အပိုင်း ၄၆
Viewers 28k

Chapter 46


မော့တိမှာ စားသောက်ချင်စိတ်ပင် မရှိတော့လောက်အောင် ဖြစ်သွားရသည်။ သူက မုထျန်းဟန်ကို ကြည့်၍ ပြောလိုက်၏။ 


“ကိုကို… ကျွန်တော်တို့ အိမ်ပြန်ကြမလား…”


“ကောင်းပြီလေ…”


မုထျန်းဟန်က သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည့် စိတ်ပျက်သော ခံစားချက်ကို ဖိနှိပ်နေရသည်။ သူက ရှေ့သို့ တိုးလာပြီး မော့တိ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။


“အိမ်ပြန်ပြီး အသားကင်ပဲ စားရအောင်… ကိုကိုက ဟင်းချက်ကောင်းတယ်ဆိုတာ မင်း သိလား…”


“မသိဘူးလေ…” 


မော့တိက ခေါင်းခါပြလိုက်သည်။ မုထျန်းဟန်က သူ့လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားသည်ကို ခွင့်ပြုထား၏။


“ဒါပေမဲ့ အိမ်မှာ အသားမှ မရှိတာ…”


“အသားနှစ်တုံးလောက် ဝယ်ဖို့ ကိုယ်တို့တွေ စူပါမားကတ်ကို ဝင်ရအောင်… ဒီကိုကိုက ဘယ်လောက် ကျွမ်းလဲဆိုတာ ပြရသေးတာပေါ့…” 


မုထျန်းဟန်က မော့တိ၏ လက်ကို ဆွဲကာ ပုံမှန်ခြေလှမ်းအတိုင်း ထွက်ခွာသွားလေသည်။


ကုရန်ကျွီမှာ သူတို့နှစ်ယောက် နောက်ကျောကို ငေးကြည့်ရင်း ဘာပြောရမှန်း မသိ ဖြစ်နေ၏။ နောက်ဆုံးတွင် သူက နံရံကို အားပြင်းပြင်း တစ်ချက် ကန်လိုက်ပြီးနောက် နာကျင်လွန်းသဖြင့် ကုန်းကုန်းကွကွ ဖြစ်သွားရှာသည်။


သူက အသက်မပြည့်သေးသူများ ဝင်ပြိုင်ခွင့် မရနိုင်ကြောင်းကိုသာ ပြောလိုက်ခြင်း ဖြစ်ရာ သူ အလွန် ဝမ်းနည်းသွားသည့်ပုံစံ ဖြစ်သွားစရာ လိုပါမည်လော။ ဤသည်မှာ…


သူက ဤမော့တိကို အမှန်တကယ် နားမလည်နိုင်ပေ။ 


မုထျန်းဟန်က အသားဝယ်ရန်အတွက် မော့တိကို စူပါမားကတ်သို့ ခေါ်သွားပြီး ဈေးဝယ်ခြင်းထဲသို့ ဝိုင်နီ တစ်ပုလင်းပါ ထည့်လိုက်သည်။ မော့တိက မုထျန်းဟန် ဝိုင်တစ်ပုလင်း ဆွဲယူလာသည်ကို မြင်လိုက်ရသောအခါ သူ့ကို ပြင်းပြင်းထန်ထန် သတိပေးချင်သွားသည်။


“ကိုကို … ကျွန်တော် မသောက်ဘူး…”


“နည်းနည်းတော့ သောက်ပါ… မင်းစိတ်ခံစားချက် ကောင်းသွားအောင်လို့…”


“ဟင့်အင်း… ကျွန်တော် တကယ် မသောက်နိုင်ဘူး…” 


မော့တိက ခေါင်းမာစွာဖြင့် ခေါင်းခါလိုက်သည်။ 


“ကျွန်တော်က မူးလွယ်တယ်… နှစ်ငုံလောက် သောက်ပြီးရင် မူးလာပြီ…”


“ဒါဆို ကိုယ်တို့ ဒီနေ့ မသောက်တော့ဘူး… ဒါကို အရင် ဝယ်ထားလိုက်မယ်… မင်း အရွယ်ရောက်လာတဲ့ အချိန်မှ သောက်ကြတာပေါ့…” 


မုထျန်းဟန်က ဝိုင်ပုလင်းကို ပြန်မထုတ်လိုက်ပေ။ သူက မုန့်များ တင်ထားသည့် စင်ဘက်သို့ လှည့်သွားပြီး သကြားလုံးအိတ်ကြီး တစ်အိတ်ကို ယူကာ မော့တိဆီသို့ ပေးလိုက်သည်။


“အချိုစားပေးရတယ်… အဲ့ဒါမှ မင်းစိတ်ခံစားချက်တွေ ကောင်းသွားမှာ…”


