အပိုင်း ၄၇
Viewers 28k

Chapter 47


“အာ… ငါ ဝင်မပြိုင်ဘူးဆိုပေမယ့် ခေတ်နောက်ပြန်ဆွဲပြီး ရှေးရိုးစွဲတဲ့လူတွေကို တွေးမိရင် စိတ်ကုန်နေတုန်းပဲ… ငါ့ကို အိမ်ထောင်ပြုပြီး ကလေးယူဖို့အတွက် ပြောနေကြတဲ့သူတွေလေ… ငါ့လိုအရွယ် အမျိုးသမီးတွေက ဇနီးမယား၊ မိခင်တစ်ယောက် ဖြစ်သင့်တယ်တဲ့… သောက်ရေးမပါတာတွေ… ငါက အသက် ၂၈ နှစ်ရှိပြီဆိုပေမယ့် ပန်းလေးလို လှနေတုန်းပဲ… ငါ အလုပ်လုပ်သင့်တဲ့ အချိန်မှာ လုပ်ပြီး ခရီးသွားချင်တဲ့ အချိန်မှာ ခရီးသွားမယ်… ငါက ဘာလို့ အိမ်ထောင်ပြုပြီး ကလေးမွေးရမှာလဲ…”


“တကယ်တော့ ဒီလိုယိုယွင်းနေတဲ့ အတွေးမျိုးကို ငါ အရမ်းရွံတာပဲ… ခင်ဗျားကမှ ပင်စင်ယူသင့်တဲ့အရွယ်လေ… ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက သေသွားကြပြီ အခုက ခင်ဗျားကိုယ် ခင်ဗျား ပြင်ဆင်ထားရမယ့် အချိန်ပဲ…”


“ဒီလိုမမျှတတဲ့ ဂိမ်းပြိုင်ပွဲမျိုးကို ဆန့်ကျင်ကြ…”


“…”


ထို့ပြင် ဤအခြေအနေများအောက်တွင် အချို့က သတင်း၏ စစ်မှန်မှုကို မေးခွန်းထုတ်လာပြီး ယင်းမှာ ကောလဟာလသာ ဖြစ်ကြောင်း ပြောဆိုလာကြသည်။ သို့သော် သိပ်မကြာမီ သူတို့၏စကားများကို ပြန်လည် မျိုသိပ်ခဲ့ရလေသည်။


ဂိမ်းပြိုင်ပွဲကျင်းပနေသည် ဆိုသော သတင်းကို ယခင်က ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ကော်မတီအဖွဲ့ဝင် တစ်ဦး၏အပိုင် ဖြစ်ကြောင်း အတည်ပြုထားသည့် Weibo အကောင့်မှာ အောက်ပါကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။


“တချို့လူတွေအနေနဲ့ ဆင်ခြင်တုံတရားရှိဖို့ မျှော်လင့်ပါတယ်… ဟွာရှားရဲ့ ပထမဆုံးဆန်းသစ်တီထွင်ဂိမ်းပြိုင်ပွဲကို စီစဉ်ရတာ မလွယ်ကူပါဘူး… ဝန်ထမ်းတွေနဲ့ ဒိုင်တွေရဲ့ စွမ်းအင်ဟာ အကန့်အသတ်ရှိတဲ့အပြင် အဲ့ဒါကြောင့် အလုပ်စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် ဂိမ်းရဲ့အရည်အသွေးကို သေချာစေဖို့ အရေးကြီးပါတယ်… ကျေးဇူးပြုပြီး ဒီအတိုင်း ဆက်မသွားဘဲ ဒီပြိုင်ပွဲကို သပိတ်မှောက်ဖို့ ကြိုးစားကြပါ… ဒီလိုလုပ်ရပ်မျိုးက မမှန်ကန်ပါဘူး…”


