Chapter 37
မော့တိက ကြိုတင်မှာထားသောကြောင့် သူတို့နှစ်ဦးမှာ ဆယ်မီတာကျော်ရှည်သည့် ကြမ်းတမ်းသောတန်းစီခြင်းကို ရှောင်ရှားနိုင်ခဲ့သည်။ စားပွဲထိုးက ထောင့်တစ်နေရာက စားပွဲတစ်ခုဆီ ခေါ်သွားသည် ။
"မင်္ဂလာညချမ်းလေးပါ၊ ဒါတွေက ကျွန်တော်တို့ဆိုင်က အခမဲ့ အချိုပွဲနဲ့ သရေစာတွေပါ။"
စားပွဲထိုးလူငယ်လေးက မော့တိအား အနည်းငယ်ခိုးကြည့်လိုက်သော်လည်း ဘာမှ တော့မပြောပေ။
မော့တိသည် သူတို့စားသည့်အခါ၌ maskကို ဖြုတ်သင့်သည်ဟု တွေးကာ သူ့မျက်နှာဖုံးကို ဆွဲချလိုက်သည်။
မုထျန်းဟန်က စားပွဲထိုးကို ကျေးဇူးတင်လိုက်သည်။။ သူနှင့်မော့တိ ဟင်းအမျိုးများစွာကို အတူတူ မှာကြားပြီးနောက် စားပွဲထိုးက ထွက်သွား၏။
"ရပါတယ်။ အချိန်ကြာပြီးနောက် မင်းကို လမ်းလျှောက်နေတဲ့ အာရုံစိုက်စရာတစ်ခုလို မဆက်ဆံကြတော့ဘူး။"
မုထျန်းဟန်က သူ့ကို နှစ်သိမ့်ပေးပြီး နောက်တော့ နောက်ပြောင်လာသည်။
“မင်း လုတာ့ကွမ် လိုချင်လား?”
မော့တိက ဘယ်ညာကြည့်လိုက်သည်။ သူက လုတာ့ကွမ်ကို လျင်မြန်စွာ ကောက်ယူလိုက်ပြီး လျင်မြန်သော လုပ်ရပ်ဖြင့် သူ့မျက်နှာဖုံးကို ဆွဲချကာ သူ့ပါးစပ်ထဲကို ထည့်လိုက်ပြီးနောက် မျက်နှာဖုံးကို ပြန်ဆွဲတင်လိုက်သည်။ ထို့နောက် သူက မုထျန်းဟန်ကို ဂုဏ်ယူနေသောအကြည့်ဖြင့် ကြည့်ပေးလိုက်သည်။
မော့တိ၏ လှုပ်ရှားမှုနှင့် ဖောင်းကားနေသော ပါးပြင်လေးကိုမြင်လိုက်ရပြီးနောက် သူ၏ ဂုဏ်ယူနေသော အကြည့်သည်ပင် မုထျန်းဟန်ကိုရယ်ချင်လာစေသည်။ သူ့ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်ကာ တည်ငြိမ်စွာပြောရန်ကြိုးစား နေသည်။
“ဒါကို မမျှော်လင့်မိထားဘူး။ စာအုပ်တစ်အုပ်ကို မျက်နှာဖုံးကြည့်ပြီး အကဲဖြတ်လို့မရဘူးပဲ။ မင်းရဲ့ လှုပ်ရှားမှုက တကယ်ကို ကျွမ်းကျင်ချက်။ အံ့သြစရာပဲ။”
မော့တိ၏ ပါးစပ်ထဲ၌ အလွန်ပြည့်နေသဖြင့် သူ့လျှာမှာ ထားစရာနေရာပင် မရှိပေ။ စကားပြောချင်သော်လည်း မတတ်နိုင်ချေ။ သူ့လျှာအား လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ရာ လုတာ့ကွမ် ကို မိနစ်ဝက်ခန့် ပြင်းပြင်းထန်ထန် ဝါးခဲ့ရသည်။
သူတခုခု ပြောတော့မည့်အချိန်တွင်စားသောက်ဆိုင်ထဲသို့ ဝင်လာသောလူနှစ်ယောက်က သူ့အာရုံကိုဖမ်းစားလိုက်သဖြင့် ခဏရပ်လိုက်၏ ။
သူ၏မျက်လုံးမှာ ကော်ရစ်ဒါအဆုံးရှိ သီးသန့်ခန်းထဲသို့ ဝင်သွားသော လူနှစ်ယောက်ကို လိုက်ကြည့်နေသည်။
မုထျန်းဟန်က မော့တိ၏အကြည့်ကို သတိပြုမိပြီး အသက်သုံးဆယ်ကျော်ခန့်ရှိ လှပသောအမျိုးသမီးနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ သူတွေးပြီး မေးလာသည်။
" ဘာဖြစ်လို့လဲ။ မင်းနဲ့သိတဲ့လူ တွေ့လို့လား။"
“တစ်ခုခု…ဒီလိုပါပဲ…”
မော့တိက အာရုံစူးစိုက်ပြီး ပြင်းပြင်းထန်ထန် ဝါးနေလိုက်တော့သည်။
“အဖြူရောင်ဝတ်စုံနဲ့ စကတ်ဝတ်ထားတဲ့ အမျိုးသမီးက ကျွန်တော့်ဝမ်းကွဲအကြီးဆုံး မော့ယီချန်းရဲ့ ချစ်သူပါ။”
"ချစ်သူလား?"
