Chapter 45
သဘောတူညီချက်စာချုပ်ကို လက်မှတ်ထိုး၍ အသေးစိတ်အချက်များကို သဘောတူပြီးနောက် မော့တိက ထွက်သွားလေသည်။ သူတို့ သုံးယောက်သား “အိပ်မက်နောက်သို့ လိုက်ပါသူများအဖွဲ့ ဝီချက်စကားပြောခန်း”ကို ဖန်တီးလိုက်ကြ၏။
နာမည်ပေးရာတွင် ပါရမီမပါသူ မော့တိက ၎င်းနာမည်ကို ပေးခဲ့ခြင်းပင်။ ဖန်ချန်းလောင်နှင့် ဟန်ချောင်က တစ်ခဏမျှ အချိန်ယူ၍ စဉ်းစားခဲ့ကြသော်ငြား သူတို့နှစ်ယောက်သည်လည်း နာမည်ပေးရာတွင် ပါရမီမပါသဖြင့် အဖွဲ့အတွက် နာမည်ကောင်းတစ်ခု မထွက်လာသောကြောင့် မငြင်းပယ်ကြတော့ချေ။
နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ကိစ္စများမှာ ပို၍ အလုပ်များလာကြသည်။
မျက်စိနှစ်လုံး ပွင့်သည့်အချိန်တည်းက မော့တိမှာ ကုဒ်ရေးရသည်။ သူ့မျက်လုံးများ မှိတ်သွားသည့်တိုင်အောင် သူ့ခေါင်းထဲတွင် ကွန်ပျူတာကုဒ်များသာ ပြည့်နှက်နေ၏။ သူက တစ်နေ့လျှင် ၄ နာရီခန့်သာ အိပ်စက်သဖြင့် နောက်ဆုံးတွင်မူ သူ့မျက်လုံးအောက်တွင် မျက်ကွင်းညိုများ တစ်ကွင်းပြီး တစ်ကွင်း ပေါ်လာလေတော့သည်။
မော့တိက ဤအတိုင်းအတာထိ အလုပ်များနေသည်ကို မြင်ရသောအခါ မုထျန်းဟန်မှာ သူအချစ်ဆုံး ကောင်လေး၏ အရည်အချင်းအတွက် ဂုဏ်ယူနေသော်လည်း အခြားတစ်ဖက်တွင်မူ သူ့နှလုံးသားမှာ နာကျင်နေရသည်။ သူက အိုင်တီပရိုဂရမ်မာ တစ်ယောက်၊ နှစ်ယောက်နှင့် မော့တိကို မိတ်ဆက်ပေးချင်သော်လည်း မော့တိက ငြင်းဆန်လိုက်သည်။
သူ၏ အရင်ဘဝနှင့် နှိုင်းယှဉ်ပါက ယခုအခါ ကိစ္စများမှာ အတော်လေး ပို၍ ကောင်းမွန်လာပြီ ဖြစ်၏။ အနည်းဆုံး သူက အဆက်မပြတ် ကြောက်ရွံ့နေစရာ မလိုသလို သတိကြီးကြီး ထားနေရန်လည်း မလိုတော့ပေ။ ယခုအခါ သူက လွတ်လွတ်လပ်လပ် ဖန်တီးနိုင်သည့် လုံခြုံသော ပတ်ဝန်းကျင်တစ်ခုသို့ ရောက်နေပြီ ဖြစ်သောကြောင့် သူ မည်မျှ ပင်ပန်းနေပါစေ ပျော်ရွှင်နေဆဲပင်။
ထို့ပြင် သူက မော့မိသားစုနှင့် ချင်ချန်းယီတို့လက်မှ ကာကွယ်စောင့်ရှောက်ပေးရန်အတွက် မုထျန်းဟန်အပေါ် အားကိုးထားပြီး ဖြစ်သည်။ သူ့ဘဝ၏ အခြားသော ကဏ္ဍများတွင်မူ သူက မုထျန်းဟန်၏ အကူအညီပေါ် မှီခိုနေမည် မဟုတ်ပေ။
