Chapter 48
၎င်းတို့၏ ပေါ့လျော့မှုအပေါ် စီစဉ်သူများ၏ လေးနက်သော ဝန်ခံချက်နှင့် ဖြေရှင်းချက်မှာ ကျိုးကြောင်း ဆီလျော်မှု ရှိသည့်အပြင် “ကြားထဲမှ ခံရသူကိုပါ အပြစ်ပေးခြင်း” တို့ကြောင့် လူထု၏ အမြင်မှာ တဖြည်းဖြည်း အားပျော့လာ၏။
နောက်တစ်ရက် ညနေပိုင်းတွင် ဟွာရှားဆန်းသစ်တီထွင်ဂိမ်းပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အတူ အစမ်းကြေညာထားသည့် ဆုကြေးများစာရင်း ထွက်ပေါ်လာသည်။
ဆုကြေးများ ပို၍ အကျိုးအမြတ် များနေရသည့် အကြောင်းအရင်းမှာ ယခင်အယောင်ဆောင် အဖြစ်အပျက်ကြောင့် ပြိုင်ပွဲအပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှုမှာ ဆယ်ဆအထိ မြင့်တက်သွားခဲ့သောကြောင့် ဖြစ်သည်။ စပွန်ဆာအရေအတွက်မှာလည်း တိုးမြင့်လာခဲ့ပြီး သူဋ္ဌေးများ၊ ငွေကြေးကြွယ်ဝချမ်းသာသူများ၏ စိတ်ဝင်စားမှုကိုပါ ရရှိလာခဲ့သည်။
မူလဆုကြေး ၅ မီလီယံမှ ၁၀ မီလီယံမှာ ယခုအခါ ၈ မီလီယံမှ ၂၀ မီလီယံ ဖြစ်သွားပြီး ရင်းနှီးမြှုပ်နှံသူများ စုပြုံကျလာသည်မှာ ပြောစရာပင် မလိုတော့ပေ။
မော့တိက ကုတ်ဒ်ရေးခြင်းနှင့် ပရိုဂရမ်ရေးခြင်းအတွက် ပုံမှန်အတိုင်း ပြန်ပြီး အလုပ်ကြိုးစားနေခဲ့သည်။
---
မျက်စိတစ်မှိတ်အတွင်းမှာပင် လတစ်ဝက် ကုန်ဆုံးသွားခဲ့၏။ မော့တိက နောက်ဆုံးတွင် ကုတ်ဒ်ရေးသည့်ပိုင်း အများစုနှင့် သူ၏ ဇာတ်လမ်းကို ခွဲခြမ်းစိတ်ဖြာခြင်း ပြီးစီးသွားခဲ့လေသည်။
အချို့သော ချိန်ညှိမှုများကို လုပ်ဆောင်ပြီးနောက် ဂိမ်းကို စမ်းသပ်သည့်အနေဖြင့် စတင် လည်ပတ်ကြည့်လိုက်၏။
လက်ရှိတွင် ပြိုင်ပွဲအတွက် စာရင်းသွင်းရန် ၅ ရက်သာ လိုတော့သည်။ လူရွေးပွဲမတိုင်မီ ၁၅ ရက် အချိန်ရမည်ဖြစ်သောကြောင့် မော့တိက အလျင်စလို မဖြစ်နေချေ။ သို့တိုင်အောင် ယင်းနောက်တွင် ကျင်းသာ့ကျောင်း၏ စာသင်ရက်များ စတင်တော့မည်ဖြစ်ရာ သူ့အတွက် အလုပ်များကို အပြီးသတ်ရန် ၁၂ ရက်သာ အချိန်ရလေသည်။