ဤစာမှာ ကောင်းမွန်လှ၏။ ယင်းစာပေါ်တွင် တံဆိပ်တုံး တစ်ခုပင် ထုနှိပ်ထားသည်။


ထိုပို့စ်မှာ ရှာဖွေမှုအများဆုံးစာရင်း၏ ထိပ်ဆုံးသို့ပင် ရောက်ရှိလာခဲ့ပြီး မရေမတွက်နိုင်သော ဆန္ဒပြမှုများနှင့် ဆန့်ကျင်မှုများကို လက်ခံရရှိခဲ့သည်။ ထို့ပြင် ဒေါသတကြီး ဆဲဆိုမှုနှင့် ဆူပူကြိမ်းမောင်းမှုများကိုပါ ဖြစ်စေခဲ့၏။ ၎င်းတို့၏ တုံ့ပြန်မှုများကို မကျေနပ်သည့်အတွက် ဘလော့ပိုင်ရှင်ကလည်း အင်တာနက်သုံးစွဲသူများနှင့် တန်ပြန် ငြင်းခုံမှုများ စတင် ပြုလုပ်လာလေသည်။


“မင်းတို့တွေ ဒီတိုင်း လွှတ်ထားပေးလို့ မရဘူးလား… ဒါက ခွဲခြားဆက်ဆံမှုတဲ့လား… ပရိုဂရမ်တစ်ခု ရေးဆွဲတတ်ဖို့အတွက် အသက်မပြည့်သေးတဲ့သူတွေ ဘယ်နှယောက်လောက်ကများ သင်ဖူးထားလို့လဲ… တကယ်လို့ သူတို့ လုပ်ခဲ့ရင်တောင် ဘယ်လောက်ထိ ကောင်းနိုင်မှာလဲ… သူတို့က တခြား ပရိုဂရမ်မာတွေနဲ့ ယှဉ်နိုင်မှာတဲ့လား…”


“ဘာကို လှေကားအဖြစ်ကနေ ကန်ထုတ်တယ်လို့ ပြောချင်တာလဲ… မင်းတို့တွေကပဲ ဂိမ်းပြိုင်ပွဲကို လူသိများအောင် လုပ်ပေးနိုင်တဲ့သူတွေ မဟုတ်ဘူး ဟုတ်ပြီလား…”


“မင်းရဲ့ဦးနှောက်ကသာ ခေတ်နောက်ကျနေတာ… အစိုးရအနေနဲ့ ပြိုင်ပွဲကျင်းပဖို့အတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ သိရဲ့လား… ပွဲကျင်းပဖို့ ဝန်ထမ်းတွေနဲ့ ဒိုင်တွေကို ငှားရမ်းရတာ အရမ်း ဈေးကြီးတယ်… ငါတို့က ပြိုင်ပွဲကို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်လို့ ဒီစည်းကမ်းချက်ကို အဆိုပြုရတာ… ဆဲဆိုကျိန်ဆဲနေတာက လွဲပြီးတော့ မင်းတို့တွေက ဘာများ လုပ်နိုင်မှာမလို့လဲ… အစိုးရအရာရှိ တစ်ယောက် ဘယ်လောက် ခက်လဲဆိုတာရော မင်းတို့ သိရဲ့လား…”


“မင်းတို့တွေ မပါဘဲနဲ့တောင် ပြိုင်ပွဲမှာ ကောင်းမွန်တဲ့ တင်ပြချက်တွေ အများကြီး ရနိုင်သေးတာပဲ… ကျေးဇူးတင်ပါတယ်…”


“မင်းတို့တွေအရွယ်နဲ့ လိုက်ဖက်မယ့် အလုပ်ကိုသာ လုပ်စမ်းပါ… မင်းက ကျောင်းသားတစ်ယောက်ဆိုရင် စာပဲ လုပ်… ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စဉ်းစားမနေနဲ့…”


“…”


အစိုးရဝန်ထမ်းတစ်ဦးအနေဖြင့် တစ်ယူသန်ပြီး ကျိုးကြောင်းဆီလျော်မှု မရှိဟု ထင်မြင်ရသည့်အတွက် လူထုက ပို၍ ဒေါသထွက်လာကြသည်။ ဤတွင် ပြိုင်ပွဲအကြောင်း ဂရုမစိုက်သူများပင် ပါဝင်လာကြ၏။


