Chapter 42
မော့ဝုဟန်မှာ မော့မိသားစုထဲတွင် စိတ်လိုက်မာန်ပါ အပြုလုပ်တတ်ဆုံးလူ ဖြစ်ပြီး သူ့ကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်ရသည်ကို အများဆုံး သဘောကျသူဖြစ်ပါလျှင် မော့စစ်လန်မှာ နောက်ကွယ်မှ လူမသိအောင် ကြိတ်၍ အကြံဉာဏ်ပေးတတ်သူ တစ်ယောက် ဖြစ်သည်။ သူက ရှေ့တွင် မြင့်မြတ်ပြီး ဖြောင့်မတ်သောပုံစံ ပြထားတတ်သော်လည်း နောက်ကွယ်တွင်မူ အဆိပ်ပြင်းပြီး ဆိုးသွမ်းသော စိတ်ထားရှိသူဖြစ်၏။ သံအပ်ချောင်းများဖြင့် နှိပ်စက်ရန် အကြံရလာသူမှာ မော့စစ်လန်ပင်။
မော့စစ်လန်မှာ မော့မိသားစုထဲတွင် ပို၍ ဆက်ဆံရခက်သော လူများထဲမှ တစ်ယောက် ဖြစ်သည်။ သူက ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲသို့ စောစောဝင်ရောက်လာခဲ့ပြီး ပရိသတ်များစွာရှိသောကြောင့် ကောလဟာလတစ်ခုဖြင့် ထိုးနှက်ခံရပြီး အသရေဖျက်ခံရလျှင်ပင် ဦးနှောက်သေနေသော ပရိသတ်တစ်စုက သူ့ကို လိုလိုလားလား ဆက်လက် ထောက်ခံနေကြမည်သာ။
ထို့ကြောင့် မော့စစ်လန်ကို လုံးဝ ဖျက်ဆီးပစ်ရန်အတွက် အသရေဖျက်ခြင်းတစ်မျိုးတည်းဖြင့် မလုံလောက်ပေ။
မော့တိက ထိုအမျိုးသားနှင့် အမျိုးသမီး လမ်းထောင့်တစ်နေရာတွင် ပျောက်သွားသည်ကို မြင်လိုက်ရသည်။ သူက လှည့်လာပြီး သူ့ကို တစ်ခုခုပြောချင်နေပုံရသည့် ဖန်ချန်းလောင်၏အမေကို ပြောလိုက်သည်။
“အန်တီ အမှန်အတိုင်း ပြောရရင် ကျွန်တော် ဒီနွေရာသီမှာ တကယ့်ကို အလုပ်ရှုပ်နေတာ… ကျွန်တော့်မှာ ဖန်ချန်းလောင်ကို စာသင်ပေးဖို့ အချိန်မရှိလောက်ဘူး…”
“ငါ့ကို အစ်ကိုဖန်လို့ ခေါ်…”
ဖန်ချန်းလောင်က ချက်ချင်း ပြောလိုက်သည်။
“…” မော့တိက ပြော၏။
“ကျွန်တော့်မှာ သူ့ကို စာသင်ပေးဖို့ အချိန်မရှိဘူးဆိုပေမယ့် တကယ်လို့ သူ့မှာ မေးစရာရှိလာရင် ကျွန်တော့်ကို ပို့ထားလို့ ရပါတယ်… ကျွန်တော် သေချာပေါက် သူ့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြောပြပေးမှာပါ…”
“မင်း တကယ်ပဲ အချိန်မရဘူးလား…”
ဖန်ချန်းလောင်၏ အမေက သိသိသာသာပင် လက်လျှော့ရန် ငြင်းဆန်ချင်နေသည်။ သူမက မော့တိကို တောင်းဆိုချင်သော အကြည့်များဖြင့် ကြည့်နေ၏။
“ကျွန်တော့်မှာ တကယ် အချိန်မရှိလို့ပါ… တောင်းပန်ပါတယ် အန်တီ…”
