အပိုင်း ၄၄
Viewers 28k

Chapter 44


မုထျန်းဟန်က မော့တိနှင့် လိုင်သယ်စစ်ကို သူ ကြိုတင်ဘိုကင်တင်ထားသည့် မီချယ်လင်းစားသောက်ဆိုင်သို့ ခေါ်ဆောင်သွား၏။


လိုင်သယ်စစ်က စပြောလိုက်သည်။ 


“မင်းနဲ့ မတွေ့ရတာ ၁၀ ရက်လောက် ကြာသွားပြီဆိုတော့ မင်းက ငါ့ကို လူသားဆန်ဆန် ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မယ်လို့ မထင်ထားဘူး… ဒါပေမဲ့ ငါကတော့ မင်းကို မချစ်နိုင်ဘူးနော်… ငါ့နှလုံးသားထဲမှာ…”


“တော်စမ်းပါ…” 


မုထျန်းဟန်မှာ လိုင်သယ်စစ်၏ စကားများနှင့် လေသံကြောင့် အော့နှလုံးနာသွားလေသည်။ သူက ခြေထောက်ကို မြှောက်ကာ လှမ်းကန်လိုက်သော်လည်း လိုင်သယ်စစ်က ရှောင်လိုက်နိုင်၏။


မော့တိက ပျော်ရွှင်နေပြီး အရယ်မရပ်တော့ပေ။ သူ မုထျန်းဟန်နှင့် လိုင်သယ်စစ်တို့ကို တွေ့ဆုံခဲ့သည့် အချိန်မှစ၍ သူ့နှလုံးသားထဲရှိ တစ်စတစ်စ မြင့်တက်လာသော မွန်းကြပ်စေသည့် ဖိအားများမှာ လျှော့နည်းလာသလို ခံစားရလေသည်။


လိုင်သယ်စစ်က မော့တိ ရုတ်တရက် ထရယ်သည်ကို မြင်လိုက်ပြီးနောက် ချက်ချင်းပင် သူ့ကို ခုန်အုပ်ချင်သွားလေသည်။ 


“ညီလေး… မင်းက ငါ့ကို ရီရဲတယ်ပေါ့လေ… ကြည့် ငါ ဘယ်လို… အိုး…”


လိုင်သယ်စစ်က နောက်သို့ ပြန်လှည့်သွားပြီး သူ့ဖင်ကို နောက်တစ်ကြိမ် အုပ်ထားလိုက်ရသည်။


“ဝေးဝေးနေစမ်းပါ…”


 မုထျန်းဟန်က လိုင်သယ်စစ်ကို ဒေါပွသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီလူက ပိုပြီး ရဲတင်းလာပါလား…၊ သူ့ကောင်လေးရဲ့ မျက်နှာကိုတောင် လက်နဲ့ထိဖို့ ကြိုးစားရဲတယ်ပေါ့လေ။


လိုင်သယ်စစ်က မုထျန်းဟန်ကို ကြည့်လိုက်ပြီး မရှင်းပြတတ်သော အားနာသည့်စိတ်မျိုး ခံစားလိုက်ရသည်။ သူက အပျော်လွန်ကာ သူ့နေရာသူ မေ့သွားပုံရ၏။ ကံကောင်းထောက်မစွာဖြင့် သူက ထိုကောင်လေး၏ မျက်နှာကို မကိုင်လိုက်ပေ။ ထိုသို့မဟုတ်ပါက ယနေ့တွင် သူ အလွန် ကံဆိုးမိုးမှောင်ကျသွားနိုင်ပေသည်။


“အိုက်ယား… ဗိုက်ဆာနေပြီ ဗိုက်ဆာနေပြီ… ငါ တကယ် ဗိုက်ဆာနေပြီ… စားကြရအောင်…” 


လိုင်သယ်စစ်က ထူးထူးခြားခြားပင် တောက်ပစွာ ပြုံးလိုက်ပြီး အပြင်ဘက်သို့ အမြန် ပြေးထွက်သွားလေသည်။


ညစာစားနေရင်း မော့တိက လုံးလုံးလျားလျား အမည်မသိသူ မဟုတ်သော အမည်မသိ မက်ဆေ့ချ်တစ်စောင် လက်ခံရရှိခဲ့သည်။


မော့တိက ထိုမက်ဆေ့ချ်ကို ဖတ်ပြီးနောက် မုထျန်းဟန်ကို အမြန် ပြောလိုက်၏။


 “သူ နောက်ဆုံးတော့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီ…”


မုထျန်းဟန်က ပြန်တွေးကြည့်လိုက်ရာ မော့တိက ဝမ်ရူယာကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း သတိရသွားသည်။ သူက ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်၏။ 


“ဒါ ကောင်းတဲ့ကိစ္စပဲ…”


“ဘာလဲ… သူက ဘယ်သူလဲ… ဘယ်သူက လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာလဲ…” 