ဖန်ချန်းလောင်နှင့် ဟန်ချောင်တို့၏ အလုပ်မှာ ပုံဆွဲရန်သာ ဖြစ်၍ နောက်ဆုံးတွင် သူတို့အားလပ်နေကြသည်။ ၁၀ နာရီကြာအောင် အိပ်စက်အနားယူပြီးနောက် သူတို့နှစ်ယောက်သား အင်အားပြည့်ဝသွားကြ၏။ သူတို့က မော့တိထံသို့ အလည်သွားပြီး သူ၏ဂိမ်းဖန်တီးခြင်းလုပ်ငန်းစဉ်ကို သွားကြည့်ကြသည့်အတွက် တစ်ချိန်တည်းမှာပင် ဂိမ်းအတွက် ပထမဆုံးသော စမ်းသပ်သူများ ဖြစ်လာခဲ့ကြသည်။ ဂိမ်း၏ အလုံးစုံသော ကစားနည်းများနှင့် ဆက်တင်များကို လေ့လာပြီးနောက်တွင် သူတို့၏ စိတ်အားထက်သန်မှုမှာ အထွတ်အထိပ်သို့ ရောက်လာခဲ့လေသည်။
သူတို့၏ ဂိမ်းမှာ “မသေမျိုးကမ္ဘာ” အွန်လိုင်းဂိမ်းနှင့် ဆင်တူနေသော်လည်း “သင်၏ ဆန္ဒများ ယနေ့ ပြည့်မြောက်ပြီလော” ဟု ခေါ်သော ထူးခြားသည့် အပိုလုပ်ဆောင်ချက်တစ်ခု တိုးနေခြင်းပင်။
ယင်းမှာ ၎င်းတို့၏ ဇာတ်ကောင် အဆင့် ၂၀ သို့ ရောက်ရှိလာသည့်အခါ ကစားသမားအတွက် ရရှိလာမည့် အထူးစွမ်းရည်တစ်ခု ဖြစ်၏။ ဤစွမ်းရည်နှင့် အဆင့်တက်ရန်အတွက် အမျိုးမျိုးသော အဆင့်သတ်မှတ်ချက်များ ရှိပြီး လိုအပ်သော သုံးစွဲမှုရင်းမြစ်မှာ “အသည်း” သို့မဟုတ် “ခရစ်ပတွန်” ဖြစ်သည်။ ထို့ပြင် ဤပစ္စည်းနှစ်ခုမှာ ဈေးကွက်အတွင်း လက်ရှိ အကြီးစားအွန်လိုင်းဂိမ်းများနှင့် နှိုင်းယှဉ်ပါက ပို၍ လက်လှမ်းမှီနိုင်ပေသည်။
ဤစွမ်းရည်က ကစားသမားများကို (ထောင်ထဲတွင်ရှိသည့်အရာများအပါအဝင်) ဂိမ်းလောကရှိ NPC တိုင်းကို အသုံးပြုခွင့် ပေးထားလေသည်။ စွမ်းရည်၏ အနိမ့်ဆုံးအဆင့်ကို တစ်နေ့လျှင် ၃ ကြိမ် အသုံးပြုနိုင်ပြီး အောင်မြင်မှုနှုန်းမှာ ၃၅ ရာခိုင်နှုန်း ဖြစ်သည်။
ဤစွမ်းရည်ကို အသုံးပြုပြီး NPC အတွင်းမှ အသံများကို ဖတ်ရှုကာ စူးစမ်းရှာဖွေမှုအသစ်များနှင့် လျှို့ဝှက်ချက်များကို ဖွင့်ခြင်းဖြင့် ကစားသမားက သတင်းအချက်အလက်များကို ရရှိနိုင်၏။ ထို့ပြင် ဤသို့ လုပ်ဆောင်ခြင်းဖြင့် ကစားသမားများမှာ လက်နက်များ၊ လက်နက်ပစ္စည်းများ၊ ဆေးဝါးများ၊ လျှို့ဝှက်မြေပုံများ၊ ချပ်ဝတ်တန်ဆာများ၊ မှော်စွမ်းအားများ၊ အိမ်မွေးတိရစ္ဆာန်များ စသည်တို့အပါအဝင် ပစ္စည်းအမြောက်အမြား ရရှိနိုင်ပေသည်။
ရှားပါးမှုနှင့် အောင်မြင်မှုနှုန်းမှာ စွမ်းရည်၏ အဆင့်နှင့် တိုက်ရိုက်အချိုးကျပေသည်။ စွမ်းရည်ကို အသုံးပြုထားသည့် ဇာတ်ကောင်၊ ကစားသမား၏ ဟန်ချက်ညီမှုနှင့် စွမ်းရည်၏ အဆင့်ကို လိုက်၍ အဆုံးမရှိသော ဖြစ်နိုင်ချေများနှင့် စိတ်ဝင်စားဖွယ် လုပ်ဆောင်ချက်များ ဖြစ်လာနိုင်သည်။