“မင်း အားနေတယ်ဆိုရင်တောင် ငါကတော့ မင်းနဲ့စာအတူတူ လုပ်မှာ မဟုတ်ဘူး…”
ဖန်ချန်းလောင်က မော့တိကို စောင်းငမ်းငမ်းဖြင့် ကြည့်လိုက်သည်။ မော့တိက သူ့ကို “အစ်ကိုဖန်”ဟု မခေါ်သည့်အတွက် လက်စားချေချင်နေသည့်ပုံပင်။
မော့တိမှာ ပြောစရာစကားပင် မရှိလောက်အောင် ဖြစ်သွားပြီး သူက မေးလိုက်သည်။
“မင်းက အသက် ဘယ်လောက်ရှိပြီလဲ…”
“၁၉ နှစ် ပြည့်ပြီးတာ နှစ်ဝက်ကျော်ပြီ… ငါက ကျောင်းတစ်နှစ် နားထားတာ… ပြဿနာရှိလို့လား…”
“မဟုတ်ပါဘူး… ငါက မင်းကို ၁၆ နှစ်၊ ၁၇ နှစ်လောက်ပဲလို့ ထင်ထားတာ… မင်းက အရမ်းကို ကလေးဆန်နေတဲ့ပုံစံ ဖြစ်နေတာကိုး…”
မော့တိက ပြုံးလိုက်၏။
ဖန်ချန်းလောင်က အစပိုင်းတွင် သူပြောလိုက်သည့်စကား၏ နောက်ပိုင်းကို ကြားလိုက်ပုံမရသော်လည်း စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက်တွင် မော့တိက သူ့ကို ကလေးဆန်သည်ဟု ပြောလိုက်ကြောင်း သတိထားမိသွားလေသည်။ သူက ရုတ်တရက် စားပွဲကို ရိုက်ကာ ပြော၏။
“မင်းက ငါ့ကို ကလေးဆန်တယ်လို့ ပြောလိုက်တာလား…”
“အိုက်ယား… ရေးကြီးခွင်ကျယ် လုပ်မနေစမ်းပါနဲ့… ယဉ်ယဉ်ကျေးကျေး နေစမ်းပါ…”
ဖန်ချန်းလောင်၏ အမေက သူမ၏သားကို ကမန်းကတမ်း လှမ်းဆွဲလိုက်ပြီး သူ့လက်မောင်းကို လက်ဝါးဖြင့် ဖျန်းခနဲ ရိုက်လိုက်လေသည်။
“ထိုင်စမ်း…”
ဖန်ချန်းလောင်က သူ့နှုတ်ခမ်းကို တွန့်ကာ ငြိမ်ငြိမ်လေး ထိုင်လိုက်ရသည်။
လူအချို့က တစ်ခဏကြာအောင် ထိုင်ရင်း စကားစမြည် ပြောဆိုနေကြ၏။ မော့တိက သူ မအားလပ်ကြောင်း ပြောဆိုကာ ငြင်းဆန်နေဆဲဖြစ်ပြီး ထပ်ခါတလဲလဲ တောင်းပန်နေသည်။ ဖန်ချန်းလောင်က တစ်နှစ် ပြန်တက်ထားသူ ဖြစ်ရာ သူ့ရမှတ်များမှာ အမှတ် ၂၀၀ ကျော်၊ အောင်မှတ်ရရန်ပင် မနည်းလုပ်ရမည်ဖြစ်ကြောင်း သူ သိထား၏။ သူက အမှန်တကယ်ပင် ပညာရေးတွင် ထူးချွန်သောသူ မဟုတ်နိုင်ပေ။
မော့တိ ထွက်သွားသောအခါ ကျောင်းအုပ်ကြီးဟွမ်းနှင့် ဖန်ချန်းလောင်၏ အမေတို့က နောက်ထပ် ဖန်ချန်းလောင်ကို စာသင်ပေးမည့် ကျောင်းသားအကြောင်း ဆွေးနွေးနေကြသည်။ ဖန်ချန်းလောင်ကမူ မော့တိနောက်မှ အမြန် ပြေးလိုက်သွားပြီး လမ်းမကူးခင် သူ့ကို လှမ်းတားလိုက်လေသည်။ ထို့နောက် အသက်ကို ပြင်းပြင်း ရှူရင်း ပြောလိုက်၏။
“မင်း ငါ့ရဲ့ပန်းချီတွေကို ဝယ်ချင်တယ်ဆိုတာ တကယ်ပြောနေတာလား… ရွှီးနေတာ မဟုတ်ဘူးပေါ့…”
