အပိုင်း ၂၉
Viewers 28k

Chapter 29


မော့တိသည် မုထျန်းဟန် အမေရိကကို ပြန်သွားမည်ဆိုသည့်အကြောင်းကို မမျှော်လင့်ထားခဲ့ပါ။ အနည်းငယ် ထိတ်လန့်သွားရသည်။


“အခြေအနေအရပေါ့။ အမှန်ပြောရရင် ပြဿနာက အရမ်းအကြီးကြီးတော့ မဟုတ်ပါဘူး။ ငါ သွားပေးမယ်လို့ ပြောပေမဲ့ သူကိုက သူကိုယ်တိုင် သွားဖြေရှင်းချင်နေတာ။ ဟင်း... တကယ်ပါပဲ...”


“ငါက ဒီနယ်ပယ်တစ်ဝိုက်က ကိုင်တွယ်ဖြေရှင်းရခက်တဲ့မြေခွေးအိုကြီးတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ သူက ငါ့ကို ဆက်ဆံပုံက မဟုတ်သေးပါဘူး။”


လိုင်သယ်စစ်က ညည်းညူလိုက်သည်။


မော့တိ ကားထဲသို့ နုံးခွေစွာ ဝင်ထိုင်ပြီး ကားတံခါးကို ပိတ်လိုက်သည်။ ယခင်က ခံစားနေခဲ့ရသော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများသည် ကွယ်ပျောက်သွားရသည်။


လိုင်သယ်စစ်က မော့တိ၏လောလောလတ်လတ်မျက်နှာပေးကို သတိထား မြင်နေရသော်လည်း မည်သို့အားပေးနှစ်သိမ့်ရမှန်း မသိသောကြောင့် သက်ပြင်းသာချနိုင်သည်။


မုအာ ပြန်မလာလောက်တော့သည်ကို လိုင်သယ်စစ် ခံစားမိသည်။ ဆိုရလျှင် ယခုအချိန်သည် ထွက်သွားရန် အကောင်းဆုံးအချိန်ဖြစ်သည်ပဲ။ မုထျန်းဟန်သည် မော့တိကို သူတတ်စွမ်းသ၍ ကူညီထောက်ပံ့ပေးခဲ့သည်။ ကောင်လေးလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားခဲ့ပြီ။ မည့်သည့်အကြောင်းကြောင့် ဤနေရာတွင် ဆက်နေပြီး ကောင်လေး၏အသဲကို ကျီစားပြီး သူ့ကိုယ်သူ သားရဲကောင်ဘဝသို့ အရောက်ခံမည်နည်း။


စံအိမ်သို့ရောက်သောအခါ မော့တိသည် လိုင်သယ်စစ်ကို ကျေးဇူးတင်စကား တစ်ခါထပ်ဆိုပြီး ကားပေါ်မှဆင်းသွားသည်။ ထို့နောက် အသက်မပါစွာဖြင့် အိမ်တံခါးသွားဖွင့်လေသည်။


တံခါးဖွင့်ရန်အတွက် လက်ဗွေဖတ်စက်ပေါ်သို့ လက်ချောင်းတင်ရန်အလုပ်တွင် တံခါးမကြီးသည် ဂျောက်ခနဲ အသံမြည်ကာ ပွင့်သွားသည်။


ယခုအချိန် လေဆိပ်တွင် ရှိနေသင့်သော မုထျန်းဟန်သည် တံခါးပေါက်ဝတွင် မတ်တပ်ရပ်ကာ သူ့အား ကြင်ကြင်နာနာ ကြည့်နေသည်။


“ဘာဖြစ်လာတာလဲ။ စာမေးပွဲလည်း ပြီးပြီ။ မင်း လွတ်လပ်သွားပြီလေ ကောင်လေးရဲ့။ မပျော်ဘူးလား။”


“!!!”


