အပိုင်း ၃၃
Viewers 28k

Chapter 33


“တကယ်တော့ ဂိတ်မှာ စောင့်ကြည့်ကင်မရာရှိတယ်။”


ဗီလာထဲသို့ ပြန်ဝင်လာပြီးနောက် မုထျန်းဟန်က ရေခဲသေတ္တာထဲမှ နို့တစ်ပုလင်းကို ယူကာ မိုက်ခရိုဝေ့ဖ်သို့ ထည့်လိုက်ကာ အပူပေးလိုက်သည်။


"စောင့်ကြည့်ကင်မရာ?"


မော့တိက ဆိုဖာပေါ်တွင် ထိုင်ကာ ကြောင်အအနှင့် မော့ကြည့်လိုက်သည်။


ဟုတ်ပါသည်။‌ မော့တိက ဗီလာအပြင်ဘက်ဤ စောင့်ကြည့် ကင်မရာရှိနေသည်ကို သိပါ၏။ မဟုတ်ပါက၊ သူသည်လည်း သူ့ငယ်ဘဝပုံပြင်များကို အထူးသွန်းလောင်းပြီး(ထုတ်ပြောပြီး) မော့မိသားစု၏ သူ့အပေါ် မလိုမုန်းထားမှုများကို မေးခွန်းထုတ်မည်မဟုတ်ပေ။ ယင်းက မော့များ၏ ဦးနှောက်ပတ်လမ်းများ မည်ကဲ့သို့ ကွဲပြားသည်ကို သာမန်လူများအား ထုတ်ဖော်ပြသရန် ဖြစ်သည်။ သို့မှသာ အသံသွင်းထားသည်ကို ကောင်းကောင်းအသုံးချနိုင်မှာဖြစ်၏။


"ဟုတ်တယ်။ ကိုယ် ဗီလာရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဖြတ်တောက်လိုက်မယ်။"


မုထျန်းဟန် ရောက်လာပြီး မော့တိ နံဘေးမှာ ဝင်ထိုင်လိုက်သည်။


"ဒီဗီဒီယိုကို ကိုယ်တကယ်လို့ မော့မိသားစုနဲ့ ဆက်ဆံရေးဖြတ်ပြီးပြီးချင်း အွန်လိုင်းမှာ အချိန်မှန် တင်လိုက်ရင် ‌မင်းနာမည်ကိုဖျက်ဖို့ ကြိုးစားနေတဲ့ မော့မိသားစုရဲ့အကြံ ပျက်သွားလိမ့်မယ်။ တကယ်တော့ ဒီကမ္ဘာမှာ လောကအမြင်သုံးမျိုးကိုခွဲခြား မြင်တဲ့ လူတွေ ရှိသေးတယ်။ အများစုက မော့တွေရဲ့ ရယ်စရာကောင်းတဲ့ ရွံစရာ လော့ဂျစ်ကြီးနဲ့ အတွေးအခေါ်တွေကို သဘောကျကြမှာ မဟုတ်ဘူး။”


“ဒါပေမယ့် ပထမဆုံး မေးချင်တာက ကလေးလေး၊ မင်းဘာလိုချင်တာလဲ။ ဆက်ဆံရေးကို မဖြတ်တောက်ပဲ အိမ်ပြန်ချင်တယ်ဆိုရင်‌တော့ ၊ ဒီဗီဒီယိုကို ဖွင့်ချလိုက်လို့ မဖြစ်ဘူး။ ကိုယ်တို့နောက်ထပ်စဉ်းစားရမယ်…”


"ကျွန်တော် အိမ်မပြန်ချင်ဘူး။"


မော့တိ၏ မျက်လုံးများက နီရဲ‌နေပြီး လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ စကားပြောနေသော သူ့အသံမှာ အနည်းငယ်တုန်လှုပ်သွားသည်။ ထို့နောက် သူက ကျယ်လောင်သော အသံဖြင့် ဆိုလာသည်။


“ကျွန်တော် မပြန်ဘူး!”