လိုင်သယ်စစ်က ချိစ်နှင့်ပုဇွန် အပိုင်းကြီးကြီး တစ်ပိုင်းကို အသံမြည်အောင် တကျွတ်ကျွတ် ဝါးရင်း နားမလည်နိုင်စွာ မေးလိုက်သည်။


“ကျွန်တော့်ဝမ်းကွဲအစ်ကိုရဲ့ ရည်းစားက ကျွန်တော့်ဝမ်းကွဲအစ်ကိုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာပါ…” 


မော့တိက သူ့ဖုန်းကိုချလိုက်ပြီး တစ်ခွန်းတည်း ရှင်းပြလိုက်သည်။


ဝမ်ရူယာ၏ မက်ဆေ့ချ်အရ သူမက သူ၏ သရုပ်မှန်ကို ခန့်မှန်းပြီးသား ဖြစ်နိုင်သောကြောင့် သူမက သူ့ကို ကျေးဇူးတင်နေရုံသာမက သူ့အတွက်လည်း ဆုတောင်းပေးနေခဲ့သည်။


“အမ်… မင်းရဲ့ဝမ်းကွဲအစ်ကိုရဲ့ ရည်းစား ဟုတ်လား…” 


လိုင်သယ်စစ်က ဆေးရုံတွင် မော့တိနောက်မှ လိုက်လာသည့် အထက်တန်းလွှာ အမျိုးသားပုံစံ မော့ယီချန်ကို သတိရသွားသည်။ ထို့ပြင် သူက ဗီဒီယို အရိုက်ခံထားရစဉ် အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုနေသည့် အချိန်မှာပင် ထက်မြက်ပြီး သဘာဝကျသည့် ပုံစံ ထင်ပေါ်နေ၏။


“အဲ့ဒီလို ဆန်ကုန်မြေလေးမှာတောင်မှ ဘာလို့ ရည်းစားရှိနေရတာလဲ…” 


လိုင်သယ်စစ်က လေတက်လိုက်ပြီး ကမ္ဘာကြီးမှာ အလွန် မတရားသည့်အကြောင်း စဉ်းစားခန်း ဝင်နေသည်။


မော့တိ: “…”


ဤသည်မှာ သူ ဗိုက်ဝအောင် စားသောက်ပြီးနောက် မေးမြန်းချင်သည့် နက်နဲလှသော မေးခွန်း ဖြစ်သည်လား။


ညစာစားပြီးနောက် မုထျန်းဟန်နှင့် လိုင်သယ်စစ်က အလုပ်သို့ ပြန်သွားကြပြီး မော့တိကမူ ဗီလာသို့ ပြန်သွားကာ ဂိမ်းအတွက် ဆက်လက်၍ လုပ်ကိုင်နေသည်။


ညလယ် ၁၁ နာရီဝန်းကျင်လောက်တွင် သူက ဖန်ချန်းလောင်ထံမှ မက်ဆေ့ချ်တစ်စောင် လက်ခံရရှိခဲ့၏။ သူ့အနေဖြင့် ထိုမက်ဆေ့ချ်ထံမှ အသံပင် ကြားနေရသယောင် ခံစားနေရသည်။


 “ မင်း တကယ်ပဲ ဂိမ်းတွေ ဘယ်လိုလုပ်ရမလဲဆိုတာ သိလား…”


မော့တိက တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်သည်။ 


“သိတယ်…”


“ပြီးတော့ တစ်လနဲ့ နောက်ထပ် လတစ်ဝက်အတွင်း ပြီးအောင် လုပ်ရမှာ… ဒီတစ်ခါဂိမ်းက သာမန်ထုတ်လုပ်ရေး အခက်အခဲမျိုး ရှိနေတယ်… ဒီဟာပြီးရင်တော့ ငါက စွမ်းရည်ပိုမြင့်တဲ့ ဂိမ်းတစ်ခု လုပ်ဦးမှာပါ…”


“မင်းက တစ်လနဲ့ ၁၅ ရက်အတွင်း ပြီးအောင် လုပ်နိုင်မယ်ဆိုတာ သေချာလား…”


“ငါ ဩဂုတ်လ မကုန်ခင် အပြီးသတ်နိုင်မယ်ဆိုတာ သေချာတယ်… ဒါပေမဲ့ မင်း ပုံတွေဆွဲတဲ့နေရာမှာ အချိန်ကြန့်ကြာမှု မရှိမှရမယ်လို့ ပြောရမယ်…” 


မော့တိက ဖန်ခွက်ထဲမှ ရေကို တစ်ငုံ သောက်ပြီး ဆက်လက် စာရိုက်နေသည်။


 “ပြီးတော့ မင်း သံသယရှိနေတုန်းပဲဆိုရင် အဖွဲ့ထဲ မပါနဲ့… မင်းကို ငါ ပေးထားတဲ့တာဝန်တွေပဲ ပြီးအောင် လုပ်လို့ ရတယ်…”