‌မော့တိ အံ့ဩမှင်တက်သွားရသည်။ သူသည် မုထျန်းဟန်ကို မျက်လုံးအဝိုင်းသားဖြင့် ပြူးကြည့်နေမိသည်။ အသိပြန်လည်လာဖို့ အချိန်အနည်းငယ် ယူလိုက်ရသည်။ ‌မော့တိ၏မျက်နှာပေါ်တွင် မဖုံးနိုင်မဖိနိုင် အပျော်တို့၊ အံ့ဩမှုတို့ကို အတိုင်းသားမြင်နေရသည်။ 


“အစ်ကို အမေရိကကို မပြန်တော့ဘူးလား”


လိုင်သယ်စစ်သည်လည်း ကားပေါ်က ဆင်းလာပြီး မုထျန်းဟန်ကို တွေ့လိုက်ရသောကြောင့် အံ့ဩသွားရသည်။


“မင်း ဘာဖြစ်သွားတာလဲ”


“ငါ တွေးကြည့်လိုက်တော့ ဟွာရှားဈေးကွက်က နယူးယောက်က အသေးစားပြဿနာထက် ပိုပြီးအရေးပါတယ်လေ။ အဲဒါကြောင့် နယူးယောက်က ပြဿနာကို မင်း သွားဖြေရှင်းတာပဲ ပိုကောင်းလိမ့်မယ်။ လက်ထောက်ကောင်းက မင်းအတွက် လေယာဉ်လက်မှတ် ဖြတ်ထားပြီးပြီ။ ဒီည သွားလို့ရပြီ။”


မုထျန်းဟန်က လိုင်သယ်စစ်ကို ‘မင်းကြားတယ်နော်’ ဆိုသည့်အကြည့်ဖြင့် ကြည့်နေချိန်တွင် မော့တိကတော့ သူ့ကို ဝင်းလက်တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည် ဖြစ်သည်။


လိုင်သယ်စစ်တစ်ယောက်တည်းသာလျှင် စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။


“ချီးထဲမှ”


ယခုအခိုက်အတန့်မတိုင်ခင်အချိန်ထိ မုထျန်းဟန်ပြောခဲ့သည့်အကြောင်းအရာများကို သူ ယုံစားချင်ယုံစားခဲ့မိလိမ့်မည်။ သို့သော် ယခုလိုအချိန်တွင်... ယုံစားစရာအကြောင်း မရှိတော့ပေ။


နောက်ဆုံးအချိန်လေးတွင်မှ သားရဲအိုကြီးသည် ကောင်လေးဆီသို့ ပြန်လာဖို့ စိတ်ပြောင်းသွားခြင်းဖြစ်သည်မှာ အသိသာကြီးပင်။


သူ သိနေခဲ့သည်။ သားရဲအိုကြီးသည် ကောင်‌လေးကို အနည်းငယ် သဘောကျနေခဲ့သည်။ ဘယ်လိုတောင် ကောက်ကျစ်ယုတ်မာလိုက်တဲ့ သားရဲအိုကြီးလဲ။ 


မုထျန်းဟန်၏ နှလုံးသားမှာ မော့တိ၏ စူးရဲတောက်ပသော မျက်လုံးများကြောင့် အနည်းငယ်ချဉ်စူးစူး ခံစားလိုက်ရသည်။ ထို့နောက် သူက ခေါင်းကို အနည်းငယ်ငုံ့ကာ ပြောလိုက်သည်။ 


"ဟွာရှားက ပထမအဆင့်ပရောဂျက်ရဲ့ အလုပ်အများဆုံးအချိန်က ပြီးသွားပြီ။ကိုယ်ဒီ နှစ်ရက်မှာ အားလပ်နေမှာ။ ကောင်ငယ်လေး ပေကျင်းမှာရှိတဲ့ အဆာပြေစာမုန့်ကောင်းတာလေးတွေစားဖို့ ခေါ်သွားပေးမယ်လို့ မင်းပြောခဲ့ဖူးတယ်လေ" 


"ဟုတ်" 


မော့တိ က မြန်ဆန်စွာပင့ ခေါင်းညိတ်လိုက်လေသည်။ သူ၏ပါးလေးများက နီမြန်းလာသည်။ သူ့ခန္ဓာကိုယ်က ပျော်ရွှင်မှုတွေက ထိန်းချုပ်နိုင်ရာ ခက်သွားပုံရသည်။ ဟန်းစတားလေးက သူ၏အကြိုက်ဆုံးမုန့်ကို သူ့လက်နဲ့ အပြည့်ကိုင်ထားသလို ပုံစံပင် ပေါက်နေ၏။


