အပိုင်း ၃၁
Viewers 28k

Chapter 31


ယခုအခြေအနေကဲ့သို့ အဖက်ဖက်မှ ပိတ်ဆို့မှုအောက်တွင် မော့တိက ပုံမှန်ကျောင်းသားတစ်ယောက်သာဖြစ်နေခဲ့ပါမူ၊ သူ့အနေဖြင့် ကံကြမ္မာဆိုးမှ နှုတ်ထွက်ခြင်းမှလွှဲ၍ လုပ်နိုင်သောအရာမရှိပါချေ။ ညစ်ပတ်သောရေဖြင့် ပက်ခြင်းခံရပြီး၊ အင်တာနက်အသုံးပြုသူအားလုံးထံမှ ရှုတ်ချခြင်းခံရကာ၊ လူတိုင်းနှင့် ဆက်ဆံရေးများဖြတ်တောက်ခြင်းကိုခံရကာဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီးနောက် သူ့ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်သည်။


ထို့နောက် မော့မိသားစုက သူပြုလုပ်ခဲ့သော 'မကောင်းမှု' တို့အား လူသိရှင်ကြား ထုတ်ဖော်နိုင်ခဲ့သောကြောင့် စာနာမှု လှိုင်းလုံးလေးများကို ရရှိနိုင်သေးသည်။ သူ့အတွက်ကတော့ ယုတ်မာစိတ်ရှိသူ၊ စက်ဆုပ်ဖွယ်ကောင်းသည့် ကိုယ်ရည်ကိုယ်သွေးရှိသူ၊ လုပ်ကြံဖန်တီးထားသော အောင်မြင်မှုများနှင့်အသုံးမဝင်သည့် အမှိုက်လိုကောင် ၊ မျက်လုံးဖြူဝံပုလွေဟူသော ထောင်ချီသောလူတို့၏ ကဲ့ရဲ့ရှုံ့ချမှုများကြောင့် ဂုဏ်သိက္ခာညှိုးနွမ်းကာ၊ လွတ်လမ်းမရှိသော သို့မဟုတ် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိသော စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုများကို အလူးအလဲ ခံရမည်ဖြစ်သည်။


ထိုအချိန်တွင်၊ ချင်ချန်းယီနှင့် မော့ မိသားစုတို့က သူ့ကို အလွယ်တကူ ရှင်းပစ်နိုင်လိမ့်မည်။ ထို့နောက် သူက ပို၍ အင်အားမရှိသူဖြစ်လာကာ သူ၏ဂုဏ်သတင်းသည်လည်း ယခင်ဘဝကထက် ပိုမိုဆိုးရွားလာပြီး သူ့ကို စိတ်ကျန်းမာရေးဆေးရုံသို့ အတင်းအကျပ်ပို့ခြင်းအား ပိုမို အားစိုက်ထုတ်ခံလာရနိုင်ချေရှိသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပြီးသညွနောက် ခိုလှုံခွင့်လွတ်မှုနှင့် လွတ်မြောက်ခွင့် ဟူသောအရာကို မတောင်းတလေနှင့်ဦး၊ လူအများမှ “မင်းနဲ့တန်ရာတန်ရာပဲ” ဟူသော စကားလုံးဖြင့် သူ့မျက်နှာကို တံတွေး ထပ်ဆွတ်ကြဦးမည်ဖြစ်သည်။