မော့တိက ဝက်ဝံသကြားလုံးထုပ်ကြီးကို တစ်ချက် ငုံ့ကြည့်လိုက်ပြီးမှ လှမ်းယူလိုက်သည်။


သူတို့နှစ်ယောက် ပြန်ရောက်သောအခါ မုထျန်းဟန်က မော့တိကို ရေမိုးချိုး၊ အနားယူရန်နှင့် ဤသည်မှာ သူ့ကို လွယ်လွယ်ကူကူ ညစာ ပြင်နိုင်ရန် ကူညီခြင်းသာ ဖြစ်ကြောင်း ပြော၏။ ထို့နောက် သူက အသားကို မီးဖိုချောင်ထဲသို့ ယူသွားလေသည်။


တစ်ချိန်တည်းမှာပင် မော့တိကလည်း တစ်ယောက်တည်း နေချင်နေသဖြင့် သဘောတူလိုက်ပြီး သူ့အခန်းထဲသို့ ပြန်သွားသည်။ သူက ရေချိုးခန်းထဲသို့ ဝင်သွားပြီး တံခါးကို ပိတ်ထားလိုက်၏။


မုထျန်းဟန်က ချက်ချင်းစပြီး မချက်ပြုတ်သေးပေ။ သူက သူ့ဖုန်းကို ထုတ်ယူလိုက်ပြီး သူ ရှားရှားပါးပါး ဆက်သွယ်ခဲသည့် နံပါတ်များကို ရှာဖွေကာ ဖုန်းခေါ်လိုက်သည်။


မော့တိက ရေချိုးဇလုံထဲတွင် မိနစ် ၃၀ လောက်ကြာအောင် ရေစိမ်နေ၏။


နောက်ဆုံးတွင် သူ မသက်မသာ ခံစားလာသည့်အချိန်မှ ထလာပြီး သူ့ကိုယ်သူ ရေသုတ်ကာ ရေချိုးခန်းထဲမှ ထွက်လာလေသည်။


ကိစ္စမရှိပါဘူး။ ဒါတွေအားလုံးက ဆုံးဖြတ်ချက် ချရသေးတာမှ မဟုတ်တာ။


သူ၏ အရင်ဘဝတွင် အခက်အခဲ ပြဿနာပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း သူက ဘယ်သောအခါမှ လက်မလျှော့ခဲ့ပေ။ ဤပြဿနာအသေးစားလေးကြောင့် သူ လက်လျှော့မည် မဟုတ်ပါ။


စည်းမျဉ်းများ အတည်တကျ မဖြစ်သေးသလို တရားဝင်ကြေညာချက် မထုတ်ပြန်ရသည့်အချိန်တွင် သူ လုပ်နိုင်သည့်အရာ များစွာ ရှိပေ၏။ မည်သို့ပင်ဖြစ်စေ ဤစည်းကမ်းချက်မှာ ကျိုးကြောင်းစီလျော်မှု မရှိချေ။ ဇီဇာကြောင်လွန်းသည့် လူအိုကြီးများက စနစ်ထဲတွင် အခြားသူများကို ဖိနှိပ်ရန် ကြိုးပမ်းသည့်တိုင်အောင် ယေဘုယျအားဖြင့် အများစုက လက်ခံမည် မဟုတ်ပေ။


ဤသည်မှာ ရယ်စရာကောင်းရုံသာမက အသက်အရွယ်အားဖြင့် ခွဲခြားဆက်ဆံခြင်း ဖြစ်သည်။


ယောက်ျားနှင့် မိန်းမတို့ နှစ်ဦးသား အသက် ၂၀ သို့မဟုတ် ၃၀ တွင် လက်ထပ်ရမည်၊ သို့မဟုတ် အမျိုးသမီး တစ်ယောက်က အသက် နှစ်ဆယ်ဝန်းကျင်တွင် ကလေးယူရမည် စသည်ဖြင့် သတ်မှတ်၍ မရနိုင်သလို လူတစ်ယောက်က မည်သည့်အသက်အရွယ်တွင် ဂိမ်းများ ဖန်တီးခွင့် ရှိသည်ဟူ၍ စည်းကမ်းချမှတ်ရန် မဖြစ်နိုင်ပေ။


မော့တိက သူ့အခန်းထဲမှ ထွက်လာသောအခါ မုထျန်းဟန်က အသားကင်ကို ထမင်းစားပွဲပေါ်သို့ တင်နေသည်ကို တွေ့လိုက်ရသည်။ မော့တိကို မြင်သောအခါ သူက ခဏရပ်သွားပြီး ပြုံးပြလိုက်၏။ “အတော်ပဲ… ကိုယ်လည်း မင်းကို လာခေါ်တော့မလို့…”


မော့တိက ယခင်ပုံစံနှင့် အတော်လေး ကွဲထွက်နေသည့် အေပရွန်ဝတ်ထားသော မုထျန်းဟန်ကို ကြည့်လိုက်လေသည်။ သူက စိတ်မထိန်းနိုင်တော့ဘဲ သူ့အတွေးကို ထုတ်ပြောလိုက်သည်။ 