မော့တိ၏ ပုံစံလေးကိုကြည့်ရင်း မုထျန်းဟန် မနေနိုင်ဘဲ ပြုံးလိုက်သည်။  


"ဒါဆို ကိုယ်တို့ဒီညနေ ကားပတ်စီးကြမလား၊မင်းလည်း စာမေးပွဲပြီးပြီးချင်း ဆိုတော့ စိတ်ပေါ့သွားအောင်ပေါ့"


သူ လေဆိပ်ကိုသွားခဲ့ပြီးနောက် မနက်ခင်းမှာပင် ချက်ချင်းသူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ခြင်းက ကံကောင်းသည်။နောက်ဆုံးတိုက်ပွဲဟု ခေါ်လိုက်ရသည်မှာလည်း အမှန်တကယ်ကို ရယ်စရာကောင်းသည်။ သူတို့က တကယ့်ကို ရယ်စရာကောင်းပြီး အဓိပ္ပာယ်မဲ့ကြသည်။


သူအမှန်တကယ်ပင် ဤကလေးအပေါ်၌ ကျရှုံးနေမိပြီပင် ။ ပြီးနောက်တွင် သူက ယင်းအား ထပ်ခါ ထပ်ခါပင် ငြင်းဆန်ဖို့ရာကြိုးစားခဲ့သည်။ သို့သော်လည်း ကလေးငယ်အား ဝမ်းနည်းအောင်လုပ်မိသည်မှလွဲ၍ သူဘာကိုမှပြောင်းလဲနိုင်ခြင်းမရှိပေ ။ သူ ဤကလေးကို ချစ်မိနေဆဲသာဖြစ်သည်။ အဆုံးတွင် ခံစားချက်များကလည်း ရှုပ်ထွေးလှသည်။ သူ ဟွာရှားမှ ထွက်လာပြီးကတည်းက ဤအကြောင်းကိုသာ တွေးနေမိသည်။ သူက အနှီကောင်ငယ်လေးဆီမှ ‌ဖုန်းကောကိုလက်ခံရရှိခဲ့ပြီးနောက် အပြင်တွင်ပျော်သလိုခံစားရသည့်တိုင် တွန့်ဆုတ်ကာ သတိထားနေမိခြင်းက သူ၏ နှလုံးသားကို နာကျင်စေခဲ့သည်။ 


ထို့ကြောင့် ထိုအချိန်က မုထျန်းဟန်သည် သားရဲအိုကြီးဖြစ်နေသည်မှာလည်း သိပ်မဆိုးလှဟု တွေးမိ၏။


သို့ပေသိ လောလောဆယ်မှာတော့ သူက ခြံထဲမှဆင်ကို နှောင့်ယှက်လိမ့်မည်မဟုတ်ချေ။(ဘယ်သူမှ မဆွေးနွေးချင်တဲ့ ထင်ရှားသိသာတဲ့ပြဿနာ)


ကလေးငယ်က နားလည်မှုလွဲနေခြင်းထက် သူ့ကို အမှန်တကယ် သဘောကျနေခြင်းဖြစ်ကြောင်း သေချာအောင်လုပ်ရမည်။ ပြီးနောက် ကောင်ငယ်လေး အသက် ၁၈ နှစ်ပြည့်ချိန်ရောက်မှ ဆက်ဆံရေးကို တိုး‌တက်အောင် လုပ်မည်။


အားလုံးပြီးတဲ့နောက် သားရဲအိုကြီး ဖြစ်ရခြင်းက အလွန်စိတ်ဝင်စားစရာကောင်းသော်လည်း တဏှာရူးအိုကြီးဖြစ်ရခြင်းကတော့ သိပ်မကောင်းပေ။


သူတို့ နှစ်ယောက်၏ဘေးတွင်ရှိနေခဲ့ပြီး အပြည့်အ၀ လျစ်လျူရှုခံထားရသည့် လိုင်သယ်စစ်က ပေါက်ကွဲထွက်တော့မည်ပုံ ဖြစ်နေသည်။


သောက်ကျိုးနည်း ဘာတွေလဲ။သူထွက်သွားတာနဲ့ ဒီနှစ်ယောက်က အတူတူရှိနေကြတော့မှာလား။(အတူတူရှိ-ချိန်းတွေ့ချစ်ကြိုက်)


.........