“ဟုတ်တယ် ငါ အတည်ပြောနေတာ…” မော့တိက ပြောသည်။
“ဒါဆို… ဒါဆိုရင် အခုပုံနဲ့ အရည်အသွေးချင်းတူတဲ့ ပစ္စည်းအတွက် တစ်ခု ၅၀၀၀ တန်ဖိုး သတ်မှတ်မယ်…”
ဖန်ချန်းလောင်က ခပ်ပြတ်ပြတ် လေသံဖြင့် မညှာမတာ ပြောလိုက်သည်။ သို့သော် မော့တိက ပြုံး၍ ပြော၏။
“ငါက သနားစရာကောင်းလို့ ငါ့ကို ဈေးလျှော့ပေးမှာမဟုတ်ဘူးလို့ မင်းပြောထားတယ် မဟုတ်ဘူးလား…”
“ဟမ့်… ဈေးနှုန်းကို ငါကြိုက်သလို အတိုးအလျှော့ လုပ်ချင် လုပ်မှာပေါ့… မင်းအပူ မပါဘူး…”
မော့တိက လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သော်လည်း သူ့ကို ကျေးဇူးတင်ချင်သည့် အရိပ်အယောင်မျိုး လုံးဝမပြပေ။ ဖန်ချန်းလောင်မှာ တစ်ဝက်တစ်ပျက် အသက်ရှူရပ်လုနီးပါးပင် ဖြစ်သွား၏။
မော့တိက ဖန်ချန်းလောင်ကို အကဲခတ်ကြည့်လိုက်ရင်း အတော်လေး သဘောကျနေသည်။ ဤလူမှာ သိပ်မဆိုးပေ။ သူက တည့်တိုးပြောဆိုတတ်ပြီး သူ့စိတ်နေသဘောထားမှာ တိတိပပ မြင့်မားလှသည်ဟု မဆိုနိုင်သလို စကားပြောရာတွင် အနည်းငယ် စိတ်လိုက်မာန်ပါ ရှိသော်လည်း ဆိုးရွားသည့်ရည်ရွယ်ချက် မရှိသလို သူ၏ ပုံဆွဲစွမ်းရည်မှာလည်း ပြောစမှတ်ပြုလောက်ပေသည်။
အကယ်၍ သူ့အဖွဲ့ဝင်အဖြစ် ဖန်ချန်းလောင်ကို ရနိုင်ခဲ့ပါက ယင်းမှာ ကောင်းမွန်သော ရွေးချယ်မှုပင်။
“ဖန်ချန်းလောင်… မင်းရဲ့ပန်းချီတွေအားလုံးက မူရင်းတွေပဲလား…”
“ဘာပြောတယ်… ငါ ဘယ်တော့မှ ခိုးကူးတာမျိုး မလုပ်ဖူးဘူးကွ…”
ဖန်ချန်းလောင်က အတော်လေး ဒေါသထွက်သွား၏။ သူက ခိုးကူးခြင်းကို အမှန်တကယ် မုန်းတီးပုံရပြီး စော်ကားမှုတစ်ခုဟု သတ်မှတ်ထားပုံ ရလေသည်။
မော့တိက ခေါင်းငြိမ့်လိုက်၏။
“ဒါဆို မင်း ဂိမ်းကစားရတာရော ကြိုက်လား…”
“ကြိုက်တာပေါ့… “ဒဏ္ဍာရီသားရဲတိုက်”နဲ့ “မသေမျိုးကမ္ဘာ” ဂိမ်းတွေ ကစားဖြစ်တယ်… ဘာဖြစ်လို့လဲ…”
“ဂိမ်းတွေဖန်တီးတဲ့လုပ်ငန်းစဉ်မှာ ပါဖို့ မင်း စဉ်းစားကြည့်ဖူးလား…”
မော့တိက ဝမ်းသာအားရဖြင့် သူ့ကို အပျော့ဆွဲ ဆွဲလိုက်လေသည်။
“မင်းက ဇာတ်ကောင်တွေ၊ ဆက်တင်တွေ၊ ကိရိယာတွေနဲ့ သူတို့ကို ဇာတ်အိမ်နဲ့ ဂိမ်းထဲမှာ သက်ဝင်လှုပ်ရှားလာအောင် လုပ်တာမျိုးလေ…”
ဖန်ချန်းလောင်မှာ မော့တိ၏ စကားကြောင့် သိသိသာသာ စိတ်ဝင်စားသွားသော်လည်း သူက ယခုလို ပြောနေဆဲပင်။