မုထျန်းဟန်မှာ အကျပ်အတည်း အနည်းငယ် ဖြစ်ပေါ်စေခဲ့သည့် သူ့အချစ်ဆုံးကလေး၏ အမှီအခိုကင်းမဲ့ခြင်းကြောင့် အတော်လေး စိတ်ဆိုးခဲ့ရသည်။
သူက အသက် ၁၇ နှစ်သာ ရှိသေးသော်လည်း သူ့ကို မှီခိုအားကိုးနေရသူ မဟုတ်တော့ပေ။ သူ အသက် ၂၀ ကျော်သည်အထိ စောင့်ပါက ပို၍ ဆိုးရွားလာနိုင်သည် မဟုတ်ပါလော။ ထိုအချိန်တွင် သူက မြက်နုနုလေးများကိုသာ ကြိုက်နှစ်သက်သည့် အသုံးမကျသော သားရဲကောင်အိုကြီး ဖြစ်လာလိမ့်မည် မဟုတ်ပါလော။
(TN: “နွားအိုမြက်နုကြိုက်တယ်” ဆိုတဲ့ ဆိုရိုးစကားမျိုးကို လူတိုင်းနဲ့ ရင်းနှီးနေပါ့မလားတော့ သေချာ မပြောတတ်ဘူးရယ်။ အဲ့ဒါက အသက်ကွာဟချက် ကြီးမားတဲ့ စုံတွဲမျိုးကို ရည်ညွှန်းတာပါ။ ပိုပြီး အသက်ကြီးတဲ့သူက နွားအို (MTH) ဖြစ်ပြီးတော့ အသက်ပိုငယ်တဲ့သူက မြက်ပင်(MD) ပါ။)
သေချာပေါက် ဒါမျိုး ဖြစ်လာလို့ မရဘူး။
ယနေ့တွင် မုထျန်းဟန်က ရှားရှားပါးပါးပင် စောစီးစွာ ပြန်ရောက်လာသည်။ ရေချိုးပြီးနောက် သူက မော့တိအခန်းဆီသို့ သွား၏။
အစပိုင်းတွင် မုထျန်းဟန်က ကလေးတစ်ယောက်ကို စောင့်ရှောက်ပေးသည့် လူကြီးကဲ့သို့ မော့တိ၏ နေထိုင်မှုအခြေအနေကို မေးမြန်းလိုက်သည်။ ထို့နောက် သူက မော့တိအား မည်သည့်ဂိမ်း အမျိုးအစား ဖြစ်ကြောင်းနှင့် ပရိုဂရမ်မှာ မည်သို့ဖြစ်ကြောင်း စသည်ဖြင့် သူ၏ ဂိမ်းအကြောင်း ရှင်းပြစေခဲ့သည်။ မော့တိကလည်း မုထျန်းဟန်ကြောင့် လုံးဝ စိတ်ရှုပ်ခြင်း မရှိပေ။ သူက ရိုရိုကျိုးကျိုးပင် မုထျန်းဟန်ကို ပရိုဂရမ်အကြောင်း ရှင်းပြနေသည်။
မုထျန်းဟန်က သူ့ဘေးနားတွင် ထိုင်၍ နူးညံ့ချိုသာယဉ်ကျေးစွာ စကားပြောနေသည့် မော့တိကို ငေးကြည့်နေမိသည်။ သူက ပင်ပန်းနေသော်လည်း ဂိမ်းအကြောင်း ပြောရာတွင် သူ့မျက်လုံးများမှာ ကြယ်များ တောက်ပနေသလို ဖြစ်နေရာ အူတိုင်တွင် စိတ်ကူးမယဉ်နိုင်လောက်သော ဇွဲနပဲ ရှိသည့် ပေါ့ပလာပင်လေး တစ်ပင်အလားပင် ဖြစ်နေသည်။ နူးညံ့ပြီး နက်မှောင်သော ဆံနွယ်လေးများမှာ အလင်းရောင်အောက်တွင် ဝါကျင့်ကျင့် အရောင် ရောယှက်နေ၏။ ထို့ပြင် သူက လောလောလတ်လတ်တွင် အလွန်အကျူး ပိန်သွားခဲ့သဖြင့် သူ ဝတ်ထားသော တီရှပ်မှာ တစ်ဆိုဒ်ပိုကြီးနေပုံ ရပြီး သူ့ခန္ဓာကိုယ်နှင့် အတော်လေး ချောင်နေသည်။