တစ်နည်းအားဖြင့်ဆိုရသော် ဂိမ်းကစားနည်းမှာ အခြားသော ကစားသမားများနှင့်အတူ သာမန်ထောင်တွင်း ရှာဖွေခြင်း၊ အားကောင်းသော တိုက်ခိုက်ခြင်း၊ လုယက်ခြင်း စသည်တို့နှင့် ပတ်သက်ရုံသာမက ကစားသမားများအတွက် သူတို့ကိုယ်တိုင် NCP များနှင့် ရင်းနှီးကျွမ်းဝင်စေရန်နှင့် ဂိမ်းလောကကြီးထဲတွင် နစ်မြုပ်နေစေရန် မက်လုံးတစ်ခုလည်း ပါရှိလေသည်။
ဤအရာက ရတနာရှာဖွေခြင်းကို နှစ်သက်သော ကစားသမားများကိုသာမက ပို၍ သက်တောင့်သက်သာ ရှိသော ကစားနည်းဟန်ပန်နှင့် ဇာတ်လမ်းတစ်ပုဒ်ကို ဖော်ထုတ်လိုသည့် ကစားသမားများကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။
ထိုစွမ်းရည်မှာ သာမန်ဟု ထင်မှတ်ရသော်လည်း ၎င်းမှာ အလွန် စိတ်ဝင်စားစရာ ကောင်းပြီး ထူးခြားသော လုပ်ဆောင်ချက် တစ်ခု ဖြစ်၏။ သို့ရာတွင် မော့တိက စူးစမ်းမှုများ၊ အဆင့်မြှင့်တင်ခြင်းများ၊ အခြေခံအဆောက်အဦ အစရှိသည်ဖြင့် ဂိမ်း၏ အခြားသော ကဏ္ဍများတွင် အကောင်းဆုံး ပြင်ဆင်ထားသည့်အတွက် ဤသည်မှာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးသော အပိုတစ်ခု ဖြစ်ပေသည်။ အားလုံးခြုံ၍ ပြောရမည်ဆိုပါက သူတို့၏ ဂိမ်းမှာ သမားရိုးကျ ဆန်သော်လည်း ဆန်းသစ်ထားသည့် ဂိမ်းတစ်ခုပင်။
ဤအရာမှတစ်ဆင့် ဂိမ်းထဲတွင် အင်အားစိုက်ထုတ်မှု မည်မျှ ထည့်ထားကြောင်း သိနိုင်ပေသည်။ စိတ်ကူးအကြံဉာဏ်များကို ကောင်းမွန်စွာ တွေးခေါ်ထားနိုင်ရုံသာမက ပရိုဂရမ်များကိုလည်း အများအပြား ရေးဆွဲထား၏။ မော့တိ၏ ပင်ကိုယ်စွမ်းရည်နှင့်ပင် ဤအရာအတွက် သူ ရင်းနှီးထားသည့် အင်အား စိုက်ထုတ်မှုမှာ ချီးကျူးစရာ ကောင်းလှကြောင်း ငြင်းနိုင်ဖွယ် မရှိချေ။
သို့သော် သူ့ကြိုးစားအားထုတ်မှုများ အရာထင်ပြီး ဂိမ်းပြီးမြောက်သွားပါက ၎င်းတို့အားလုံးမှာ ထိုက်တန်လှပေသည်။
လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပါဝင်ပတ်သက်နေသူ အားလုံးက မော့တိ၏ ကြိုးစားအားထုတ်မှုအားလုံးကို သိထားကြ၏။
နေ့စဉ်နေ့တိုင်း မုထျန်းဟန်က သူ၏ အံ့အားသင့်ဖွယ် ကောင်းပြီးသား အလုပ်လုပ်နိုင်စွမ်းကို ပြန်လည် ကောင်းမွန်လာစေရန် အကောင်းဆုံး ကြိုးစားခဲ့ပြီး မော့တိကို ကူညီပေးနေသည်။ ဖန်ချန်းလောင်နှင့် ဟန်ချောင်တို့က သူတို့နှစ်ယောက်လုံး၏ လစာ ယွမ်တစ်သောင်းလုံးကို သုံးကာ မော့တိအတွက် ကောလိပ်ဝင်ခွင့်လက်ဆောင်အဖြစ် တန်ဖိုးကြီးမှတ်စုစာအုပ်တစ်အုပ် ဝယ်ပေးခဲ့လေသည်။