“ကိုကို… အေပရွန်နဲ့တောင်မှ ကြည့်လို့ကောင်းတုန်းပဲ…”


အထူးသဖြင့် သူ့ပုံစံမှာ ရုပ်မြင်သံကြားတွင် အမြဲလိုလို ပါလေ့ရှိသည့် အိမ်အလုပ်ပါ တော်သော လက်တွေ့တွင် တကယ်မရှိသည့် အလွန်ခန့်ညားသော ခင်ပွန်းသည်တစ်ယောက်နှင့် တူနေသည်။


“တကယ်လား… ဒါဆို ဒီနေ့တော့ ဒီအေပရွန် ဝတ်ထားရင်း ညစာစားမယ်…”


မော့တိက မုထျန်းဟန်၏ အပိုချဲ့ကားလွန်းသော ပုံစံကို ကြည့်ရင်း အရယ်မရပ်တော့ပေ။ 


“မလိုပါဘူး…”


“အင်း… ကိုယ်လည်း ဒါအကြံကောင်းတစ်ခု မဟုတ်ဘူးလို့ ထင်တာပဲ… မင်းစကားကို နားထောင်ပါ့မယ်…”


မုထျန်းဟန်က မော့တိကို ပြုံးပြလိုက်ပြီး သူ့အင်္ကျီလက်ကို ဆွဲချကာ အေပရွန်ကို ချွတ်လိုက်လေသည်။


ထမင်းစားခန်း အလယ်တွင် ထီးထီးမားမား ရပ်နေသော ခန့်ညားသည့် မုထျန်းဟန်ကို ကြည့်နေရင်း မော့တိ၏ နှလုံးသားမှာ ရုတ်တရက် ပြင်းပြင်းထန်ထန် ခုန်လာ၏။ သူက သူ့ရင်ဘတ်ကို ဖုံးထားကာ လက်ဖြင့် တဖတ်ဖတ် ရိုက်လိုက်သည်။


“ဘာဖြစ်တာလဲ…” 


မုထျန်းဟန်က မော့တိ သူ့ရင်ဘတ်သူ လက်ဖြင့် ရိုက်နေသည်ကို မြင်သောအခါ ပြာပြာသလဲ ဖြစ်သွားလေသည်။ 


“နေမကောင်းဘူးလား…”


“မဟုတ်ပါဘူး… ကျွန်တော် နေကောင်းပါတယ်…” 


မော့တိက သူ့ခေါင်းကို မြန်မြန် ခါပြလိုက်၏။ သူ အဘယ်ကြောင့် ရင်ခုန်ရသည်ကို သူကိုယ်တိုင်လည်း မသိပေ။ သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။


 “ကိုကို … ကျွန်တော် ဗိုက်ဆာနေပြီ… စားရအောင်…”


“မင်း တကယ် အဆင်ပြေရဲ့လား…” 


မုထျန်းဟန်က အနည်းငယ် စိုးရိမ်နေဆဲပင်။ 


“ကျွန်တော် တကယ် အဆင်ပြေပါတယ်…” 


မော့တိက အခိုင်အမာ ပြောဆိုလိုက်၏။ 


သူတို့နှစ်ယောက်လုံး အစားအသောက်ကိုသာ စိတ်ပါဝင်စားစွာ စားသောက်နေကြပြီး တစ်ယောက်မှ ဂိမ်းအကြောင်း မပြောကြပေ။ ယင်းအစား မုထျန်းဟန်၏ ဟင်းချက်စွမ်းရည်မှာ အံ့အားသင့်စရာ ကောင်းလောက်အောင် ကောင်းမွန်လှသဖြင့် အသားကင်အကြောင်းကိုသာ ပြောနေကြသည်။ 


အသားကင်က နူးအိပျော့ပြောင်းနေသဖြင့် ပထမဆုံး တစ်ကိုက် ကိုက်လိုက်ပြီးနောက် သင့်ပါးစပ်ထဲမှာပင် အရည်ပျော်ကာ လည်ချောင်းထဲသို့ ဆင်းသွားနိုင်ပေသည်။ အနံ့အရသာမှာ ကောင်းမွန်လွန်းလှပြီး အသား၏ အရသာနှင့် အရသာမှုန့် အနည်းငယ် ပေါင်းထည့်ခြင်းက ဟင်းပွဲကို ပြီးပြည့်စုံသွားစေခြင်းပင်။ 


အကယ်၍ တစ်နေ့တွင် မုထျန်းဟန်သာ သူ့ဝဘ်ဆိုဒ်တွင် အလုပ်မလုပ်တော့ပါက စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ခြင်းမှာ သူ့ကံကြမ္မာ ဖြစ်လာမည်ဟု မော့တိက သူ့ဘာသာ တွေးနေမိသည်။


ညစာစားပြီးခါနီးတွင် မုထျန်းဟန်က အအေးသောက်နေသည့် မော့တိကို ကြည့်ကာ ပြောလိုက်သည်။ 


“ဟိုကောင်လေးပြောတာ မှန်ရဲ့လားဆိုတာ ကိုယ် စစ်ဆေးကြည့်ပြီးသွားပြီ…”