အဆုံးမှာတော့ လိုင်သယ်စစ်က ထွက်သွားလေသည်။ သူထွက်သွားချိန်၌ မြို့၏ကောင်းကင်မှာ မည်းမှောင်နေပြီး မြို့တွင်းရှိ မီးအလင်းရောင်တို့က နေရယူလာကာ တစ်မြို့လုံးကို တောက်ပပြီးတက်ကြွနေဟန်ပေါ်စေသည်။


မုထျန်းဟန်သည် သူ့ကိုအဝေးသို့ ထွက်သွားခိုင်းခြင်း မဟုတ်သော်လည်း မထွက်သွားစေလိုခြင်းတော့မဟုတ်ပေ။ မုထျန်းဟန်မှ သူ့ထံသို့ ဘောနပ်အကြီးကြီးပေးလိုက်သည့် စာတိုကို လက်ခံရပြီးနောက် လိုင်သယ်စစ်သည် ထွက်သွားရန်ရွေးချယ်လိုက်သည်


မော့တိက သူ၏ ဗျူဟာကို အလေးအနက်ချထားခဲ့သည် ။ သူက မုထျန်းဟန်နှင့်အတူ လမ်းဘေးစာများလိုက်စားရင်း ပေကျင်းရှိ လမ်းသွယ်များစွာကို သူတို့၏ ခြေရာများထပ်စေပြီးကာ အမှတ်တရများ ချန်ရစ်လိုခဲ့၏။


အိပ်ရာထဲမ၀င်မှီ၌ မော့တိက သူ၏အတန်းပိုင်ဆရာထံမှ စာတိုရရှိခဲ့သည်။စာမေးပွဲ၌ သူ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ အနည်းငယ် စဉ်းစားပြီးနောက် သူ့ဆရာ၏တောင်းဆိုချက်အရ သူ၏အကြမ်းဖျင်းခန့်မှန်းရမှတ်တို့အား အုပ်စုဖွဲ့စကားပြောခန်းသို့ ပို့လိုက်လေသည်။


ပြီးနောက်သူ၏ ကွန်ပျူတာကိုပိတ်လိုက်သည်။


ကျောင်းရှိ ဆိုးရွားသော ကျောင်းသားများက သူ့အကြောင်း ဘာတွေပြောကြသည်ကို သူ ခန့်မှန်းမနေပေ။ သူတို့၏ဒေါသ သို့မဟုတ် ကဲ့ရဲ့ဝေဖန်မှုတို့အားလည်း မော့တိက တွေးမနေချင်ခဲ့ပေ။


ယခုနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲက အံ့ဩဖို့ကောင်းအောင် ခက်သည်။ သင်္ချာနှင့်အင်္ဂလိပ်က အဓိကဖြစ်သည်။ သို့ပေမယ့် ခန့်မှန်းမှတ်၇၂၀မှာ သူအလွန်နှိမ့်ချထားခြင်းသာ။ အနှီ ခက်ခဲလှသည့် သင်္ချာပုစ္ဆာများနှင့် အင်္ဂလိပ်မေးခွန်းတို့မှာ သူ့အတွက်တော့ ပန်းခြံထဲ လမ်းပတ်လျှောက်ရသလို လွယ်လွန်းသည်။


နောက်တနေ့ရောက်သောအခါ မော့တိက မုထျန်းဟန်နှင့်အတူ လမ်းအိုလမ်းကြားလေး၌ မနက်စာစားဖို့ရာ စောစောထကာ ပြင်ဆင်‌နေလေသည်။ တိုဟူး ၊ကရာမယ်၊သကြား ပန်ကိတ် ၊အသည်းကြော်၊ ဂျုံမုန့်ချောင်း(အီကြာကွေး) နှင့် အဝါရောင်ပဲများပါသည့် ဟင်းလျာတို့ရှိလေရာ တစ်မျိုးကိုတစ်ပွဲ မှာလိုက်မည်။