မုထျန်းဟန်မှာ သူ့နှလုံးသားလေး နူးညံ့ပြီး အနည်းငယ် နာကျင်နေသော ပုံစံဖြင့် ကြည့်နေ၏။
“တကယ်တော့ ကိုယ်လည်း ဂိမ်းဆော့ရတာ ကြိုက်သလို ဂိမ်းတွေ ဒီဇိုင်းဆွဲရတာကိုလည်း တော်တော်လေး စိတ်ဝင်စားတယ်…”
မုထျန်းဟန်က မော့တိကို ပြောလိုက်သည်။ “ကိုယ့်မေဂျာက ကွန်ပျူတာပိုင်းကပဲ ပြီးတော့ ကိုယ်လုပ်နေတဲ့အလုပ်က ကုဒ်ရေးတာနဲ့ နီးစပ်တယ်ဆိုတာကို မင်း သိမှာပါ… တကယ်လို့ မင်း ကိုယ့်ကို သင်ပေးချင်တယ်ဆိုရင် ဂိမ်းတွေလုပ်တာနဲ့ ပတ်သက်ပြီး ကိုယ်လည်း နည်းနည်းလောက် သင်ချင်တယ်…”
“သေချာတာပေါ့… ကျွန်တော် သင်ပေးနိုင်ပါတယ်… ကိုကိုက အရမ်းတော်တာပဲကို ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာဖို့ အချိန်တွေအများကြီး မလိုပါဘူး…”
မော့တိက မုထျန်းဟန်ကို ကူညီခြင်းမှာ သူ့အလုပ်အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်ဟု မထင်ပေ။ မုထျန်းဟန်အပေါ်တွင် မော့တိမှာ ကျေးဇူးတင်စိတ်နှင့် အားနာစိတ်တို့သာ ရှိပေသည်။ သူက မုထျန်းဟန်အပေါ် ကောင်းပေးရန်သာ မျှော်လင့်ထားသောကြောင့် စိတ်ရှုပ်သလို မခံစားရပေ။
မုထျန်းဟန်မှာ အမှန်တကယ်ပင် သင်လွယ်တတ်လွယ်သူ ဖြစ်သည်။ အမေရိကရှိ H*တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး သူ၏ ဂျူနီယာနှစ်တွင် “ထင်မြင်ချက်”ဟူသော ဝဘ်ဆိုဒ်ကို ဖန်တီးခဲ့သူဆီမှ မျှော်လင့်ထားသည့်အတိုင်း သူ့အရည်အချင်းမှာ သာမန်ပါရမီရှင် တစ်ဦးပင် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်သွားပြီးနောက် သူ၏ ပထမဆုံးသော တောင်းဆိုချက်မှာ သူ၏ ကျွမ်းကျင်မှုကို စစ်ဆေးရန် မော့တိ မပြီးပြတ်သေးသော အခန်းတစ်ခန်းကို ပြုလုပ်ခွင့် ပေးရန် ဖြစ်သည်။
မော့တိက မုထျန်းဟန်ကို မျက်စောင်းထိုးလိုက်ပြီး နောက်ဆုံးတွင် တစ်စုံတစ်ခုကို နားလည် သဘောပေါက်သွား၏။ ဟင်းချိုပူပူ တစ်ခွက် လောင်းချလိုက်သည့်အလား သူ့နှလုံးသားမှာ ချက်ချင်းပင် အနွေးဓာတ် ပြည့်နှက်လာသည်။