မုထျန်းဟန်သည် အနည်းငယ် အံ့သြသွားကာ အဝေးကို ကြည့်လိုက်သည်။
မျက်နှာထက်တွင်တော့ မော့ယီချန်းသည် အရည်အချင်းရှိ၊ ရုပ်ရည်နှင့်ပြည့်စုံပြီး သူ၏လုပ်ငန်းကျွမ်းကျင်မှုမှာလည်း မဆိုးလှပေ။ သူတွင် ဦးနှောက်ပျက်စီးနေသော ညီမလေးတစ်ယောက်ရှိပြီး အနှီညီမလေးမှာ သူတော်ကောင်းစင်စစ်ကြီး မဟုတ်သဖြင့် သနားစရာပင်။
မုထျန်းဟန် တွေးနေသည်တို့အား မော့တိကြားနိုင်ပါမူ မော့ယီချန်းသည်လည်း လူကောင်းမဟုတ်သည်မှာ သေချာပါကြောင်း ပြောပြမိလိမ့်မည်။
သူ၏ယခင်ဘဝတွင်အိမ်မှထွက်ပြီး တစ်နှစ်အကြာတွင် မော့ယီချန်းက သူ၏ချစ်သူ ၀မ်ရူယာနှင့် လက်ထပ်ခဲ့သော်လည်း ငါးနှစ်မပြည့်မီတွင် ကွာရှင်းခဲ့သည်။
သူနှင့်ဝမ်ရူယာတို့၏ ဆက်ဆံရေးက မနီးစပ်သလို ဆိုးရွားလွန်းသည်လည်းမဟုတ်ပေ။ နောက်ဆုံးတွင် သူ၏ မကောင်းသတင်းသည် မော့မိသားစုနှင့် ကျူး၀မ်ဇီတို့၏ သတင်းဖြန့်ခြင်းကြောင့် မြို့တော်ရှိ အထက်အသိုင်းအ၀ိုင်းမှ အားလုံး သိသွားကြ၏။ သူဘယ်လိုပင်ရှင်းပြနေပါစေ လူအနည်းငယ်ကသာသူ့ကို ယုံလိမ့်မည်။
၀မ်ရူယာကမူ သူ့အစ်ကိုကြီး၏ ချစ်သူဖြစ်ခြင်းကြောင့် သူမက မော့ဝုဟန်၊မော့လျှိုကွေ့တို့နှင့် ပိုရင်းနှီးသည်။ သဘာ၀ကျကျပင် သူမက သူနှင့် ရင်းနှီးနေမည်မဟုတ်သကဲ့သို့ သူ့ကို အနိုင်ကျင့်ခြင်းလည်းမရှိပေ။
သူမအား မော့တိက စိတ်ထဲမှနေ၍ မော့မိသားစုဟု လူသိများသော မီးတွင်းထဲသို့ မဝင်ရခင်တွင် ခင်မင်ရင်းနှီးစွာ သတိပေးချင်မိသည်။
သူကဲ့သို့ပင်၊ သူမသည်လည်း အရေးမကြီးသော အမြောက်စာသာသာလေးဖြစ်ပြီး သူမကံကြမ္မာက မဆိုးရွားသော်လည်း မည်သို့ပင်ဆိုစေကာမူ သနားစရာ ကောင်းနေဆဲဖြစ်သည်။
မော့တိက နောက်ဆုံးတွင် သူ၏လုတာကွမ်ကို မျိုချနိုင်ခဲ့သည်။ ထို့နောက် သူက မုထျန်းဟန်ကို သန့်စင်ခန်း ခဏ သွားလိုကြောင်း ပြောလိုက်သည်။ ထိုနေရာသွားသည့်လမ်းတွင် သူက လမ်းပျောက်ဟန်ဆောင်ကာ ဝမ်ရူယာ နေရာယူထားသည့် စင်္ကြံဆီသို့ သွားလိုက်၏။