“ဒါတော့ မဖြစ်နိုင်ပါဘူး…”
ပထမဦးဆုံးအနေဖြင့် သူက နာမည်ကျော် ပန်းချီဆရာ တစ်ယောက် မဟုတ်သည့်အတွက် မည်သည့် ဂိမ်းကုမ္ပဏီကမှ သူ့ကို ငှားရမ်းမည် မဟုတ်ပေ။ ဒုတိယအချက်အနေဖြင့် သူက ပရိုဂရမ်များ ရေးဆွဲခြင်း သို့မဟုတ် ဂိမ်းများဖန်တီးခြင်းနှင့် ပတ်သက်၍ ဘာတစ်ခုမှ မသိခြင်းပင်။
“…” ဖန်ချန်းလောင်က ရုတ်တရက် အသိစိတ်ဝင်လာပြီး နောက်ဆုံးတွင် တစ်ခုခုကို နားလည်သွားပုံရလေသည်။ ထို့နောက် သူက မော့တိကို စိတ်အားထက်သန်မှု အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
“မင်းက ဂိမ်းတွေ ဖန်တီးဖို့အတွက် ငါဆွဲထားတဲ့ပုံတွေကို သုံးမလို့လား… မင်းက ဂိမ်းတွေ ဘယ်လိုဖန်တီးရလဲဆိုတာ သိတယ်ပေါ့…”
“သေချာပေါက် သိတာပေါ့ကွ… ဒါဆို မင်းရော စိတ်ဝင်စားတယ်မလား…”
“ဒါ အမှန်လား ညာနေတာလား…”
ဖန်ချန်းလောင်မှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီရဲနေသည်။ “ဒါနဲ့ မင်းက အသက်ဘယ်လောက်လဲ… မင်းကို ကြည့်ရတာ ၁၈ နှစ်လို့တောင် မထင်ရဘူး… မင်း ကိုယ့်ဘာသာ လေ့လာထားတာလား… မင်းမှာ အဖွဲ့တွေ ဘာတွေ ဖွဲ့ထားတာ ရှိလို့လား…”
“လက်ရှိမှာတော့ ငါက အဖွဲ့ထဲမှာ ထုတ်လုပ်သူ၊ စီစဉ်သူ၊ ပရိုဂရမ်မာနဲ့ စမ်းသပ်သူပေါ့…”
မော့တိက ရိုးရိုးသားသားပင် ပြောလိုက်သည်။
"ဒီဇိုင်းဖန်တီးဖို့အဖွဲ့တစ်ဖွဲ့ ငါ ရှာကြည့်မှရမယ်… ပြီးတော့ မင်းရဲ့ပုံတွေအားလုံးကို ကွန်ပျူတာထဲ ထည့်ပြီးတော့ စတိုရီဘုတ်ပေါ် တင်ရမယ်… ဘာပဲဖြစ်ဖြစ် ခုနတုန်းက မင်းရဲ့အမေကို ပြောခဲ့တာ အားလုံးက အမှန်တွေပဲ… ငါ အရမ်းအလုပ်များတယ်…”
ဖန်ချန်းလောင် : “…”
“တကယ်လို့ မင်း ငါ့အဖွဲ့ထဲ ဝင်ပြီး ဂရပ်ဖစ်ဒီဇိုင်နာ(graphic) ဖြစ်ချင်တယ်ဆိုရင် ငါ့ကို မက်ဆေ့ပို့လိုက်… ဒါပေမဲ့ ငါ့မှာ ဂိမ်းကို အပြီးသတ်ဖို့အတွက် အချိန်တစ်လခွဲပဲ အချိန်ရတာဆိုတော့ မြန်မြန်တော့ လုပ်မှရမယ်… မင်း ဒီအကြံဉာဏ်ကို မကြိုက်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး… ငါက ပုံတွေကိုတော့ ဝယ်မှာပါ… အခြေခံအားဖြင့်တော့ အပေးအယူက အတူတူပါပဲ…”
မော့တိက ဖန်ချင်းလောင် သူ့စိတ်ကို ချက်ချင်း မပြင်ဆင်ထားရသေးကြောင်း သိထား၏။ သူက စိတ်ထဲမထားပေ။ လက်ပြနှုတ်ဆက်ကာ ထွက်သွားလေသည်။
