့ခြင်းဖြစ်သည်။


သို့သော် ဒီကိစ္စသည် ဤညမဖြစ်လည်း နောက်နှစ်ရက်သုံးရက်နေရင် ဖြစ်လာတော့မည်ဆိုသည်ကို မော့တိ တွက်ထားပြီးသားပင်။ မော့တိနှင့်မတူညီစွာပင် မုထျန်းဟန်မှာတော့ ကင်မရာပေါ်ကတစ်ဆင့် အရာအားလုံးကို တွေ့မြင်လိုက်ရသည့်အတွက် ထိုညက တစ်ရေးမှ အိပ်မရခဲ့ပေ။ 



နောက်တစ်နေ့မနက်တွင် မော့တိသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သောကြောင့် စောစောစီးစီး အိပ်ယာနိုးလာသည်။


ကိုယ်လက်သန့်စင်ပြီး အိပ်ခန်းထဲမှ ထွက်လာသောအခါ စားဖိုမှူးသည် သူတို့အတွက် မနက်စာကို ချက်ပြုတ်ပြင်ဆင်ပြီးလေပြီ။ ဟင်းပွဲများပြင်ဆင်နေရာချနေသော စားဖိုမှူးဆီသို့ မော့တိ အလျင်အမြန်သွားကာ ကူညီပေးလိုက်သည်။


လိုင်သယ်စစ်ခမျာတော့ ထတောင်မထနိုင်ချေ။ မုထျန်းဟန်မှာတော့ အနည်းငယ် ပင်ပန်းသည့်ပုံပေါက်နေသည်ကလွဲ၍ ပုံမှန်ရက်တွေလိုပင် အချိန်မှန် အောက်ထပ်ဆင်းလာချိန်တွင် လိုင်သယ်စစ်သည် ကုလားသေကုလားမော အိပ်ပျော်နေသည်။


မော့တိသည် ဟင်းပွဲကူနေရာချထားပြီးနောက် ခေါင်းမော့ကြည့်လိုက်ရာ လှေကားပေါ်တွင် ရပ်နေသော မုထျန်းဟန်ကို တွေ့လေသည်။ မနေ့ညက ခိုးနမ်းမိသည့်ကိစ္စကို သတိရသွားသည့်အလား သူ၏မျက်နှာပေါ်တွင် နီဆွေးဆွေးအရောင်အသွေးတို့က ဖြတ်ပြေးသွားသည်။


“ကောင်း-ကောင်းသောမနက်ခင်းပါ ကိုကို”


နှုတ်ဆက်ပြီးနောက် လယ်ပိုင်ရှင်ဆီက ပိန်းဥခိုးစားမိတဲ့ ရူးကြောင်ကြောင် ကလေးတစ်ယောက်လို အပြစ်ရှိစိတ်ကို အတင်းကြိုးစားဖုံးကွယ်နေသည့်အလား တံတွေးတစ်ချက်မြိုချပြီး မျက်တောင် တဖျတ်ဖျတ်ခတ်နေလေသည်။


“ကိုကို၊ မနေ့က မူးလာတယ်။ ဘာ... ဘာဖြစ်လို့ ထပ်မအိပ်တော့တာလဲဟင်။”


မုထျန်းဟန်၏မျက်လုံးထဲတွင် မော့တိ၏ပုံပန်းသွင်ပြင်သည် ဘယ်လိုကြည့်ကြည့် ချစ်စရာကောင်းနေမြဲပင်ဖြစ်သည်။


ကောင်လေးသည် သူ၏စိတ်ကို မဖုံးနိုင်မဖိနိုင်ဖြစ်ပြီး သူ၏တစ်ဖက်သတ်ခံစားချက်များမှာလည်း ထိန်းမရသိမ်းမရဖြစ်နေသည်မှာ သိသာလှသည်။ ကောင်လေး၏လှုပ်ရှားမှုတိုင်းသည် ဖော်ပြ၍မစွမ်းနိုင်သော ညှို့ချက်များ ဖြစ်နေကြသည်။ မုထျန်းဟန်၏နှလုံးသားသည် တဒုတ်ဒုတ် ခုန်မြည်နေပြီး တစ်ချိန်တည်းတွင် ရယ်လည်း ရယ်ချင်မိသည်။


“ဒီနေ့ ကိုယ် မင်းကို စာမေးပွဲဖြေမယ့်ဆီ လိုက်ပို့ပေးမယ်”


သို့သော် ထူးထူးခြားခြား တုံ့ပြန်မှုမျိုး မပေးဘဲ အလွန်အကြူး ရင်းနှီးကျွမ်းဝင်သည်ဟု မဆိုသာသော်လည်း နူးညံ့ညင်သာသော လေသံဖြင့် ပြောလိုက်သည်။