တစ်ချိန်တည်းမှာပင် အကယ်၍ သူတို့၏ဂိမ်းမှာ လူကြိုက်များလာပြီး ရင်းနှီးမြှုပ်နှံသူများ ရရှိလာပါက သူတို့၏ ဝေစုထဲမှ ၇၀ ရာခိုင်နှုန်းကိုသာ ယူမည်ဖြစ်ပြီး ကျန်ငွေများကို နောက်ထပ်ဂိမ်းအသစ်အတွက် ပရိုဂရမ်မာများနှင့် ပုံဆွဲသူများ ငှားရမ်းရန် ဖယ်ထားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့မဟုတ်ပါက သူတို့၏ အနစ်နာခံမှု အမှန်တကယ် နာကျင်စရာပင်။
သို့သော် သူတို့ ဤဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည့်အချိန်တွင် သူတို့နှစ်ယောက်လုံး မော့တိ၏ နောက်ဆုံး စမ်းသပ်ချက်ကို အောင်မြင်သွားခဲ့ပြီ ဖြစ်ကြောင်း သူတို့မသိခဲ့ကြပေ။
စာရင်းသွင်းခြင်းကာလ စတင်ပြီးနောက် တတိယမြောက်နေ့တွင် မော့တိက ဂိမ်းအတွက် နောက်ဆုံး အချောသတ် ပြင်ဆင်မှု အနည်းငယ်ကို အပြီးသတ်ခဲ့ပြီး စမ်းသပ်ခြင်းလုပ်ငန်းစဉ်ကို စတင်လိုက်လေသည်။
ဤတစ်ခေါက်တွင် ဖန်ချန်းလောင်နှင့် ဟန်ချောင်တို့အပြင် မုထျန်းဟန်နှင့် လိုင်သယ်စစ်တို့ပါ ပြန်ရောက်လာသည့်အခါ သူတို့နှင့်အတူ လာရောက်စမ်းသပ်ကြည့်ကြ၏။ တစ်ပတ် အချိန်ယူပြီးနောက် အသေးစား အမှားအယွင်း ၃ ခုကို ရှာတွေ့ခဲ့ကြသော်လည်း ကျန်ဂိမ်းကစားနည်းများမှာ ချောမွေ့နေပြီ ဖြစ်သည်။ ဤအချိန်မှသာ သူတို့၏ ဂိမ်းကို စာရင်းသွင်းရန် အဆင်သင့်ဖြစ်ပြီဟု အားလုံးက သဘောတူလိုက်ကြသည်။
မော့တိ၏ ဂိမ်းကို မိတ်ဆက်ခြင်း၊ ကျူတိုရီရယ်များ၊ အရိပ်အမြွက်များနှင့် အကြံပြုချက်များအပြင် စိတ်ခံစားချက်များကို နှိုးဆွပေးရန် လှပသော ဘာသာစကားနှင့် ရေးဟန်ကို အသုံးပြုထားသော ဇာတ်လမ်းအကျဉ်းကိုပါ ရေးသားရန် နောက်ထပ် အချိန်တစ်ရက် ထပ်ယူခဲ့ရသည်။
ဖန်ချန်းလောင်က ဇာတ်ညွှန်းကို ဖတ်ရှုပြီးနောက် အလွန် စိတ်လှုပ်ရှားနေ၏။ မော့တိမှာ အလွန်ပင် အရည်အချင်း ရှိလှသည်ဟု သူ ခံစားမိလေသည်။ သူတို့၏ဂိမ်းမှာ လူရွေးပွဲအဆင့်များကို ကျော်ဖြတ်နိုင်မည် ဖြစ်ကြောင်း သူ သေချာနေခဲ့ပြီး ဟန်ချောင်ကမူ ပထမနှင့် ဒုတိယအဆင့် ရှုံးထွက်ပြိုင်ပွဲများကိုပင် ကျော်ဖြတ်နိုင်မည်ဟု သေချာနေခဲ့သည်။ သူတို့၏ဂိမ်းမှာ လက်ရှိဈေးကွက်အတွင်းရှိ အခြားသော ဂိမ်းများထက် ပို၍ ဉာဏ်ရည် မြင့်မားလေသည်။