ပြောစရာမလိုအောင် သူ အခုအချိန်မှာ ၀မ်ရူယာကို မော့ယီချန်းနှင့်ခပ်ဝေးဝေးနေပါဟူ၍ တိုက်ရိုက်ကြီး စည်းရုံးဖို့ မစီစဉ်ထားပေ။ သူက သူမ၏ လက်ရှိအခြေအနေနှင့် စိတ်နေသဘောထားကိုသာ စောင့်ကြည့်လိုပြီး နောက်ပိုင်းမှသာ သူမအား ဖျောင်းဖျရန် နည်းလမ်းရှာမည်ဖြစ်သည်။
တိုက်ဆိုင်စွာပင် အခန်းထဲသို့ ချဉ်းကပ်လာသည်နှင့်အမျှ ၀မ်ရူယာ၏အသံကိုကြားလိုက်ရပြီး ထိုအထဲတွင် မြိုသိပ်ထားသော ခံစားချက်အရိပ်အယောင်တို့ နှော၍နေသည်။
“ချွန်းဝမ်၊ မင်းဘာမှထပ်ပြောစရာမလိုတော့ဘူး ငါဘာလုပ်ရမလဲ သိပြီ။”
"မင်းဘာကိုသိတာလဲ? မော့မိသားစုတစ်ခုလုံးက ယုတ်ညံ့တဲ့လူတွေထဲ သူတို့က ထိပ်ဆုံးပဲ။ မော့ယီချန်းနဲ့ ဘာလို့ လမ်းမခွဲ သေးတာလဲ။ အဲဒီငရဲတွင်းထဲကို ခုန်ချချင်တာလား။ သူတို့အားလုံးက မော့လျှိုကွေ့အပေါ် အဓိပ္ပာယ်မဲ့သည်အထိ ရူးသွပ်နေကြတာ။ မင်းသူတို့မိသားစုထဲကို ဝင်ပြီးတာနဲ့ မင်း မော့လျှိုကွေ့ ကို စော်ကားတာပဲဖြစ်ဖြစ်၊ သူမစိတ်မကောင်းဖြစ်တာပဲဖြစ်ဖြစ် ၊ မင်းနဲ့ပတ်သက်နေသရွေ့ အလိုလို မင်းအပြစ်ဖြစ်သွားလိမ့်မယ်။ မင်းယောက္ခမအပါအဝင် ဘယ်သူမှ မင်းဘက်မှာ ရပ်တည်ပေးမှာမဟုတ်ဘူး။မင်းနားလည်လား?!!"
အထဲမှာ တိတ်ဆိတ်နေ၏။
၀မ်ရူယာက စကားမပြောလိုပုံရသည်။ ချွန်း၀မ် အမည်ရှိသည့်လူက ပို၍တင်းကြပ်သောအသံဖြင့် ထပ်ပြောလာခဲ့သည်။
“အချိန်မှန်မဟုတ်ဘူးလို့ မပြောနဲ့။ အခုချိန်မှာ မှန်ကန်တဲ့ အချိန်ဆိုတာမရှိဘူး။ အချိန်မှန်ကိုစောင့်နေရင် မင်းလက်ထပ်ပြီးသွားလိမ့်မယ်။"
“မဟုတ်ဘူး၊ ချွန်း၀မ်၊ မင်္ဂလာပွဲကို နောက်နှစ် မေလမှာ ကျင်းပဖို့ ဆွေးနွေးထားတာ။ လူတိုင်း စိတ်တည်ငြိမ်ဖို့ အချိန်ရှိပါသေးတယ်။"
“မဟုတ်ဘူး! အချိန်မရှိတော့ဘူး!"
ထိုလူက စိုးရိမ်တကြီး ပြောလာသည်။
“ရူယာ မင်းကို တစ်ခုခုပြောပါရစေ၊ ဒါပေမယ့် မင်း မော့ယီချန်းကို ပြန်မပြောဘူးလို့ ကတိပေးရမယ်။”
"ကျွန်မကတိပေးပါတယ်။ ဘာများလဲ?"
