အပိုင်း ၄၃
Viewers 29k

Chapter 43


ယဲ့ချန်းဖုန်က ထိုနေရာတွင် နူးညံ့သိမ်မွေ့ပြီး အထက်တန်းဆန်ဆန် ကျက်သရေရှိသော ပုံစံဖြင့်ရပ်ကာ လူသားတစ်ယောက်နှင့်ပင် မတူအောင် ညစ်ပတ်ပေရေနေကာ အကျည်းတန်နေသော သူ့ကို ငုံ့ကြည့်နေ၏။ သူက အမှန်တရားကို ဖုံးကွယ်ထားပြီး သူလုပ်ခဲ့သည်မှာ သမာသမတ်ကျကာ ဖြောင့်မတ်သည့် လုပ်ရပ်ကဲ့သို့ပင် မတ်တပ်ရပ်နေလေသည်။ မော့တိအနေဖြင့် သူ့ကို လုံးဝ စက်ဆုပ်သွားခဲ့ရ၏။ အကယ်၍ အစောပိုင်းက သူ နှိပ်စက်ခံထားရသဖြင့် ရှော့ခ်ရကာ သွေးထွက်လွန်ထားသောကြောင့်သာ မဟုတ်ပါက ယဲ့ချန်းဖုန်၏ ချောမောလှပသော မျက်နှာကို ပိတ်ထိုးလိုက်မည်သာ။


“ရိုးရိုးသားသား ပြောရရင် မသေချာဘူး…”


မော့လျှိုကွေ့က သူမ၏ နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။ သူမ၏ သွယ်လျသော လက်ချောင်းလေးများက ပိုက်ကို ဖိညှပ်ကာ ဖန်ခွက်ထဲမှ အအေးတစ်ငုံ သောက်လိုက်လေသည်။


 “ကျွန်မ ရှောင်တိနဲ့ သံယောဇဉ် မဖြတ်ချင်ပါဘူး… သူ ကျွန်မကို ဘယ်လောက်ပဲအထင်လွဲလွဲ သူ့ကို ကျွန်မရဲ့ မောင်လေးလို့ တွေးထားတုန်းပါပဲ… ဒါပေမဲ့ ဒီတစ်ခါတော့ သူ့ဘက်က နည်းနည်း လွန်သွားပြီလေ… သူက ဘယ်လိုလုပ်ပြီး အဖေ့ကို ဒီလိုမျိုး ထိခိုက်အောင် လုပ်ရတာလဲ… ကျွန်မ မသိတော့ဘူး… သူ့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျွန်မ မသိတော့ဘူး…”


မော့လျှိုကွေ့၏ မျက်ဝန်းများမှာ တဖြည်းဖြည်း နီရဲလာသည်။ သူမက ခေါင်းကိုငုံ့ကာ စားနေသည့်ပုံစံ ဟန်ဆောင်လိုက်၏။ ယဲ့ချန်းဖုန်က မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူမ၏ ဝမ်းနည်းမှုကို ထိန်းချုပ်ကာ အခြားသူများကို မနာကျင်စေရန် ငြင်းဆန်နေသည့် ပုံစံကို မြင်လိုက်ရသောအခါ သူ့နှလုံးသားမှာ နာကျင်လာရသည်။


“ရှောင်ကွေ့… မင်းက အရမ်းကို ကြင်နာတတ်တာပဲ… ဒီလိုလူမျိူးက မင်းရဲ့ ကြင်နာမှုနဲ့ အလျှော့ပေးတာကို အသိအမှတ်ပြုမှာ မဟုတ်ဘူး… သူက မင်းကို ဆက်ပြီးတော့ ထိခိုက်အောင် အနိုင်ကျင့်နေဦးမှာပဲ… မင်း သူ့ကို ပြန်ပြီးတော့ တိုက်ခိုက်ရမယ်… သူ့ကို ဒီထက်ပိုပြီး ခွင့်လွှတ်ပေးလို့ မရတော့ဘူး…”


“ဒါပေမဲ့ သူက ကျွန်မရဲ့ မောင်လေးလေ…”


မော့လျှိုကွေ့၏ မျက်လုံးများမှာ အနည်းငယ် စိုစွတ်နေသည်။ သူမက မျက်ရည်စများကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး ပြုံး၍ ပြောသည်။


“ထားလိုက်ပါတော့… အခုတော့ ရှောင်တိအကြောင်း မပြောဘဲနေရအောင်… တခြားကိစ္စတစ်ခုခု ပြောကြတာပေါ့… ချန်းဖုန် ခုနက ရှင်ပြောလိုက်တာ ဟွာရှားဆန်းသစ်တီထွင်ဂိမ်းပြိုင်ပွဲကို စတော့မှာဆို ဟုတ်လား…”