မော့တိက အနည်းငယ် တွန့်သွား၏။ ထို့နောက် သူ့ဖန်ခွက်ကို အောက်သို့ချကာ ပြောလိုက်သည်။


“ကိုကို ဒါက အမှန်ဆိုရင်တောင် ကျွန်တော် လက်လျှော့မှာ မဟုတ်ဘူး… ကျွန်တော် ဒီကိစ္စကို အွန်လိုင်းဖိုရမ်တွေမှာ လိုက်ပြီးတော့ တင်မှာ… ပထမဆုံးအချက်က ဒီအသက်ကန့်သတ်ချက်ကြီးက ဘယ်အချိန်မှ ပျောက်သွားမလဲ ဆိုတာ မေးဖို့… ဒုတိယအချက်က ဂိမ်းဖန်တီးတဲ့နေရာမှာ အသက်အရွယ် ကန့်သတ်တာကို လူဘယ်နှယောက်လောက်က ထောက်ခံမလဲဆိုတာ မဲခွဲခိုင်းမလို့… ဒီကိစ္စမှာ အသက်မပြည့်သေးတဲ့သူတွေထက် စာရင် အဘိုးကြီးတွေကိုပဲ ကန့်သတ်ထားသင့်တာ မဟုတ်ဘူးလား… ဘယ်လိုပဲဖြစ်ဖြစ် လူကြီးတွေက လက်ရှိ ခေတ်ရေစီးကြောင်းကို နားလည်နိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် ယှဉ်ပြိုင်ချင်စိတ်က ပြင်းထန်မှာ မဟုတ်ဘူးလေ… ပြီးတော့ စနစ်ထဲက ဝန်ထမ်းတွေအနေနဲ့ကလည်း သူတို့ရဲ့အလုပ်က ပြည်သူကို ဝန်ဆောင်မှု ပေးရမှာဆိုတော့ သူတို့တွေကိုလည်း ဝင်ပြိုင်ခွင့် မပြုသင့်ဘူး မဟုတ်လား… ပြိုင်ပွဲမှာ ဝင်ပြိုင်တာက သူတို့အလုပ်မှာ သက်ရောက်မှု ရှိနိုင်တယ်လေ… ခွဲခြားဖို့အတွက် နည်းလမ်းတွေ အများကြီး ရှိသေးတယ်… သူတို့ ဆန္ဒရှိရင် မရေမတွက်နိုင်တဲ့ တခြားကန့်သတ်ချက်တွေ အများကြီး ထပ်လုပ်လို့ ရသေးတာပဲ… ဒီမတရားတဲ့ သက်ဦးဆံပိုင်စနစ်ကို ကျွန်တော်တို့ တိုက်ခိုက်မှ ရမယ်…”


“ဆန့်ကျင်တာကတော့ မှန်ပါတယ်… မင်းက ဒီကိစ္စကို ကောလာဟလအနေနဲ့ ဖြန့်ပြီးတော့ ဆွေးနွေးပွဲ ဖြစ်လာအောင် လှုံ့ဆော်မလို့လား…”


“အင်း… အများစုက လက်မခံဘူးဆိုတာ သေချာတယ်… တကယ်လို့ အများစုရဲ့ တုံ့ပြန်မှုက လုံလောက်တဲ့အထိ အားကောင်းမယ်ဆိုရင် ရာထူးအကြီးပိုင်းကလူတွေ ဒီစည်းမျဉ်းကို အတင်းအကြပ် ပြဋ္ဌာန်းနိုင်တော့မှာ မဟုတ်ဘူး…”


“ဆန့်ကျင်တဲ့နေရာမှာ ပြည်သူလူထုရဲ့အမြင်ကို အသုံးချမယ်ဆိုတာကတော့ ဖြစ်နိုင်ချေ ရှိပါတယ်… ဒါပေမဲ့ အပြီးသတ် လုပ်ရမယ့် အရေးကြီးကိစ္စတစ်ခုလည်း ရှိသေးတယ်…”


မုထျန်းဟန်က သူ့လက်ချောင်းများကို ဆုပ်ကိုင်ထားရင်း ပြောသည်။


 “ပြိုင်ပွဲရဲ့နောက်ကွယ်က အရာရှိတွေက ဒီကောလာဟလကို အတည်ပြုပေးဖို့ လိုတယ်… ဒီလိုမှမဟုတ်ရင် သူတို့က အလွယ်တကူ ငြင်းနိုင်ပြီး ကိုယ်တို့ဘက်ကို ပြန်ထိခိုက်လာနိုင်တယ်…”


“ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ရမှာလဲ…” မော့တိက အံကြိတ်လိုက်၏။


“အရင်ဆုံး စိတ်အေးအေးထား…” မုထျန်းဟန်က ဖျော်ရည်ပုလင်းကို ယူလိုက်ပြီး မော့တိ၏ ဖန်ခွက်ကို ဖြည့်ပေးလိုက်သည်။ 