“ဘာလို့ မပါရမှာလဲ… ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက ငါ့ပုံတွေပဲလေ… ငါ့အတွက် အဖွဲ့ထဲမှာ မပါစရာ အကြောင်းမှ မရှိတာ… တကယ်လို့ ငါ မပါဘူးဆိုရင် ငါ ရှုံးတာပဲ မဟုတ်ဘူးလား… ဂိမ်းက နာမည်ကြီးလာတဲ့အချိန်ကျရင် ငါလည်း ငါ့ရှယ်ယာကိုတော့ လိုချင်သေးတယ်… အဖွဲ့ထဲ မပါဘူးဆိုရင် ငါ့အတွက် ကော်မရှင်ခ နည်းနည်းလေးပဲ ရတော့မှာပေါ့…” 


ဖန်ချန်းလောင်က သူ့ဦးနှောက်နှင့် တွေးခေါ်မှုမှာ ယခုအချိန်ထက် ဘယ်သောအခါကမှ မပြတ်သားသလို ခံစားရသဖြင့် ယုံကြည်ချက်ရှိရှိ စာရိုက်ရင်း ပြောနေသည်။


“မင်းနဲ့ ပူးပေါင်းဖို့ ငါ ဆုံးဖြတ်ပြီးသွားပြီ… မင်း ငါ့ကို လစာအများကြီး ပေးစရာ မလိုဘူး…တစ်လကို တစ်သောင်းဆိုရင် လုံလောက်ပြီ… ဘာပဲဖြစ်ဖြစ် မင်းက ငါ့ထက် အသက်ငယ်တယ်လေ… ငါမင်းရဲ့ ပညာသင်ဆုကြေးတွေ မယူချင်ပါဘူး…”


မော့တိက မက်ဆေ့ချ်ကို ဖတ်ပြီးနောက် စိတ်သက်သာရာ ရသွားသည်။ ဤရက်ပိုင်းအတွင်း သူက ကော်မရှင်အပ်ရန် ပုံဆွဲဆရာများကို ရှာဖွေခဲ့ရုံသာမက သူ့အဖွဲ့ထဲ ပါဝင်ရန် ပန်းချီပညာရှင်များကိုပါ လိုက်ရှာခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူတို့အားလုံး သူ၏ လိုအပ်ချက်နှင့် မကိုက်ညီခဲ့ပေ။


မော့တိက ဖန်ချန်းလောင်ကို အလွန် ကြိုဆိုနေ၏။ သူက ဝမ်းသာအားရ စာရိုက်ရင်း ပြုံးနေသည်။


 “အဖွဲ့ကနေ ကြိုဆိုပါတယ်… ဒါပေမဲ့ မင်းက လခမယူဘဲနဲ့ လာပြီး လုပ်ပေးမယ်လို့ ငါ ထင်ထားတာ…”


“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” 


ဖန်ချန်းလောင်က လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် စာပြန်လိုက်သည်။ 


“ငါက ကိုယ့်အတွက် ဘာမှပြန်မရဘဲ အလုပ်လုပ်ပေးမယ့်သူမျိုး မဟုတ်ဘူးဆိုတာ မင်းကို ပြောထားလိုက်မယ်… ငါက ဇီဇာကြောင်တတ်တဲ့အပြင် ငါ့အတွက် အကျိုးခံစားခွင့်ဆိုတာ အားလုံးရဲ့အထက်မှာ ရှိတယ်… မင်း နားလည်ရဲ့လား…”


“ငါ့ဆီကနေ အများကြီး မမျှော်လင့်ထားနဲ့…”


“ငါ အချိန်အတိအကျ အလုပ်ဆင်းမယ်…”


“ပြီးတော့ အချိန်ပိုလည်း မလုပ်ဘူး…”


“ငါ…”


“…”


မော့တိမှာ ထိုစာကြောင်းကို ဟာသအဖြစ် ပို့လိုက်မိခြင်းအား နောင်တရသွား၏။ ဖန်ချန်းလောင်မှာ ရူးမိုက်ပြီး ကလေးဆန်သော အကျင့်စရိုက် ရှိသော်လည်း အခွင့်အရေးများကိုမူ အရယူတတ်သူ ဖြစ်ကြောင်း သူ သိထားလေသည်။


“ကောင်းပြီ… ငါ မင်းကို တစ်ပြားမှ လျှော့ပေးမှာ မဟုတ်သလို မင်းကိုလည်း တစ်ပြားမှ ဆုံးရှုံးရအောင် လုပ်မှာ မဟုတ်ဘူး…”


ထို့နောက် သူက ဖန်ချန်းလောင်ကို ဇာတ်ကောင်ဒီဇိုင်းအချို့၊ ပုံကြမ်းလိုအပ်ချက်များ၊ လှုပ်ရှားမှုအသေးစိတ်၊ ကိုယ်ရေးအချက်အလက်များနှင့် ဂိမ်းဆက်တင်များကို ပို့ပေးလိုက်သည်။


