အပိုင်း ၃၄
Viewers 28k

Chapter 34


အကြောင်းအရာများဖြစ်တဲ့"ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် လိမ်လည် ဖြေ‌ဆိုခြင်း"၊ "ကောလိပ်စာမေးပွဲမေးခွန်းပေါက်ကြားခြင်း"၊ "ရှာကျား နိုင်ငံတကာကျောင်းသား မော့တိ၏စာမေးပွဲမေးခွန်းများဝယ်ယူခြင်း"၊ "မော့မိသားစုက မော့တိကို ငြင်းပယ်ခြင်း။" "မော့တိ အစ်မအတွက် နာကျင်ရခြင်း"၊ "ငါ့ရဲ့ ပထမဆုံးအချစ်ဦး- နတ်သမီး မော့လျှိုကွေ့” တို့သည် Weibo တွင် အကျော်ကြားဆုံး အကြောင်းအရာများ ဖြစ်လာခဲ့သည်။


ထို့နောက် ပို့စ်တိုင်းတွင်လည်း မော့တိကို ရည်ရွယ်သော စော်ကားမှုများနှင့် ကျိန်ဆဲမှုများသည်လည်း အဆုံးမရှိပေ။ ၎င်းတို့အားဆန့်ကျင်သောအမြင်များရှိလျှင်ပင် ၎င်းသည် ပင်လယ်ထဲသို့ နစ်မြုပ်သွားမည်ဖြစ်ပြီး အခြားသော မှတ်ချက်များနှင့် ဝေဖန်မှုများကြောင့် လွှမ်းမိုးခံလိုက်ရမည်ဖြစ်သည်။


ဥပမာအားဖြင့်၊ မော့တိအတွက် ပြောဆိုနေသော မှတ်ချက်များထဲမှ တစ်ဦးက-


“မော့တိက လုံးဝ အဲဒီလို မဟုတ်ပါဘူး။ သူက မော့လျှိုကွေ့ ကို ဘယ်တုန်းကမှ အနိုင်မကျင့် ဖူးဘူး။ အဲဒီအစား အရေးပေါ်ကုသမှုခံယူခဲ့ရတဲ့အထိကို မော့တိကို သတ်လုနီးပါးဖြစ်ခဲ့တဲ့သူကတော့ မော့လျှိုကွေ့ပဲ ။ ဒါပေမယ့် မော့မိသားစုနဲ့ ကျောင်းသားအများအပြားက မော့တိကိုပဲ အပြစ်တင်ပြီး ကျိန်ဆိုနေကြတုန်းပဲ။ မင်းတို့လူတွေအားလုံး ဉာဏ်ရည်နိမ့်ကျနေကြပြီ ဆိုတာ သိရဲ့လား။ မင်းတို့တွေ အားလုံး မော့လျှိုကွေ့ ရဲ့ ဦးနှောက်ဆေးတာ ခံလိုက်ရတာလား။"


ဤမှတ်ချက်ကို ထိပ်တန်းမှတ်ချက်ပေးသူငါးဦးဆီက‌ ချက်ချင်းရှုတ်ချခြင်းခံခဲ့သည်။ ယခုအချိန်တွင် ရူးသွပ် နေကြသော အင်တာနက်သုံးစွဲသူများသည် မော့တိကို ကျိန်ဆဲရုံသာမက ထိုကဲ့သို့သော မှတ်ချက်ပေးသူများကိုပါ ကျိန်ဆဲခဲ့ကြသည်။


အင်တာနက်ကျိန်စာများ ဆက်လက်တည်မြဲနေချိန်တွင် မုထျန်းဟန် နှင့် မော့တိ တို့သည် ဟန်လန်ယီ၏ ဆိုဖာပေါ်တွင် ထိုင်နေကြသည်။