“ကိုကို၊ မလိုပါဘူး။ ကျွန်တော့်ဘာသာ သွားလို့ရပါတယ်။ ကိုကိုက အနားယူလိုက်ပါဦးနော်။”


“ကိစ္စမရှိဘူး။ ကိုယ် နားပြီးပြီ။ အိပ်ချင်လည်း အိပ်ပျော်မှာမှ မဟုတ်တာ။”


မုထျန်းဟန်သည် ထမင်းစားပွဲ၏မျက်နှာချင်းဆိုင်ဘက်ခြမ်းတွင် ဝင်ထိုင်လိုက်ပြီး တူကိုကောက်ကိုင်ပြီး ပုဇွန်စိတ်ပေါက်စီကို ကောက်ညှပ်လိုက်သည်။


“ဒီနှစ်ရက်အတောအတွင်းမှာ စိတ်အေးအေးထား။ စိတ်ဖိစီးမခံနဲ့။ မင်းလည်း မင်း တတ်နိုင်သလောက် လေ့လာပြီးသွားပြီ။ လိုအပ်တာတွေလည်း သင်ယူပြီးသွားပြီပဲ။ ရလဒ်ကောင်းကောင်း ထွက်မှာပါ။”


“အွန်း”


မော့တိသည် သူ၏မျက်လုံးများ ကွေးညွှတ်ကျသွားသည်အထိ ပြုံးပြလိုက်ပြီး ခေါင်းကိုလည်း အားတက်သရော ညိတ်ပြလိုက်သည်။


မုထျန်းဟန်၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပွင့်လန်းနေသော်လည်း သူ၏နှလုံးသားထဲတွင်တော့ သူ့ကိုယ်သူအတွက် သက်ပြင်းချမိနေတော့သည်။


အရင်သားရဲကောင်ကြီးဘဝကို ပြန်သွားသင့်သလားဆိုသည့် အချက်ကို တွေးတောခြင်းဖြင့် မနေ့ကညတစ်ညကို ကုန်ဆုံးခဲ့သည်။


သူကိုယ်တိုင်လည်း သူ၏နှလုံးသားကို မထိန်းချုပ်နိုင်ပေ။ သို့သော် အနည်းဆုံးတော့ လက်လွတ်စပယ် မဖြစ်စေရန် သူ၏လုပ်ရပ်များကို သတိကပ်ပြုမူရမည်ဖြစ်သည်။


ကောင်လေးက အတော်ငယ်သေးသည်။ ရင်ထဲက ‘အကြိုက်’ နှင့် ‘အချစ်’ ကို ခွဲခြားတတ်ဦးမည် မဟုတ်ချေ။


 


အရင်က မော့တိကို ဘယ်သူကမှ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ဖူးခြင်း မရှိတာလည်း ဖြစ်နိုင်သည်။ မော့တိအတွက် လိုအပ်နေသည့် ယုံကြည်အားကိုးရသော၊ ငဲ့ညှာထောက်ထားတတ်သော အခန်းကဏ္ဍကို သူဆိုသည့် မုထျန်းဟန်က ဖြည့်ဆည်းပေးလိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ မော့တိခံစားနေရသည့် ‘အကြိုက်’ သည် သဘောကျချစ်ခင်မှု၊ ကျေးဇူးသိတတ်မှုနှင့် သူ့ကို ဘေးကင်းလုံခြုံမှုပေးစွမ်းနိုင်သည့်ခံစားချက်များဖြင့် ရှုပ်ထွေးခံစားမိနေခြင်းလည်း ဖြစ်နိုင်သည်။


ကောင်လေးအရွယ်ရောက်လာသည့်အခါတွင်တော့ သူ့ထက်အသက်(၁၁)နှစ်ကြီးသော စီနီယာအစ်ကိုတစ်ယောက်ကို စင်စစ်နှစ်သက်မြတ်နိုးခဲ့ခြင်း မဟုတ်ဘဲ ငယ်ရွယ်ချိန် ပြုလုပ်ခဲ့မိသည့် အမှားတစ်ခုသာဖြစ်သည်ဟု သဘောပေါက်နားလည်လာမည့် နေ့တစ်နေ့လည်း ရောက်ချင်ရောက်လာနိုင်သည်