“သူတို့က ကျွန်တော့်ကို မကြိုက်ဘူး။ ငယ်ငယ်ကတည်းက သူတို့က ကျွန်တော့်ကို မကြိုက်ဘူး၊ ကျွန်တော့်ကို ကြိမ်ဖန်များစွာ ဆဲဆိုကြိမ်းမောင်းတယ်။ တစ်နေ့တော့ သူတို့ ကျွန်တော့်ကို ချစ်လာလိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးပေမယ့် အခုတော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်သိပါပြီ"


မော့တိက သူ့မျက်လုံးတွေကို လက်နှစ်ဖက်နှင့် သုတ်လိုက်သည်။


"အခုတော့ ကျွန်တော်မေးခွန်းတွေဝယ်ပြီး လှည့်စားခဲ့ကြတယ်လို့ သူတို့ အခိုင်အမာ ယုံကြည်နေကြပြီ။ ကျွန်တော်မလုပ်ခဲ့တာကို ဝန်ခံစေချင်‌နေကြတယ်၊ ထောင်ထဲရောက်စေချင်‌နေကြတယ်။ ဒီလိုမိသားစုမျိုး မလိုချင်တော့ဘူး။ သူတို့က ကျွန်တော့်မိသားစုမဟုတ်ဘူး"


မုထျန်းဟန်က သူနှလုံးအိမ်ထံမှ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရပြီး‌ မော့တိကို သူ့ရင်ခွင်ထဲတွင် ထည့်၍ နှစ်သိမ့်ပေးရန်ဆန္ဒရှိသော်လည်း နောက်ဆုံးတွင် သူသည် မော့တိ၏ ပုခုံးကိုသာ အသာအယာ ဆုပ်ကိုင်လိုက်သည်။


“ကိုယ် သိပြီ”


"ကိုကို၊ အင်တာနက်ပေါ်ကလူတွေ ကျွန်တော့်ကိုဝေဖန်နေကြပြီလို့ထင်လား"


မော့တိက ခေါင်းကို ဆတ်ခနဲ မော့ကာ မုထျန်းဟန် ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။


"ရဲတွေက ကျွန်တော့်ကို ဖမ်းဖို့ လာနေပြီလား။"


မုထျန်းဟန် စကားပြောသည်ကို မစောင့်ဘဲ မော့တိက ဆက်ပြောလေသည်။


“ကျွန်တော် စာမေးပွဲ အတွက် ကြိုးစား လေ့လာခဲ့တာ၊ အဲဒါက ကျွန်တော့်ရဲ့ ကြိုးစားမှု ။အားထုတ်မှုကြောင့်ပါ အဲဒီလူကို ကျွန်တော် တခါမှ မတွေ့ဖူးဘူး၊ မမြင်ဖူးပါဘူး”


မော့တိသည် စကားပြောရင်းနှင့် ရပ်လိုက်ပြီး အံ့အားသင့်ပုံပေါက်နေခဲ့သည်။ ငါးစက္ကန့်ခြောက်စက္ကန့်မျှကြာပြီးနောက် သူသည် မုထျန်းဟန်ကို လှည့်ကြည့်လိုက်သည်။


"ကိုကို၊ ကျွန်တော် အရင်က ကြည့်ရတာ ကျမ်းခွမ်းချန်ဆိုတဲ့လူနဲ့ တွေ့ဖူးပုံရတယ်။"


မုထျန်းဟန်က သူ၏ မထိန်းနိုင်လောက်သော ဒေါသနှင့် နှလုံးသားကို မော့တိ မမြင်မီ ဖုံးကွယ်ကာ ပြုံးလိုက်သည်။


"မင်း သူ့ကို အရင်က မြင်ဖူးတယ်ဆိုတာ သေချာလား"


"ဟုတ်...ကျွန်တော် သူနဲ့တွေ့ဖူးတာ မှတ်မိတယ်"