မော့တိသည် သူ့ရင်ထဲတွင် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။


သူပြန်လည်မွေးဖွားပြီးနောက် ဤကမ္ဘာကြီးကို ပြောင်းလဲရန်နှင့် သူ၏ကြံစည်မှုဖြစ်စဉ်ကို အရှိန်မြှင့်ရန် ကြိုးပမ်းအားထုတ်မှုမျိုး မပြုလုပ်ခဲ့ကြောင်း သူသတိပြုမိသွားသည်။ အခက်အခဲအသစ်တွေကို အဆက်မပြတ် ဖြတ်သန်းခဲ့ရရုံသာမက သူ့ကံကြမ္မာကို ပြောင်းလဲဖို့ရာ ပျက်ကွက်ခြင်း၏ အကျိုးဆက်များက ငရဲကဲ့သို့ပင် အဆင့်မြင့်၍လာသည်။ ခြေဖဝါးအောက်တွင် အစွယ်တွေနှင့် ပြည့်နေသည့် ပါးစပ်ကြီးတစ်ခု ရှိနေသလိုပင်။ သတိလက်လွတ်နှင့် ခြေလှမ်းတစ်လှမ်း လှမ်းမိရုံဖြင့် သူ့ကံကြမ္မာက သူ့ယခင်ဘဝကထက် အဆပေါင်း ရာနှင့်ချီ ဆိုးရွားနေပေလိမ့်မည်။ သူ့အတွက် ပြန်ရုန်းထလာရန် မျှော်လင့်ချက်မရှိတော့ဘဲ အစိတ်စိတ်အမွှာမွှာ ကြေမွသွားလိမ့်မည်။


ဤကမ္ဘာ၏ ဇာတ်လမ်းအသွားအလာကို ချိုးဖျက်လိုက်ပြီး သူ၏ကံကြမ္မာကို ပြောင်းလဲရဲခြင်းအတွက် အပြစ်ပေးခြင်းကိုခံရသကဲ့သို့ပင်။


သို့သော်လည်း ကမ္ဘာ၏တွန်းအားဖြင့်ယှဉ်ရလျှင် သူကအင်အားနည်းနေသော်ငြားလည်း သူ၏ လုံးဝပျက်စီးခြင်းဟူသော အဖြစ်မှ ကယ်တင်နိုင်ခဲ့သည့် အတွက် သူ့လက်ထဲ၌ အခြားစွမ်းဆောင်နိုင်ရည်ရှိသေးသည်။


ကျန်းခွမ်းချန် သည် သူ၏ယခင်ဘဝတွင် အဖမ်းခံရသောအခါတွင် သူ၏လဲလှယ်ရေးလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သည့်ငွေပမာဏသာမက တည်နေရာကိုလည်း ထုတ်ဖော်ပြသခဲ့သည်ကို သူ ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။



မော့တိသည် စကားတစ်ခွန်းမှ မပြောဘဲ သူ၏ နေရာ၌ပင် မယုံနိုင်စွာဖြင့် ဗီဒီယိုကို ကြည့်နေခဲ့သည်။


သို့သော်လည်း ချင်ချန်းယီက စိတ်မရှည်တော့ပေ။


 “မင်း ကောင်းကောင်းစဉ်းစားသင့်တယ်။ မင်းလုပ်ခဲ့တာတွေကို ဖော်ထုတ်ခံရပြီးပြီ။ မေးခွန်းတွေ ကို လိမ်လည်ဝယ်ယူတာနဲ့ လိမ်လည်မှုနဲ့ပတ်သက်တဲ့ ရာဇ၀တ်မှုတွေက ကျောက်ချထားသလို ရှင်းလင်းနေတာပဲ။ မင်းရဲ့ပြစ်မှုတွေကို ဝန်ခံပြီး လျှိုကွေ့နဲ့ ဦးလေးမော့ ကို အရင်ဆုံး တောင်းပန်ပြီးတော့ မင်းရဲ့အမှားတွေကို အင်တာနက်မှာ ဝန်ခံလိုက်တာနဲ့ လူတစ်ချို့က မင်းကို ခွင့်လွှတ်နိုင်ဦးမှာပဲ။”


“လူထုရဲ့တစ်စိတ်တစ်ပိုင်းက မင်းကို ခွင့်လွှတ်ဖို့ ဆန္ဒရှိတယ်ဆိုရင် မင်းအပေါ်က ဖိအားတွေက အများကြီးနည်းသွားလိမ့်မယ်။ ပိုအရေးကြီးတာက ဦလေးမော့နဲ့ တခြားသူတွေက မင်းနဲ့ ဆက်ဆံရေး မဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မင်းကို ကူညီဖို့ အဆက်အသွယ်တချို့ ရနိုင်သေးတယ်။ ဒီလို အရှက်တကွဲ ဖြတ်သန်းရပေမယ့် မတောင်းပန်သလို ၀န်လည်းမခံဘူးဆိုရင်တော့ ဒီကလူတိုင်းနဲ့ ဆက်ဆံရေးဖြတ်တောက်ပြီး ထောင်ကျရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ဒါက ရိုးရှင်းတဲ့ ရွေးချယ်မှုပဲ။ ဘယ်ဟာကို ရွေးရမှန်းမသိဘူးဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား"