ဖန်ချန်းလောင်နှင့် ဟန်ချောင်တို့က သူတို့၏ စိတ်ထဲမှ ရောက်တတ်ရာရာများကို ထုတ်ဖော်ပြောဆိုပြီးနောက် မော့တိကို လှည့်ကြည့်လိုက်ကြသည်။ ရုတ်တရက် သူတို့ကိုယ်သူတို့ အခြားသူတစ်ယောက်၏ အရည်အချင်းများကို ကုန်းဆင်းနေခြင်း ဖြစ်ကြောင်း သိရှိသွားကြ၏။
စာရင်းသွင်းခြင်းလုပ်ငန်းစဉ် ပြီးဆုံးပြီးနောက် မော့တိက တစ်ညနှင့် တစ်မနက်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်လေသည်။
မုထျန်းဟန်အတွက် ပထမဆုံးအကြိမ်အနေဖြင့် ယခုကဲ့သို့ အသုံးမဝင်သလို ခံစားနေရသည်။ သူ့အတွက် မြက်များကို တရိရိ စားသောက်ရန်မှတစ်ပါး အခြားသော လုပ်စရာများ မရှိသလို ခံစားနေရလေ၏။ ထို့ကြောင့် မုထျန်းဟန်က သူ စစ်ရေးလေ့ကျင့်ရန် မထွက်ခွာမီ မော့တိကို အပြင်ခေါ်သွားပြီး ပျော်ပါးရန် ဆုံးဖြတ်ခဲ့လေသည်။
ဟွာရှားရှိ သူ၏ ပထမဆုံးသော အကြီးစားပရောဂျက်ကြီးမှာ နောက်ဆုံးတွင် ခိုင်မာလာပြီ ဖြစ်ရာ သူ့ကုမ္ပဏီအတွက် အလုပ်အများဆုံးသော ကာလမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် မုထျန်းဟန်က သူ့ဝန်ထမ်းများကို ဘောနပ်စ်များ အသီးသီး ထုတ်ပေးပြီး သူ့ကိုယ်သူလည်း နေ့တစ်ပိုင်း ခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
မော့တိက အိပ်မှုန်စုံမွှားနှင့် အိပ်ရာမှ ထလာပြီး မည်သည့်အချိန်မှန်းပင် မသိတော့ချေ။ သူက ရှုပ်ပွနေသော ဆံပင်နှင့် ညအိပ်ဝတ်စုံကို ဝတ်ကာ သူ့အိပ်ခန်းထဲမှ ထွက်လာ၏။ မုထျန်းဟန်ကို မြင်လိုက်ရသောအခါ သူ အနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။
“ကိုကို… အလုပ်မသွားဘူးလား…”
“အခုလေးတင်ပဲ အလုပ်ကနေ ပြန်လာတာ…”
မုထျန်းဟန်က မော့တိကို နူးညံ့ညင်သာစွာ ကြည့်လိုက်သည်။
“နေ့ခင်းတောင် ရောက်နေပြီလေ…”
“အာ ကျွန်တော် အချိန်အကြာကြီး အိပ်ပျော်သွားတာလား…”
မော့တိက စိတ်ရှုပ်ထွေးနေဆဲ ဖြစ်ပြီး သူ့ဆံပင်များကို ကုတ်နေ၏။
“ကိုကိုက ဘာလို့ နေ့ခင်းဘက်ကြီး ပြန်လာတာလဲ… အမြဲတမ်း ညမိုးချုပ်တဲ့အထိ နောက်ကျနေတာ မဟုတ်ဘူးလား…”