“ဒါက ဒီတစ်ကြိမ်အတွက်ပဲ… ဒီပုံတွေကို အရင်ဆွဲထား ပြီးတော့ တစ်လအတွင်း ပြီးရင် ပိုကောင်းမယ်… တကယ်လို့ မင်း အချိန်မလောက်ဘူးလို့ ထင်ရင် မင်း အကူအညီလိုတဲ့အပိုင်းတွေ ငါ့ကို ပြောပြပေး… ငါ နောက်ထပ် ပန်းချီဆရာတစ်ယောက် ရှာပေးမယ်…”


“အဲ့ဒီလိုလုပ်စရာ မလိုပါဘူး… ငါနဲ့အတူတူ ပေါင်းလုပ်ချင်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်… သူ့ရဲ့လက်ရာတွေ ငါ့ထက်တော့ မဆိုးဘူး (ဒါပေမဲ့ အဲ့ဒါက ဘာလို့လဲဆိုတော့ သူက ငါ့ထက် ၃ နှစ်စောပြီးတော့ ပုံတွေ စဆွဲခဲ့တဲ့အတွက်ကြောင့်ပဲ…) မင်း ဘယ်လိုထင်လဲ… ငါတို့နှစ်ယောက်ဆိုရင် ဒီပုံတွေကို တစ်လအတွင်း ပြီးအောင် ဆွဲနိုင်တယ်…”


အလုပ်နှင့်ပတ်သက်လာလျှင် ဖန်ချန်းလောင်မှာ မမျှော်လင့်ထားလောက်အောင်ပင် အလေးအနက် ဖြစ်လာ၏။


မော့တိက သေချာစဉ်းစားကာ ပြောလိုက်သည်။ 


"အင်း စဉ်းစားသင့်တဲ့ ကိစ္စဆိုပေမယ့် အရင်ဆုံး ငါ သူနဲ့ တွေ့ဖို့ လိုတယ်… ငါ စာချုပ်တစ်ခု ယူခဲ့မယ်လေ… တကယ်လို့ သူကလည်း မဆိုးဘူးဆိုရင် ငါတို့သုံးယောက် သဘောတူညီကြောင်း လက်မှတ် ထိုးကြတာပေါ့… ဒီလိုမှမဟုတ်ရင်တော့ ငါတို့နှစ်ယောက်တည်းပဲ…”


“အိုကေ… ဒါဆို မင်း ငါ့ကို ပို့တဲ့စာတွေ သူ့ဆီ မပို့တော့ဘူးနော်… ဒါက လျှို့ဝှက်ချက်ပဲ ဟုတ်တယ်မလား…”


“ဟုတ်တာပေါ့…”


“ဒါဆိုရင် မင်းငါ့ကို ယုံတယ်မလား… ငါ့ရဲ့လက်ရာတွေက အရမ်းတော်လွန်းလို့ မင်း ငါ့ကို အပိုင်သိမ်းချင်တာလေ… ဒါပေမယ့် မင်း သေချာပေါက် စိတ်ချထားလို့ ရပါတယ်… အစ်ကိုဖန်က မင်းအပေါ် မဟုတ်တာ မလုပ်ပါဘူး…”


မော့တိ : “…”


ဖန်ချန်းလောင်မှာ တစ်မိနစ်ပင် တည်တည်တံ့တံ့ နေနိုင်ရဲ့လား သိချင်မိသည်။


“အမ်… သေချာတာပေါ့… ငါ မင်းကို ယုံပါတယ်…” 


မော့တိက ခံစားချက် မပါသလို ပြောလိုက်သည်။


တကယ်တမ်းတွင် သူက ဖန်ချန်းလောင်ကို ဤအချက်အလက်များ ပို့ပေးရသည့် အကြောင်းအရင်းများမှာ ပထမဆုံးတစ်ချက်အနေဖြင့် သူက အမှန်တကယ်ပင် သူ့ကို အနည်းငယ် ယုံကြည်ထားပြီး ပို၍ အရေးကြီးသည်မှာ သူ ပို့လိုက်သည်များက အလွန် လျှို့ဝှက်ထားသင့်သည့် အရာများ မဟုတ်သောကြောင့်ပင်။ ဤဂိမ်းအတွက် သူ၏ ရည်ရွယ်ချက်မှာ လူရွေးပွဲ ပထမတစ်ချီကို ကျော်ဖြတ်နိုင်ရန် ဖြစ်၍ ဒီဇိုင်းပိုင်းတွင် တမူထူးခြားနေရန် အလွန်အကျွံ မလိုအပ်ပေ။ ဒုတိယအချက်မှာ ယင်းက ဖန်ချန်းလောင်အတွက် အကဲဖြတ်ခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။