မော့လျှိုကွေ့ သည် မော့တိကို စိုးရိမ်တကြီး ကြည့်လာသည်။ မော့တိနှုတ်ဆိတ်နေခဲ့တာကို မြင်လိုက်ရတော့ သူမ မနေနိုင်ပဲပြောလာခဲ့သည်။ 


 “‌ရှောင်တိ ၊ ဒါက အကောင်းဆုံးနည်းလမ်းပဲ။ ငါ အဘိုးနဲ့အ‌ဖေ ကို အဆက်အသွယ်တွေရှာပြီး အွန်လိုင်းမှာ လူတွေအများကြီးရဲ့ ထင်မြင်ယူဆချက်တွေကို ထိန်းချုပ်ဖို့ ကူညီခိုင်းလိုက်မယ်။ ဒီလိုဆိုရင် နင့်ရဲ့ ပျက်စီးဆုံးရှုံးမှုလည်း နည်းသွားပြီး ဆက်ဆံရေးလည်း ဖြတ်တောက်တာကိုပါ ခံရမှာ မဟုတ်တော့ဘူး။ စီရင်ချက် တောင်ချခံရမှာ မဟုတ်ဘူး။ နင့်ရဲ့ရလဒ်က မမှန်ကန်တာကြောင့် နောက်ဆိုရင် စာမေးပွဲကို ပြန်မဖြေနိုင်တော့တာဘဲရှိတယ်။"


“ဒါပေမယ့် အဆင်ပြေသေးတယ်လေ။ နင် တက္ကသိုလ်မတက်ရင်တောင် ကောင်းကောင်းနေနိုင်ပါသေးတယ်။ ဒါပေမယ့် ထောင်ထဲရောက်သွားရင် ပျက်စီးသွားလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ဥပဒေအသစ်ပြဋ္ဌာန်းပြီးကတည်းက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွင်း လိမ်လည်မှုဆိုင်ရာ ပြစ်ဒဏ်က အရမ်း ပြင်းထန်လာပြီ။"


"တကယ်လို့ ငါမလုပ်ခဲ့တာကို ၀န်ခံလိုက်ရရင်လည်း ငါဘ၀ကြီးသွားပြီပေါ့။"


မော့တိက မော့လျှိုကွေ့ ကိုကြည့်ကာ နောက်ဆုံးတွင် စကားပြောလာသည်။


"ငါနားမလည်ဘူး မမ ငါနားမလည်ဘူး! နင်တို့အားလုံး ငါ့ကို ဘာလို့ ဝန်ခံခိုင်းနေတာလဲ။ ငါကောင်းဖို့အတွက်လို့ ပြောနေပေမယ့် ဒါတွေအကုန်လုံးက နင်တို့တွေ အားလုံး ငါစာခိုးချတယ်လို့ ယုံကြည်နေလို့လေ"


"ဒါပေမယ့် ငါမလုပ်ခဲ့ဘူး မမ၊ နင်က တစ်လလောက်ပဲသိရသေးတဲ့.. တစ်ဖက်သားကို အတင်းအကြပ် အပြစ်သားဆိုပြီးပြောနေတဲ့ ချင်ချန်းယီကိုကျတော့ယုံပြီး ငါကိုကျတော့ မယုံဘူး၊ ဟုတ်ရဲ့လား ဘာလို့လဲ"


"သူတို့တွေ ငါ့ကို ပစ်မှတ်လို သဘောထားနေတာကိုကျ နင်ဘယ်တုန်းကမှ သံသယမဝင်ဖူးဘူး။ ဒါမှမဟုတ် တစ်နေရာရာမှာ နားလည်မှုလွဲနေတာလား။”


