အပိုင်း ၄၉
Viewers 28k

Chapter 49


သို့သော် ဤသည်မှာ လုံးဝ အဓိပ္ပာယ်မရှိပေ။ အကြောင်းမှာ ယခုအချိန်တွင် မော့လျှိုကွေ့က သူ ဂိမ်းများ ဖန်တီးတတ်ကြောင်းကို မသိသေးသောကြောင့် ဖြစ်သည်။


မော့တိ၏ ဖြူဖပ်ဖြူလျော် ဖြစ်သွားသော မျက်နှာလေးကို မြင်လိုက်ရသောအခါ မုထျန်းဟန်က ထပ်မေးလိုက်သည်။ 


“ဘာဖြစ်လို့လဲ ကောင်လေး… မင်းက ယဲ့ကောရှန်ကို သိလို့လား…”


“အင်း… သေချာပြောရမယ်ဆိုရင်တော့ သိပ်မသိပါဘူး… မော့မိသားစုကပဲ သူနဲ့ ရင်းနှီးနေတာပါ… ပြီးတော့ သူတို့ရဲ့ဆက်ဆံရေးက သိပ်မဆိုးဘူးလို့ ပြောရမယ်…”


“မော့မိသားစုရဲ့ မိတ်ဆွေကောင်း ဟုတ်လား…” 


မုထျန်းဟန်၏ မျက်ခုံးနှစ်ဖက်မှာ အတူတကွ စုစည်းသွားပြီး သူ့အမူအရာမှာ လေးနက်သွားလေသည်။ 


"မင်း ဂိမ်းတွေ ရေးဆွဲတတ်နေပြီဆိုတာကို သူတို့ သိလား…”


“မပြောတတ်ဘူး… ကျွန်တော် မှတ်မိသလောက်ဆိုရင်တော့ သူတို့တွေ မသိပါဘူး…” 


မော့တိကလည်း ဤကိစ္စနှင့် ပတ်သက်ပြီး သိချင်နေသည်။ ဤသည်မှာ တိုက်ဆိုင်မှုသက်သက်ပေလော သို့မဟုတ် မော့မိသားစု၏ လက်ချက်ပေလော။ အကယ်၍ ၎င်းမှာ မော့မိသားစု၏ လက်ချက်ဆိုပါက သူ ဂိမ်းများ ဖန်တီးတတ်ကြောင်း သူတို့ မည်သို့ သိသွားကြပါသနည်း။


“ထားလိုက်ပါတော့… ကိုကို သူတို့အကြောင်း မပြောပဲနေရအောင်… ကျွန်တော်တို့တွေ ကြိုပြီး စိတ်ပူမနေဘဲ ဖြစ်လာတော့မှသာ မီးစင်ကြည့်က ကြတာပေါ့… ကိစ္စတွေက သူတို့ စီစဉ်တဲ့အတိုင်း ဖြစ်လာမှာ မဟုတ်ပါဘူး…” 


မော့တိက ရည်ရွယ်ချက်ရှိရှိဖြင့် စကားလမ်းကြောင်း လွှဲရန် ကြိုးစားလိုက်သည်။ 


“ကျွန်တော် နှစ်လနီးပါးလောက် ကောင်းကောင်း အနားမယူခဲ့ရတာ… ဒီနေ့တော့ ကျွန်တော် ကောင်းကောင်းစားပြီး ကောင်းကောင်း အနားယူရမယ်…”


“ပြဿနာမရှိပါဘူး…” 


မော့တိက ဤကိစ္စကို မပြောချင်ကြောင်း မြင်လိုက်ရသည့်အတွက် မုထျန်းဟန်က သူ့နောက်မှ အလိုက်သင့် ပြောပေးလိုက်သည်။ 


“မင်းက ဘယ်ကိုသွားပြီး ပျော်ချင်လို့လဲ…”


“ကစားကွင်းကို သွားကြရင်ရော ဘယ်လိုလဲ…” မော့တိက ပြောလိုက်သည်။ 


“အရင်တုန်းက ကျွန်တော့်ကို တစ်ယောက်မှ မလိုက်ပို့ဖူးဘူးလေ… နောက်ဆုံးတော့ ဒီနေ့ အဲ့ဒီကိုသွားဖို့ အခွင့်အရေး ရလာပြီ…”