“သတင်းအချက်အလက်တွေအရတော့ ဒီစည်းမျဉ်းကို အဆိုပြုတဲ့သူဟာ ဘုတ်အဖွဲ့ထဲက အကြီးတန်းအရာရှိ တစ်ယောက်ပဲတဲ့… သူ့မိသားစုထဲမှာ အဆင့်မြင့် ဗျူရိုကရက်အရာရှိတွေ မျိုးရိုး နှစ်ဆက်တောင် ပါနေတယ်… သူတို့ရဲ့ လွှမ်းမိုးမှုက အားကောင်းတဲ့အတွက်ကြောင့် လူအများစုက သဘောမတူဘူးဆိုရင်တောင် သူတို့တွေ ဒီတိုင်း ဆက်သွားတာကို ဘာမှပြောရဲမှာ မဟုတ်ဘူး…”


“ဒါဆို သူတို့ကို ကောလဟာလအကြောင်း ဝန်ခံအောင် လုပ်ဖို့ ပိုပြီး ခက်ခဲမှာ မဟုတ်ဘူးလား…”


“ဟုတ်တယ် အရမ်းခက်တာပေါ့… ဒါပေမဲ့ သူတို့တွေ အဲ့ဒီဋ္ဌာနမှာ ဆက်ပြီးတော့ အလုပ် မလုပ်တော့ရင် ကိစ္စတွေက ပိုပြီး ရိုးရှင်းသွားမှာပဲ…” 


ဤသို့ ပြောနေရင်း မုထျန်းဟန်က သူ့ကို ဆက်ပြီး ပြောစေချင်သော မော့တိ၏ စိတ်အားထက်သန်မှုကြောင့် ရယ်လိုက်သည်။ 


“မင်း အအေးကို အရင်သောက်ပါဦး…”


“အာ…”


မော့တိက မုထျန်းဟန်၏ တောင်းဆိုချက်ကြောင့် အံ့အားသင့်သွားသော်လည်း သူ အလေးအနက် ပြောနေကြောင်း တွေ့လိုက်ရသဖြင့် မော့တိက ဖန်ခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် သူက တောင်းဆိုလိုက်၏။ 


“မြန်မြန် ပြောပါဗျာ…”


“အဟမ်း…” မုထျန်းဟန်က သူ့လည်ချောင်းကို ရှင်းရန် ချောင်းတစ်ချက် ဟန့်လိုက်သည်။ 


အစောပိုင်းက မော့တိမှာ အစာကျွေးရန် စောင့်မျှော်နေသည့် ရှဉ့်ကလေးတစ်ကောင်အလား စားပွဲပေါ်တွင် လက်နှစ်ဖက်ကို ယှက်၍ တင်ထားသည်ကို မုထျန်းဟန် မြင်သောအခါ သူက တစ်ခုခု လုပ်ချင်စိတ်ကြောင့် စိတ်ထဲ ယားယံသလို ခံစားလိုက်ရသည်။ လုံလောက်စွာပင် ယခုအခါ သူက နားလည်ရခက်လောက်အောင် စိတ်ကျေနပ်သွား၏။


မုထျန်းဟန်မှာ တဖြည်းဖြည်းနှင့် သားရဲကောင်ကဲ့သို့ အတော်လေး နီးနီးစပ်စပ် တူလာကြောင်း သူကိုယ်တိုင်ပင် သတိမထားမိချေ။


“ဟွာရှားဂိမ်းပြိုင်ပွဲရဲ့ စီစဉ်သူတွေထဲမှာ ငါနဲ့ သိတဲ့သူတွေ နည်းနည်းပါးပါး ရှိတယ်… တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ထဲက တစ်ယောက်က ပင်စင်ယူခါနီးပြီ… ပြီးတော့ သူကလည်း အဲ့ဒီစည်းကမ်းချက်က အဓိပ္ပာယ်မရှိဘူးဆိုပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတာ… သူက ငါတို့နဲ့ ပူးပေါင်းလိမ့်မယ်…”


“သူက ပြိုင်ပွဲအတွက် သတင်းနဲ့ စည်းကမ်းချက်တွေကို ကြိုပြီး ထုတ်ပြန်ပေးမှာလား…” 


မော့တိက မျက်မှောင်ကြုံ့လိုက်သည်။ 


“ဒါက သင့်တော်မယ်လို့ ကျွန်တော် မထင်ဘူးနော်… အဲ့ဒီအတွက် သူ အပြစ်တင် ခံရနိုင်တယ်…”


ဤကိစ္စကို ဖော်ထုတ်ရန်အတွက် သူ့ကိုယ်သူ စွန့်စားချင်စိတ် ရှိသော်လည်း အခြားသူ တစ်ယောက် ပါဝင်ပတ်သက်လာမည်ကို ငြင်းဆန်လိုက်သည်။ အကျိုးဆက်များမှာ သူ ခံစားရမည့်အရာပင်။