ဟန်လန်ယီမှာ ယခင်က မော့တိ ဖော်ပြခဲ့သော အမျိုးသမီးဖြစ်သည်။ သူမက ကျန်းခွမ်းချန်၏ အပျော်မယားလည်းဖြစ်သည်။ အစပိုင်းတွင် သူမသည် မုထျန်းဟန် ၏မေးခွန်းများကြောင့် အတော်လေး တုန်လှုပ်သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မုထျန်းဟန်၏ ကျွမ်းကျင်သော ဖြားယောင်းသွေးဆောင်မှု နှင့် သူပေးသော အမြတ်အစွန်း အကျိုးကျေးဇူးများကြောင့် သူမသည် အချိန်တွေမဖြုန်းတော့ပဲ သူတို့ကို ဝင်ခွင့်ပြုလိုက်သည်။


"ငါပြောပြီးပြီ၊ ဘာမှမသိဘူး။ ကျန်းခွမ်းချန်နဲ့ ငါရဲ့ ပုံမှန်ငွေလဲလှယ်မှုက ရိုးရိုးရှင်းရှင်း ငွေလဲလှယ်တဲ့ဝန်ဆောင်မှုပဲ။။ ပြီးတော့ အဲဒီ ၀က်ငတုံးက အရမ်းတွန့်တိုတယ်။ တစ်လကို လေးသောင်းငါးသောင်းပဲ ပေးတာ။ ဒီနေရာအတွက် ငှားခကတောင် ရှစ်ထောင် ပေးရတယ်။”


ဟန်လန်ယီက စီးကရက်တစ်လိပ်ကို မီးညှိပြီး သူမ၏ခြေထောက်များကို လိမ်ယှက်လိုက်ကာ မုထျန်းဟန်ကို ပြုံး၍ ကြည့်လိုက်သည်။ 


"ဒါပေမယ့် မင်းကရှာနေတဲ့သူဆိုရင်တော့ နည်းနည်း‌တော့ လျှော့ပေး ဖို့ စိတ်၀င်စားတယ်"


မော့တိသည် ချက်ချင်းပင် မျက်လုံးကို တချက်လှည့်လိုက်ပြီး ဟန်လန်ယီကို စူးစူးဝါးဝါး ကြည့်လိုက်သည်။


"ဟားဟား၊ တောင်းပန်ပါတယ်၊ ဒီမှာ မောင်ငယ်လေးတစ်ယောက်ရှိနေတုန်းပဲဆိုတာကို မေ့နေတာ" 


ဟန်လန်ယီ ရယ်သည်။


 "မင်း အရွယ်မရောက်သေးဘူးမလား။ ကလေးတွေအတွက် မသင့်လျော်တဲ့ အကြောင်းအရာတွေကို နားထောင်တာမျိုးကို ရှောင်ကြဉ်ရမယ်။ နားလည်လား?"


"မင်းကို ငါက ဉာဏ်ကောင်းတဲ့လူလို့ ထင်ခဲ့တာ။"


မုထျန်းဟန်က ဆတ်ခနဲ ပြောလိုက်သည် ။ သူက ဟန်လန်ယီကို အေးစက်စက်ကြည့်လိုက်သည်။


 "ဒါပေမယ့် အခုက အဲလိုမဟုတ်သလိုပဲ"


"မင်းက ငါ့ကို ဘာလို့ဒီလိုကြည့်နေတာလဲ။ ငါက လွယ်လွယ်နဲ့ မကြောက်တက်ဘူး။"


 ဟန်လန်ယီ၏ လက်ချောင်းများ တုန်ခါသွားပြ စီးကရက်ပြာများ သူမ၏ ၀တ်စုံပေါ်သို့ ပြုတ်ကျကာ အပေါက်တစ်ပေါက် လောင်ကျွမ်းသွားသည်။ 


"ဘာမှမသိဘူးလို့ ငါပြောပြီးပြီပဲ! မင်းငါ့ကို ယွမ်တစ်သန်းပေးရင်တောင် ငါဘာမှမသိသေးဘူး"


"သက်သေအထောက်အထား မမှန်မကန်လုပ်တာ ရာဇ၀တ်မှုပဲ" 


မော့တိကဖြောင်းဖြဟန်ဖြင့်ဆိုသည်။


 “အစ်မ ကျန်းခွမ်းချန်က သက်သေအထောက်အထားအတုအယောင်တွေကို ရှောင်ဖို့ကြိုးစားနေတာကြောင့် ဒီကိစ္စကို ရဲတွေသိသွားရင်အစ်မလည်းထောင်ဒဏ်ချမှတ်ခံရလိမ့်မယ်။ အဲဒီအထဲမှာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ စိတ်ကူးတောင်မယဉ်နိုင်ဘူး!"