မော့တိက ခေါင်းညိတ်လိုက်သည်။


“ကိုကို ကျွန်တော့်အတွက် ငှားပေးထားတဲ့ တိုက်ခန်းမှာ နေတဲ့ ဒုတိယနေ့ကလို့ ထင်တယ်။ ကျောင်းမှာအတန်းပြီးလို့ အပြန် ဘတ်စ်ကားမှားလိုက်တာ၊ သတိထားမိတဲ့အချိန်ရောက်တော့ အရှေ့ဘက် ဆင်ခြေဖုံးကို ရောက်နေပြီ၊ အချိန်အတော်ကြာအောင် စောင့်ခဲ့ပေမယ့် အပြန်ဘတ်စ်ကား မလာဘူးလေ၊ ကျွန်တော် ဗိုက်ဆာနေပေမယ့် အနီးနားမှာလည်း အမြန်စာစတိုးဆိုင်မရှိဘူး၊ ဒါကြောင့် လမ်းဆုံမှာရှိတဲ့ မုန့်ဆိုင်ကိုသွားပြီး ဒိုးနပ်တွေသွား၀ယ်စားခဲ့တာ"


“ငွေရှင်းကောင်တာက ဝန်ထမ်း မှာထားတာတွေ ထုတ်ပေးတာစောင့်နေတုန်း၊ ရွှေချွမ် အဖွဲ့အစည်းလို့ခေါ်တဲ့ မုန့်ဆိုင်နဲ့ မျက်စောင်းထိုးမှာ ခရီးဆောင်သေတ္တာတွေ သယ်ထားတဲ့ လူတော်တော်များများ ထွက်လာတာကို တွေ့လိုက်ရတယ်၊ သူတို့ထဲက တစ်ယောက်က ကျန်းခွမ်းချန်နဲ့တူတယ်၊ သူ့ဘေးမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်လည်းပါတယ်၊ သူတို့ နဲ့အတူပါတဲ့ ခရီးဆောင်အိတ်တွေက တော်တော်ကြီးတယ်ဆိုပြီး ပိုကြာကြာ လိုက်ကြည့်မိလိုက်တာ”


"ရွှေချွမ်အဖွဲ့အစည်း...."


မုထျန်းဟန်၏မျက်လုံးများသည် အာရုံစူးစိုက်မှု အပြည့်ဖြစ်သွားသည်။


" ရွှေဟွိုက်လမ်း ပေါ်က ရွှေချွမ် အဖွဲ့အစည်း..."


“အင်း။”


မော့တိ ပြန်စဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်။


“အိုး၊ မေ့တော့မလို့ ။”


မုထျန်းဟန် ရုတ်တရက် သက်ပြင်းချလိုက်ကာ ဧည့်ခန်းထဲမှ ထွက်လာသည်။ မီးဖိုချောင်ထဲဝင်လာရင်း ဖုန်းထဲက Weibo ကိုဖွင့်ကာ ရှာဖွေမှုအများဆုံး စာရင်းကို နှိပ်လိုက်သည် ။


ကျန်းခွမ်းချန်က ရွှေချွမ် အဖွဲ့အစည်းနှင့် ပက်သက်မှု ရှိ၊ မရှိကို သူ့အနေနှင့်သိလိုသည်။


ရွှေ ချွမ်အဖွဲ့အစည်းက အချို့သောပွဲများ၌ မုထျန်းဟန်ကြားသိခဲ့ရသ‌လောက်ဆိုပါက ၎င်းသည် မြို့တော်၏ အထက်အသိုင်းအ၀ိုင်းတွင် နာမည်ကောင်းရှိသည်။ ဤအဖွဲ့အစည်းသည် ချမ်းသာသောသူများနှင့် အစိုးရဌာနတွင် ရာထူးအနည်းငယ်ရှိသောသူများ၏ အငယ်အနှောင်းတို့အား ဖွက်ထားရာနေရာလည်းဖြစ်၏။


ထိုအငယ်အနှောင်း(အပျော်မယား)အချို့က များသောအားဖြင့် ဤအခွင့်ထူးခံပုဂ္ဂိုလ်များနှင့်ပတ်သက်သော လျှို့ဝှက်ချက်များများစွာကို သိကြလိမ့်မည်။