ထိုအကြောင်းအရာကိုတွေးမိလိုက်လျှင် မုထျန်းဟန်သည် သူ၏နှလုံးသားထဲတွင် အောင့်သက်သက်ဖြစ်သွားရသည်။ ကောင်လေးက သူ့ကို အချစ်စစ်၊ အချစ်မှန်နှင့် နှစ်သက်ပါစေဟုဆုတောင်းပြီး သားရဲကောင်ကြီး ဖြစ်လာသင့်သလား။ သို့မဟုတ် ကောင်လေး၏ခံစားချက်များက အထင်မှားခြင်းသက်သက်သာဖြစ်ပြီး သားရဲကောင်ကြီးဖြစ်မည့်အရေးမှ ဝေးဝေးပြေးရင်ကောင်းလိမ့်မည်လားဆိုသည်ကို မတွေးဆတတ်တော့ပေ။


မနက်စာစားပြီးနောက်တွင် မော့တိသည် သူ မှားဖြေခဲ့သော မေးခွန်းများကို ခဏကြာ ပြန်ကြည့်သည်။ ထို့နောက် မုထျန်းဟန်၏ကားထဲဝင်ထိုင်ပြီး စာမေးပွဲခန်းမသို့ သွားလေသည်။


ပထမဆုံး စစ်ဆေးရေးဝင်သည်။ ထို့နောက် ခန်းမထဲသို့ ဝင်ရပြီး အဖြေလွှာများကို ဝေပေးသည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲ တရားဝင် စတင်ခဲ့လေပြီ။



စာမေးပွဲဖြေချိန်သည် အမြဲပင် မြန်မြန်ကုန်ဆုံးလေ့ရှိသည်။ စာမေးပွဲကို အခက်အခဲမရှိ တစ်ဘာသာပြီး တစ်ဘာသာ ဖြေပြီးခဲ့သည်။


စာမေးပွဲနောက်ဆုံးနေ့တွင် ရာသီဥတုသာယာနေသည်။ နေရောင်သည် ‌‌တောက်ပလင်းဖြာနေသော်လည်း နွေးနွေးလေးနှင့် တိမ်စိုင်တိမ်တိုက်များမှာလည်း ရွှေရောင်တို့ဟူးတုံးလေးများကဲ့သို့ ကောင်းကင်ယံတွင် ဟိုတစ်စုသည်တစ်စု ပြန့်ကြဲနေကြသည်။ 


‌မော့တိသည် အရင်ရက်များနှင့်မတူ ခံစားချက်ကောင်းနေသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခြင်းနှင့်အတူ သူ၏အစီအစဉ်များကို နောက်တစ်ဆင့်အဖြစ်သို့ တရားဝင်တက်ရောက်နိုင်မည်ဖြစ်ပြီး အလိုမရှိသော အထိတ်တလန့်ဖြစ်ရပ်များလည်း ဖြစ်လာနိုင်စရာအကြောင်း မရှိတော့ပေ။


မော့တိသည် သူ၏လွယ်အိတ်ကို ဆုပ်ကိုင်ပြီး ကျောင်းဂိတ်ဝသို့ ဦးတည်နေသော လူတန်းရှည်ကြီးအား အလျင်အမြန် ဖြတ်ထွက်၍သွားသည်။ အရင်က မုထျန်းဟန် ကားပါကင်ထိုးပြီး သူ့ကိုစောင့်နေကျနေရာကို ရောက်သောအခါ အတော်လေး ရင်စို့သွားရသည်။


လိုင်သယ်စစ်က သူ့ကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်နေသည်။


“ညီလေး စာမေးပွဲ ပြီးပြီလား။ ကျွတ်လွတ်သွားပြီဆိုတော့ ဝမ်းသာပါတယ်ကွာ။”


“ကျေးဇူးတင်ပါတယ် အစ်ကိုလိုင်သယ်စစ်။ ကိုကိုမုအာ အလုပ်များနေလို့လားဟင်။”


မော့တိက ပြုံးပြုံးလေးဖြင့် လိုင်သယ်စစ်ကို မေးလိုက်သည်။


“ကိစ္စတစ်ခုဖြစ်လို့ မုအာက အမေရိကကို ပြန်သွားရတယ်။ ဒီအချိန်လောက်ဆို လေယာဉ်ပေါ်‌ရောက်နေ‌လောက်ပြီ ထင်တယ်။” 


“ရုံးချုပ်မှာ ပြဿနာလေးတစ်ခု ရှိနေလို့။ သူ သွားဖြေရှင်းတယ်။”


လိုင်သယ်စစ်က ကားတံခါးဖွင့်ကာ ဝင်ထိုင်ပြီးနောက် ခါးပတ် ပတ်ရင်းပြောသည်။


“သူ ပြန်ရောလာမှာလားဟင်”


Xxxxxxxxx