ယဲ့ချန်းဖုန်က သူပြောချင်နေသည့်စကားကို မပြောတော့ပေ။ သူက မော့လျှိုကွေ့ကို နူးညံ့စွာ ကြည့်လိုက်ပြီး နောက်ထပ် တစ်ရှူးတစ်ရွက် လှမ်းပေးလိုက်သည်။ 


“ဒါက ကိုယ့်အဖေ ကြားလာတဲ့ သတင်းလေးတစ်ခုပဲ ရှိပါသေးတယ်… အကြမ်းဖျင်းကတော့ ဩဂုတ်လ နောက်ပိုင်းမှာ စဖို့ လုပ်ထားပေမယ့် ဇူလိုင်လမတိုင်ခင်အထိတော့ တရားဝင်ကြေညာချက် ထုတ်ပြန်ဦးမှာ မဟုတ်ဘူး…”


“ဂိမ်းပြိုင်ပွဲမှာ ဘယ်လိုဂိမ်းအမျိုးအစားတွေကို ဝင်ပြိုင်ခွင့်ပေးမှာလဲ… စည်းမျဉ်းစည်းကမ်းတွေကရော ဘာတွေ သတ်မှတ်ထားလဲ… ဆုတွေရော သတ်မှတ်ပြီး ပေးမှာလား…”


“ဘယ်ဂိမ်းအမျိုးအစားမဆို ရတယ်… အားကစားပဲဖြစ်ဖြစ် ကျင့်ကြံမှုပဲဖြစ်ဖြစ် ပဟေဠိပဲဖြစ်ဖြစ် ဘယ်လိုပုံစံ၊ ဘယ်လိုစတိုင်နဲ့ဖြစ်ဖြစ် ဝင်ပြိုင်လို့ရတယ်… ပထမဦးဆုံး အသင်းတွေအများကြီးကနေ ခွဲထုတ်ပစ်မယ့် လူရွေးပွဲတစ်ခု ရှိလိမ့်မယ်… ပြီးရင် တစ်ဖက်အသင်းကို အပြတ်သတ်ချေမှုန်းရမယ့် ရှုံးထွက်ပြိုင်ပွဲတစ်ချီ လာလိမ့်မယ်… နောက်လာမယ့်အချီတွေမှာ ယှဉ်ပြိုင်မှုက ပိုနှေးကွေးလာပြီးတော့ အရည်အသွေးပိုမြင့်တဲ့ ဂိမ်းတွေကို တောင်းဆိုမှု ပိုများလာလိမ့်မယ်…”


“ဆုတွေအနေနဲ့က အနည်းဆုံး ယွမ်၁၀ သန်းလောက် ရှိလိမ့်မယ်… ဒါပေမဲ့ ပိုပြီးတော့ အရေးကြီးတာက အနိုင်ရတဲ့ဂိမ်းက ရင်းနှီးမြှုပ်နှံသူတွေ အများကြီးကို ဆွဲဆောင်နိုင်မှာပဲ… နောက်ဆုံးအနေနဲ့ ပြိုင်ပွဲတစ်ခုလုံးကို နိုင်ငံတစ်ဝှမ်းမှာတင်မက ကမ္ဘာတစ်ဝှမ်းလုံးမှာပါ ထုတ်လွှင့်သွားမှာ… ဂိမ်းနဲ့ ကုမ္ပဏီအတွက်တော့ အာရုံစိုက်ခံရဖို့က အရေးအကြီးဆုံးပဲ…”


“ဆိုလိုတာက ထိပ်သီးအဆင့်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးကို ရနိုင်ရုံတင်မကဘူး လူထုကြားမှာ အခမဲ့ပျံ့နှံ့အောင် လုပ်ပြီးသားလည်း ဖြစ်သွားမယ်… ကုမ္ပဏီသေးသေးလေးပဲဖြစ်ဖြစ် အဖွဲ့တစ်ဖွဲ့ပဲဖြစ်ဖြစ် သူတို့ကောင်းကောင်း လုပ်သရွေ့တော့ သူတို့အတွက် ရှင်သန်ဖို့ အကူအညီ ဖြစ်လာမှာပဲ…”


မော့လျှိုကွေ့က အနည်းငယ် ညည်းညူသံလေးဖြင့် ပြောလိုက်သည်။


 “ဂိမ်းတွေကို ဘယ်လို ဖန်တီးရမလဲဆိုတာ မသိတော့ တော်တော်ဆိုးတာပဲ… မဟုတ်ရင် ကျွန်မ ဝင်ပြိုင်ပါတယ်…”