ဆောင်းပါးကို ရှာရန် အရှာဖွေဆုံးစာရင်းကို ရှာဖွေရန် များစွာအားမထုတ်လိုက်ရပေ။ ဖွင့်လိုက်သည်နှင့် တပြိုင်နက် “သတင်းထူး” ဟူသော စကားလုံးနှင့် ပူးတွဲပါရှိသည့် ပထမဆုံးပေါ်နေသော ခေါင်းစဉ်မှာ “ကောလိပ်ဝင်ခွင့်စာမေးပွဲ” ဟူသော စာတန်းပါသည့် ဆောင်းပါးဖြစ်သည်။


မုထျန်းဟန် က မှတ်ချက်တွေကို လျစ်လျူရှုပြီး ဗီဒီယိုကို တိုက်ရိုက်သွားကာ အစမှ အဆုံးထိ အမြန်ကြည့်လိုက်၏။


ကျန်းခွမ်းချန်ကို သူ့အငယ်အနှောင်း၏ နေရာ၌မဟုတ်ဘဲ နိုက်ကလပ်တွင် ဖမ်းဆီးမိခဲ့သည်။ ညသန်းခေါင်တွင် ဖမ်းမိခဲ့သည့်တိုင် တစ်နာရီအတွင်း ရဲတွေနှင့်ညှိနှိုင်းရာ၌ အသုံးပြုနေသည့် ငွေပေးငွေယူ မှတ်တမ်းများ၏ တည်နေရာမှလွဲ၍ အားလုံးနီးပါးကို ဖော်ထုတ်ခြင်းခံခဲ့ရသည်။


ဤအရာသည် အမှန်တကယ်ကိုသံသယဖြစ်စရာကောင်းလေသည်။


ထို့နောက် သူ့ကိုသူ့အငယ်အနှောင်း၏ နေရာ၌ ဖမ်းဆီးရမိခြင်းမဟုတ်ရကား ရွှေချွမ်အဖွဲ့အစည်းက အရေးကြီးသက်သေဖြစ်ကြောင်း ပြရပေမည်။


မုထျန်းဟန်က သူအလိုချင်ဆုံး အချက်အလက်များကို စုဆောင်းပြီးနောက် နို့ကို ဧည့်ခန်းသို့ ပြန်ယူသွားခဲ့သည်။ သူကပြန်လာပြီးနောက် မတ်တပ်ရပ်နေတဲ့ မော့တိကို ပြောလိုက်သည်။


“လာ၊ နို့လာသောက်။ ဒါပြီးရင်း ကိုကို မင်းကို တစ်နေရာ ခေါ်သွားမယ်။"


"ဘယ်ကို..."


"ရွှေချွမ် အဖွဲ့အစည်းကို။"


မော့တိက ကားထဲတွင် ထိုင်ကာ မုထျန်းဟန်၏ စိတ်နေစိတ်ထားနှင့် သူ၏ အတွေးကို နှိုင်းယှဥ်နိုင်လိုက်သည်။ သူတို့၏ နည်းလမ်းများက ကွဲပြားသောကြောင့် တိတ်တဆိတ် စိတ်သက်သာရာ ရသွားသည်။ သူသည် ဟက်ခြင်းမှတစ်ဆင့် သူ၏ပန်းတိုင်ကို အရောက်လှမ်းလိုသော်လည်း မုထျန်းဟန်၏နည်းလမ်းများက ပို၍မြန်ဆန်သည်။


မည်သို့ပင်ဆိုစေကာမူ သူ့ခေါင်းထဲတွင် အရာအားလုံးကို သိနေသော်လည်း အပေါ်ယံတွင် မော့တိသည် ရှုပ်ထွေးနေဟန်ဆောင်လိုက်ကာ ဘာကြောင့် ရွှေချွမ် အဖွဲ့အစည်းကို သွားမှာလဲဟု မုထျန်းဟန် ကို မေးလိုက်သည်။ မုထျန်းဟန်က ထိုနေရာတွင် ကျန်းခွမ်းချန် နှင့်ပတ်သက်သော အရေးကြီးသောအချက်အလက်များရှိနိုင်ကြောင်း အတိုချုံးရှင်းပြခဲ့ပြီး ၎င်း အချက်အလက်များကို သူ့အနီးနားရှိသူတစ်ဦးကို ရှာဖွေပြီး အသေးစိတ်မေးမြန်းရန် လိုအပ်ကြောင်းပြောပြခဲ့သည်။