သို့သော် သူက ဘာမှမပြောသလို ကမ်းလှမ်းချက်ကို ပယ်ဖျက်ခြင်း မပြုပေ။ သူ၏ ငြင်းပယ်မှုက မုထျန်းဟန်ကို အကူအညီ ဖြစ်စေမည် မဟုတ်သလို သူ့ကျေးဇူးကို မြန်မြန် ပြန်ဆပ်နိုင်ရန် ကူညီပေးနိုင်လိမ့်မည် မဟုတ်ပါ။ ဂိမ်းပြိုင်ပွဲအပြီးတွင် ရရှိလာမည့် ရင်းနှီးမြှုပ်နှံမှုများကို သူ၏ နောက်ထပ် ဂိမ်းအတွက် တစ်စိတ်တစ်ပိုင်း အသုံးပြုမည် ဖြစ်ပြီး ကျန်ရစ်သည့်ပမာဏ အားလုံးကို မုထျန်းဟန်အား ပေးမည် ဖြစ်သည်။
မုထျန်းဟန်က အပြီးမသတ်ရသေးသော အခန်းအတွက် လမ်းညွှန်ချက် အပြည့်အစုံကို ရလာသောအခါ တစ်ချက် ပြုံးပြီး ပြောလိုက်သည်။
“အလုပ်လုပ်တာနဲ့ အနားယူတာကြားမှာ ဟန်ချက်ညီနေဖို့ အရေးကြီးတယ်… ဒီရက်ပိုင်းအတွင်း ကိုယ် မင်းကို လေညှင်းခံဖို့ ခေါ်သွားပေးမယ်လေ ဘယ်လိုလဲ… သိပ်မကြာလောက်ပါဘူး နာရီပိုင်းလောက်ပါပဲ…”
“အိုကေလေ… ဒါပေမဲ့ ကျွန်တော် အခန်း ၁၀ ပြီးတဲ့အထိ စောင့်ပေးပါဦး…”
မော့တိ၏ မျက်လုံးများမှာ ကွေးညွတ်သွားပြီး သူက မုထျန်းဟန်ကို ပြုံးပြလိုက်သည်။ အခန်း ၁၀ ထိ ပြီးစီးသွားပါက နောက်ကျန်သည့် အလုပ်များမှာ သိသိသာသာ လျှော့နည်းသွားပြီ ဖြစ်ရာ စိတ်ဖိစီးမှု နည်းပါးအောင် သူ အနားယူသင့်ပေသည်။
“ကောင်းပြီ…” မုထျန်းဟန်က မော့တိ၏ ဆံပင်များကို ပွတ်သပ်ကာ နူးနူးညံ့ညံ့ ပြောလိုက်လေသည်။ “မင်း လုပ်နိုင်ပါတယ်…”
နောက်ပိုင်းတွင် မုထျန်းဟန်၏ လူသားမဆန်သော အလုပ်လုပ်နိုင်စွမ်းမှာ နောက်ထပ် တစ်ဆင့်သို့ မြင့်တက်သွားပုံ ရကြောင်း လိုင်သယ်စစ် တဖြည်းဖြည်း သိရှိလာခဲ့သည်။ သူက မုထျန်းဟန်၏ မူမမှန်ခြင်းကို အနည်းငယ် ကြောက်လာ၏။ ဤသည်မှာ သာမန်လူသားတစ်ယောက်နှင့်ပင် မတူတော့ချေ။
သူတို့နှစ်ယောက် အလွန် အလုပ်များနေသည့်အချိန်မှာပင် မုထျန်းဟန်က သူထွက်ခွာသည့်အချိန်ကို မနက် ၁ နာရီမှ ၁၂ နာရီထိ၊ ထို့နောက် ည ၁၁ နာရီအထိပင် ပြောင်းလဲခဲ့သည်။ တစ်ခါတစ်ရံတွင် ည ၁၀ နာရီ၌ပင် ထွက်သွားလေ့ရှိသည်။
ဤသည်မှာ အံ့ဩစရာပင်။ နွားအိုမြက်နုကြိုက်သော အသုံးမကျသည့် သားရဲကောင်အိုကြီး ဖြစ်ခြင်းမှ ရှောင်ကျဉ်လိုသည့် ဆန္ဒမှာ မည်မျှ အစွမ်းထက်ပါသနည်း။