မုထျန်းဟန်က မော့တိ၏ ပြုံးနေသော မျက်နှာလေးကို ကြည့်လိုက်ပြီး သူ့နှလုံးသားမှာ အရည်ပျော်ကျသွားလေသည်။ သူက ညင်သာစွာ ပြောလိုက်၏။


 “ကောင်းပြီလေ… မင်း ဒီနေ့ လုပ်ချင်တဲ့အရာတွေ အားလုံး လုပ်ကြတာပေါ့… မင်း ဘယ်နှခါ ဆော့ဆော့ ကိုယ် မင်းနဲ့ အတူတူ လိုက်ခဲ့ပါ့မယ်…”


“ကိုကို နောက်မှ နောင်တမရနဲ့နော်… ဒါဆို ကတိဖြစ်သွားပြီ…”


မုထျန်းဟန်က ပြုံးလိုက်သည်။ 


"အတည်ပြောတာပါ…”


သူတို့နှစ်ယောက်သား နေ့လည်စာ စားပြီးနောက်တွင် မြို့ထဲရှိ အကြီးဆုံးကစားကွင်းဆီသို့ သွားကြလေသည်။ 


သူတို့နှစ်ယောက်က စိတ်ဝင်စားစရာ ကောင်းသည့် ကစားနည်းများ အားလုံးကို ကစားပြီးနောက် ပြန်လာသည့် အချိန်၌ မှောင်လုနီးပါးပင် ဖြစ်နေပြီ ဖြစ်သည်။ နှစ်ယောက်လုံး လက်ထဲတွင် ဟော့ဒေါ့တစ်ချောင်းစီ ကိုင်ထားကြ၏။


“ကိုကို… ဒါက အရမ်းအရသာရှိတာပဲ…”


မော့တိက ချိစ့်နှင့် အခြားပစ္စည်းများတင်ထားသော ဟော့ဒေါ့ကို တစ်ကိုက် ကိုက်လိုက်ရာ ကောင်းမွန်လွန်းသည့် အရသာကို ခံစားလိုက်ရသည်။


“မင်း ညစာ စားဦးမှာမဟုတ်ဘူးလား… အပြင်စာတွေ စားတာ အရမ်းများနေပြီ…” မုထျန်းဟန်က မော့တိကို အလိုလိုက်ထားသော ပုံစံဖြင့် ခေါင်းကိုသာ ခါယမ်းနေသည်။ 


“ဒါ ကုန်သွားရင် ထပ်မစားနဲ့တော့… မင်း အစာအိမ် နာလာလိမ့်မယ်… ဒီည ကိုယ်တို့နှစ်ယောက် အစာကြေအောင် စွပ်ပြုတ်သောက်မှပဲ…”


“ညစာ ထပ်ပြီး မစားတော့ဘူးလေ… ကျွန်တော် စားထားတာတွေ များနေပြီ… ကြက်ဥမုန့်၊ ကြက်အူချောင်း၊ ဝေဖာ၊ ပန်ကိတ်၊ အသီးတွေရော ပြီးတော့ ဟော့ဒေါ့… အများကြီးပဲ… ကျွန်တော် ထပ်ပြီးတော့ မစားနိုင်တော့ဘူး…”


မော့တိက ပြတ်ပြတ်သားသားပင် ခေါင်းခါပြလိုက်သည်။


“ဒါဆို မင်း ဘယ်လောက်စားထားတယ်ဆိုတာကိုတော့ သိသေးတယ်ပေါ့လေ…”


 မုထျန်းဟန်က မော့တိကို ကြည့်ပြီး ရယ်နေသည်။ 


 


“ကောင်းပြီလေ အိမ်ပြန်ကြရအောင်… အစာကြေအောင် စွပ်ပြုတ် သောက်ကြတာပေါ့…”


“အင်း…” မော့တိက ခေါင်းငြိမ့်လိုက်သည်။


သူတို့ ဗီလာသို့ ပြန်ရောက်သောအခါ မော့တိက ဟောသွန်ရွက်စွပ်ပြုတ် နှစ်ပန်းကန် သောက်လိုက်ပြီးနောက် ပင်ပန်းသွားလေ၏။ ချက်ချင်းပင် သူက မုထျန်းဟန်ကို နှုတ်ဆက်ပြီး ရေမိုးချိုးရန် ထွက်သွားလေသည်။