မော့တိနှင့် ဖန်ချန်းလောင်တို့က ညနေ ၄ နာရီမတိုင်ခင် ကော်ဖီဆိုင်၌ တွေ့ရန် သဘောတူလိုက်ကြသည်။


သူ ရောက်လာသောအခါ ဖန်ချန်းလောင်က သူ့ဘေးတွင် ယောက်ျားလေးတစ်ယောက်နှင့်အတူ ထိုင်ခုံတွင် ထိုင်နေကြသည်။ ထိုကောင်လေးမှာ အလွန် ပိန်ပြီး ဖြူဖပ်ဖြူလျော် ဖြစ်နေသည့်အပြင် သူ့ခေါင်းပေါ်တွင် ဆံပင်ဖြူများ ပေါက်နေသည့်အတွက် ဖောက်ထွင်းမြင်ရလုနီးပါးပင် ဖြစ်နေသည်။


“ဟယ်လို… ငါက ဟန်ချောင်ပါ…” ဟန်ချောင်က မော့တိ လာနေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။


“ဟယ်လို…” မော့တိက ခေါင်းငြိမ့်ပြ၏။ “တွေ့ရတာ ဝမ်းသာပါတယ်…”


“ တွေ့ရတာ ဝမ်းသာပါတယ်… ငါက တကယ့်ကို ဂိမ်းဆော့ရတာ ကြိုက်တဲ့သူဆိုတော့ ဂိမ်းဖန်တီးတဲ့ လုပ်ငန်းမှာ ဒီလိုမျိုး ပါဝင်ခွင့်ရတာ ဝမ်းသာစရာပါပဲ…”


“ဒီလောက်ဆို ရပြီ… မင်းတို့နှစ်ယောက် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်နေတာ ရပ်လိုက်တော့… မင်းတို့တွေက နေကောင်းလား၊ ကောင်းပါတယ်၊ ကျေးဇူးတင်ပါတယ်၊ မင်းရော၊ ငါလည်း ကောင်းပါတယ်ဆိုပြီး ဆက်ပြီး နှုတ်ဆက်ကြဦးမလို့လား…” 


ဖန်ချန်းလောင်က လှောင်ပြောင်နေသည့် ပုံစံ ပြုမူနေ၏။ 


“မြန်မြန်လုပ်… ငါတို့တွေ ဒီကို အလုပ်လုပ်ဖို့လာတာ…”


“ရှောင်တိ… ဒါအရင်တုန်းက ဘိုးဘိုးဟန် ဆွဲထားတဲ့ပုံတစ်ပုံပဲ… ကြည့်စမ်းပါဦး ကောင်းရဲ့လား…” 


ဖန်ချန်းလောင်က ဂုဏ်ယူစွာ ပြသလိုက်သည်။ ဤထိပ်တန်းကျောင်းသားလေး၏ နာမည်မှာ သိပ်ပြီး အဆင်မပြေလှပေ။ သူ့နာမည်ကို ခေါ်သည့်လူတိုင်း သူတို့၏ ညီလေး၊ မောင်လေးကို ခေါ်နေရသည်နှင့်ပင် တူနေ၏။


မော့တိက ဖန်ချန်းလောင် စနောက်သည်ကို ကြားရသော်လည်း စိတ်ထဲမထားပေ။ သူက ကွန်ပျူတာကို ယူကာ ပုံများကို စတင် ရှာဖွေကြည့်ရှုလိုက်သည်။


ဤနာမည်ပြောင်မျိုးမှာ ထိခိုက်နာကျင်စေလိုသည့် ဆန္ဒမပါဝင်သော ဟာသ တစ်ခုသာ ဖြစ်သဖြင့် မော့တိက သူ့စိတ်ထဲတွင် အရေးတယူ မလုပ်နေပါ။


မည်သို့ပင်ဖြစ်စေ သူ့နာမည်၏ မူလအစမှာ ပို၍ပင် မခံမရပ်နိုင်စရာ ကောင်းလှသည်။ သူကို “မော့တိ” ဟု ခေါ်ရသည့် အကြောင်းပြချက်မှာ မော့မိသားစုဝင်များထဲတွင် တစ်ဦးတစ်ယောက်ကမှ သူ့ကို နာမည် မပေးချင်ကြသောကြောင့် သူတို့အားလုံးက မော့လျှိုကွေ့၏ မောင်လေးဟု အဓိပ္ပာယ်ရသော “မော့တိ” ဟူ၍သာ ကြုံရာသတ်မှတ်၍ ခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။


သို့သော် သူ့နာမည်ကို မှတ်ပုံတင်သည့်အချိန်တွင် ဝန်ထမ်းက မှားယွင်းစွာဖြင့် “မော့တိ” ဟု ရိုက်နှိပ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မော့မိသားစုဝင်များက မစစ်ဆေးခဲ့ကြသဖြင့် ထိုကဲ့သို့သော နာမည်မျိုးမှ ရှောင်ရှားနိုင်ခဲ့ခြင်းပင်။(တရုတ်စာလုံးအရအဓိပ္ပါယ်မတူတာမျိုးပါ)