"ဟင်း…”
အထဲမှကုလားထိုင်ကို ရွှေ့လိုက်ပြီး တူတွေကိုချလိုက်သည့်အသံများထွက်လာသည်။
"ရူယာ ၊ ဗျူရိုမှာ အလုပ်လုပ်တဲ့ ငါ့ဦးလေးဆီက သတင်းတစ်ခုကြားခဲ့တယ်။ မော့ရှစ်ဟုန်ကသက်သေအထောက်အထားအတု ဖန်တီးတာမှာ ပါဝင်ခဲ့တာကြောင့် တရားစွဲခံရပြီး ပြစ်ဒဏ်ချမှတ်ခံရနိုင်ခြေများတယ်။အဲဒါက တကယ်ပြင်းထန်တဲ့ ရာဇ၀တ်မှုပဲ။ အဲဒီမှာ သက်တောင့်သက်သာရှိမှာ မဟုတ်ဘူး။ မင်းက မင်းယောက္ခမကို ထောင်ကျဖူးတဲ့သူဖြစ်စေချင်တာလား။"
"မင်း အခု မော့ယီချန်းနဲ့ လမ်းခွဲမလိုက်ပဲ သူ့ရဲ့တတိယဦးလေး ပြစ်ဒဏ်ကျခံရတဲ့အခါမှ လမ်းခွဲရင် မင်းရဲ့လမ်းခွဲမှုက ပိုအရုပ်ဆိုးသွားလိမ့်မယ်!"
မော့တိက သေချာအာရုံစိုက်နားထောင်နေသော်လည်း ဝမ်ရူယာ၏ နောက်ဆုံး တုံ့ပြန်မှုကို မကြားရတော့သောကြောင့် စင်္ကြံမှ ခိုးနားထောင်ပြီးသည်နှင့် ပြန်လာခဲ့သည်။
မုထျန်းဟန်က သူ၏ နောက်၌ ရပ်နေပြီး ဖြစ်သည်။
မော့တိမှာ ထိတ်လန့်သွားပြီး တုန်လှုပ်လုနီးပါးဖြစ်သွားသော်ငြား သူက တည်တည်ငြိမ်ငြိမ် အမူအယာကိုသာ ထိန်းထားလိုက်သည်။ ပြီးတိုက်ဆိုင်မှုတစ်ခုပမာ ဟန်ဆောင်လိုက်ရင်း သူက မုထျန်းဟန် ကို ချိုသာသည့်အသံနှင့် မေးလိုက်၏။
"ကိုကို၊ ခင်များရော အိမ်သာသွားမို့လား"
မုထျန်းဟန်ကပြောလာသည်။
“ကိုယိအိမ်သာမသွားပါဘူး။ အိမ်သာထဲကို ပြုတ်ကျသွားတဲ့ ကောင်လေးကို ရှာဖို့ ဒီမှာ ရောက်နေတာ။ မင်းသူ့ကိုတွေ့မိသေးလား။"
မော့တိ : “…"
မော့တိက မုထျန်းဟန်နှင့်အတူ ကျေကျေနပ်နပ်ကြီး ပြန်သွားခဲ့သည်။
မုထျန်းဟန်က မော့တိကို သူတို့ ထိုင်ခုံဆီ ပြန်ခေါ်သွားပြီးနောက်တွင် ဘာဖြစ်ခဲ့သလဲဟူ၍ မေးမလာသလို စိတ်ဝင်စားပုံလည်း မပြခဲ့ချေ။သူက သူ့ကို စားသောက်ရန်နှင့် ဖျော်ရည်သောက်ရန်သာ ကူညီပေးနေသည်။။ မော့တိက ခဏတာ တိတ်ဆိတ်နေခဲ့၏။ သူသည် တိတ်တိတ်ဆိတ်ဆိတ် ထပ်ပြီးမနေနိုင်တော့ဘဲ သူလုပ်ထားသော အပြစ်အတွက် အနည်းငယ်ရှင်းပြလာသည်။
“ကိုကို၊ အမှန်က ကျွန်တော် အကြီးဆုံးဝမ်းကွဲအစ်ကိုရဲ့ကောင်မလေးကို ရည်ရွယ်ချက်ရှိရှိ သွားရှာတာ”
“အိုး မင်းဘာလို့ သူ့ကိုရှာနေတာလဲ"
မုထျန်းဟန်၏ အသံမှာ ခါတိုင်းလိုပင် နူးညံ့သိမ်မွေ့၍ စိတ်ရှည်နေသည်ကိုကြားပြီး မော့တိသည် သူစိတ်မ၀င်စားသလို စိတ်ဆိုးခြင်းမရှိကြောင်း သိလိုက်ရသည်။ သူ စိတ်သက်သာရာမရဘဲ မနေတော့ချေ။
သူက တုံ့ဆိုင်းနေပြီး ဆက်ပြောလာသည်။
“ကျွန်တော်… ကျွန်တော့်ဝမ်းကွဲအကြီးဆုံးနဲ့ လမ်းခွဲဖို့ သူ့ကို ကူညီချင်တယ်”
" လမ်းခွဲဖို့?"