"ငါက စာမေးပွဲမှာ လှည့်စားတယ်လို့ နင်ဘာလို့ အခိုင်အမာပြောနေရတာလဲ။ ဒါမှမဟုတ် ဒီလောက်မြင့်တဲ့ရမှတ်ကို ငါမရနိုင်ဘူးလို့ နင်အမြဲတွေးနေတာလား။ 720မှတ်ထိရသွားတာက ငါရဲ့အမှားလား"


“ငါ…အဲလို ဆိုလိုတာမဟုတ်ဘူး။ ဒါ ငါဆိုလိုတဲ့ဟာ မဟုတ်ဘူး!" 


မော့လျှိုကွေ့အနေနှင့် မော့တိထံမှ ဤသို့သောပုံစံဖြင့် ပထမဆုံးအကြိမ် မေးခွန်းထုတ်ခြင်းခံရတာဖြစ်သည်။ မဟုတ်သေးဘူး... တစ်စုံတစ်ဦးမှ သူမအား ဤကဲ့သို့ မေးမြန်းလာခြင်းမှာ ယခုက ပထမဆုံးအကြိမ် ဖြစ်သည်။ ခဏလောက်တော့ သူမ မယုံကြည်နိုင်ဖြစ်သွား၏။ ဒေါသနှင့် နာကျည်းမှုများကြောင့် သူမ၏မျက်လုံးများနီရဲလာသည်။


ပို၍အရေးကြီးသည်မှာ၊ မော့တိ၏မျက်လုံးများသည် ထူးဆန်းလွန်းလှသည်။ ရှင်းပြ၍မရသော မသက်မသာခံစားချက်ကို နှိုးဆွပေးပြီး သူ၏ ပုံမှန် အမူအရာများနှင့်ကင်းဝေးနေသည်။


"မော့တိ၊ မင်းတိရစ္ဆာန်ကောင်!"


မော့ရှစ်ဟုန်က သူ၏သမီးလေး အနိုင်ကျင့်ခံနေရသည်ကို မြင်တွေ့ပြီးနောက် ချက်ခြင်းပေါက်ကွဲတော့သည်။ သူမ၏ စေတနာကို ထိုမျက်လုံးဖြူဝံပုလွေကောင်က နင်းချေရုံသာမက အမှားအမှန်ကိုပင် ပြောင်းပြန်လှန်ပစ်လိုက်သည်။ မော့ရှစ်ဟုန်၏ နှလုံးသားမှာ ပြင်းထန်စွာ နာကျင်နေပြီး သူ၏ ဒေါသကို ထိန်းမရတော့ပေ။ သူ ယခု မော့တိကို သတ်ချင်နေတာသာသိတော့သည် ။ အရှက်ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့် ကောင်ကို သတ်ဖို့သာ စိတ်ထဲ၌ရှိတော့သည်။


မော့ရှစ်ဟုန်က မုထျန်းဟန်၏ ကားတံခါးကို ပြင်းပြင်းထန်ထန် ထုရိုက်နေပြီး မော့တိအား ဆွဲထုတ်ရန်ကြိုးစားနေသည်။


“မော့တိ ၊ အခုချက်ချင်း ထွက်လာခဲ့စမ်း။ မဟုတ်ရင် ငါချက်ချင်း တရားရုံးကိုသွားပြီး မင်းကို အိမ်ထောင်စုစာရင်းက ထုတ်ပစ်မယ်။ လူယုတ်မာ။ ထောင်ထဲရောက်သွားရင် ဘယ်သူမှ မင်းကို ဂရုမစိုက်ဘူး။ မင်းသေတဲ့အခါ မင်းရဲ့အလောင်းကို ဘယ်သူမှ လာကောက်မှာ မဟုတ်ဘူး။”