“အဲ့ဒီပြိုင်ပွဲမှာ ကိုယ် ဝင်ပြိုင်မှာပဲလေ… ရှောင်ကွေ့ မင်း ကိုယ့်အဖွဲ့ထဲမှာ ပါလို့ရတယ်…” 


ယဲ့ချန်းဖုန်က မော့လျှိုကွေ့ကို ကြည့်ကာ ပြောလိုက်သည်။


 “မင်း အဖွဲ့ထဲ ပါချင်လား…”


“ဒါပေမဲ့ ကျွန်မက ဘာမှမသိဘူးလေ…”


“ကိစ္စမရှိပါဘူး… မင်း ကိုယ်တို့အဖွဲ့ထဲမှာ နေပြီးတော့ စိတ်အားတက်ကြွအောင် လုပ်ပေးလို့ ရတာပဲ…”


 ယဲ့ချန်းဖုန်က လိုလိုလားလားပင် ပြောလိုက်သည်။ 


“မင်း အဖွဲ့ထဲကို သေချာပေါက် ဝင်လို့ရတယ်…”


“ကျေးဇူးတင်ပါတယ် ချန်းဖုန်… ကျွန်မ တကယ်ပဲ ဝင်ပြိုင်ချင်ပါတယ် ဒါပေမဲ့ ကျွန်မမှာ ပြိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး… ကျွန်မဆီကို ဒါရိုက်တာတစ်ယောက် ရောက်လာတယ်…” 


မော့လျှိုကွေ့က တစ်ချက် ပြုံးပြလိုက်သည်။ 


“သူကပြောတယ် ကျွန်မရဲ့ ပင်ကိုယ်စရိုက်ကို သဘောကျတယ်တဲ့… သူ့ရုပ်ရှင်ရဲ့ အဓိကဇာတ်ဆောင်နဲ့ အရမ်းကို တူနေတော့ သူက ကျွန်မကို သရုပ်ဆောင်စေချင်နေတယ်…”


“ဘယ်သူလဲ…” 


ယဲ့ချန်းဖုန်က ရိုးသားသော မော့လျှိုကွေ့ အလိမ်ခံရမည်ကို စိုးရိမ်နေသည်။


“စွင်းယီလန်…”


“စွင်းယီလန်လား…” 


ယဲ့ချန်းဖုန်မှာ အနည်းငယ် အံ့အားသင့်သွားလေသည်။ စွင်းယီလန်မှာ ဟွာရှားတွင် ဈေးကွက်ကို ဦးဆောင်နေသည့် ဒါရိုက်တာများအနက် တစ်ဦးပင်။ သူက ဆုပေါင်းများစွာ ရရှိထားသည့် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့လေသည်။ ထိုလူ၊ ကျောက်လီချင်နှင့် မုန်ဖန်းဟောင်တို့မှာ တရုတ်နိုင်ငံ၏ ရုပ်ရှင်နယ်ပယ်၏ မျှော်လင့်ချက်အား လမ်းပြပေးခဲ့ကြသူများအဖြစ် လူသိများကြပေသည်။


“အင်း… အဲ့ဒါကြောင့် ကျွန်မ ပြိုင်ပွဲမှာ ဝင်ပါဖို့ အချိန်မရှိဘူး…” 


မော့လျှို့ကွေ့ စကားပြောနေရင်း သူမ၏ ဆံနွယ်လေးများ ပြုတ်ကျလာသည်။ သူက ထိုဆံနွယ်များကို ညင်သာစွာ ပင့်တင်လိုက်ပြီး ဆက်ပြော၏။


“တကယ်တော့ ကျွန်မအတွက် ပြိုင်ပွဲမှာ ဝင်ပြိုင်တာက အကြံကောင်းတစ်ခုလို့ မထင်ဘူး… ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲမှာ အရွယ်မရောက်သေးတဲ့သူတွေကို ဝင်ပြိုင်ခွင့်ပေးထားတာကိုလည်း ကျွန်မ သဘောမတူဘူး… အရွယ်မရောက်သေးတဲ့သူတွေဆီမှာ တက္ကသိုလ်ဘွဲ့ရတွေ ဒါမှမဟုတ် ဝန်ထမ်းတွေလိုမျိုး တူညီတဲ့အရည်အချင်းနဲ့ အရင်းအနှီး မရှိဘူးလေ… သူတို့က တခြားသူတွေနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်တယ်ဆိုပေမယ့် သူတို့အတွက် ပြိုင်ပွဲမှာ နေရာတစ်နေရာမှ ရဖို့မဖြစ်နိုင်တဲ့အပြင် သူတို့ကျောင်းစာကို လျစ်လျူရှုပြီး ဂိမ်းဖန်တီးတဲ့နေရာမှာ မျှော်လင့်ချက်နဲ့ အင်အားစိုက်ထုတ်မှုတွေ အများကြီးသုံးပြီးတော့ နောက်ဆုံးမှာ နှစ်ဖက်လုံး အရှုံးနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်… တစ်ဆက်တည်းမှာပဲ ဒါက တခြားအင်တာနက်ကို စွဲလမ်းနေတဲ့ ကလေးတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိလာဦးမှာ…”