“မဟုတ်ဘူး ဒီလောက်ကြီး တိုက်ရိုက် လုပ်စရာ မလိုပါဘူး… သူ့အတွက် နောက်ထပ် နည်းလမ်းတစ်ခုပဲ လိုတာပါ…” 


မုထျန်းဟန်က ရုတ်တရက် ပြုံးလိုက်သည်။ 


“သူက ဂိမ်းပြိုင်ပွဲနဲ့ အဲ့ဒီက စည်းမျဉ်းစည်းကမ်းတွေကို အရမ်းစိတ်ပါဝင်စားမှု ရှိတဲ့ သာမန်အလုပ်သမားလေး တစ်ယောက်လို့ပဲ ဆိုပါတော့… ပြီးတော့ အဲ့ဒါကြောင့် အင်တာနက်ပေါ်က ဆူပူအုံကြွမှုကို တွေ့လိုက်ရတဲ့အခါမှာ သူက ရှေ့ထွက်လာပြီး အဲ့ဒီကိစ္စကို ပြောပြဖို့ ဆုံးဖြတ်ခဲ့တယ် ဒါပေမဲ့ သူရဲ့ ဆွေးနွေးမှုမှာ မတော်တဆအနေနဲ့ တစ်ချက်၊ နှစ်ချက်လောက်ပဲ ထည့်ပြောလိုက်မယ်လေ… အဲ့ဒါဆိုရင် သူက ဘာမှ အမှားလုပ်ထားတာ မဟုတ်တော့သလို သူ့ကို အပြစ်တင်ကြရင်တောင်မှ နားလည်ပေးလို့ရမှာပါ…”


“…” မော့တိက ရှင်းရှင်းလင်းလင်း သဘောပေါက်သွားလေသည်။ သူက မုထျန်းဟန်ကို လေးနက်သော အမူအရာဖြင့် လှမ်းကြည့်လိုက်၏။


မုထျန်းဟန်က အမြဲတမ်း အလွန် ကောင်းမွန်ပြီး နူးညံ့လွန်းသူ ဖြစ်သဖြင့် မော့တိက သူ့အစ်ကိုမှာ အသက် ၂၀ အရွယ်တွင် သူ၏ အေအဆင့် စီးပွားရေးပြိုင်ဖက်များကို သူ့လက်ဖဝါးထဲတွင် မှောက်ချည် လှန်ချည် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းကို မေ့နေခဲ့သည်။ အမှန်တကယ် ဒုက္ခပေးတတ်သူ တစ်ယောက်ပင်။


“ကျန်တာကို ကျွန်တော် လုပ်လိုက်မယ်… ကိုကိုက အဲ့ဒီလူနဲ့ အဆက်အသွယ် ရှိနေဖို့ပဲ လိုတာ…”


---


ဤသို့ဖြင့် တစ်ရက်တည်းမှာပင် အဓိကကွန်ရက်များပေါ်၌ အတင်းအဖျင်း စကားတစ်ခွန်း ထွက်ပေါ်လာခဲ့သည်။


ပထမဆုံးဟွာရှားဆန်းသစ်တီထွင်ဂိမ်းပြိုင်ပွဲတွင် စည်းမျဉ်းအသစ်ကို ထည့်သွင်းမည်ဟု ၎င်း၌ ပြောထား၏။ ခေတ်နောက်ကျနေပြီ ဖြစ်သော ရာထူးအကြီးပိုင်းများက အသက်မပြည့်သူများ၏ အခန်းကဏ္ဍမှာ စာလေ့လာရန်သာ ဖြစ်သည်ဟု တွေးထားကြသဖြင့် သူတို့က ဤပြိုင်ပွဲနှင့် မပတ်သက်သင့်ပေ။ 


ထို့အပြင် အသက်မပြည့်သေးသူများ၏ အရည်အချင်းများက အရွယ်ရောက်ပြီးသူများနှင့် မနှိုင်းယှဉ်နိုင်ချေ။ ထို့ကြောင့် သူတို့ တင်သွင်းလာသော လက်ရာများမှာ အရည်အချင်း ညံ့ဖျင်းပြီး ပြန်လည်သုံးသပ်ရာတွင် အချိန်ဖြုန်းရုံသက်သက်သာ ဖြစ်နိုင်ပေသည်။ နိဂုံးချုပ်အနေဖြင့် အသက်မပြည့်သေးသူများကို ဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မပြုသင့်ကြောင်း အကြံပြုထား၏။ 


ပြိုင်ပွဲစီစဉ်သည့် ကော်မတီက ဤအဆိုပြုချက်ကို အလေးအနက်ထား စဉ်းစားနေပြီး အတည်ပြုသွားနိုင်ချေ ရှိသည်။