မော့မိသားစုဝင်များနှင့် မော့လျှိုကွေ့က သူ့ကို ရှောင်တိဟု ခေါ်ရာတွင် “ညီလေး၊ မောင်လေး” ဟု အဓိပ္ပာယ်ရပြီး ဖန်ချန်းလောင်နှင့် ဟန်ချောင်က သူ့ကို ရှောင်တိဟု ခေါ်သည်မှာ မော့တိလေးဟု ဆိုလိုခြင်း ဖြစ်သော်လည်း ထိုနာမည်၏ အသံထွက်ကို အမှန်တကယ် မနှစ်သက်သောကြောင့် နှစ်ခုလုံးအတွက် ရှောင်တိဟူသော အသံထွက်ကို ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။


ဟန်ချောင်၏ ပုံဆွဲအရည်အချင်းမှာ အမှန်တကယ်ပင် ထိပ်တန်းအဆင့် ဖြစ်ပေ၏။ သူ့လက်ရာများမှာ ဖန်ချန်းလောင်ထက် မညံ့သည့်အပြင် ထိုမျှမက တကယ်တမ်းတွင် သူက ပို၍ ကျွမ်းကျင်နေသည်။ အကယ်၍ ဖန်ချန်းလောင်သာ အချိန်မသတ်မှတ်ထားပါက တစ်လအတွင်း ၆ ပုံ ထုတ်ပေးနိုင်ပေသည်။ သူ၏ အချိန်များအားလုံးကို ဤတွင် နှစ်မြှုပ်ထားပါက ၁၀ ပုံအထိပင် ပြီးစီးနိုင်၏။ အခြားတစ်ဖက်တွင်မူ လုံလောက်သောအချိန်အတွင်း ဟန်ချောင်မှာ တစ်လအတွင်း ၁၁ ပုံ၊ ၁၂ ပုံအထိပင် ထုတ်ပေးနိုင်ပေသည်။


ထို့ကြောင့် သူတို့နှစ်ယောက်က အဓိကဇာတ်ကွက်များနှင့် ဇာတ်ကောင်ပုံကြမ်းများကို ကိုင်တွယ်နိုင်မည် ဖြစ်သည်။ အခြားသော ဇာတ်ကွက်များ၊ ဇာတ်ရံများ၊ ကိရိယာများ အစရှိသည်အတွက်ကိုမူ အခြားပန်းချီဆရာနှင့် လွှဲပေးနိုင်ပေသည်။


မည်သို့ပင်ဖြစ်စေ သူက ဤဂိမ်းအပေါ် မျှော်လင့်ချက် မြင့်မြင့်မားမား မထားပေ။ လူရွေးပွဲ အောင်မြင်ပြီး နောက်ထပ် တစ်ဆင့် တက်နိုင်ရန်သာ ဖြစ်သည်။


မော့တိနှင့် ဟန်ချောင်တို့ တစ်ခဏမျှ စကားပြောပြီးနောက် သူတို့ စကားများများ ပြောလေလေ၊ ဟန်ချောင်မှာ အဆင်ပြေသူ တစ်ယောက် ဖြစ်ကြောင်း မော့တိ ပိုသိလာရသည်။ သူက အနည်းငယ် တသီးတသန့် နေတတ်သော်လည်း လုံးဝ ခံစားချက်ကို မဖော်ပြတတ်သူမျိုး မဟုတ်ပေ။ ယခုအခါ ဤပထမဆုံးသော ဂိမ်းကို ပူးပေါင်းလုပ်ဆောင်ရန် လုံလောက်သော ယုံကြည်မှု ရရှိလာလေပြီ။


“စာချုပ်မှာ လက်မှတ်ထိုးကြတာပေါ့…” 


မော့တိက ဖိုင်ထဲမှ စာချုပ်ကို ထုတ်ယူလိုက်သည်။ 


“ဒီဂိမ်းအတွက် ရင်းနှီးမြှုပ်နှံမှု ရလာပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးဖြစ်သွားရင် မူလအဖွဲ့ထဲမှာ ပါတဲ့ အဓိကအဖွဲ့ဝင်တွေက ရှယ်ယာတွေကို အောက်မှာ ပြထားတဲ့အတိုင်း ခွဲယူကြမယ်…”