ထို့နောက် မော့တိသည် ဉာဏ်အလင်းရ သွားဟန်ဆောင်လိုက်သည်။


ရွှေချွမ်အဖွဲ့အစည်းသို့ရောက်ရှိပြီးနောက် မုထျန်းဟန်က မော့တိအား ကားထဲတွင် ထားခဲ့ကာ သဲလွန်စရှာဖွေရန် သွားခဲ့သည်။ သို့သော်လည်း သူ ကားထဲမှ ဆင်းလာချိန်မှာတော့ မော့တိက သူ့ကို အရူးအမူး လှမ်းဆွဲလိုက်သည်။ သူ့၏ အနားကပ်လာပြီး သူ့နားထဲကို တိုးတိုးလေးပြောလာခဲ့သည်။


“ကိုကို ကိုကို၊ နောက်ဆုံးတစ်ခေါက် ကျန်းခွမ်ချန် နဲ့ တွဲတွေ့ ခဲ့တဲ့ အမျိုးသမီးကို ကျွန်တော်တွေ့လိုက်တယ်။ သူမက ကျောက်တုံးကြီးဘေးနားမှာ။"


မုထျန်းဟန်၏ နားသည် မော့တိ၏ ရှူထုတ်လိုက်သော အပူငွေ့လေးတွေ ကြောင့် နားရွက်များ ထုံကျဉ်သလိုဖြစ်သွားပြီး သူ့နားရွက်အရိုးများသည် တခဏချင်း ပြတ်တောက်သွားသလိုခံစားလိုက်ရသည်။ သူက သဘာဝမကျစွာ ချောင်းတစ်ချက်ဟမ့်လိုက်ပြီး ပြောလာသည်။


“ဘယ်မှာလဲ”


"ဟိုမှာ။"


မော့တိက ထိုးပြလိုက်သည်။


မုထျန်းဟန်က မော့တိ၏လက်ညှိုးညွှန်ရာကို နောက်မှလိုက်ကြည့်လိုက်သောအခါ အိမ်ခြံမြေအဝင်ဝရှိ အအေးရောင်းစက်တွင်ရပ်နေသည့် အမျိုးသမီးတစ်ဦး၏ နောက်ကျောကို တွေ့လိုက်ရသည်။ သူမ၏ရုပ်ရည်ကိုကြည့်လျှင် အကြမ်းဖျင်းအားဖြင့် နှစ်ဆယ့်ခုနစ်နှစ် သို့မဟုတ် နှစ်ဆယ့်ရှစ်နှစ်ခန့်သာရှိပြီး ငယ်ရွယ်သေး၏။


ငယ်ရွယ်ခြင်းက ကောင်းပါသည်။ ယေဘူယျအားဖြင့် လူငယ်များသည် အလွန် 'နားလည်မှု' ရှိသည်။


မုထျန်းဟန်က စူးရှသောအကြည့်ဖြင့်ကြည့်လိုက်ပြီး‌ နောက်မှ မော့တိကို ထိုအမျိုးသမီးနှင့် စကားပြောဖို့ ခေါ်သွားရန်