ကားဟွန်းသံ စူးစူးရှရှ မြည်ဟီးထွက်လာခဲ့သည်။


မုထျန်းဟန်က မှောင်မိုက်သည့် အခြေအနေတွင် ရှိနေပြီး အေးစက်စက်ပုံစံဖြင့် ထိတ်လန့်နေသော မော့ရှစ်ဟုန်ကို ကြည့်လိုက်သည်။


 “ဘာလဲ? မော့မိသားစု တတိယသခင်ကြီး ၊ လင်များ ကျုပ်ကားကို ရက်ရက်စက်စက် ဖျက်ဆီးဖို့ ကြိုးစားနေတာလား။"


ခဏလောက်တော့ မော့ရှစ်ဟုန်မှာ သူ့ရှေ့က သူ့ထက်ငယ်သည့် ထိုအမျိုးသား၏ အင်အားရှိသော အကြည့်နှင့် အမူအရာကြောင့်အံ့ဩသွားရသည်။ နှစ်စက္ကန့်မျှကြာပြီးနောက် သူ့ အခြေအနေကိုယ်သူ ပြန်သတိရလာပြီး ဒေါသ ပြန်ထွက်လာခဲ့သည်။


 “မင်းကို ငါတကယ်မေးချင်တာ။ ဒီသားရဲ… မော့တိက ငါတို့မိသားစုရဲ့ ကလေးပါ။ အပြင်လူတစ်ယောက်အနေနဲ့၊ မစ္စတာမုက သူ့ကို ဘယ်လိုမှ စွက်ဖက်ပိုင်ခွင့် မရှိဘူး။ မင်း သူ့ကို ဘာလို့ မလွှတ်သေးတာလဲ။ ငါ့သားကို ခိုးယူဖို့ ကြိုးစားနေတာလား။"


သူသည် မနေ့တနေ့ကမှ အတင်းအဖျင်းစကားနည်းနည်းကြားခဲ့ရသည်။ မုထျန်းဟန်က ယောက်ျားတွေကို ကြိုက်ပုံရသည်ဟူ၏။ အရှက်မဲ့လွန်းသည်။


ယင်းကြောင့် မော့မိသားစု၏ အရှက်နှင့်သိက္ခာကို ထိခိုက်လာမည်ကို သူ မစိုးရိမ်ခဲ့ပါမူ မော့မိသားစု၀င်တစ်ဦးကို အတင်းခေါ်သွားသည့် မုထျန်းဟန်အကြောင်းကို ဖော်ထုတ်ခွင့်ပေးမည်မဟုတ်ချေ။ ထိုကဲ့သို့ ရွံရှာဖွယ်ကောင်းသော လူအား ကြည့်မိရုံမျှဖြင့် မျက်နှာလွှဲလိုက်မိသည်။ သူက တကယ်ကို ပျောက်ကွယ်သွားသင့်သည်။


မော့လျှိုကွေ့က ထိုစကားကိုကြားပြီး အံ့အားသင့်သွားရသည်။ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ့အဖေ... အခုလိုက်ပြောတာက... တကယ်အဲဒါကို... ဆိုလိုတာလား?


အဲဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သူမအနေဖြင့် လိင်တူဆက်ဆံခြင်းကို ခွဲခြားဆက်ဆံခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းမပြုသော်လည်း ထိုအရာသည် လုံးဝပုံမှန်မဟုတ်ပေ။


“တတိယ မော့သခင်ကြီး၊ ခင်များစကားတွေကို သတိထားသင့်တယ်။ တချို့အရာတွေက လွယ်လွယ်ပြောနိုင်ပေမယ့် ပြန်ပြင်ဖို့ခက်တယ်။”


မုထျန်းဟန် က မော့ရှစ်ဟုန်ကို အေးစက်စွာကြည့်ကာ 


"အဲ့အစား မော့တိက ခင်များမွေးစားထားတဲ့ ကလေးလားဆိုတာပဲမေးချင်မိတယ်။ ခင်များက အရှုပ်အားလုံးကို သူ့အပေါ် သဘာဝကျကျကို ပစ်ပုံနေတော့လေ။ မတရားသဖြင့် အခြေအမြစ်မရှိတဲ့စွဲချက်တွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ စော်ကားမှုတွေ ပြီးတော့ အလွဲသုံးစားအနိုင်ကျင့်မှုတွေ...၊ ခင်များလို လူမျိုးတွေက လူသားဖြစ်ဖို့ မထိုက်တန်ဘူး။ မော့ရှစ်ဟုန် ခင်များက မိဘဖြစ်ဖို့ ပိုလို့တောင် မထိုက်တန်ဘူး!"