“ဒီလူက ငါတွေ့ဖူးသမျှထဲမှာ အမိုက်မဲဆုံးနဲ့ ရွံစရာအကောင်းဆုံး အရာရှိပဲ…”


“ဂိမ်းပြိုင်ပွဲကို သပိတ်မှောက်ရအောင်… သူတို့တွေ အကဲဖြတ်စရာ ဂိမ်းတွေ မရှိတော့ဘူးဆိုရင် သူတို့တွေ အလုပ်လုပ်စရာ မလိုတော့ဘူးလေ… ဘယ်လောက် သက်သာလိုက်သလဲ…”


“ဒီလိုစိတ်ထားမျိုးနဲ့ ပြိုင်ပွဲတစ်ခုကို စီစဉ်မယ့်အစား ချာတူးလန်နေတာတွေကိုပဲ အကဲဖြတ်ကြည့်ပါလား…”


“ဒီစည်းကမ်းချက်ကို အဆိုပြုတဲ့ ဘိုးတော်ကြီးကိုပဲ ငါ ဆဲချင်တာ… ခင်ဗျားရဲ့ ရွယ်တူတွေအားလုံး သေကုန်လို့ ခင်ဗျားက ဒီလောက်အားနေတာလား… သူတို့နောက်ကို လိုက်သွားဖို့ ခင်ဗျားလည်း အခေါင်းတစ်လုံးလောက် ပြင်ထားပြီးပြီလား…”


“ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ အရာအားလုံး ရှိနေပြီဆိုပေမယ့် ခွဲခြားဆက်ဆံမှုတော့ မရှိသင့်ဘူးလေ… ဒီအရာရှိတွေက ဦးနှောက်မရှိတဲ့သူတွေဆိုတာကို သက်သေပြနေတာပဲ…”


“လူအင်အား မလုံလောက်လို့ အရွယ်မရောက်သေးတဲ့သူတွေကို ဝင်ပြိုင်ခွင့် မပေးတာလား… အရည်အချင်း မရှိတာနဲ့ ခွဲခြားဆက်ဆံတာပဲ… အမှိုက်လို အရာရှိတွေ… သပိတ်မှောက်ကြ… ထွက်သွား…”


“…”


စိတ်အားထက်သန်လွန်းသည့် ဝန်ထမ်းများက အင်တာနက်သုံးစွဲသူများကို ထိပ်တိုက်တွေ့ရန် ဆုံးဖြတ်လိုက်သောကြောင့် အင်တာနက်တစ်ခွင်လုံး အုံအုံကြွကြွ ဖြစ်လာခဲ့သည်။


လူအများအပြား ပါဝင်လာကြသည်နှင့်အမျှ ထိုအကြောင်းအရာမှာ အရှာဖွေဆုံးစာရင်း၏ ထိပ်ဆုံး ၃ နေရာသို့ တက်လာခဲ့၏။ လူအများစုက “ပြိုင်ပွဲတွင် မည်သူများကို တားမြစ်သင့်သည်ဟု သင် ထင်ပါသနည်း” ဆိုသည့်နေရာတွင် မဲပေးခဲ့ကြရာ မဲဆန္ဒရှင် တစ်သိန်းကျော်အထိ မြင့်တက်လာခဲ့သည်။ 


သက်ကြီးရွယ်အိုများနှင့် အရွယ်မရောက်သေးသူများကို ၁၀% အောက်သာ မဲပေးခဲ့ကြပြီး ကျန်အများစုက အသက်အရွယ် ကန့်သတ်ချက် မရှိသင့်ကြောင်း သဘောတူခဲ့ကြသည်။ 