ယင်းနောက်တွင် မုထျန်းဟန်၏ အကူအညီဖြင့် မော့တိက ဇူလိုင် ၂၂ ရက်တွင် မြင့်မားလှသည့် အလုပ်တာဝန်များကို အပြီးသတ်နိုင်ခဲ့သည်။ အခန်း ၁၀ ထိ ပြီးစီးသွားပြီးနောက် ကျန်ရစ်သည်မှာ ဂိမ်းတစ်ခုလုံး၏ အဆုံးသတ်နှင့် ချိန်ညှိမှုသာ ဖြစ်ပေသည်။
သူတို့၏ အလုပ်တိုးတက်မှုမှာ ဖန်ချန်းလောင်နှင့် ဟန်ချောင်တို့ထက် သာလွန်နေ၏။ ဖန်ချန်းလောင်က သူ အိပ်စက်ချိန် မရသည့်တိုင်အောင် လကုန်ရက်တွင် ပုံများကို ပြီးစီးအောင် ဆွဲပေးမည်ဖြစ်ကြောင်း စကားပြောခန်းထဲတွင် ညည်းညူပြောဆိုနေသည်။
နောက်ဆုံးတွင် မော့တိမှာ မုထျန်းဟန်နှင့်အတူ အနားယူနိုင်မည့်အချိန်ကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့သည်။
မုထျန်းဟန်က မော့တိကို ထမင်းစားရန် အရင်ဆုံး ခေါ်ဆောင်သွား၏။ စားသောက်ဆိုင်ရှေ့တွင် မော့တိက သူနှင့် အချိန်အတော်ကြာ မတွေ့ခဲ့ရသော လူတစ်ယောက်ကို မထင်မှတ်ဘဲ တွေ့ဆုံလိုက်ရသည်။
“…” မော့တိကို တွေ့လိုက်ရပြီးနောက် ကုရန်ကျွီ၏ ပထမဆုံးသော အတွေးများမှာ ရှုပ်ထွေးသွားလေသည်။
သူ၏ ပထမဆုံးသော တုံ့ပြန်မှုမှာ မော့တိနှင့် တစ်ပွဲတစ်လမ်း နွှဲချင်နေခြင်းပင်၊ မည်သို့ပင်ဖြစ်စေ မော့တိမှာ သူ ပထမဆုံး ရှုံးဖူးသည့်လူဖြစ်ရာ သူ့ကို လွှတ်ပေးချင်စိတ် မရှိပေ။ သို့သော် ဗွီဒီယိုနှင့် အင်တာနက်မှတစ်ဆင့် သူ နားလည်လာသည်များကို တွေးကြည့်ပါက သူ အနည်းငယ် ရှက်ပြီး နောင်တရနေသည်။ သူတို့နှစ်ယောက် နောက်ဆုံး တွေ့ခဲ့ရသည့်အချိန်တွင် မော့တိ၏ အခြေအနေမှာ မကောင်းသေးဘဲ ဒုက္ခရောက်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် သူ မော့တိကို မတိုက်ခိုက်သင့်ဟု ခံစားမိ၏။ သို့သော် တိုက်ခိုက်ရာတွင် မော့တိကို အနိုင်ယူလိုသည့် ဆန္ဒမှာလည်း ပြင်းထန်နေသည်။ ဤကဲ့သို့ ပဋိပက္ခဖြစ်နေသည့် ခံစားချက်များကြောင့် သူ စိတ်အနှောင့်အယှက် ဖြစ်နေရသည်။
“မင်း အခု ဘာလုပ်နေတာလဲ… မင်း ဘယ်မှာနေလဲ…”
နောက်ဆုံးတွင် ကုရန်ကျွီက ဒေါသထွက်နေသည့် လေသံဖြင့် ဤစိတ်ဝင်စားစရာ မကောင်းသည့် စကားနှစ်ခွန်းကိုသာ ညှစ်ထုတ်ပြောဆိုလိုက်သည်။