“အခုကစပြီးတော့ ငါ ယဉ်ယဉ်ကျေးကျေး မပြောတော့ဘဲ ဒဲ့ပဲပြောလိုက်တော့မယ်… ဒီဂိမ်းရဲ့ ဖန်တီးသူ၊ စီစဉ်သူ၊ စမ်းသပ်သူ၊ ဂိမ်းရဲ့ သဘောတရားနဲ့ ဇာတ်ကောင် ရေးဆွဲတာ၊ ဒီဂျစ်တယ်အဖြစ် ပြောင်းတာ၊ မင်းတို့ရဲ့ ပုံတွေကို သက်ဝင်လှုပ်ရှားအောင် လုပ်တာ ဒါတွေအားလုံးက ငါ လုပ်တာပဲ… ဒီအတွက် အချိန်နဲ့ အင်အားစိုက်ထုတ်မှုတွေ ဘယ်လောက်လိုတယ်ဆိုတာ မင်းတို့ သိမှာပါ… အဲ့ဒါကြောင့် ငါက ၈၀ ရာခိုင်နှုန်း ယူမယ်… ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက မင်းတို့တွေအတွက်ပဲ… ပြီးတော့ ထုတ်လုပ်မှုကာလအတွင်း ငါက မင်းတို့ရဲ့ လစာကိုလည်း ပေးဦးမှာပါ… ပြင်ပကုန်ကျစရိတ်၊ အသံစနစ်၊ အသံသွင်းတာ အဲ့ဒါတွေအားလုံးကိုလည်း ငါပဲ ပေးမှာပါ… ထုတ်လုပ်မှုကာလအတွင်း ကုန်ကျစရိတ်အားလုံးကို ငါ တာဝန်ယူပါ့မယ်… ငါ မင်းတို့ဆီကနေ အမြတ်မထုတ်ဘူးဆိုတာကို အာမခံပါတယ်…”


မော့တိက ပြုံးလိုက်သည်။ 


“တကယ်တော့ စာချုပ်ထဲမှာလည်း ရှင်းရှင်းလင်းလင်း ရေးထားပြီးသားပါ မင်းတို့တွေ ကိုယ်တိုင် ကြည့်လို့ရတယ်… ပြီးတော့ မင်းတို့ကို ကြိုပြီးတော့ ပြောထားရဦးမယ်… အကျိုးအမြတ်က အတော်အတန် ကြီးမားသည်ဖြစ်စေ၊ မကြီးမားသည်ဖြစ်စေ ငါက ဒုတိယမြောက် ဂိမ်းကို ဆက်ပြီး လုပ်ဦးမှာပဲ… ဆိုလိုချင်တာက ငါတို့အလုပ်က ဒီမှာတင် ရပ်သွားမှာ မဟုတ်ဘူးဆိုတာပဲ…”


“ဒီစာရွက်စာတမ်းမှာ လက်မှတ်ထိုးရုံပဲ မဟုတ်ဘူးလား… ငါ လက်မှတ်ထိုးမယ်…”


နောက်ထပ် ဂိမ်းတစ်ခု ရှိသေးကြောင်း ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ဖန်ချန်းလောင်မှာ စိတ်လှုပ်ရှားသွား၏။ ထို့အပြင် သူက အကျိုးအမြတ်များ များစွာ ရရှိပြီးပြီ ဖြစ်ကြောင်း ခံစားနေရသည်။ ထို့ကြောင့် သူက ဘောပင်တစ်ချောင်းယူကာ သူ့နာမည်ကို လက်မှတ်ထိုးလိုက်လေသည်။


“ရိုးရိုးသားသား ပြောရရင် ငါနဲ့ ဘိုးဘိုးဟန်အတွက် ၂၀ ရာခိုင်နှုန်း ထည့်တွက်ပေးသင့်တယ်လို့ ငါတော့ မထင်ဘူး… ငါတို့က မင်းကို အမြတ်ထုတ်နေသလို ဖြစ်နေမှာပဲ… ငါတို့က ဒီလောက်တော့ မတုံးပါဘူး… ဒီဂိမ်းအတွက် မင်း ဘယ်လောက် အကြွေးယူထားရမလဲဆိုတာရော သိရဲ့လား… လူတိုင်းက ထုတ်လုပ်သူ ဖြစ်နိုင်တာ မဟုတ်ဘူးနော်… အစီအစဉ်ဆွဲတာ၊ ဖန်တီးတာ၊ ဒီဇိုင်းဆွဲတာ အဲ့ဒီလိုကိစ္စတွေက သာမန်လူတွေ လုပ်ချင်ရင်တောင် လုပ်လို့ရတဲ့ ကိစ္စတွေ မဟုတ်ဘူး… ဒီလိုမှမဟုတ်ရင် ဘာလို့ ဂိမ်းကုမ္ပဏီတွေက ဝတ္ထုတွေရဲ့ မူပိုင်ခွင့်တွေကို မီလီယံနဲ့ချီ သုံးပြီး ဝယ်နေရတာလဲ… ပြီးတော့ ကုဒ်ဒင်းအတွက်လည်း ရှိသေးတယ်… မင်းက ပုံဆွဲတာကလွဲရင် အလုပ်တွေအားလုံး နီးပါးကို လုပ်နေရတာပဲ… မင်းကိုယ်တိုင်အတွက် ၈၀ ရာခိုင်နှုန်း ချန်ထားရင်တောင် တကယ် အရှုံးပေါ်နေပြီ…”