မနက် ၁၀ နာရီတွင် “အရွယ်မရောက်သေးသူများကို ဂိမ်းပြိုင်ပွဲတွင် ပါဝင်ခြင်းမှ တားမြစ်သင့်သည်၊” “အရွယ်မရောက်သေးသူများ၏ လက်ရာများက အကဲဖြတ်သည့်အင်အားကို ဖြုန်းတီးခြင်းသာ ဖြစ်သည်၊” “သင့်ပတ်ဝန်းကျင်မှ ရှေးရိုးစွဲများအကြောင်းကို ဆွေးနွေးခြင်း၊” “ဂိမ်းပြိုင်ပွဲက အင်တာနက်သုံးစွဲသူများကို ဒေါသထွက်စေသည်၊” “ဂိမ်းပြိုင်ပွဲကို သပိတ်မှောက်ကြ” နှင့် အခြားအကြောင်းအရာများက ရှာဖွေမှု အများဆုံး စာရင်းကို လွှမ်းမိုးထားပြီး ထိပ်ဆုံးတွင် ရပ်တည်နေခဲ့ကြသည်။


မော့တိက တစ်ရေးတစ်မော အိပ်စက်ရာမှ နိုးလာပြီးနောက် ရလဒ်ကို စိတ်ကျေနပ်သွားလေသည်။ သို့သော် သူက အင်တာနက်စာမျက်နှာကို အသစ်ဆွဲချလိုက်ချိန်တွင် ခေါင်းစဉ်နှစ်ခုမှာ ၎င်းတို့၏ နေရာမှ ပျောက်သွား၏။


အင်း… အင်း… တစ်ယောက်ယောက်တော့ ရှာဖွေမှုအများဆုံးစာရင်းကို နှိမ်နင်းဖို့ ကြိုးစားနေပြီ ထင်တယ်။


မော့တိက သူ့ကွန်ပျူတာကို ဖွင့်လိုက်ပြီး လက်ချောင်းလေး ၁၀ ချောင်းလုံးကို ကီးဘုတ်ပေါ်သို့ ပြေးလွှားခိုင်းလိုက်လေသည်။ ၁၀ မိနစ် မပြည့်မီပင် ရှာဖွေမှုအများဆုံးစာရင်းမှာ ၎င်းတို့၏ မူလနေရာသို့ ပြန်လည် ရောက်ရှိသွား၏။


သူက ငွေကုန်ကြေးကျ မခံချင်သောကြောင့် ရှာဖွေမှုအများဆုံးစာရင်းကို မဝယ်ယူချင်သော်လည်း အခြားသူများက ပိုက်ဆံသုံး၍ သူ၏ ရှာဖွေမှုအများဆုံးစာရင်းကို နှိမ်နင်းနေသည်ကိုလည်း ခွင့်မပြုနိုင်ပေ။ 


လူထု၏ တုံ့ပြန်မှုမှာ ဖိနှိပ်မှုများ မြင့်တက်လာပြီး ပြိုင်ပွဲအား သပိတ်မှောက်ရန် တောင်းဆိုမှုမှာ တစ်လှိုင်းပြီး တစ်လှိုင်း ထောက်ခံမှု ရှိလာသဖြင့် နောက်ဆုံးမှာ အရာရှိများမှာ စတင်၍ ခြောက်ခြားလာကြသည်။


သူတို့အနေဖြင့် အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပရန် လိုအပ်နေသည်သာမက အစောပိုင်းတွင် သူတို့၏ ကန့်ကွက်မှုကို ထုတ်မပြောရဲခဲ့သူများကပါ ထိုစည်းကမ်းချက်က ကျိုးကြောင်းဆီလျော်မှု မရှိသည့်အပြင် ဖယ်ရှားသင့်သည်ဟု အကြံပြုခဲ့ကြသည်။ 


ပတ်ဝန်းကျင်ရှိ တက်ရောက်သူများကပါ သဘောတူစွာဖြင့် ခေါင်းငြိမ့်လက်ခံကြ၏။


သို့သော် လူတိုင်းက ဤစည်းကမ်းချက်ကို ပထမဆုံး အဆိုပြုထားသည့် လူကြီးကို တောင်းဆိုရန် တွန့်ဆုတ်နေကြသဖြင့် မည်သူကမျှ အစီရင်ခံစာတွင် ပါဝင်ရန် ဆန္ဒမရှိကြပေ။ 