မမျှော့်လင့်ထားစွာပင် သူတို့စပြီးကားမောင်းထွက်လာချိန်၌ ဗီလာ၏ တံခါး၀တွင် သူတို့ကားကို တခြား နောက်ကားတစီးမှ ရုတ်တရက်တားဆီးခြင်းကိုခံလိုက်ရသည်။


မော့တိက အနက်ကားထဲ၌ထိုင်နေရင်း ဗီလာဂိတ်ရှိ ပြောင်လက်တောက်ပနေသည့် အနက်ရောင်ကားတစ်စီး ကန့်လန့်ဖြတ်ရပ်ထားသည်ကို မြင်လိုက်သည်။ သူ၏အမြင်အာထဲတွင် ကား‌၏ခေါင်းခန်း၌ ချိတ်ဆွဲထားသည့် သက်တန့်ရောင် တဲရုတဲရုဘိုဇု အရုပ်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် သူ့ဦးခေါင်းက ရုတ်တရက် နာကျင်လာသလိုခံစားလိုက်ရသည်။ တစ်ကိုယ်လုံးသည်လည်း အေးစက်လာပြီး တောင့်တင်းလာသည်။


(Note-တဲရုတဲရုဘိုဇုအရုပ်က တရုတ်မှာဆို ဇောင်ချင်းနျန်လို့ခေါ်ပြီး ရာသီဥတုသာယာအောင်လုပ်ပေးတဲ့မိန်းမငယ်လေးအရုပ်ပါတဲ့ ။ နမ်ကျူကောတို့ ၁၀ချပ်မြောက်တံခါးမှာ ပါပါတယ်။ ညကပဲဖတ်နေတာ အီး...)


မုထျန်းဟန်သည် သူနားရှိ မော့တိ၏ ခံစားချက်တွေ မူမမှန်ဖြစ်လာသည်ကို ခံစားလိုက်ရသည်။ သူ မော့တိဘက်သို့ လှည့်လိုက်‌သောအခါ မော့တိတစ်ယောက် တုန်ရီနေတာကို တွေ့လိုက်ရသည်။ သူက မော့တိ၏ မျက်လုံးများတွင် အကြောက်တရားနှင် ထိတ်လန့်ခြင်းတို့ကို မြင်လိုက်ရသည်။


"ဘာဖြစ်လို့လဲ" 


မုထျန်းဟန်၏ နှလုံးသားကပြင်းထန်စွာခုန်နေကာ သူ့အသံက‌ဩရှပြီးချိုသာနေသည်။


"ဘာဖြစ်လို့လဲ ကောင်ငယ်လေး ၊ မင်း ဘာတွေတွေးနေတာလဲ"


"ကျွန်တော်....ကျွန်တော်အဆင်ပြေပါတယ် ကိုကို" 


မော့တိသည် စိတ်နှင့်လူနှင့် ကပ်အောင်ကြိုးစားနေသည်။ မုထျန်းဟန်က သူဘေးမှာရှိနေရာ သူအဆင်ပြေပါလိမ့်မည်။ ဤတစ်ကြိမ်တွင်တော့ သူတကယ်ကို ထိုကားဖြင့် ခေါ်သွားခံရပြီး အမှောင်ထဲတွင်နေလျက် သူ့ခြေထောက်များအား ကျိုးခွင့်ပြုမည်မဟုတ်ပေ။


မော့တိ၏ အခြေအနေမှာ တဖြည်းဖြည်း အဆင်ပြေလာ၏။ မုထျန်းဟန်က ။တခုခုမေးချင်သော်လည်း တစ်ဖက်ရှိ ကန့်လန့်ဖြတ်ကားအပြင်ဘက်တွင် ရပ်နေသည့် လူငါးယောက် ခြောက်ယောက်ခန့်ကို တွေ့လိုက်ရသည်။ အားလုံးထဲကမှ မုထျန်းဟန် နှစ်ယောက်ကိုသာသိပြီး တစ်ယောက်က မော့ရှစ်ဟုန် မော့မိသားစု၏ တတိယ သခင်ကြီးဖြစ်သည်။ နောက်တယောက်က သူဆေးရုံတွင်တွေ့ခဲ့ရသည့် ကောင်ငယ်လေး၏ဝမ်းကွဲ မော့ယီချန်းဖြစ်သည်။