မုထျန်းဟန်ကလည်း သူ့ကို ကောင်းသောညဟု ပြန်နှုတ်ဆက်ကာ နောက်ဆုံးတွင် သူ့အခန်းထဲသို့ ပြန်သွားခွင့် ပြုလိုက်သည်။


မော့တိက ရေမိုးချိုး၊ သွားတိုက်ကာ ညအိပ်ဝတ်စုံ လဲလှယ်ပြီးနောက် ချက်ချင်း တန်းပြီး အိပ်ရာ မဝင်သွားပေ။ ယင်းအစား သူက စားပွဲဆီသို့ သွားကာ သူ့ကွန်ပျူတာကို ဖွင့်လိုက်လေသည်။ ထို့နောက် လေးလံသော စိတ်ဖြင့် သူ့လက်ချောင်း ၁၀ ချောင်းကို ကီးဘုတ်ပေါ်သို့ ရွေ့လျားစေလိုက်ရာ ၁၀ မိနစ်အကြာတွင် အစီရင်ခံစာ တစ်စောင် ကျလာသည်။ 


၎င်းမှာ မော့လျှိုကွေ့၏ WeChat အကောင့်ပင်။


မော့လျှို့ကွေ့က သူ့ကို အမှန်တကယ် နှောင့်ယှက်ခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် သူမ၏ စကားပြောမှတ်တမ်းများက သဲလွန်စအချို့ ပေးနိုင်ပေသည်။


မော့လျှိုကွေ့၏ WeChat အကောင့်တွင် အဆက်အသွယ် ရှိသူများ များပြားလှသော်လည်း ၎င်းတို့အားလုံးကို ကောင်းစွာ စီစဉ်ထားလေသည်။ မော့တိက “C” ခေါင်းစဉ်အောက်တွင် ယဲ့ချန်းဖုန်ကို အလွယ်တကူပင် ရှာတွေ့ခဲ့သည်။


သူ တွေးထားသည့်အတိုင်းပင် မော့လျှိုကွေ့က ယဲ့ချန်းဖုန်နှင့် ကြိုတင်တွေ့ဆုံထား၏။ သို့သော် သူတို့ပြောသည့် အကြောင်းအရာများကို ရှာဖွေရန်အတွက်မူ စကားပြောမှတ်တမ်းကို ပြန်လည် ရယူရန် လိုအပ်ပေသည်။


မော့တိက မော့လျှိုကွေ့နှင့် ယဲ့ချန်းဖုန်တို့ကြား စကားပြောမှတ်တမ်းကို ပြန်လည် ရယူပြီးချိန်တွင် ည ၁၂ နာရီ ထိုးနေပြီ ဖြစ်၏။ လိုင်သယ်စစ်က ကီးကြောင်နေသော အသံဖြင့် သီချင်းဆိုနေသဖြင့် သူ အရက်မူးသမား တစ်ယောက်လို ပြန်လာနေသည်ကို မော့တိက ကြားနေရသည်။


ဤအခိုက်တွင် မော့တိက လိုင်သယ်စစ်ကို ထွက်ပြီး နှုတ်ဆက်ချင်နေသည့် စိတ်အခြေအနေ မဟုတ်ပေ။ သူ့ရှေ့မှ စကားပြောမှတ်တမ်းက သူ့စိတ်ထဲရှိ အကြောက်ဆုံးသော အခြေအနေတစ်ခုကို သက်သေပြနေသည်။


“အင်တာနက်ပေါ်က လူရမ်းကားတွေက ဒီလောက်ကောင်းတဲ့ မင်းရဲ့ အကြံဉာဏ်ကို ဆန့်ကျင်လိမ့်မယ်လို့ ကိုယ် မထင်ထားဘူး… ရှောင်ကွေ့ အဲ့ဒီကိစ္စကြောင့်နဲ့ မင်း စိတ်မဆိုးပါနဲ့နော်…”