မော့တိနှင့် မုထျန်းဟန် တို့သည် အင်တာနက်ပေါ်ရှိ အရာများ၏လည်ပတ်မှုကို သိပ်ဂရုမစိုက်ခဲ့ကြပေ။ ပထမ တစ်ချက်မှာ ထိုကဲ့ရဲ့ခြင်းနှင့် ကျိန်ဆဲခြင်းများကို ကြည့်ခြင်းသည် သူတို့အတွက် ဒေါသနှင့် ရွံရှာဖွယ်တို့ကိုသာ ဆောင်ကြဉ်းပေးမည် ဖြစ်ပြီး သူ့အတွေးများအား များစွာ အကျိုးမရှိ‌စေပေ။ ဒုတိယကမူ ယခုအချိန်တွင် သူတို့၌ လိုက်လျောညီထွေလုပ်ရမည့် ကိစ္စရပ်တွေ ရှိနေသည်။ ထို့ကြောင့်၊ လောလောဆယ်တွင် မော့များက သူတို့၏ လုပ်ငန်းသုံးWeibo အကောင့်ကို အသုံးပြု၍ သတင်းတစ်ပုဒ်ကို ကြေညာခဲ့သည်ကို သူတို့ မသိခဲ့ကြပေ။ 


မော့တိက သူ့ အစ်မ၏ဂုဏ်သိက္ခာကို ထိခိုက်စေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန် အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်း သူတို့ကဆိုသည်။ သူ့မိသားစုကိုလည်း ကဲ့ရဲ့ရှုံ့ချခဲ့ဖူးသည်။ သူသည် သူ့မိဘများကို သိက္ခာမဲ့ စေခဲ့သည်။ လိမ်ညာလှည့်ဖြားသည်အထိ မကောင်း သော လုပ်ရပ်ကိုလုပ်ခဲ့သည်။ မော့မိသားစုအား အချိန်နှင့်အမျှ စိတ်ပျက် စေခဲ့ရပြီး သူတို့၏ခံစားချက်များကို လုံးဝကြေမွသွား စေခဲ့သည်။ သူတို့သည်မော့တိနှင့် ဆက်ဆံရေးကို ဖြတ်တောက်ရန် တရားဝင်နည်းလမ်းများကို အသုံးပြုရန် ဆုံးဖြတ်လိုက်ကြသည်။


အောက်တွင် စာတမ်းရှည်တစ်ခု ပူးတွဲပါရှိသည်။ ထိုအရာသည် တရားရုံးမှ ဆက်ဆံရေးကို ဖြတ်တောက်ရန် အတည်ပြုချက်လက်မှတ်နှင့် မော့မိသားစုထံမှ တင်သွင်းထားသော စွဲချက်တင်သည့် ဥပဒေကျမ်းလည်း ဖြစ်သည်။ အောက်ခြေညာဘက်ထောင့်ရှိ တင်သွင်းသောရက်စွဲမှာ လွန်ခဲ့သည့် ခြောက်ရက်လောက်ကတည်းကဖြစ်နေခဲ့သည်။


ကြေငြာချက်ထွက်လာသာအခါ၌ စိတ်အားထက်သန်နေသော အင်တာနက်သုံးစွဲသူတွေက မော့တိကို ရွှံ့နွံထဲ ဆွဲချပါတော့သည်။ လိမ်လည်လှည့်ဖျားတက်သော ဒုတိယမျိုးဆက်အား စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှိုက်အဖြစ် ကဲ့ရဲ့ပြစ်တင်ကြသည်။ အစ်မနှင့် မိဘတို့ကို နှိပ်စက်သည့် ညစ်ညမ်းသည့် သား၊ သူက အညစ်အကြေးများကြားတွင် အညစ်ညမ်းဆုံး အညစ်အကြေးဖြစ်ကာ သူ့ကို ကြီးပျင်းအောင်ကျွေးမွေးခြင်းသည် အစာကို ဖြုန်းတီးခြင်းသာဖြစ်ပြီး သူက လေထုကို ညစ်ညမ်းစေသည်၊၊ တစ်သက်တစ်ကျွန်းထောင်ဒဏ်က သူ့အတွက်လွယ်လွန်းနေသေးသည်။သူ့ကို သေဒဏ်ပေးသင့်၏။


