Chapter 50
မော့လျှိုကွေ့၏ ရှာဖွေမှုအများဆုံးစာရင်းနေရာများကို ရက်အနည်းငယ်ကြာအောင် ဖိနှိပ်ပြီးနောက် မော့တိတို့၏ ကျင်းသာ့ကျောင်းမှ စာသင်ရက်များသို့ စတင် ရောက်ရှိလာပြီ ဖြစ်သည်။
မော့တိက သူ့အဝတ်အစားအိတ်ကို ထုပ်ပိုးကာ ကျောပိုးအိတ်ကို လွယ်ပြီး ကျောင်းသို့ သွားရန် မုထျန်းဟန်၏ ကားပေါ်သို့ တက်လိုက်သည်။
ဖန်ချန်းလောင်နှင့် ဟန်ချောင်တို့က မော့တိကို လိုက်ပို့ချင်သော်လည်း မုထျန်းဟန်ပါ ပါလာသည်ကို တွေ့လိုက်ရသောအခါ သူတို့နှစ်ယောက် နောက်ဆုတ်လိုက်ရသည်။
ထားလိုက်ပါ… စစ်ရေးလေ့ကျင့်မှု ပြီးတဲ့အထိ စောင့်ရသေးတာပေါ့…။
သူတို့နှစ်ယောက်သား မုထျန်းဟန်ကို နောက်ဆုံးတစ်ခေါက် တွေ့ခဲ့ရသည့်အချိန်က မုထျန်းဟန်မှာ သားရဲတစ်ကောင်အလား ဖုံးကွယ်ထားသော စိတ်ဆန္ဒများကို သယ်ဆောင်ထားသည်ဟု စိတ်ထင့်နေခဲ့ကြ၏။
သို့သော် သူက မော့တိကို ဘယ်လောက်အတိုင်းအတာထိ ကူညီခဲ့ကြောင်း သိရှိပြီးနောက်တွင် ယခုလို တွေးမိသည့်အတွက် အနည်းငယ် အပြစ်ရှိသလို ခံစားမိခဲ့ကြလေသည်။ သို့တိုင် သူတို့နှင့် မုထျန်းဟန် တွေ့ဆုံတိုင်း ဤခံစားချက် ထပ်မံ၍ ပေါ်လာပြန်သည်။
ထို့ကြောင့် လောလောဆယ် သူနှင့် မဆုံအောင် ရှောင်နေသည်က ပိုကောင်းပေသည်။
မော့တိ ကျင်းသာ့ကျောင်းသို့ ရောက်သောအခါ သူ့ကို စီနီယာနှစ်ယောက်က ကြိုဆိုလိုက်ကြသည်။ စွင်းရှုရှုဟု ခေါ်သည့် စီနီယာမမက ရွှင်မြူးတက်ကြွပြီး တစ်ချိန်လုံး ပြုံးနေတတ်ကာ စီနီယာအစ်ကိုကြီးမှာမူ အနည်းငယ် အေးတိအေးစက် နိုင်သော်လည်း သူတို့နှစ်ယောက်လုံး လူကောင်းများဟု ထင်ရပေသည်။
“ဂျူနီယာလေး… ကျောက်ချင်ကုန်းကို သူ့ရုပ်နဲ့တင် ကြည့်ပြီး အကဲမဖြတ်လိုက်နဲ့နော်… သူ့မျက်နှာက လေဖြတ်နေတယ်ဆိုပေမယ့် သူက အရမ်းသဘောကောင်းတာ… သူ့ကို ကြောက်နေစရာ မလိုဘူး…”
စွင်းရှုရှုက ကျောက်ချင်ကုန်း၏ ပုခုံးကို တစ်ချက် လှမ်းပုတ်လိုက်သည်။ ထို့နောက် သူမက မော့တိကို ကြည့်လိုက်၏။
“သူက ဒီတိုင်း စိတ်ရှုပ်နေတာ… ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ရုပ်ချောတဲ့ ဂျူနီယာလေးတွေ ရှေ့မှာဆိုရင် သူ စိတ်ရှုပ်နေတတ်တာ…”
“နင် ပေါက်ကရတွေ မပြောနဲ့…”
ကျောက်ချင်ကုန်းက စွင်းရှုရှုကို စိုက်ကြည့်လိုက်သည်။
“အိုး… နင့်မျက်နှာကြီး လေဖြတ်နေတာ ပျောက်သွားပြီလား…”
“စီနီယာတို့က တော်တော်လေး ခင်ကြတဲ့ပုံပဲ…”
မော့တိက ရယ်လိုက်သည်။
“ကျွန်တော်တို့ ဘယ်မှာ သတင်းပို့ရမှာလဲ…”
“ဟိုးက စားပွဲရှည်ကြီးကို တွေ့လား… အဲ့ဒီကို သွားပြီး လက်မှတ်ထိုး ပြီးရင် မင်းရဲ့ အိပ်ရာနဲ့ တခြားပစ္စည်းပစ္စယတွေ ယူလို့ရပြီ… အဲ့ဒီကပြီးရင်တော့ မင်းတို့ကို သတ်မှတ်ပေးထားတဲ့ အဆောင်ဆီ သွားပြီး သတင်းပို့ရမှာ…”