“ဘာမှမဖြစ်ပါဘူး… တခြားသူတွေနဲ့မတူဘဲ အရမ်း အတွေးလွန်သွားတာ ထင်တယ်… ကျွန်မ သူတို့ကို အပြစ်မတင်ပါဘူး… ချန်းဖုန် ရှင်လည်း ဒီကိစ္စကို သိပ်ပြီး အလေးအနက် ထားနေစရာ မလိုပါဘူး…”


“ဒီကိစ္စကို ကိုယ်က ဘယ်လိုလုပ်ပြီး အလေးအနက် မထားဘဲ နေနိုင်မှာလဲ…”



ယင်းမှာ အမှန်တကယ်ပင် မော့လျှိုကွေ့၏ ဝင်ရောက်စွက်ဖက်မှု ဖြစ်နေ၏၊ သို့ရာတွင် အဘယ်ကြောင့်နည်း။


မော့တိ၏ စိတ်ခံစားချက်များမှာ ပင်ပန်းနွမ်းနယ်နေ၏။ သူက သူ့အရင်ဘဝမှ အသိပညာများကို အားကိုးလွန်းပြီး ၎င်းကြောင့် ဘောင်ခတ်ထားခံရသလို ဖြစ်နေကြောင်း လက်ခံသွားလေသည်။ သူ့အရင်ဘဝနှင့် ယခုဘဝအစပိုင်း၌ပင် မော့လျှိုကွေ့မှာ အခြားသူများကို ထိခိုက်နစ်နာစေရန် ဘယ်သောအခါမှ စတင် ပြုလုပ်လေ့မရှိသော ဖြူစင်ပြီး အပြစ်ကင်းစင်သည့် မင်းသမီးလေး တစ်ပါး ဖြစ်သည်။ အကယ်၍ သူမ ဝင်ပါချင်လျှင်ပင် အပေါ်ယံ၌ အန္တရာယ်မပေးနိုင်ဟု ထင်မှတ်ရသော သူမ၏ နူးညံ့သိမ်မွေ့သော စကားလုံးများဖြင့်သာ သန့်သန့်ရှင်းရှင်း လုပ်လေ့ရှိသည်။ သူမကိုယ်တိုင်ကမူ မည်သည့်ကိစ္စကိုမှ ပေါ်ပေါ်ထင်ထင် လုပ်လေ့မရှိပေ။


ယခုအခါတွင် အခြေအနေမှာ ပြောင်းလဲသွားပုံ ရ၏။ 


မော့တိက ထိုစာမျက်နှာကို ပိတ်ကာ ကွန်ပျူတာကို စက်ပိတ်လိုက်သည်။ 


ဤအခြေအနေမျိုးတွင် သူ၏ ယခင်အစီအစဉ်များကို ပြောင်းလဲရမည် ဖြစ်၏။


ထို့နောက် မော့တိက ရှာဖွေမှုအများဆုံးစာရင်းကို စောင့်ကြည့်မည့် အယ်လဂိုရီသမ် အနည်းငယ်ကို ဖန်တီးလိုက်ပြီး မော့လျှိုကွေ့နှင့် ပတ်သက်သော သတင်းများ တက်လာတိုင်း သူ့အား သတိပေးမည် ဖြစ်သည်။ 


အကယ်၍ သတင်းတစ်ခုကို မြင်လိုက်ရပါက ထိုသတင်းတစ်ခုကို ဖိနှိပ်မည် ဖြစ်ပြီး နှစ်ခုကို မြင်လိုက်ရပါက နှစ်ခုလုံး တူညီသော ကံကြမ္မာကို ရင်ဆိုင်ကြရပေလိမ့်မည်။


သူက ထိုသတင်းကို အနိမ့်ဆုံးထိ ရောက်အောင် ဖိနှိပ်လိုက်၏။ ထို့ကြောင့် ထိပ်တန်း အဆင့် ၂၀ သို့မဟုတ် ၃၀ အတွင်း၌ ပေါ်လာရန်ပင် မဖြစ်နိုင်တော့ချေ။


ဤနည်းလမ်းက ကြမ်းတမ်းလွန်းပြီး မရိုးဖြောင့်သော နည်းလမ်း ဖြစ်နေပါသလော။


ဝမ်းနည်းစရာ ကောင်းသော်လည်း ယခုအချိန်မှစ၍ သူ့စိတ်ထဲတွင် လူကြီးလူကောင်း တစ်ယောက် ဖြစ်ချင်စိတ် မရှိတော့ပေ။