"ပြီးတော့ ကျွန်တော် အစ်မမှာ သက်သေရှိတယ်ဆိုတာ သိပြီးသားပါ" 


ဟန်လန်ယီ၏ ချေပချက်ကို မစောင့်ဘဲ မော့တိ က ဆက်ပြောသည်။


"အစ်မမှာ ကျန်းခွမ်းချန် က မမှန်မကန်ပြောခဲ့တာကို သက်သေပြဖို့ သက်သေတွေရှိပြီး မော့တိကို မေးခွန်းတွေဝယ်ခဲ့တယ်လို့ပြောတာနဲ့ ပက်သက်လို့လည်း ထိုနည်းတူပဲ။"


မုထျန်းဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်၊ သူ့၏ ကလေးငယ်လေးက လူများ၏လှည့်စားခြင်းသဘောကို အမှန်တကယ် သိနေတာလား။


"အဓိပ္ပာယ်မရှိတာ! မင်းလို့ကလေးက ဘာသိမှာလဲ" 


ဟန်လန်ယီ သိသိသာသာ စိတ်ရှုပ်သွားသည်။ သို့သော် သူမသည် စိတ်တည်ငြိမ်အောင်ထိန်းပြီးပြောသည်။ 


 “ငါ့မှာ ဘာအထောက်အထားမှ မရှိပါဘူး။ မင်းငါ့ကို တစ်သန်းပေးရင်တောင် ငါဘာမှပြဖို့ မရှိဘူး။"


မော့တိသည် မတုန်လှုပ်ဘဲ ဟန်လန်ယီကို တိတ်တဆိတ်ကြည့်နေသည်။ ဟန်လန်ယီက မည်သူ့ကိုမှယုံကြည်မှုမရှိသူဖြစ်သည်။ သူမလွှတ်လမ်းကိုသေချာစေရန်အတွက် ကျန်းခွမ်းချန်၏ အငယ်အနှောင်းဖြစ်လာပြီးနောက် မကြာမီတွင် သူမသည် အိမ်တွင်း အပေါက်များ၌ ကင်မရာကိုတပ်ဆင်ခဲ့သည်။ တစ်ဖန် ကျန်းခွမ်းချန်ကလည်း ဟန်လန်ယီအား အလေးအနက်မထားသည့် မာနကြီးပြီး ချောမောသူဖြစ်သည်။ သူ့ အငယ်အနှောင်း ပုန်းအောင်းနေသည့်နေရာက စီးပွားရေး အရောင်းအဝယ်လုပ်ဖို့ သင့်တော်သည်ဟု သူထင်ခဲ့သည်။ သူက မာလျန့်ချောင်နှင့် ဟွမ်လျဲ့ဟောင်၏မိဘနှစ်ပါးကို လဲလှယ်ရန်အတွက်ခေါ်လာသောအခါ အားလုံးကို ကင်မရာတွင် မှတ်တမ်းတင်နိုင်ခဲ့သည်။


သို့သော် ဟန်လန်ယီမှာ သူရဲဘောကြောင်ဆဲပင်ဖြစ်၏။ သူမသည် ကင်မရာနှစ်လုံးကိုသာ တပ်ဆင်ခဲ့၏။၊ ဖိနပ်ပုံးထဲတွင် တစ်လုံးနှင့် အိပ်ခန်းတံခါးဘောင်ပေါ်တွင် တစ်လုံးကို တပ်ရန်သာ သတ္တိရှိခဲ့သည်။ ကျန်းခွမ်းချန်သည်လည်း အရူး မဟုတ်ပါ။ အထူးအခန်းကို ဖွဲ့စည်းလိုက်ပြီး ဟန်လန်ယီကို ဝင်ခွင့်မပေးဘဲ သော့ခတ်ထားသည်။ သူက ထိုအခန်း၌သာ ကိစ္စတွေကို ဆွေးနွေးပြီး ဟန်လန်ယီကို ထိုအကြောင်း မပြောပြပေ။