ထိုသတင်းက ပထမဦးစွာ ထင်ရှားသည့် ဂိမ်းဖိုရမ်များတွင် ထွက်ပေါ်လာခဲ့ပြီး ကန့်ကွက်သူ အများအပြား ရှိခဲ့သည်။ ဂိမ်းလောကတွင် အရွယ်မရောက်သေးသူများမှာ လျစ်လျူမရှုနိုင်လောက်သည့် အင်အားစု တစ်ခုပေ။ ဂိမ်းဖန်တီးရာတွင်ဖြစ်စေ e-sports တွင်ဖြစ်စေ ထူးချွန်နေကြသူ အများအပြားမှာ အသက်မပြည့်ကြသေးပါ။ ထို့ကြောင့် ဤစည်းကမ်းချက်က ကျိုးကြောင်းဆီလျော်မှု မရှိဟု ဆိုနိုင်ပေသည်။


ခဏအကြာတွင် အသက်မပြည့်သေးသူများ အသုံးပြုရန် အဓိကအခြေခံထားသည့် ဖိုရမ်များသို့ ပျံ့နှံ့သွားပြီး ကျောင်းသားများကြားတွင် ဒေါသထွက်နေကြသူ အများအပြား ပေါ်ထွက်လာစေခဲ့သည်။ ဤသည်မှာ သူတို့အပေါ် ရိုးရှင်းစွာ ခွဲခြားဆက်ဆံခြင်းပင်။ သူတို့၏ နေ့စဉ်ဘဝတွင် ကဏ္ဍပေါင်းစုံ၌ ကန့်သတ်ချုပ်ခြယ်ခံခဲ့ရသည်မှာ လုံလောက်ပြီ ဖြစ်ရာ ယခုပြိုင်ပွဲမှာပင် ပါဝင်ခွင့်ကို တားမြစ်ခံနေရပါမည်လော။


အင်တာနက်တစ်ခွင်လုံး ဆူပွက်နေကြ၏။ ဆွေးနွေးပွဲကို ဆန့်ကျင်သည့် လူဦးရေ တိုးတက်လာခဲ့သည်။ အချို့မှာ ဤကဲ့သို့ ရှေးရိုးဆွဲသည့် စည်းကမ်းချက်တစ်ခုကို အဆိုပြုရဲသည့် ဦးနှောက်မပါသော အမှုဆောင်အရာရှိများကိုပင် လှောင်ရယ်ကြလေသည်။


မော့တိက လူထုထင်မြင်ချက်များ ပေါက်ကွဲထွက်လာပြီး အဓိကစစ်မြေပြင်မှာ Weibo သို့ မရောက်လာခင် မနက် ၃ နာရီအထိ စောင့်ဆိုင်းနေသည်။ 


မကြာမီပင် ဤကိစ္စနှင့် ဆက်စပ်သော Tag များ အရှာဖွေဆုံးစာရင်းထဲသို့ တက်လာပြီး ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။


#အရွယ်မရောက်သေးသူများကို ဂိမ်းပြိုင်ပွဲမှ တားမြစ်မည်။


#အရွယ်မရောက်သေးသူများ၏ လက်ရာကို ပြန်လည်သုံးသပ်ခြင်းမှာ လုပ်သားအင်အား ဖြုန်းတီးမှုသာ ဖြစ်သည်။


#ပြိုင်ပွဲမှာ မပါဝင်သင့်ဟု ထင်မှတ်သူများကို မဲပေးလိုက်ပါ။


#အသက်အရွယ်ခွဲခြားမှု


#ရှေးရိုးစွဲများ


အစပိုင်းတွင် မနက်အစောပိုင်းသာ ဖြစ်သောကြောင့် လှုပ်ရှားမှု သိပ်မရှိသော်လည်း မနက် ၆ နာရီသို့ ရောက်လာသောအခါ တင်းမာမှုမှာ သိသာထင်ရှားလာသည်။ 


သတင်းများတွင် ဟွာရှား၌ ဂိမ်းဖန်တီးသည့် ပြိုင်ပွဲတစ်ခု ကျင်းပတော့မည်ဆိုသော သတင်းကြောင့် အရွယ်မရောက်သေးသူများ အပါအဝင် လူအများက ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားခဲ့ကြသည်။ သူတို့၏ စိတ်ပါဝင်စားမှုမှာ အထူးမြင့်မားခဲ့၏။ ဂိမ်းဆော့ရသည်ကို ကြိုက်နှစ်သက်သူများဖြစ်စေ၊ ဂိမ်းဖန်တီးသူများဖြစ်စေ ဤပြိုင်ပွဲကို တစ်ခဲနက် ထောက်ခံအားပေးခဲ့ကြသည်။ 


ထို့အပြင် ကျောင်းသားများက သူတို့၏ နွေရာသီအားလပ်ရက်ကို အိမ်မှာသာ နေ၍ သူတို့၏ ပရောဂျက်ကို စတင်ပြုလုပ်ခဲ့ကြပြီး သူတို့အနေဖြင့် လူရွေးပွဲကို ကျော်ဖြတ်နိုင်လျှင်ပင် လုံလောက်ပြီဟု ထင်မှတ်ခဲ့ကြလေသည်။