တစ်ယောက်က ပြောသည်။ “စွင်းထျန်းချန်ကို သွားခိုင်းလိုက်… ဒါတွေအားလုံးက အင်တာနက်မှာ ဒီကိစ္စကို လုပ်ခဲ့တဲ့ သူ့အပြစ်တွေချည်းပဲ… သူက အကြောင်းအရာကို ထောက်ခံခဲ့တာဆိုပေမယ့် သူ လုပ်ခဲ့တဲ့အလုပ်က မီးလောင်နေတာကို ဓာတ်ဆီ လောင်းသလို ဖြစ်သွားတာ…”


စွင်းထျန်းချန်က မကျေမနပ် ဖြစ်ပြီး စိတ်သောက ရောက်သည့် အမူအရာမျိုး ဖြစ်သွားသော်လည်း လူတိုင်းက သူ့ကို စောင့်ကြည့်နေသည်ကို တွေ့သောအခါ သူက ရဲရင့်သော မျက်နှာထားဖြင့် ထိုလူကြီးထံသို့ သွားတွေ့လေသည်။


တကယ်တမ်းတွင် သူက အရမ်းကို ကျေနပ်ပီတိ ဖြစ်နေမိ၏။ သူက ယဲ့မျိုးရိုးလူကြီးကို အလွန် စိတ်ပျက်နေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သူ မထွက်သွားခင်မှာပင် ယခုလို ပုန်ကန်သော လုပ်ရပ်မျိုးကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် အလွန် စိတ်ကျေနပ်စရာပင်။


သို့သော် သူက တုံးအသူတစ်ယောက် မဟုတ်ပါ။ ဤကိစ္စကို သူတစ်ယောက်တည်း လုပ်ဆောင်ရန်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ကျောက်ရှန်းချန်ဟု ခေါ်သော နောက်ထပ် အရေးပါအရာရောက်သူ တစ်ယောက်အား ရှာပြီး ဤသည်းထိတ်ရင်ဖိုစွန့်စားမှုကြီး တစ်ခုလုံးအကြောင်း ပြောပြခဲ့သည်။ ကျောက်ရှန်းချန်မှာ စွန့်ဦးတီထွင်သူ တစ်ဦး ဖြစ်ရာ ယဲ့ကောရှန်လို ခေတ်နောက်ပြန်ဆွဲသော အတွေးအခေါ် ပိုင်ရှင်များကို အရွံရှာဆုံး ဖြစ်လေသည်။


ကျောက်ရှန်းချန်က သူ့ရုံးခန်းထဲသို့ ရောက်လာပြီး သူ့အတွေးအခေါ်များမှာ မည်မျှ ဆိုးရွားကြောင်း စောင်းမြောင်း၍ လှောင်ပြောင်ပြောဆိုသည့်အတွက် ယဲ့ကောရှန်၏ မျက်နှာ အမူအရာမှာ ပျက်ယွင်းသွားလေသည်။


---


အင်တာနက်ပေါ်မှ ဆူပူမှုမှာ အရှိန်မသေသေးပေ။ နေ့လည် ၄ နာရီအချိန်တွင် “အလွန်အကြူး” ဟူသော စကားလုံးကို ဖယ်ရှားခံလိုက်ရသော်လည်း အကြောင်းအရာများမှာ ထိပ်သီးနေရာအချို့တွင် ရှိနေဆဲပင် ဖြစ်သည်။


ထို့နောက် ညနေ ၅ နာရီတွင် ဂိမ်းပြိုင်ပွဲ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှ ကြေညာချက် တစ်ခု ထွက်လာ၏။ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် စည်းကမ်းချက်မှာ အမှန်တကယ် မဆုံးဖြတ်ရသေးသော အကြံပြုချက်များစွာအနက်မှ တစ်ခု ဖြစ်ပြီး အပြီးသတ် မလုပ်ဆောင်ရသေးကြောင်း စာထဲတွင် ပြောထားလေသည်။ ဤသည်မှာ ဝန်ထမ်းများအကြားတွင် နားလည်မှု လွဲမှားပြီး သူတို့အပိုင်းမှ အမှားတစ်ခုပင် ဖြစ်၏။ သံသယရှိသူမှာ သတိပေးခြင်း ခံရမည် ဖြစ်ပြီး တရားမျှတစွာ အပြစ်ပေးခြင်း ခံရပေလိမ့်မည်။ ဂိမ်းပြိုင်ပွဲ၏ စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများမှာ ပါဝင်ယှဉ်ပြိုင်သူ အားလုံးအတွက် တရားမျှတမှု ရှိပြီး ယှဉ်ပြိုင်နိုင်ခွင့် ရရှိစေရန် အတိအကျ အာမခံထား၏။ ထို့ပြင် အသက်မပြည့်သေးသူများကိုလည်း တားမြစ်သွားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပါဝင်ယှဉ်ပြိုင်ရန် အားပေးထားလေသည်။