သို့သော်လည်း ကင်မရာနှစ်လုံးမှ ရိုက်ကူးထားသော ဗီဒီယိုဖိုင်ဖြင့်ပင် မော့တိ အပြစ်ကင်းကြောင်း သက်သေပြရန် လုံလောက်ပါသည်။ အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းမှာ လဲလှယ်ဖို့ ပစ္စည်းတွေ ကိုင်ဆောင်ထားသည်ဟု ယူဆရသော သေတ္တာ တစ်လုံးကို ရဲတွေက ရှာတွေ့ သွား သောကြောင့်ဖြစ်သည်။။ ဟွမ်လျဲ့ဟောင် ၏ဖခင် နှင့် မာလျန့်ချောင်၏ မိဘများနှင့် သူတို့အသံများကို အငယ်အနှောင်း၏အိမ်ရှိ ကင်မရာများမှ ဖမ်းယူထားသည်။


မော့တိသည် ဟန်လန်ယီက သူ၏နောက်ဆုံးဘဝတွင် ဗီဒီယိုဖိုင်ကို လွှဲပြောင်းပေးရန် သဘောတူခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အဘယ်ကြောင့်မတူနိုင်လဲ ဆိုတာကို ခန့်မှန်းနိုင်သည်။ သူ့အရင်ဘဝတုန်းက အထောက်အထားတွေက ကျန်းခွမ်းချန် ကျူးလွန်ခဲ့သည့် တကယ့်ရာဇ၀တ်မှုဖြစ်ကြောင်း သက်သေပြခဲ့ပေမယ့် အခု အထောက်အထားတွေက ကျန်းခွမ်းချန်က စာရွက်တွေကို ရောင်းစားရုံသာမက လိမ်လည်ထွက်ဆိုချက်တွေကိုလည်း သက်သေပြနိုင်တော့မှာဖြစ်သည်။သူမသာ အကယ်၍ အထောက်အထားတွေ လွှဲပေးလိုက်ပါမူ သူမ အနေနှင့်ဒုက္ခရောက်နိုင်သည်။


ထို့အပြင် ကျန်းခွမ်းချန်၏ လိမ်ညာမှုကို ထုတ်ဖော်သူဖြစ်လာပါက သူမအနေနှင့် ပို၍ပင် အန္တရာယ်ရှိလိမ့်မည် ။


“အစ်မ”


မော့တိ ဟန်လန်ယီကို ကြည့်ကာပြောလာသည်။


 “အစ်မဒုက္ခရောက်မှာကို စိတ်ပူနေတာ နားလည်နိုင်ပေမယ့် အချက်အလက်ကို ကိုင်ဆောင်ထားရတာလည်း အန္တရာယ်ရှိတယ်လို့ အစ်မမထင်ဘူးလား။ အစ်မ ကျွန်တော်တို့ကို လက်လွှဲပေးမှ အစ်မဒီအရှုပ်အထွေးထဲက လွတ်မြောက်နိုင်မှာ။ ဒီနောက်ကွယ်ကလူကို ကျွန်ဆော်တို့က ‌ထုတ်ဖော်လိုက်မှာ ဆိုတော့ အစ်မနောက်ကြောင်းမအေး နေ့တိုင်းဖြစ်နေစရာ မလို တော့ဘူး။"


"သရဲပဲ မင်းကိုယုံလိမ့်မယ်!"


 ဟန်လန်ယီသည် ယွမ်ငါးသောင်းဖြင့် ဆယ်မိနစ်ကြာ စကားပြောရန် သဘောတူလိုက်သည့်အတွက် စိတ်မကောင်းဖြစ်မိသည်။ သူမက ဒေါသတကြီးပြောသည်။


 “ဆယ်မိနစ်နီးပါးရှိပြီ။ ပိုက်ဆံမြန်မြန်ပေးနော်။ ပြီးရင် ထွက်သွား!"