မုထျန်းဟန်က မော့တိကို ပုဇွန်ကြီးကြီးတစ်ကောင်ကို ကျွေးလိုက်သည်။
"မင်းနဲ့ သူနဲ့ မရင်းနှီးဘူးမလား။ သူမက မင်းလို သူစိမ်းတစ်ယောက်ပြောတာကို နားထောင်မှာမဟုတ်ဘူး"
မော့တိက စကားမပြောလာချေ။ သူ့ပန်းကန်လုံးထဲမှ ပုဇွန်ကို စိုက်ကြည့်နေရင်း သူ့မျက်နှာက သိသိသာသာနီသွားသည် ။ တမင်သက်သက်ရည်ရွယ်တာ မဟုတ်သည့်တိုင် အသက်ပင်မရှူမိတော့ချေ။ ယင်းက တကယ့်ကို အရှက်ကွဲခြင်းပေလား။
မုထျန်းဟန်က သူ့အတွက် အစားအစာကို ရွေးပေးလိုက်တာကြောင့်ထင်သည်။ ဤသို့ ရင်းနှီးပုံရသောလုပ်ရပ်ကြောင့် သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသွား၏။
“ကျေးဇူးတင်ပါတယ် ကိုကို … ကျွန်တော် ကိုယ့်ဟာကိုယ် လုပ်ပါ့မယ်”
မုထျန်းဟန်ကို ကျေးဇူးတင်ဖို့ရာ မော့တိက သူ၏ နာခံမှုရှိသည့်အသံကို အသုံးပြုလိုက်သည်။ ထို့နောက် သူက ဇီးချဉ်ရည်တစ်လုတ်သောက်လိုက်ပြီး တိုးတိုးလေးပြောသည်။
“သူမ ကျွန်တော်ပြောတာကို နားမထောင်လောက်ဘူးဆိုတာသိပေမယ့် အကြီးဆုံးဝမ်းကွဲအစ်ကိုက လူကောင်းမဟုတ်တဲ့အကြောင်း သတိပေးသင့်တယ် ထင်တယ်။ သူနဲ့လက်ထပ်ရင် သူမပျော်ရမှာမဟုတ်ဘူး။ အဲဒီအချိန် မိသားစုထဲမှာ အနိမ့်ဆုံးအဆင့်ဖြစ်လာမယ့်လူက သူမဖြစ်နိုင်တယ်။”
အမှန်တော့ ဤအရာမှာ ဖြစ်နိုင်ချေမဟုတ်ပဲ တကယ်အစစ်အမှန်ပင်ဖြစ်၏။
သူ၏ယခင်ဘဝတွင် သူ့ကို မော့မိသားစုနှင့် ချင်ယီချန်းမှတွေ့ရှိပြီး စိတ်ကျန်းမာရေးဆေးရုံသို့အတင်းအကြပ်ပို့ပြီးနောက်တွင် စိတ်ဓာတ်ကျနေသော ၀မ်ရူယာက သူ့ထံသို့ တစ်ကြိမ်လာရောက်ခဲ့သည်။ ထိုအချိန်တွင် သူမသည် အသက်သုံးဆယ်ခုနစ်နှစ်ခန့်သာရှိသေးသော်လည်း ကြည့်ရသည်မှာ အသက်လေးဆယ်ကျော်နေသည့်အတိုင်းပင်။ အသက်လေးဆယ်ကျော်နေသော်ငြား နှစ်ဆယ်ကျော်ဟုထင်ရအောင် ထိန်းသိမ်းထားကြသူများနှင့် မတူပါချေ။
ဝမ်ရူယာ မည်မျှပင် စိတ်ဆင်းရဲနေရကြောင်း မြင်နိုင်ပါ၏။
Xxxxxxxx