ဤဘဝတွင် သူက မော့လျှိုကွေ့ကို ယခင်ကကဲ့သို့ မရေမတွက်နိုင်သော ထောက်ခံသူ အများအပြား ရရှိထားသည့် နိုင်ငံအချစ်တော် အလှနတ်ဘုရားမတစ်ဦး ဖြစ်လာစေရန် လွှတ်မထားနိုင်တော့ပါ။


နှစ်ရက်အတွင်းမှာပင် မော့လျှိုကွေ့၏ အသစ်ခန့်အပ်ထားသော ပွဲစားနှင့် စွင်းယီလန်၏ ဝန်ထမ်းများက တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ခံစားမိလိုက်ကြသည်။ သူတို့က မော့လျှိုကွေ့အတွက် ရှာဖွေမှုအများဆုံးတစ်နေရာ ဝယ်ယူလိုက်တိုင်း ၁၀ မိနစ်မပြည့်မီတွင် ၎င်းမှာ စာရင်းမှ လျှောကျသွားခြင်း သို့မဟုတ် အခြားသော ကြုံရာကျပန်း သတင်းအချို့က ကျော်တက်သွားခြင်းမျိုး ဖြစ်နေခဲ့၏။ အင်တာနက်က သူတို့၏ ရှာဖွေမှုအများဆုံး နေရာကို မြှုပ်နှံပစ်ရန် ကြိုးစားနေသည့်အလား ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်လွန်းလှပေသည်။


မော့လျှိုကွေ့၏ အေးဂျင့် လီကျောက်ချိုင်က စိတ်ပျက်လက်ပျက် ဖြစ်လာ၏။ သူက Weibo ၏ စီမံခန့်ခွဲရေးရုံးသို့ ဖုန်းဆက်ကာ မေးခွန်းထုတ်ခဲ့သော်လည်း သူ ရရှိလာသည့် တုံ့ပြန်ချက်မှာ လုံးဝ အဓိပ္ပာယ်မရှိပေ။ ဤကိစ္စမှာ သူတို့၏ အတွင်းပိုင်းပရိုဂရမ်များတွင် ပြဿနာရှိနေခြင်း သို့မဟုတ် တိုက်တိုက်ဆိုင်ဆိုင်ပင် အခြားသော ခေါင်းစဉ်များမှာလည်း ရေပန်းစားလာခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြောထားလေသည်။ သူတို့က ပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရန် အာမခံလိုက်ပြီး သူတို့၏ နောက်ထပ် ဝယ်ယူမှုကို အခမဲ့ရှာဖွေမှုအများဆုံးနေရာ တစ်နေရာဖြင့် လျော်ကြေး ပေးခဲ့သည်။


လီကျောက်ချိုင်က ပြန်လည်သင့်မြတ်ရန်ထက် ဒေါသထွက်နေခဲ့သော်လည်း Weibo ၏ ဝန်ထမ်းများကပါ စိုးရိမ်ကြောင့်ကြနေကြသည့်အကြောင်းကို သူ မသိခဲ့ပေ။ ထိုဝန်ထမ်းများက သူတို့၏ ကွန်ရက်ကို ဟက်ကာတစ်ဦးက စောင့်ကြည့်နေသည်ဟု သံသယရှိလာကြပြီး ၎င်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းလမ်းများ တွေးတောနေကြရလေသည်။


ဒေါသတကြီး ဝုန်းဒိုင်းကြဲကာ ပေါက်ကွဲပစ်လိုက်ပြီးနောက် လီကျောက်ချိုင်က သူ့ဖုန်းကို မရိုက်မိအောင် မနည်း စိတ်ထိန်းလိုက်နိုင်၏။ ထို့နောက် သူက နောက်ထပ် ရှာဖွေမှုအများဆုံးနေရာ နှစ်ခုကို ဝယ်ယူလိုက်ပြီး ထိပ်ဆုံးအဆင့် ၂၀ အတွင်းသို့ မဝင်ရောက်နိုင်ပါက မော့လျှိုကွေ့အား နာမည်ကြီးလာအောင် ပိုက်ဆံသုံးပေးမည့် အကြံအစည်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။


Xxxxxxxx