“ပရောဂျက်ရဲ့ အရေးကြီးတဲ့အပိုင်းတွေ ပြီးသွားပြီတော့ ကိုယ့်ကိုယ်ကိုယ် နေ့တစ်ပိုင်းခွင့် ပေးလိုက်တာလေ…”
မုထျန်းဟန်က လမ်းလျှောက်လာပြီး မော့တိ၏ ဆံပင်များကို တစ်ချက်ဖွလိုက်ရာ ပို၍ပင် ရှုပ်ပွသွားလေ၏။
“သွားပြီး မျက်နှာသစ်လိုက်ဦး… ကိုကိုက မင်းကို နေ့လည်သွားစားဖို့ ခေါ်သွားမယ်… ကိုယ်တို့တွေ ညကျမှ ပြန်လာကြတာပေါ့…”
“…အိုး…” မော့တိက ခေါင်းငြိမ့်ပြပြီးနောက် မျက်နှာသစ်ရန် လှည့်ထွက်သွားလေသည်။ မျက်နှာသစ်ပြီးသွားသည့်အချိန်မှသာ သူက မုထျန်းဟန်၏ စကားများကို နားလည်သွား၏။
မော့တိက ခေါင်းမော့လိုက်သည်။
“…”
အချိန်ကြာမြင့်စွာ အိပ်ရာဝင်နောက်ကျခြင်းမှာ အတော်လေး လူကို ဒုက္ခပေးတတ်ပေသည်။
နေ့လည်ပိုင်းအချိန်ဖြစ်၍ နေရောင်ခြည်မှာ တောက်ပစွာ ဖြာကျနေ၏။ သူတို့ ကားပါကင်သို့ ရောက်သောအခါ မုထျန်းဟန်က သူ့ကို သူတို့နှစ်ယောက် ယခင်က စားဖူးသော မူလပထမပေကျင်းစားသောက်ဆိုင်သို့ ကားမောင်း၍ ခေါ်လာခြင်း ဖြစ်ကြောင်း မော့တိ သိလိုက်ရသည်။
“ဒီဆိုင်မှာ မင်းကြိုက်တဲ့ဟင်းတွေ အများကြီး ရှိတယ်… မင်း ပြန်ပြီး အားရှိလာအောင် ကူညီပေးတယ်ပဲ သဘောထားလိုက်ပါ…”
မုထျန်းဟန်က ကားပေါ်မှ ဆင်းလာပြီးနောက် မော့တိကို နေရောင်မထိုးအောင် ကာပေးရန် အနည်းငယ် လှည့်လိုက်ပြီး ပြောသည်။
“မင်းရဲ့ အကြိုက်ဆုံးနေရာကို လျှောက်လည်ဖို့ အသုံးချလိုက်တဲ့အတွက် စိတ်မရှိပါနဲ့ ကောင်ငယ်လေး…”
“မဟုတ်တာပဲ ရပါတယ်…”
မော့တိက ခေါင်းခါပြလိုက်ပြီး သူ့နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် ပြုံးရွှင်စွာ ပြောလိုက်သည်။
“ဒါဆို နောက်တစ်ခါကျရင် ချွမ်ရှင်းလမ်းက စားသောက်ဆိုင်ကို သွားရအောင်… ကိုကိုက အဲ့ဒီဆိုင်က အစားအသောက်တွေ ကြိုက်တယ်လေ…”
မုထျန်းဟန်က ပြုံးလိုက်ပြီး မော့တိ၏ ဆံပင်လေးများကို ဖွလိုက်သည်။
“မင်းက ဉာဏ်ကောင်းတဲ့ကောင်လေး မဟုတ်လား…”
“ဟုတ်တာပေါ့…”
သူတို့နှစ်ယောက်သား ပျော်ရွှင်စွာဖြင့် စားသောက်ဆိုင်သို့ ဝင်သွားကြသည်။ မုထျန်းဟန်က ဆန်ကိတ်ကြော် တစ်တုံးကို ကောက်ယူကာ တစ်ကိုက် ကိုက်လိုက်ပြီးနောက် ပြော၏။
“အရင်တစ်ခေါက် ကိုယ် ဒီမုန့်ကို ဝယ်ပြီး လိုင်သယ်စစ်က ကိုယ့်မိဘတွေဆီ သွားပို့ပေးတုန်းက သူတို့နှစ်ယောက်လုံး ဒီမုန့်ကို တော်တော် ကြိုက်ကြတယ်…”