မော့တိမှာ ဖန်ချန်းလောင်ထံမှ ဤကဲ့သို့ လေးနက်ပြီး လူသားဆန်သော စကားမျိုး ကြားလိုက်ရသဖြင့် စိတ်ကျေနပ်စွာ အံ့အားသင့်သွားလေသည်။


“အမှန်ပဲ… ငါတို့ရဲ့ အင်အားစိုက်ထုတ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုက မင်းထက် တော်တော်လေး နည်းနေတာတောင် မင်းဆီကနေ လစာလည်း ယူပြီး ရှယ်ယာဝေစုလည်း အများကြီး ထပ်ယူသလို ဖြစ်နေမှာ… ပိုပြီးတော့ အရေးကြီးတာက ဒီမှာ မင်းရဲ့ ကျွမ်းကျင်မှုက အစားထိုးလို့ လုံးဝ မရနိုင်ဆုံးအရာပဲ… ငါတို့ကမှ မင်းဆီကနေ အမြတ်ထုတ်နေတာ…”


ဟန်ချောင်မှာ ဖန်ချန်းလောင်ထက် အသက်ပိုကြီးပြီး ယခုအခါ အသက် ၂၀ ရှိပြီ ဖြစ်သည်။ သူက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်၏။


 “မင်းက ၁၇ နှစ်ပဲ ရှိသေးတာမလား… ဒါက လုံးဝကို မယုံနိုင်စရာပဲ… မင်းနဲ့ အလုပ် အတူတူ လုပ်ခွင့်ရတဲ့အတွက် ငါ အရမ်းပျော်တယ် ဂုဏ်လည်း ယူပါတယ်…”


မော့တိက ပြုံးလိုက်ပြီးနောက် စီးပွားရေးစာချုပ်ကို နှစ်ဦးနှစ်ဖက် သဘောတူလိုက်ကြသည်။ 


“မင်းတို့နှစ်ယောက်နဲ့ အလုပ်လုပ်ရတဲ့အတွက် ဂုဏ်ယူပါတယ်…”


“ဒါနဲ့ မင်းမွေးနေ့က ဘယ်တော့လဲ… မြန်မြန် အသက်ကြီးလာစမ်းပါကွာ… အသက်မပြည့်သေးတဲ့သူဆီကနေ အမိန့်ပေးခံနေရတော့ ငါ ဘယ်လိုလုပ်ပြီး ကလိမ်ကကျစ် ကျလို့ ရတော့မှာလဲ…” 


ဖန်ချန်းလောင်မှာ သူ၏ လူသားမဆန်သော အပြောအဆိုမျိုး ပြန်လည် အစပြုလာသည်။


ယခုအခါ မော့တိက သူ့ကို လျစ်လျူရှုတတ်သွားပြီ ဖြစ်ရာ ဖန်ချန်းလောင်မှာ လုံးဝ အရေးလုပ်မခံရပေ။


“ကောင်းပြီ ရှောင်တိ… မင်းမွေးနေ့က ဘယ်လလဲ… ငါက ရာသီခွင်တွေနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး လေ့လာကြည့်ဖူးတယ်လေ ပြောစမ်းပါ…မင်းကို ဘယ်အချိန်မှာ မွေးတာလဲ…”


“…” မော့တိမှာ ဆွံ့အသွားလေသည်။ လွန်ခဲ့သော တစ်ခဏက ဟန်ချောင်မှာ ပို၍ ဉာဏ်ရည် ထက်မြက်သည့်ပုံစံ ပေါက်နေခဲ့သည် မဟုတ်ပါလော။ သို့သော် သူတို့နှစ်ယောက်က မနားတမ်း မေးနေကြသဖြင့် သူက ပြန်ဖြေလိုက်သည်။


“အောက်တိုဘာလ ၃၁ ရက်နေ့…”


ဟန်ချောင် : “ရှောင်တိ မင်းက ဗြိစ္ဆာရာသီဖွားပေါ့…”


“ဗြိစ္ဆာရာသီဖွားတွေနဲ့ ပတ်သက်ပြီး တမူထူးခြားတာတွေက ဘာတွေလဲ…”


 ဖန်ချန်းလောင်က ဟန်ချောင်ကို မေးလိုက်သည်။ 


ဟန်ချောင် : “အနက်ရောင်ဗိုက်ခေါက်… နှမ်းနက်အစာသွပ်ဖက်ထုတ်လိုပဲ အပြင်ပန်းက ဖြူပြီး အတွင်းမှာ မည်းနေတာ…”


ဖန်ချန်းလောင်က ဟန်ချောင်ကို နားမလည်နိုင်သည့် အမူအရာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် မော့တိဘက်သို့ လှည့်လာသည်။ 


“ဒါဆို မမှန်ဘူးပဲ…”


မော့တိ : “…”


Xxxxxxxx