ဤမှတ်ချက်အမျိုးအစားများသည် လျင်မြန်စွာ ထိပ်ဆုံးနေရာရသော ခေါင်းစဉ်ကြီးတစ်ခုဖြစ်လာခဲ့သည်။ သို့သော်လည်း မော့မိသားစု၏ အပြုအမူဟာ အလွန်ထူးဆန်းတယ်ဟု ပြောသူတွေလည်း ရှိခဲ့ပါသည်။ သူတို့သားလေး မှာဒုက္ခရောက်နေသည့် အချိန်တွင် အဆက်အသွယ်ဖြတ်သွားကြသည်။ ဤအဖြစ်အပျက်၏နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခုရှိလောက်၏။ သို့သော်လည်း အဆိုပါမှတ်ချက်ကို အင်တာနက်အသုံးပြုသူ ထောင်ပေါင်းများစွာက ချက်ချင်း ရှုတ်ချခဲ့သည်။


မော့တိ၏ အတန်းဖော်များထံမှ သက်သေခံချက်များလည်း ရှိခဲ့သည်။


“‌မော့တိက အမြဲတမ်း ကြောင်သူတော်လိုပုံနဲ့တကယ့် ရွံဖို့ကောင်းတဲ့ လူပဲ။ သူ့အစ်မ မော့လျှိုကွေ့ကို ဒုက္ခပေးဖို့ ကြိုးစားရုံတင်ဘယ်ကမလဲ။ သူက အရမ်း သနားစရာကောင်းတဲ့ ပုံဖမ်းပြီး အမှားအမှန် ပြောင်းပြန်လှန်တတ်တဲ့လူ။ မကြာခင့ကတောင် သူ့အစ်မကို မူးလဲအောင်လုပ်လို့ ဆေးရုံတင်ထားရသေးတာ။ ဒါတောင် မော့လျှိုကွေ့က ကြင်နာတတ်ပြီး မော့တိကို နည်းနည်းမှ အပြစ်မတင်ဘူး။ မော့တိကတော့ ကြင်နာမှုကို အသိအမှတ်မပြုဘဲ အိမ်က ထွက်ပြေးသွားတဲ့ ခွေးတစ်ကောင်နဲ့တောင် တူတယ်။ မော့လျှိုကွေ့က သူ့ကိုရှာဖို့ အတန်းတွေတောင် လွတ်သွား သေးတယ်။ မဟုတ်ရင် သူမက တစ်မြို့လုံးမှာ အမှတ်အများဆုံး ၃ ယောက် ထဲက တစ်ယောက် ဖြစ်လာမှာ သေချာတယ်။”


…..


ဤသို့သော အတန်းဖော်များ၏ ထွက်ဆိုချက်များသည် အင်တာနက်သုံးစွဲသူတို့၏ ဒေါသကို ပိုတိုးစေခဲ့သည်။


အချိန်တိုလေးအတွင်းမှာ မော့တိဆီသို့ကျိန်ဆဲစာ၊ မော့မိသားစုအတွက် စာနာနားလည်မှု၊ ကြင်နာပြီး အနိုင်ကျင့်ခံရသည့်မိန်းကလေး မော့လျှိုကွေ့ အပေါ် စာနာမှုနှင့် ချစ်ခြင်းတို့သည် တစ်ချိန်လုံးမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။


"ဒီ‌မော့တိက ဘာလို့ဒီလောက်ရွံဖို့ကောင်း နေတာလဲ။ စာမေးပွဲမှာ လှည့်စားရဲတယ်။ နောက်ထပ် ဒုတိယမျိုးဆက် အညစ်အကြေးပဲ!”


“တကယ်ကြီးလား။ စာမေးပွဲမှာ လှည့်စားတာနဲ့တင် ရွံဖို့စရာကောင်းနေပြီ၊ သူကလည်း သိက္ခာမဲ့သေးတယ်။ ဒီလိုအစ်မကောင်းတစ်ယောက်ကို စော်ကားတယ်။ ဒီလိုကောင်မျိုးက အမှိုက်တွေထဲမှာ အညစ်ပတ်ဆုံးသူ ဖြစ်လာလိမ့်မယ်။ ငရဲကိုသာသွား!”