“ပြီးတော့ ပိုပြီးအရေးကြီးတာက သူတို့တွေ ပြိုင်ပွဲအတွက် အရည်အသွေး သတ်မှတ်ချက်ကို လျှော့ထားလိမ့်မယ်… အဲ့ဒါက လူရွေးပွဲရဲ့အစောပိုင်းအဆင့်တွေမှာ ပြိုင်ပွဲတစ်ခုလုံးအတွက် သိပ်ပြီးတော့ အထောက်အကူ မဖြစ်နိုင်တဲ့ အကဲဖြတ်ဒိုင်တွေနဲ့ ဝန်ထမ်းတွေအတွက် အလုပ်တာဝန်တွေ ပိုပြီး တိုးလာလိမ့်မယ်…”


“ရှောင်ကွေ့… မင်းပြောသွားတာတွေက အများကြီး အဓိပ္ပာယ်ရှိတာပဲ…” 


ယဲ့ချန်းဖုန်က မော့လျှိုကွေ့ကို ပို၍ နူးညံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


 “မင်းနဲ့ ဘာမှမဆိုင်တဲ့ကိစ္စအတွက် မင်းက အရွယ်မရောက်သေးတဲ့သူတွေနဲ့ ဝန်ထမ်းတွေအတွက်တောင် ထည့်စဉ်းစားပေးတတ်တာပဲ… မင်းက သိပ်ပြီး ကြင်နာတတ်တယ်ဆိုပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မင်း အရမ်းမစိုးရိမ်ပါနဲ့… မင်းကို ဂရုစိုက်ပေးတဲ့သူတွေ စိတ်ဆိုးလိမ့်မယ်…”


“အဆင်ပြေပါတယ်… ကျွန်မက နေသားကျနေပါပြီ…” 


မော့လျှိုကွေ့က ခပ်ယဲ့ယဲ့လေး ပြုံး၍ ပြောလိုက်သည်။ 


“ဒါဆို ပြိုင်ပွဲမှာ ဒီစည်းကမ်းချက်ကို ထည့်ပေးမှာလား…”


“ဒီကိစ္စနဲ့ပတ်သက်ပြီး မကြားထားဘူးဆိုပေမယ့် ကိုယ့်အဖေနဲ့ သေချာပေါက် ဒီကိစ္စကို ပြောပြပြီးတော့ သူ့ကို အကြံပေးလိုက်ပါ့မယ်…”


---


ဤအခိုက်တွင် မော့တိနှင့် လိုင်သယ်စစ်က မုထျန်းဟန်၏ ရုံးခန်းသို့ ရောက်လာကြသည်။ 


“မု… ညစာ သွားစားရအောင်…”


လိုင်သယ်စစ်က တံခါးကို နှစ်ကြိမ် ခေါက်ပြီးနောက် တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်လာသည်။ မော့တိက သူ မုထျန်းဟန်၏ ဖိတ်ကြားချက်ကို စောင့်သင့်၊ မစောင့်သင့် မသိထားဘဲ အခန်းထဲသို့ နောက်မှ လိုက်ဝင်လာ၏။


“ညီလေး ဝင်လာခဲ့…” 


လိုင်သယ်စစ်က အခန်းထဲသို့ ခြေတစ်လှမ်း ဝင်သွားပြီးမှ နောက်သို့ ပြန်လှည့်ကာ မော့တိကို ပြုံးပြလိုက်သည်။ 


“မင်း ကြောက်စရာ မလိုပါဘူး… ဒါက သားရဲတွင်းကြီးမှ မဟုတ်တာကွ… ပြီးတော့ မင်း တီဗွီမှာ ကြည့်ဖူးသလို ရုံးခန်းထဲက ပြဇာတ်ဘာညာလည်း မရှိပါဘူး… မုက သားရဲကောင်နဲ့ တော်တော် တူတယ်ဆိုပေမယ့် ကုမ္ပဏီမှာတော့ သူက အရမ်း… အိုး…”