"ကျန်းခွမ်းချန်ရဲ့ နောက်ကွယ်ကလူက ဘယ်သူလဲဆိုတာ မင်းသိလား" 


မုထျန်းဟန်အေးစက်စွာမေးလိုက်သည်။


"သူ...သူ့နောက်မှာ ဘယ်သူရှိနေနေ ငါနဲ့ဘာမှမဆိုင်ဘူး!" 


မုထျန်းဟန်၏ ဂရုမထားသော အကြည့်ကြောင့် ဟန်လန်ယီ တုန်လှုပ်သွားသည်။


"ဒါက ချင်မိသားစုပဲ"


မုထျန်းဟန်ကပင် ဖြေလာသည်။ 


“ချင်မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုက သူတို့ရဲ့ ဖျော်ဖြေရေးနဲ့ အိမ်ခြံမြေလုပ်ငန်း တစ်ခုတည်းမဟုတ်ဘူး။ သူတို့မှာ မြေအောက်လုပ်ငန်းလည်း ရှိတယ်၊ အဲဒါက ဘာလဲဆိုတာ မင်းသိလား”


“ဘာ..ဘာလဲ?"


"ကာစီနို။ မကာအိုမှာတင်မဟုတ်ဘူး အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာလည်းရှိတယ်။ မျက်နှာ ရှေ့မှာရှိ‌နေပေမယ့်လည်း ၊ သူတို့နာမည်အောက်မှာမရှိဘူး။ ပြီးတော့ ဒေသတွင်း ဒေသခံတွေရဲ့ လွှမ်းမိုးအုပ်စိုးမှုအောက်က ကာစီနိုတွေရှေ့မှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ ပြပွဲတွေ ပြထားလဲ သိလား။”


"ဘာ...ဘာပြပွဲလဲ!"


 ဟန်လန်ယီကလက်များ တုန်ရင်လာကာ သူမနောက်ကျောတွင် ယားယံလာသည်။


"သူတို့တွေက မင်းရဲ့လက်တွေ ခြေထောက်တွေကို ဖြတ်ပစ်မယ်၊ မင်းရဲ့လျှာကို ဆွဲထုတ်ပြီး မင်းမျက်လုံးတွေကို ဖောက်ထုတ်လိမ့်မယ်။ မင်းကို ဧည့်ကြိုနေရာက လူသားအလှပန်းအိုး လုပ်ပစ်မှာပဲ။" 


မုထျန်းဟန်က ဟန်လန်ယီ၏ ထိတ်လန့်နေသော မျက်လုံးများကို တိုက်ရိုက်ကြည့်လိုက်သည်။


 “အဲတာက သိပ်စိတ်၀င်စားစရာ မကောင်းဘူးလား၊၊ မစ္စဟန် အဲဒီ့ 'ကြိုဆိုတဲ့ ဆွဲဆောင်မှု'က ဘယ်သူဖြစ်လာမယ်ထင်လဲ။ ဒီအထောက်အထားတွေကို ဖုံးကွယ်ထားတယ်ဆိုတာ သူတို့ ဘယ်တော့မှ မသိနိုင်ဘူးလို့ မင်းတကယ်ထင်လား။ ငါတို့က မင်းကို မတော်တဆတွေ့မိလို့ အခုဒီကိုရောက်နေပေမယ့် ကျန်းခွမ်းချန် က မင်းကို အချိန်မရွေး အလွယ်တကူ လက်လွှတ်လိုက်နိုင်တယ်။ ချင်မိသားစုက သံသယ တန်းဖြစ်မှာပဲ မဟုတ်ဘူးလား။ သူတို့အခုတောင် ရှာတွေ့ပြီး လာချင်လာနေမှာ…”


“အား!”


 ဟန်လန်ယီက နားရွက်ကို အုပ်ထားကာ အော်ဟစ်လိုက်သည်။


 “ရပ်တော့ ၊ ရပ်လိုက်ပါ‌တော့ ။ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါ ဥပဒေနဲ့မညီဘူး!"