မော့တိက ကုရန်ကျွီကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူနှင့် စကားပြောချင်စိတ် မရှိပေ။ ထို့ကြောင့် သူက ပြန်လှည့်ထွက်သွားသည်။
ကုရန်ကျွီက ခြေလှမ်းအနည်းငယ်ခန့် အပြေးကလေး လှမ်းကာ မော့တိကို အမှီလိုက်လာ၏။
“ငါ မင်းကို မေးနေတယ်လေ… အခုတလော မင်း ဘာတွေလုပ်နေတာလဲ… ဒီလူကရော ဘယ်သူလဲ… သူက လူလိမ်တော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား…”
မော့တိက ကုရန်ကျွီကို အမြန်ဆုံး ပျောက်ကွယ်သွားစေချင်နေ၏။
“မင်း မြန်မြန် ထွက်သွားအောင်လို့ မင်း မေးခွန်းကို ငါ ပြန်ဖြေလိုက်မယ်… လက်ရှိမှာ ငါ ဂိမ်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ဂိမ်းတစ်ခုလုပ်နေတယ်… ငါ အရမ်းအလုပ်များနေလို့ မင်းနဲ့ ရန်ဖြစ်ဖို့ အချိန် မရှိဘူး…”
ပထမအကြိမ် ဟွာရှားဂိမ်းပြိုင်ပွဲကြီး ကျင်းပတော့မည့် ကောလာဟလသတင်းမှာ အင်တာနက်တစ်ခွင် ပျံ့နှံ့နေပြီး ဖြစ်သည်။ တိကျသော အချိန်နှင့် စည်းမျဉ်းစည်းကမ်းများကိုသာ မကြေညာရသေးချေ။ ထို့ကြောင့် သူ့ကို ဤကိစ္စ ပြောပြထားခြင်းမှာ မှားသည်ဟု မဆိုနိုင်ပါ။
“ဂိမ်းပြိုင်ပွဲ ဟုတ်လား…”
ကုရန်ကျွီက မော့တိကို သံသယဖြစ်စွာ ကြည့်လိုက်သည်။
“မင်းက အသက်ပြည့်သွားပြီလား…”
“ဒီကိစ္စက အသက်ပြည့်တာနဲ့ ဘာဆိုင်လို့လဲ…”
မော့တိက အနည်းငယ် စိတ်မရှည်ဖြစ်သွားသည်။
“သေချာပေါက် ဆိုင်တာပေါ့ကွ… ငါ…”
ကုရန်ကျွီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး တစ်ယောက်မှ မရှိသည်ကို မြင်သောအခါ သူက ခပ်တိုးတိုး ပြောလိုက်သည်။
“ငါ့အဖေက စနစ်ထဲမှာ အလုပ်လုပ်နေတဲ့သူဆိုတော့ အတင်းအဖျင်း တစ်ခု ကြားလာခဲ့တာ… အရွယ်မရောက်သေးတဲ့လူတွေ ဝင်ပြိုင်တာကို တားမြစ်ဖို့ စည်းကမ်းတစ်ခု ထပ်တိုးချင်နေတဲ့ သက်ကျားအိုကြီး တစ်ယောက် ရှိတယ်တဲ့… တော်တော်များများ ဘိုးတော်ကြီးတွေက သူ့ကို ဖားချင်နေကြတော့ အများစုက ဒီဆုံးဖြတ်ချက်ကို ထောက်ခံနေကြတယ်… ဆန့်ကျင်နေတဲ့သူတွေ ရှိပေမယ့်လည်း ဒီစည်းမျဉ်းတွေအတိုင်း ဆက်လုပ်ဖို့ များပြီးတော့ အသက်မပြည့်သေးတဲ့သူတွေက ဝင်ပြိုင်ခွင့် ရမှာ မဟုတ်ဘူး… မင်း အသက်မပြည့်သေးဘူးဆိုရင် သက်သက်မဲ့ အားကုန်မခံတာ ကောင်းမယ်…”