ကြေညာချက်ကို မျက်မြင်တွေ့ပြီးမှသာ မော့တိက နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူက မက်ဆေ့ချ်ပေါင်း ၉၉ ခုကျော် ဝင်နေသည့် သူ့ WeChat အကောင့်ကို တစ်ချက် ဝင်ကြည့်လိုက်သည်။


ဟန်ချောင် - “(ပျော်ရွှင်နေသော အီမိုဂျီ)( ပျော်ရွှင်နေသော အီမိုဂျီ)(စိတ်လှုပ်ရှားနေသော အီမိုဂျီ) ရှောင်တိ မင်းလည်း ဝင်ပြိုင်လို့ ရသေးတယ်တဲ့…”


ဖန်ချန်းလောင် - “ငါပြောခဲ့သလိုပဲ… ဒီပြိုင်ပွဲမှာ ဒီလိုမိုက်မဲတဲ့ ကိစ္စမျိုး ဖြစ်လို့ မရဘူးလေ… မဟုတ်ရင် ငါလည်း ဝင်ပြိုင်လို့ ရဦးမှာ မဟုတ်ဘူး…”


ဟန်ချောင် - “အောင်မြင်မှုလမ်းခရီးကတော့ အခက်အခဲတွေ တန်းစီနေမှာပဲ… ဆိုလိုတာက ငါတို့အဖွဲ့ သေချာပေါက် အမြင့်ကို တက်နိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ…”


ဟန်ချောင် - “(ခါးထောက်နေသော အီမိုဂျီ)”


ဖန်ချန်းလောင် - “လာစမ်းပါ… ငါကတော့ ဘာမဆို အဆင်သင့်ဖြစ်နေပြီ…”


“…”


မော့တိက ခံစားချက်အီမိုဂျီများ ပေါ်လာသည့် သူ့ဖုန်းစခရင်ကို ကြည့်ကာ ပြုံးလိုက်ပြီး အီမိုဂျီ အနည်းငယ် ပြန်ပို့လိုက်သည်။ 


ထို့နောက် သူတို့အဖွဲ့က ဆက်လက်ပြီး အပြင်းအထန် ဆွေးနွေးကြ၏။


မော့တိ သတိမထားမိသော အရာမှာ ယနေ့၏ ရှာဖွေမှုအများဆုံးစာရင်းတွင် အများစုမှာ နောက်အသစ်ထွက်မည့် ရုပ်ရှင်များအကြောင်း ဖြစ်ပြီး ၎င်းတို့အနက် တစ်ခုမှာ “စွင်းယီလန်၏ ရုပ်ရှင်သစ်အတွက် အမျိုးသမီးဇာတ်ဆောင်ကို ဆုံးဖြတ်ပြီးစီး” ဆိုသော မော့လျှိုကွေ့နှင့် ပတ်သက်သည့် အကြောင်းအရာ ဖြစ်နေခြင်းပင်။


အရင်းအနှီးအားလုံး အကုန်အကျခံ၍ သုံးစွဲပြီးနောက် ၎င်းမှာ အခြားသော အကြောင်းအရာများကြောင့် ဆွဲချခံလိုက်ရပြီး ထိပ်တန်း ၁၀ ခု စာရင်းထဲသို့ မတက်နိုင်ခဲ့သည့်အတွက် နှမြောစရာ ကောင်းလှပေသည်။


Xxxxxxxx