လိုင်သယ်စစ်က ရုတ်တရက် နာနာကျင်ကျင် အော်ဟစ်လိုက်လေသည်။ သူက နောက်ပြန်လှည့်ကာ မော့တိကို ကျောခိုင်းလိုက်၏။ 


“မုထျန်းဟန် မင်း ငါ့ကို ဘာလို့ နောက်တစ်ကြိမ် ထပ်ကန်ရတာလဲ…”


“မင်း ပါးစပ်ပိတ်ထား…” 


မုထျန်းဟန်က ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ထွက်လာ၏။ 


“မင်း နောက်တစ်ခွန်း ပြောတာနဲ့ ဒီလအတွက် ဘောနပ်စ်ရဖို့ မစဉ်းစားနဲ့တော့…”


ထို့နောက် သူက မော့တိကို ကြည့်လိုက်ရာ အစောပိုင်းက အမူအရာမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး အပြုံးတစ်ပွင့် အစားထိုးဝင်ရောက်လာလေသည်။


 “ကောင်လေး ဝင်လာခဲ့…”


“အင်း…” 


မော့တိက အနည်းငယ် ရှက်ရွံ့နေ၏။ သူက မုထျန်းဟန်နှင့်အတူတူ မဝင်သွားမှီ လိုင်သယ်စစ်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ လိုင်သယ်စစ်က ညည်းညူကာ သူ့တင်ပါးကို ပွတ်ရင်း သူတို့နောက်မှ လိုက်လာသည်။


အစီရင်ခံစာတစ်ခု တင်ပြရန်ရှိသော လက်ထောက်ကောင်းက နောက်ပြန်လှည့်ကာ ထွက်သွားရန် ဆုံးဖြတ်လိုက်၏။ နောက်မှ တင်ပြသည်မှာ ပို၍ကောင်းမည် ဖြစ်ပြီး ထိုသို့မဟုတ်ပါက လိုင်သယ်စစ်၏ ရှက်ရွံ့ဖွယ် အခိုက်အတန့်ကို သူ မြင်သွားသည်ဟု လိုင်သယ်စစ် ထင်သွားလျှင် အနည်းဆုံး တစ်ပတ်ခန့် သူ့အတွက် ငြိမ်းချမ်းရေးရနိုင်တော့မည် မဟုတ်ပေ။


မော့တိက မုထျန်းဟန်၏ ရုံးခန်းထဲသို့ ဝင်လာပြီးနောက် မည်သည့်ပစ္စည်းများကိုမှ ကိုင်တွယ်ခြင်း မပြုပေ။ သူက သူ့လက်နှစ်ဖက်ကို ဘေး၌ကပ်ထားပြီး ရိုရိုကျိုးကျိုးလေး မတ်တပ်ရပ်နေသည်။ မုထျန်းဟန်က သူ၏ လိမ္မာသော ကောင်လေးတစ်ယောက်ကဲ့သို့ အပြုအမူကို မြင်လိုက်ရသောအခါ ရယ်ချင်သွား၏၊၊


“အရမ်းတည်ငြိမ်မနေပါနဲ့… ဒီကိုလာကြည့်…. ဒီက ရှုခင်း လှတယ်…”


“အင်း…” မော့တိက ခေါင်းငြိမ့်လိုက်ပြီး လမ်းလျှောက်လာသည်။ သို့သော် သူက ဘောပင်ခွက်အနီးမှ ဖြတ်လာရင်း မတော်တဆ တိုက်မိသွားလေ၏။ သူက မြန်မြန် ရပ်ကာ ၎င်းကို သူ့နေရာနှင့် သူ ဂရုတစိုက် နေရာတကျ ပြန်ထားလိုက်သည်။ 


မုထျန်းဟန်၏ ရှုထောင့်မှ ကြည့်လျှင် မော့တိ၏ တင်ပါးလေးမှာ စားပွဲခုံထက် အနည်းငယ် ပိုမြင့်နေသည်။ သူက ခပ်ဖွဖွလေး ဖက်ကာ မော့တိကို စားပွဲပေါ်သို့ တင်၍ အနမ်းတစ်ပွင့် ပေးချင်စိတ်များ တဖွားဖွား ခံစားလိုက်ရ၏။ 


ဤအကြောင်းကို စဉ်းစားရင်း မုထျန်းဟန်၏ အမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး သူ့မျက်နှာမှာ မှောင်မိုက်သွားလေသည်။


အဲ့ဒီလိုင်သယ်စစ်ဆိုတဲ့ ကောင်ကတော့…။


Xxxxxxxxx