“မင်း…!” 


မော့ရှစ်ဟုန်မှာ အမျက်ချောင်းချောင်းထွက်သွား‌‌လေသည်။ သူက မုထျန်းဟန်ကို လက်ညိုးထိုး၍ကြမ်းကြုတ်သော စကားပြောမည်ပြုသော်ငြားလည်း မော့ယီချန်က သူ့ကို အရူးအမူးတားပြီးနောက် အကြံပေးလာခဲ့သည်။


 “ဦးလေး၊ တတိယဦးလေး၊ စိတ်အေးအေးထားပါ၊ ကျွန်တော်တို့ရဲ့ ဦးစားပေးက မော့တ်ကို အိမ်ပြန်‌ခေါ်ဖို့ပဲလေ ”


"ရှောင်တိ၊ နင်အဲဒီမှာထိုင်ပြီး နင့်အဖေကို စော်ကား ကဲ့ရဲ့တာကို ကြည့်နေတာလား?"


မော့လျှိုကွေ့က စိတ်ဆိုးသွားပြီး သူမ၏မျက်နှာ၌လည်း ဝမ်းနည်းနေသည့်ပုံပေါ်နေသည်။ ထို့နောက် သူမသည် မော့တိအား ဒေါသတကြီးဖြင့် ပြောလာခဲ့သည်။


 “ရှောင်တိ ၊ နင်ဘာဖြစ်နေတာလဲ။ နင် ဘာလို့များ ဒီလိုမျိုးပြောင်းလဲသွားရတာလဲ"


"ငါဘာဖြစ်နေတာလဲ? ၊ငါဘာလို့ပြောင်းလဲသွားတာလဲ ဟုတ်လား"


 မော့တိက ပြတင်းပေါက်မှန်ကို လုံးဝဆွဲချလိုက်သည်။ သူက ပို၍ပင် ကြေကွဲဝမ်းနည်းနေသော အသွင်အပြင်ကို ပြသ‌နေခဲ့သည်။


 “ငါ့အပေါ် ရောက်လာတဲ့ စွပ်စွဲမှုတိုင်းကို ငါ ဝန်ခံရမှာလား။ ပြီးတော့ ငါကငါ့ကျေးဇူးရှင် မစ္စတာမုကို အော်ဟစ် ကျိန်ဆဲနေရမှာလား။ ဒါကလုပ်သင့်တဲ့အရာလား။ ဒါ ငါ ပြုမူသင့်တဲ့ အရာပေါ့လေ”


"မစ္စတာမုက ငါရဲ့ ကျေးဇူးရှင်။ ဒုက္ခရောက်ချိန်မှာ သူက ငါ့ကို ခေါ်သွားတဲ့အတွက် လုံလုံခြုံခြုံ စာသင်လို့ရတယ်။ ဘဝကို လုံလုံခြုံခြုံ နေထိုင်နိုင်ခဲ့တယ်။ အခု သူက နင်တို့ရဲ့ ဆဲဆိုမှုတွေအားလုံးကို ချေပဖို့ ငါ့အတွက် ပြောပေးနေတာ။ နင်တို့ပြောသမျှကို သူပြန်ချေပရုံပဲကို နင်တို့တွေဒါတောင် သည်းမခံနိုင်ဘူးလား။ ငါက တိရိစ္ဆာန်လို့ နင်ထင်နေတုန်းပဲလား။ နင်ရော နင့်ကိုယ်နင် အရမ်းဖြောင့်မတ်တယ်ထင်နေတာလား"


"နင်က ငါ့မိသားစုဝင်ဖြစ်တာနဲ့ပဲ အကြောက် အလန့်မရှိ ငါ့ကို သိက္ခာချနိုင်တာပဲလား။ ဒီတစ်ခါတော့ အသေးအမွှား ဆဲဆိုရိုက်နှက်မှုလေး မဟုတ်ဘူး ဒါက ရာဇ၀တ်မှုတစ်ခု။ ငါထောင်ထဲရောက်သွားနိုင်တယ်!"