ဖန်ချန်းလောင်က ထိုနေရာတွင်သာ ရပ်၍ မော့တိ၏ နောက်ကျောကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
မော့တိ ဗီလာသို့ ပြန်လာသည့်အချိန်တွင် တံခါးဝ၌ ကားတစ်စီး ရပ်ထားလေသည်။ သူက ဘယ်သူ ရောက်လာသည်ကို သိချင်နေသည့်အခိုက် ရုတ်တရက် တံခါးဝမှ စပ်ဖြီးဖြီးရုပ်နှင့် ခေါင်းတစ်လုံး ပြူထွက်လာ၏။
“ဟိုင်း… ညီလေး မင်း ငါ့ကို ဒီရက်ပိုင်း လွမ်းနေသေးလား…”
မော့တိက တစ်ဟုန်ထိုး ပြေးထွက်လာသော လိုင်သယ်စစ်ကို ကြည့်နေရင်း အသံတိတ်နေသည်။
“မင်း ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ပထမအဆင့်ရတယ်ဆိုတာ ငါကြားထားတယ်… ညီလေး မင်းက မယုံနိုင်စရာပဲ… ငါ့လို စာမလိုက်နိုင်တဲ့ ကျောင်းသားထက်တော့ အများကြီး ပိုတော်တယ်…”
လိုင်သယ်စစ်က လိမ္မော်ရောင်အဝတ်အစားဖြင့် ဗီလာထဲမှ ထွက်လာရာ လိမ္မော်ရည်ပုလင်းနှင့်ပင် တူနေတော့သည်။ သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
“မင်းရဲ့ အရင်ကမိသားစုဝင်တွေက ဆန်ကုန်မြေလေးတွေဆိုပေမယ့် မင်းကတော့ တော်သားပဲ… တကယ် လေးစားဖို့ကောင်းတယ်…”
“အစ်ကိုကြီးလိုင်သယ်စစ်… ပေါက်ကရတွေ ပြောမနေပါနဲ့တော့ဗျာ… အစ်ကိုက အမေရိကမှာ ရှိတဲ့ ထိပ်တန်းတက္ကသိုလ် ၂၀ ထဲက တက္ကသိုလ်တစ်ခုမှာ တက်ခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်…”
မော့တိက မော့မိသားစုအကြောင်းကိုမူ စကားထဲ ထည့်မပြောချေ။
“အစ်ကိုသာ စာမလိုက်နိုင်တဲ့ ကျောင်းသားဆိုရင် တခြား ၉၉ ရာခိုင်နှုန်းကရော စာမလိုက်နိုင်တဲ့လူတွေပဲလား…”
“အိုင်း… ငါက စာရင်းသွင်းတုန်းက ကံကောင်းသွားခဲ့တာပါ…”
လိုင်သယ်စစ်က လက်ခါပြလိုက်သည်။ သူ ပြောလိုက်သည့်စကားတွင် တစ်ခုခု မှားနေသည်ဟု သူ မထင်ချေ။
“မုက အခုချိန်ထိ အချိန်ပို လုပ်နေတုန်းပဲ… လာ ငါ မင်းကို သူ့ဆီ ခေါ်သွားမယ်… ဒီည အပြင်မှာ စားကြတာပေါ့…”
မော့တိက အနည်းငယ် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်သည်။ သူ့အနေဖြင့် ယခု ပြန်လာသူအား အနည်းဆုံး ပြန်လည်ကြိုဆိုသည့် အနေအထားမျိုး ဖန်တီးပေးသင့်ပေ၏။ သူ့အလုပ်အတွက်မူ အပြီးသတ်ရန် အမြဲတမ်း ဉာဉ့်နက်သည်အထိ နေကာ လုပ်ရပေလိမ့်မည်။
မော့တိက ခေါင်းညိတ်ပြလိုက်သည်။ “အိုကေ…”