"ဥပဒေ? တစ်စုံတစ်ယောက်ကို ချောက်ချဖို့ အထောက်အထားတွေ လုပ်ကြံဖန်တီးဖို့တောင် သတ္တိရှိတဲ့သူက ဥပဒေကို အလေးထားတယ်လို့ ထင်နေတာလား။ အဲဒါအပြင် သူတို့က မင်းကိုဘာ အကျိုးဆက်မှမကြုံတွေ့ရဘဲ ပျောက်ကွယ်သွားအောင် လုပ်နိုင်တဲ့နည်းလမ်းများကြီးရှိတယ်။ ငါလွန်ခဲ့တဲ့ရက်နည်းနည်းလောက်က သတင်းကြားရလိုက်ပါသေးတယ်။ ကျောင်းအုပ်တစ်ဦးက ဆရာတစ်ဦးကို သတ်ခဲ့ပေမယ့် အနှစ်နှစ်ဆယ်ကျော်ကြာမှ ရှာဖွေတွေ့ရှိခဲ့တာ‌လေ ။ အဲဒါက အဓိကပဲ၊ သူက ချင်မိသားစုနဲ့ယှဉ်ရင် ပုရွက်ဆိတ်လောက်တောင် တန်ဖိုးမရှိဘူး။ ချင်မိသားစုကသာ တကယ် လိုချင်ရင်….”


"ရပ်တော့! ထပ်မပြောနဲ့တော့! ငါဘာဘာမှမသိဘူး!"


မုထျန်းဟန်က-


 "မင်းသိတာကို ပြောပြပြီး သက်သေပြရင် မင်းလက်ထဲကဒီအာလူးပူပူကို ရှင်းပစ်နိုင်ရုံမကဘူး ချင်မိသားစုရဲ့ သြဇာလွှမ်းမိုးမှုနယ်ပယ်နဲ့ ဝေးဝေးနေနိုင်အောင်လည်း ငါကူညီပေးမယ်။ ”


"ဘာ" 


ဟန်လန်ယီ အံ့သြစွာ မော့ကြည့်လိုက်သည်။


"မှန်တယ်။ မင်းကြားတာမမှားဘူး"


မုထျန်းဟန်က တဆက်တည်း ပြောသည်။


 “ငါ မင်းကို အမေရိကကို ခေါ်သွားပြီး ငါလူတွေနဲ့ စောင့်ရှောက်ပေးမယ်။ မင်းလိုချင်ရင် ငါမင်းကို နေထိုင်မှု အထောက်အထားအသစ်တစ်ခုလုပ်ပေးမယ် ၊ ပြီးတော့ မင်းကို ယွမ်ငါးသန်းပေးမှာမလို့ မင်းစိတ်မပူဘဲနေနိုင်တယ်"


ဟန်လန်ယီ၏ အမူအရာမှာ ခဏတာမျှ ရှင်းရှင်းလင်းလင်း ပြေလျော့သွားသည်။


 "မင်းကို ငါကဘယ်လိုယုံရမှာလဲ။"


“လက်ရှိမှာ ငါက မင်းယုံနိုင်တဲ့ တစ်ဦးတည်းသောလူပဲ။ ရဲတွေက ဒီကို မိနစ်ပိုင်းအတွင်း ရောက်လာနိုင်တယ်။ ဒါ့အပြင်၊ ငါ့ကိုယုံကြည်ဖို့ အတွက်အကြောင်းပြချက်မလိုဘူး။မင်း "impression' ကွန်ရက်အကြောင်း သိထားမှာပဲမလား။ တည်ထောင်သူ ဘယ်သူလဲဆိုတာ မင်းစစ်ဆေးနိုင်တယ်။”


"မ...မင်း!!!" 