“သူ့အစ်မ မော့လျှိုကွေ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ သူ့ပတ်ဝန်းကျင်မှာ ပြီးပြည့်စုံနေပုံကို မြင်ရတော့လည်း သဘောကျတယ်။ ကြင်နာတယ်၊ လှတယ်၊ ဉာဏ်ကောင်းတယ်၊ သည်းခံတက်တယ်။ ဒီလို ပြီးပြည့်စုံတဲ့ မိန်းကလေး ဘယ်မှာရှိနိုင်မလဲ။ သူမက နူးညံ့သိမ်မွေ့လွန်းတယ်။ ဒီအမှိုက်လို မောင်ကတော့ ရွံစရာပဲ။ မမလေးရေ၊သူ့အပေါ်ကို ထပ်ပြီး မကောင်းပြပါနဲ့တော့ ။ မင်းကိုယ်မင်း နည်းနည်းလေး ပိုကောင်းအောင် ဆက်ဆံပါဦး။နာကျင်လိုက်တာ။ [ငို] [ပွေ့ဖက်]"


“တချို့ယောက်ျားတွေက အမှိုက်တွေချည်းပဲ။ အထူးသဖြင့် ဒီမော့တိ‌လိုကောင် ။ ဒီလို အစ်မကိုတောင် အနိုင်ကျင့်တယ်။ မုန်းစရာကောင်းလွန်းလို့ သူ့ကို သေစေချင်လိုက်တာ။ ဒါပေ့မယ် သူ့အစ်မကတော့ အရမ်းထက်မြက်ပြီး လှပတယ်၊ စရိုက်ကောင်းရှိပြီး သူမနဲ့ပတ်သက်တဲ့အရာအားလုံးက ပြီးပြည့်စုံတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူက သူမကို မနာလိုဖြစ်ပြီး သိက္ခာချချင်တာနေမယ်။ စာမေးပွဲမှာ သူ့အစ်မကို ကျော်ချင်တာကြောင့်နဲ့ပဲ လှည့်စားခဲ့တယ်။ အိမ်ကနေ ထွက်ပြေးလာတဲ့အတွက် သူ့အစ်မက သူကို ရှာနေတဲ့ အချိန်မှာ သူမရဲ့ စာသင်ယူမှုကို ထိခိုက်ခဲ့ရတယ်။ ဒီမော့တိ ကအရမ်း ကြောက်စရာကောင်းလိုက်တာ။”


"မော့မိသားစုက အရမ်းသနားစရာကောင်းတယ်။ဒီလိုမျက်လုံးဖြူဝံပုလွေတစ်ကောင်ကို ကျွေးမွေးထားရတယ်။


“စာမေးပွဲမေးခွန်းတွေဝယ်တဲ့သူတွေ သေသင့်တယ်။ လွှတ် ပေးလိုက်တဲ့သူ တွေလည်း သေရမယ်!”


“လိမ်လည်လှည့်ဖြားမှုဖြစ်ရပ်ကနေ၊ မော့မိသားစုက ယောက်ျားကို မိန်းမထက် တန်ဖိုးထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီလိုမှမဟုတ်ရင် မော့တိက ဘယ်လိုများ ဒေါသကြီးသွားတာလဲ။ အစ်မဖြစ်သူက ကြင်နာတတ်တယ်၊ အရမ်းတော်တယ်၊ ဉာဏ်ကောင်းတယ်၊ အရမ်းလှတယ်၊ နှိမ့်ချတက်တယ်။ ဒီလိုအခြေအနေမျိုးမှာတောင် သူ့မောင်ဖို့ တွေးပေးနေတုန်းပဲ။ သေစမ်း! တကယ်ကို အစ်မကောင်းပဲ။ ဒီလို အစ်မမျိုး အနိုင်ကျင့်တဲ့သူတွေ သေသင့်တယ်!”


“အားလုံးပဲ။ အဲဒီအညစ်အကြေး မော့တိကို တစ်သက်လုံး ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး ပုပ်ပွဖို့ ကျိန်ဆဲလိုက်ကြရအောင်။ သဘောတူရင် Like !!!!"


"Like!"


"+ 1"


"+ 10086"


“…”


Xxxxxxxx