ရလဒ်အနေဖြင့် တာဝန်ရှိသူများက သူတို့ကို ပါးဖြတ်ရိုက်သလိုပင်။


လူငယ်များ၏ စိတ်ခံစားချက်များမှာ အပွင့်လင်းဆုံးနှင့် အသန့်ရှင်းဆုံး ဖြစ်ပေသည်။ ယခင်က သူတို့ထံတွင် ရှိခဲ့သည့် စိတ်အားထက်သန်မှုနှင့် တူညီသော ပမာဏမှာ ဒေါသအဖြစ် ပြောင်းလဲသွားခဲ့၏။ ဒေါသထွက်နေသည့် လူအုပ်ကြီးမှာ အတူတကွ စုစည်းမိသွားပြီး လူထုထင်မြင်ချက်မှာ တဟုန်ထိုး ပေါက်ကွဲကုန်ကြသည်။


Tag များက ထူးခြားသော နှုန်းဖြင့် ရှာဖွေမှုအများဆုံးစာရင်းကို မြင့်တက်စေခဲ့၏။


“ခင်ဗျားတို့က အရွယ်မရောက်သေးတဲ့သူတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ဘာလို့ ကန့်သတ်ထားရတာလဲ… ပြိုင်ပွဲကို စပြီး ကြေညာတုန်းက ကျွန်တော်တို့တွေ ခင်ဗျားတို့ကို ဘယ်လို ထောက်ခံပေးခဲ့ကြလဲ အခုတော့ ခင်ဗျားတို့က လှေကားထစ်ကို ဖယ်ပစ်ချင်နေပြီလား…”


“ဒီစည်းကမ်းချက်ကို အဆိုပြုတဲ့ အဘိုးကြီးရဲ့ ဉာဏ်ရည်မဖွံ့ဖြိုးတဲ့ ဦးနှောက်က နှစ် ၅၀ ကျော်လောက် အချဉ်ဖောက်နေပြီလားလို့ မေးခွင့်ရှိမလား…”


“စိတ်ပျက်စရာပဲ… အရွယ်မရောက်သေးတဲ့သူတွေရဲ့ ဘယ်ထုတ်လုပ်နိုင်စွမ်းက ကန့်သတ်ချက်ရှိပြီး လူကြီးတွေနဲ့ မယှဉ်နိုင်ဘူးလဲ… လူသားတွေရဲ့ အချိန်နဲ့ လုပ်အားကို ဖြုန်းတီးနေတာ… ဒါ စော်ကားတာပဲ…”


“ငါက အရွယ်ရောက်ပြီးသူ တစ်ယောက်ဆိုပေမယ့် ဒီဟာကတော့ ခွဲခြားဆက်ဆံမှုလို့ ငါ ထင်တယ်…”


“ဘယ်လို ဒိတ်အောက်နေတဲ့ အဘိုးကြီးက ဒီကိစ္စကို အကြံပြုလိုက်တာလဲ… ဒီနေ့ခေတ်မှာ အလွှာပေါင်းစုံကနေ ဂိမ်းလုပ်ငန်းမှာ အရည်အချင်းရှိတဲ့သူတွေ ထွက်ပေါ်နေတာလဲ… အရွယ်ရောက်ပြီးသူပဲဖြစ်ဖြစ် အသက်မပြည့်သေးတဲ့သူပဲဖြစ်ဖြစ် နှစ်ဖက်စလုံးက အစွမ်းထက်တဲ့ အင်အားစုတွေပဲလေ… ဘာလို့ သောက်ရေးမပါတဲ့ ဒီကိစ္စမျိုး ပေါ်လာရတာလဲ…”


“အသက်မပြည့်သေးတဲ့ကလေးတွေက စာကိုပဲ ကြိုးစားပမ်းစား လေ့လာလို့ ရမယ်… ဂိမ်းပြိုင်ပွဲမှာတော့ ဝင်ပြိုင်လို့ မရဘူးတဲ့လား… ဒီလိုကော်မတီမျိုးက စိတ်ပိုင်းဆိုင်ရာမှာ တော်တော် ဉာဏ်ရည်နိမ့်တာပဲ…"


“ဟားဟားဟား… စိတ်မကောင်းပါဘူး ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါကတော့ တော်တော်လေး ပျော်နေတယ်… ငါဝင်ပြိုင်လို့ ရပြီလေ…”


“ထွီ… အပေါ်ကကောင် မင်း ထွက်သွားတာ ပိုကောင်းလိမ့်မယ်… ဒီနေ့ သူတို့က ဒီလိုအရူးစည်းကမ်းမျိုး ထုတ်ပြန်ပြီးသွားရင် နောက်တစ်နေ့မှာ တစ်ခြားစည်းကမ်းတွေ ထပ်ပြီးတော့ ပေါ်လာနိုင်သေးတာပဲ… အဲ့ဒီကျ မင်းပျော်နိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့…”


Xxxxx