“အရွယ်မရောက်သေးတဲ့သူတွေ ဝင်ပြိုင်တာကို တားမြစ်မယ် ဟုတ်လား…”
မော့တိ၏ မျက်နှာ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ရှင်းရှင်းပြောရရင် ဒါက…”
သူ၏ အရင်ဘဝတွင် ယခုလို စည်းမျဉ်းမျိုး မရှိခဲ့ကြောင်း ထင်ရှားပေသည်။
“မင်း ငါ့ကို လိမ်နေတာမလား…”
“ဘယ်သူက မင်းကို လိမ်နေလို့လဲ… မင်း ငါ့ကို မယုံဘူးဆိုရင်လည်း ထားလိုက်တော့…”
ကုရန်ကျွီက စိတ်ဆိုးသွား၏။ သူက မည်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်ရှုပ်ခံပြီး လိမ်လည်လှည့်ဖျားခဲ့ခြင်း မရှိပေ။
မော့တိက ကုရန်ကျွီကို စိုက်ကြည့်နေသည်။ သူ လိမ်နေခြင်း မဟုတ်ကြောင်း မြင်လိုက်ရသောအခါ သူ့နှလုံးသား တစ်ခုလုံး ချက်ချင်းပင် ကျွံဝင်သွားသလို ခံစားလိုက်ရသည်။
မုထျန်းဟန်က မော့တိ၏ တိတ်ဆိတ်သွားသော အခြေအနေကို မြင်လိုက်ရသောအခါ သူ့ပုခုံးကို အလျင်အမြန် ဖမ်းကိုင်လိုက်ပြီး မော့တိကို အနည်းငယ် ငုံ့ကြည့်လိုက်လေသည်။ သူက စိတ်ပူနေသော်လည်း နူးညံ့သည့် လေသံဖြင့် ပြောလိုက်၏။
“အဆင်ပြေပါတယ်… မစိုးရိမ်ပါနဲ့… ဒီကိစ္စကို တစ်ယောက်ယောက်ဆီ မေးခိုင်းလိုက်မယ်…”
“ပြီးတော့ ဘာဖြစ်မှာလဲ…”
မော့တိ၏ မျက်လုံးများမှာ အပူတပြင်း ဖြစ်လာပြီး ဒေါသကြောင့် မူးဝေလာ၏။ ဤကမ္ဘာကြီးမှာ မည်သို့ ဖြစ်ရပါသနည်း။ ဘဝတွင် သူ့အတွက် ဒုတိယအခွင့်အရေး ရရှိလာသည့်တိုင်အောင် မသေမချင်း သူ အနားမရနိုင်ချေ။
“ဒါ အမှန်ပဲဆိုရင် အဲ့ဒီအဘိုးကြီးတွေက အားလုံး အတူတူ ပေါင်းပြီး ယုတ္တိမရှိ၊ ရယ်စရာကောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ ပူးပေါင်းလုပ်ဆောင်နေကြတာပဲ… ဒါက အမှန်တရား မဟုတ်သလို ဆန့်ကျင်နေတဲ့သူတွေလည်း ရှိတာပဲလေ… ငါတို့လုပ်ရမှာက စနစ်ရဲ့ အတွင်းပိုင်းမှာရော အပြင်ဘက်မှာပါ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့သူတွေ အရေအတွက် တိုးလာအောင် လုပ်ဖို့ပဲ…”
“မစိုးရိမ်ပါနဲ့ အဆင်ပြေသွားမှာပါ…”
Xxxxxxxxxxxx