မော့တိက လိုင်သယ်စစ်၏ လန်ရိုဗာကားသစ်ကြီးပေါ်သို့ တက်လိုက်သည်။ ဤကားမှာ လိုင်သယ်စစ် အထူးတလည် ယူဆောင်လာသည့် ကားဖြစ်ပြီး သူက ၎င်းကို ပြင်းပြင်းထန်ထန် သဘောကျနေဆဲ အချိန် ဖြစ်၏။ ထို့ကြောင့် သူက ထိုကားကို ဒရိုင်ဘာအား ထိခွင့်မပေးဘဲ သူကိုယ်တိုင် မောင်းနှင်နေသည်။
ခြောက်နာရီဆိုသည်မှာ မြို့တော်၏ အသက်ဝင်ဆုံးသော အချိန်ပင်။ ပုံမှန် မိနစ် ၃၀ မောင်းနှင်ရသော ခရီးမှာ တစ်နာရီကြာသည့်တိုင်အောင် သူတို့ပန်းတိုင်ဆီသို့ မရောက်နိုင်သေးချေ။ လိုင်သယ်စစ်မှာ ဗိုက်က တဂွီဂွီ မြည်နေပြီး ရေဆာနေသော်လည်း သူ့ကားသစ်ကြီးထဲတွင် အစားအသောက်များ တစ်ခုမှ မပါလာပေ။ ထို့ကြောင့် သူက စိတ်မသက်မသာနှင့် ညည်းညူနေသည်။
မော့တိက လိုင်သယ်စစ်ကို ဤလမ်းအဆုံးတွင် ကားရပ်ရန် ပြောလိုက်သည်။ သူက လမ်းဘေးတစ်နေရာရှိ စတိုးဆိုင်တစ်ခုခုမှ သူ့အတွက် စားစရာ တစ်ခုခု ဆင်းဝယ်ပေးရန် ဖြစ်၏။
၁၀ မိနစ်ခန့်ကြာပြီး နောက်ဆုံးတွင် သူတို့နှစ်ယောက်သား ကားရပ်လိုက်ကြသည်။ မော့တိက လိုင်သယ်စစ်ကို လမ်းထောင့်တစ်နေရာတွင် ရပ်ရန် ညွှန်ပြလိုက်ပြီးနောက် ကားပေါ်မှ ဆင်းသွားလေသည်။
မော့တိက သူ့အတွက် မုန့်ဆိုင်တစ်ဆိုင်မှ ဟော့ဒေါ့တစ်ချောင်းနှင့် အအေးစက်ထဲမှ လိမ္မော်ရည်တစ်ပုလင်း ဝယ်လာခဲ့ပြီးနောက် ကားပေါ်သို့ မြန်မြန် ပြန်လာလိုက်သည်။ သူက လိုင်သယ်စစ်၏ အလန်းစား လိမ္မော်ရောင်ဖက်ရှင်ကြောင့် တမင်တကာ လိမ္မော်ရည် ဝယ်လာသည့်အကြောင်းကိုမူ ဘယ်သောအခါမှ ဝန်ခံမည် မဟုတ်ပေ။
သူက လမ်းပေါ်တွင်သာ အာရုံစိုက်ထားသဖြင့် မုန့်ဆိုင်၏ မျက်နှာချင်းဆိုင်ရှိ အနောက်တိုင်းစားသောက်ဆိုင် ဒုတိယထပ်မှ မျက်လုံးနှစ်စုံက သူ့နောက်သို့ လိုက်ကြည့်နေသည်ကို သတိမထားမိလိုက်ပေ။
“ရှောင်ကွေ့… ဒါ မင်းရဲ့မောင်လေး မဟုတ်ဘူးလား…”
ချောမောခန့်ညားသည့် အမျိုးသားက သူ့မျက်နှာချင်းဆိုင်မှ မိန်းကလေးကို နူးညံ့သော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။
“မင်း သူ့ဆီ သွားချင်လား… သူ မင်းကို ဒီလောက် အတိုင်းအတာထိ အထင်လွဲနေတာ မင်း အခုထိ ဖြေရှင်းချင်သေးလား…”