“တကယ်လား…ဒါဆို ကျွန်တော်တို့ အခုလည်း ဝယ်ပြီး ဦးလေးနဲ့ အဒေါ်ဆီ ပို့ပေးလိုက်ကြမယ်လေ…”
“သူတို့တွေ အရင်တစ်ခေါက် ပို့ထားတာကိုပဲ ကုန်အောင် စားပါစေဦး မဟုတ်ရင် ရက်လွန်သွားလိမ့်မယ်…”
မုထျန်းဟန်က မော့တိကို ကြည့်လိုက်ပြီး တစ်ခုခုကို သတိရသွား၏။ သူက တူကို ချထားလိုက်ပြီးနောက်
“ကိုယ် မင်းကို မပြောပြရသေးတာ ရှိတယ်…"
“ဘာအကြောင်းလဲ…”
မော့တိက သူ့ပါးစပ်ထဲသို့ ပဲဝါမုန့်တစ်တုံးကို အတင်း ထိုးသွပ်ထည့်လိုက်၏။ နူးညံ့၊ ချိုမြိန်ပြီး ပျော့ပြောင်းသော အရသာမှာ အမှန်တကယ် စိတ်ကြည်နူးစရာပင်။
“အစောပိုင်းက အသက်မပြည့်သေးတဲ့သူတွေ ပြိုင်ပွဲမှာ ဝင်ပြိုင်တာကို တားမြစ်ဖို့အတွက် အဆိုပြုတဲ့သူက ဘယ်သူလဲဆိုတာ ကိုယ် ရှာတွေ့ထားပြီ… မင်း အာရုံများသွားမှာ စိုးရိမ်တာနဲ့ အရင်တုန်းက မပြောပြခဲ့ရတာ…”
“ဘယ်သူလဲ…”
မော့တိက ဤကဲ့သို့သော အကြံပြုချက်မျိုးကို တင်သွင်းသူအား အမှန်တကယ်ပင် သိချင်နေသည်။
မုထျန်းဟန် - “သူ့နာမည်က ယဲ့ကောရှန်တဲ့…”
“ဘာပြောတယ်…”
မော့တိက ဝါးနေရင်းတန်းလန်း ရပ်သွားပြီး မုထျန်းဟန်ကို အံ့ဩတကြီး ကြည့်နေသည်။
“ယဲ့ကောရှန် ဟုတ်လား… ကိုကို သူဆိုတာ သေချာလို့လား…”
“ဟုတ်တယ်… ဘာဖြစ်လို့လဲ… မင်း သူ့ကို သိလို့လား…”
မုထျန်းဟန်က မော့တိ၏ တုံ့ပြန်မှုမှာ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလေ၏။
မော့တိက ဘာမှပြန်မဖြေသော်လည်း ယဲ့ကောရှန်မှာ မည်သူဖြစ်ကြောင်း သူ သေချာပေါက် သိထားပေသည်။ ထိုလူမှာ ဇာတ်ရံမင်းသား ယဲ့ချန်းဖုန်၏ ဖခင်ဖြစ်သူပင်။
ယဲ့ကောရှန်က ရှေးရိုးဆန်သော်လည်း သူ၏ဦးတည်ချက်မှာ ဘယ်သောအခါမှ ဂိမ်းအပေါ် မဟုတ်ခဲ့ပေ။ သူက ဂိမ်းပြိုင်ပွဲအပေါ် စိတ်ပါဝင်စားခြင်း မရှိဘဲ လုံးဝ လျစ်လျူရှုထား၏။ သို့ဖြစ်ရာ သူက အဘယ်ကြောင့် ဤကိစ္စတွင် ပါဝင်လာရပါသနည်း။
ဤသည်မှာ လုံးဝမူမမှန်ချေ။
မော့တိက သူ့ခေါင်းထဲတွင် ထင်ကြေးတစ်ခု ပေါ်လာသဖြင့် သူ့သွားကို ကြိတ်လိုက်ပြီး နာကြည်းမှုရော စိတ်ပျက်မှုပါ ဖြစ်ပေါ်လာလေသည်။
မော့လျှိုကွေ့က ယဲ့ချန်းဖုန်နှင့် အချိန်စောပြီး တွေ့ဆုံခဲ့ခြင်းပေလား။ ထို့နောက်တွင် သူမက ဤကိစ္စနှင့် ပတ်သက်ပြီး တစ်ခုခု လုပ်လိုက်ခြင်းလား။
Xxxxxxx