“ခွေးမသား! မင်း တိရိစ္ဆာန်ကောင်… အိမ်ကထွက်ပြေးသွားတဲ့ နောက်ပိုင်း ဆုံးမဖို့ ပိုခက်လာတယ်” 


မော့ရှစ်ဟုန်က ဒေါသများ ပြင်းထန်လာသည်နှင့်အမျှ ရင်ဘတ်အောင့်လာသည်။ သူသည် အသက်ရှုကြပ်သည့် အခြေအနေအထိ ရောက်လာပြီး မော့တိကို ဆက်ပြီး ကြိမ်းမောင်းလာသည်။


 “မင်းက ယုတ်မာတဲ့ အကြံအစည်တွေပြည့်နေတဲ့ကောင်။ ဟန်ဆောင်ပြနေလို့လည်း မထူးခြားသွားဘူး။ မင်း ငယ်ငယ်လေးကတည်းက မင်းအစ်မရဲ့နေရာကို လုယက်ချင်နေခဲ့တာလေ ။သူမအပေါ် မကောင်းတဲ့ အကြံတွေကို ဟိုဟို ဒီဒီပြုနေခဲ့ပြီး ၊ စကားကြောင်းနှစ်ကြောင်းလောက်နဲ့ ဖယ်ရှားပစ်နိုင်မယ်လို့ မထင်လိုက်နဲ့”


"ငါက ငါ့မမနေရာကို ဘယ်လိုများလုယက်နိုင်ပါ့မလဲ။ ငါ ဘယ်လိုများ သူ့ကို ဘောင်ခတ်ပြီး မကောင်းကြံနိုင်ရမှာလဲ” 


မော့တိက တံခါးကို ရုတ်တရက်ဖွင့်လိုက်သည်။ သူသည် မော့ရှစ်ဟုန်၏ ရှေ့တည့်တည့်၌ မတ်တပ်ရပ်ကာ သူကိုကြည့်ရင်း မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့သည်။


“ငယ်ငယ်ကတည်းက ကလေးကောင်းတစ်ယောက်ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ကျွန်တော်ဘယ်တော့မှ လုယက်တာမျိုး ဒါမှမဟုတ် ဘယ်သူ့ကိုမှ ဒုက္ခပေးတာမျိုး မလုပ်ဖူးဘူး။ အဖေ၊ အဖေနဲ့ ဒီလူတွေက ဆက်တိုက် ကျွန်တော် ကို ဆိုးတယ်ပဲပြောနေခဲ့တယ်။ ကျွန်တော်က အကြံကြီးတယ်။ ကျွန်တော် အန္တရာယ်ရှိတယ်ဆိုပြီးတော့ပဲ ဆက်တိုက်ပြောနေတာ။ ဘာကိုအခြေခံပြီး ပြောနေကြတာလဲ။ ဘာကိုအခြေခံပြီးတော့လဲ! ကျွန်ဝောာ်လည်း အဖေရဲ့မိသားစု၀င်ပါပဲ။ အဖေ ဘာလို့များ ကျွန်တော်ကို ဒီလို နှိပ်စက်နိုင်ရတာလဲ"


"ငါ မင်းကို နှိပ်စက်နေတာလား? ဘယ်လိုချီးစကားလဲ!"


မော့ရှစ်ဟုန်က မော့တိကို ရိုက်နှက်ရန် ကြိုးပမ်းခဲ့သော်လည်း တဖက်မှ လာနေသာ မုထျန်းဟန်ကို တွေလိုက်သည့် မော့ယီချန်းက တားလိုက်ပြီး မော့ရှစ်ဟုန်ကို ခေါင်းခါပြလိုက်သည်။


Xxxxxx