အကယ်၍ မော့တိသာ ထိုနေရာတွင် ရှိနေပါက ဤသည်မှာ မူရင်းဝတ္ထုထဲတွင် အများဆုံး လုပ်ကွက်ရသည့် ဇာတ်ရန်တစ်ဦးဖြစ်သူ ယဲ့ချန်းဖုန် ဖြစ်ကြောင်း သတိပြုမိပေလိမ့်မည်။ ဝမ်းနည်းနေသော မော့လျှိုကွေ့ကို ပထမဆုံး စတင် တွေ့ဆုံခဲ့သည့်အချိန်မှစ၍ သူက သူမကို ချစ်ကျွမ်းဝင်သွားခဲ့၏။ သူက မော့လျှိုကွေ့အတွက် လမ်းတလျှောက် ရှင်းလင်းပေးထားပြီး တချိန်လုံး သူမကို လိုက်ပါ စောင့်ရှောက်ပေးခဲ့သည်။ သိမ်မွေ့ခန့်ညားသော ရုပ်ရည်၊ ထောက်ထားညှာတာတတ်ကာ စေ့စပ်တိကျသော နှလုံးသားရှိပြီး သူ့အဘိုးနှင့် အဖေ နှစ်ဦးစလုံးမှာ အစိုးရအဆင့်မြင့်အရာရှိကြီးများ ဖြစ်ကြသည့်အပြင် သူကိုယ်တိုင်ကလည်း အလွန် အရည်အချင်း ရှိပေသည်။ သူ၏ အရင်ဘဝတွင် မော့လျှိုကွေ့တွင်ချောမွေ့သည့် အလုပ်အကိုင်နှင့် ပိတ်ဆို့နေသော အတားအဆီးများ မရှိခဲ့ရသည့် အကြောင်းအရင်းမှာ သူမ၏ နံဘေးတွင် ချင်ချန်းယီရှိနေသည့်အပြင် ယဲ့ချန်းဖုန်ကလည်း သူမကို တိတ်တဆိတ် ကူညီပေးနေခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယင်းကြောင့် မော့တိက ဤလူကို သဘောကျသည်ဟု မဆိုနိုင်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ယဲ့ချန်းဖုန်မှာ သူ အရွံရှာဆုံးသော လူများထဲမှ တစ်ယောက် ဖြစ်ပေသည်။
ချင်ချန်းယီ၏ အဆက်အသွယ်များနှင့် ထောက်လှမ်းရေးကွန်ယက်တို့အပြင် ယဲ့ချန်းဖုန်၏ စေ့စပ်ပြီး တိကျသော ဖုံးကွယ်ထားမှုတို့မှာ ချင်ချန်းယီက သူ့ကို စိတ်ကျန်းမာရေးဆေးရုံတွင် ပိတ်လှောင်ထားကာ နှိပ်စက်ခဲ့သည့်အပြင် မော့မိသားစုကို အနှောင့်အယှက် ပေးမည့် မည်သည့်အရာကိုမဆို အပြတ်ရှင်းကာ မြှုပ်နှံပစ်လိုက်ပြီး ဤကိစ္စကို ပြင်ပကမ္ဘာနှင့် အထက်အရာရှိများ မသိအောင် ဖုံးကွယ်ထားနိုင်သည့် အကြောင်းအရင်းများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသည်။
သူ့ကို ဤမျှအတိုင်းအတာထိ နှိပ်စက်ညှင်းပန်းထားခဲ့ပြီးနောက် ယဲ့ချန်းဖုန်က သူ့ဆီသို့ အမှန်တကယ်ပင် လာလည်ခဲ့သည်။ ထို့ပြင် သူ၏ယဉ်ကျေးပြီး လူကြီးလူကောင်းဆန်သော အမူအရာဖြင့် မော့တိကို သူ့မှာ အပြစ်ရှိကြောင်း သိသလားဟု မေးမြန်းခဲ့လေသည်။ ယင်းနောက်တွင်မူ သူတို့က သူ့ကို ခွင့်လွှတ်ရန် ဆန္ဒရှိကြောင်း၊ သို့ရာတွင် သူက အလွန် ရက်စက်ကြမ်းကြုတ်ပြီး ရိုင်းစိုင်းသဖြင့် မော့လျှိုကွေ့ကို ထိခိုက်အောင် လုပ်ခွင့်မပြုနိုင်ကြောင်း လှောင်ပြောင်ပြောဆိုခဲ့သည်။
Xxxxxxxxx