မော့ရှစ်ဟုန်က မော့တိကားပေါ်မှာရှိနေသည့်တိုင် ဆင်းမလာသည်ကို ရှင်းလင်းစွာတွေ့လိုက်ရသည်။ ပြီးတော့ သူ၏ ဒေါသက သူ့နှလုံးအိမ်ကိုပင် လောင်ကျွမ်းလုမတတ်ရှိနေ၏။ သို့ပေမယ့် မုထျန်းဟန်က ဤနေရာတွင်ရှိနေရာ သူ့ပါးစပ်မှ ဆိုးဝါးသည့်စကားလုံးတို့အား ထွက်အန်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။


သူနောက်တွင်ရှိသော မော့ယီချန်းကမှ အများကြီးစိတ်အေးနေပုံနှင့် စပြီးစကားဆိုလာခဲ့သည်။


"ဟယ်လို မစ္စတာ မု၊ ကျွန်တော်တို့ဒီကို ရောက်လာတာက မော့တိကို အိမ်ပြန်‌ခေါ်သွားဖို့ပါ၊ သူဒီရက်တွေမှာ မင်းကိုဆက်တိုက် အနှောင့်အယှက်ပေးခဲ့မိပါပြီ၊ သူကိုနေရာပေးပြီး စောင့်ရှောက်ပေးလို့ကျေးဇူးပါ၊ သူရုတ်တရက်အိမ်ကထွက်သွားတော့ သူကိုရှာဖို့ အချိန်တော်တော်ပေးလိုက်ရတယ်၊ ပြီးတော့မိသားစုဝင်တွေကလည်း အရမ်း စိတ်ပူနေပါတယ်" 


ပြောပြီးတဲ့နောက် သူက မော့တိကိုကြည့်လိုက်သည်။


 "ရှောင်တိ ‌မြန်မြန်လေး ဆင်းလာခဲ့ ငါတို့မင်းကို အိမ်ပြန်ခေါ်သွားပေးမယ်"


မော့တိက သူ့ဖုန်းကို လက်ထဲမှာကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မည်သည့်လှုပ်ရှားမှုမှ မရှိချေ။


"မော့တိ မင်းမကြားဘူးလား၊ မြန်မြန်ထွက်လာခဲ့စမ်း" 


မော့ရှစ်ဟုန်က သူ့ဒေါသကို ထိန်းထားပြီး မော့တိကို စိုက်ကြည့်လာသည်။ 


"မင်းအိမ်မှာဒဏ်ပေးခံရမှာပဲ၊ အိမ်ကိုထားခဲ့ပြီး အခြားသူကိုဒီလိုလိုက်နှောင့်ယှက်နေရလား"


"ကျွန်.. ကျွန်တော် အိမ်မပြန်ချင်ဘူး" 


မော့တိ၏ လှုပ်ရှားမှုများက တောင့်တင်းနေပြီး စကားပြောချိန်တွင် မတည်မငြိမ်ဖြစ်နေသည်။ သူက ‌မုထျန်းဟန်ကို တချက်လှမ်းကြည့်လိုက်ပြီး သူမျက်လုံးတို့၌ အကြောက်တရားများ တောင်းဆိုမှုများနှင့် ပြည့်နှက်နေသည်။ 


"ကိုကို ကျွန်တော့်ကို မောင်းမထုတ်လိုက်ပါနဲ့၊ ကျွန်တော် ကောင်းကောင်းနေပါ့မယ်၊ ကျွန်တော်ဟင်းလည်းချက်တတ်ပါတယ်၊ သူတို့နဲ့ မထည့်ပေးလိုက်ပါနဲ့၊ကျွန်တော်ဘာမဆိုနာခံပါ့မယ်"


"ဒီကောင်လေးကတော့ မဟုတ်တာတွေပြောနေပြန်ပြီ၊ ကိုယ်ကဘာလို့ မင်းကိုနှင်ထုတ်ရမှာလဲ၊ မင်းကြိုက်သလောက်သဘောကျနေနိုင်တယ်"


 မုထျန်းဟန်က မော့တိ၏ ဆံပင်ကိုဖွလိုက်ပြီး တောက်ပစွာနှင့် ‌နွေးထွေးစွာပြောလိုက်သည်။


 "မကြောက်နဲ့"


Xxxxxxxx