ဟန်လန်ယီသည် သူမ၏ 'ညီအစ်မများ' ထံမှ ကြားရသော ကမ္ဘာ့အချမ်းသာဆုံးအမျိုးသားအကြောင်း အတင်းအဖျင်းစကားကို ယောင်ဝါးဝါး သတိရသွားသည်။ သူက ငယ်ရွယ်ပြီး မယုံနိုင်လောက်အောင် မြင့်မားသော ပိုင်ဆိုင်မှုများဖြင့် အလားအလာကောင်းသည့် 'impression' ကို တည်ထောင်သူဖြစ်သည်။ သူက နာမည်ကြီးတွေထက် ပိုခန့်ညားကာ ကြည့်ကောင်းပြီး ပိုအရေးကြီးသည်မှာ သူက ဟွာရှားကလာပုံရသည်။


ဟန်လန်ယီသည် ဆိုဖာပေါ်မှ ဖုန်းကို အရူးအမူးယူလိုက်ကာ အင်တာနက် တွင်၀င်ရှာလိုက်သည်။ သုံးစက္ကန့်ကြာတော့ သူ့ဦးနှောက် ပျက်သွားပြီးတောင် ထင်လိုက်ရသည်။


"မင်း မင်း... မင်းကတကယ် မုထျန်းဟန် လား?"


"ဟုတ်တယ်။ ငါကတိပေးထားတဲ့ငွေကို မင်းကိုငါပေးမယ်။ မင်း ပြည်နယ်တခုခုမှာနေနိုင်ဖို့ ငါစီစဉ်ပေးမယ်။ မင်းကတကယ်လို့ ဒီနေရာမှာပဲ ဆက်နေဖို့ ရွေးချယ်လိုက်ရင် ချင်မိသားစုဆီက ခြိမ်းခြောက်ခံရနိုင်တယ်၊ ပြီးတော့ မင်းကို လူသားရုပ်ထု လုပ်ပစ်လိုက်လိမ့်မယ်၊ ဒါမှမဟုတ် ပိုက်ဆံကိုယူလိုက်ပြီး မတူညီတဲ့ နေထိုင်မှုအထောက်အထားတစ်ခုနဲ့ အမေရိကန်မှာ နေထိုင်နိုင်ဖို့အတွက် မင်းရွေးချယ်နိုင်တယ်၊ ဒါတွေအကုန်က မင်းအတွက်ပဲ။ ဒါပေမယ့် ငါ မင်းကို စဉ်းစားဖို့ ငါးမိနစ် အချိန်ပဲ ပေးမယ်။"


"ငါ... ငါ... မင်းငါ့ကိုကူညီနိုင်တယ် ဆိုတာ သေချာလား၊ ပိုက်ဆံပေးပြီး၊ ငါကိုအထောက်အထားအသစ်တစ်ခုလုပ်ပေးပြီး အမေရိကားမှာနေခွင့်ပေးမယ်ဆိုတာ မင်းသေချာလား"


“သေချာတယ်။ ဒါပေမယ့် မင်း မယုံရင် ငြင်းချင်ရင်လည်း ကိစ္စမရှိပါဘူး….”


"ငါသဘောတူတယ်!"


 ဟန်လန်ယီက စကားဖြတ်ပြောလိုက်သည်။


“ဒါပေမယ့် မင်း ငါ့ကို နိုင်ငံခြား အမြန်ဆုံးသွားနိုင်ဖို့ စီစဉ် ပေးရမယ်။ ငါ့မှာပတ်စပို့ရှိတယ်!”


"ငါ့ကို သက်သေ‌တွေပေး ပြီးရင် မင်းရဲ့လက်မှတ်တွေကို တစ်ယောက်ယောက်ကို ကြိုမှာထားခိုင်းလိုက်မယ်။"


ဟန်လန်ယီသည် အသက်ပြင်းပြင်းရှူရင်း အားလျော့ကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူမ အိပ်ခန်းထဲသို့ အမြန်ပြေးသွားခဲ့သည်။



မော့တိ နှင့် မုထျန်းဟန်တို့ ရွှေချွမ် အဖွဲ့အစည်းမှ ထွက်ခွာသွားသောအခါ သူတို့၏ အမူအရာများ တင်းမာမှု နည်းပါး နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။


ဤအထောက်အထားနှင့် ဟန်လန်ယီ၏ဝန်ခံချက်ဖြင့်၊ ကောလိပ်ဝင်ခွင့်စာမေးပွဲ လိမ်လည်မှုနောက်ကွယ်ရှိ အမှန်တရားကို ဖြေရှင်းနိုင်မည်။


Xxxxxxx