စွင်းရှုရှုက မော့တိကို ကြည့်လိုက်ပြီးနောက် နေကာမျက်မှန် တပ်ထားည့် မုထျန်းဟန်ကို လှမ်းကြည့်လိုက်၏။
“ဂျူနီယာလေး… သူက မင်းရဲ့အစ်ကိုလား…”
“အင်း…” မော့တိက ရယ်ချင်စိတ်ကို အောင့်ထားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ကျင်းသာ့ကျောင်းမှ ကျောင်းသားအများစုမှာ လက်ရှိအရေးကိစ္စများနှင့် ကမ္ဘာ့အချမ်းသာဆုံးစာရင်းကဲ့သို့ ကိစ္စများကို စိတ်မဝင်စားကြသော်လည်း သူတို့က ဤကိစ္စများနှင့် မစိမ်းပေ။ ထို့ကြောင့် မုထျန်းဟန်က အနည်းငယ် ရုပ်ဖျက်ထားရ၏။ နေကာမျက်မှန် တပ်ထားပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသည့်တိုင်အောင် သူ၏ ပုံစံနှင့် အသွင်အပြင်မှာ ရုပ်ရှင်ဇာတ်ကား ပိုစတာထဲမှ တစ်ယောက်ယောက်ကဲ့သို့ စွဲမက်ဖွယ်ရာ ကောင်းနေဆဲပင်။
“မင်းရဲ့အစ်ကိုက အရမ်းချောတာပဲ… ရုပ်ရှင်မင်းသားတွေထက်တောင်မှ ပိုပြီး ကြည့်ကောင်းသေးတယ်… အင်းပေါ့… မင်းကလည်း ချောတာပဲလေ… ဒါပေမဲ့ မင်းတို့နှစ်ယောက်က ပုံစံချင်းမတူဘူး…”
စွင်းရှုရှုက သက်ပြင်းချလိုက်သည်။
“ဒါက အားကောင်းတဲ့ မျိုးရိုးဗီဇပဲ ဖြစ်မယ်…”
မော့တိက ပြုံးကာ ပြောလိုက်သည်။
"စီနီယာမမကလည်းနော် မမလည်း လှပါတယ်… မမနောက်ကို လိုက်နေတဲ့ ကျောင်းသားတွေ အများကြီး ရှိမှာပဲ…”
“အိုး… မင်းက တော်တော် အပြောကောင်းသားပဲ… ဒီနှစ်ဂျူနီယာလေးတွေ အရမ်း စကားတတ်တယ်…”
မော့တိ လက်မှတ်ထိုးပြီးသွားသည်ကို မြင်သောအခါ စွင်းရှုရှုက တီးတိုးပြောလိုက်သည်။
“မင်းနဲ့ မင်းအစ်ကိုဆီမှာ ရည်းစားရှိလား… မမက ဒီတိုင်း စပ်စုကြည့်တာပါ… တခြားရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူး…”
“ဟင့်အင်း… ကျွန်တော့်အစ်ကိုက အမြဲတမ်း အလုပ်များနေတာ… ကျွန်တော်ကတော့ စာပဲ လေ့လာချင်သေးတယ်… အချစ်အတွက် အချိန်မရှိသေးဘူး…”
မော့တိက အလေးအနက် ပြန်ဖြေလိုက်သည်။
မော့တိ၏ ကျောင်းဝင်ခွင့်ကို ကိုင်တွယ်နေရသည့် ကျောင်းသူလေးက ကျယ်လောင်စွာ ရယ်မောလိုက်၏။
“မင်း ခုံနံပါတ် ၁ ရတယ်ဆိုတာ ထူးတော့ မထူးဆန်းပါဘူး… စိတ်ဝင်စားစရာ ကောင်းသားပဲ…”
နောက်ထပ် စီနီယာတစ်ယောက်ကလည်း သူ့ကို ကြည့်ပြီး ပြောသည်။
“အခု မင်းက တက္ကသိုလ်ရောက်နေပြီ ဆိုတော့ အခုကစပြီး ချိန်းတွေ့လို့ ရပါတယ်… စိတ်မပူပါနဲ့…”
“အမှန်ပဲ… အခုက ချစ်ဖို့အချိန်တန်ပြီလေ… အများကြီး လျှောက်စိတ်ပူမနေနဲ့…”
“ကွန်ပျူတာဌာနမှာတော့ မိန်းကလေးတွေ သိပ်ပြီး မများဘူးဆိုပေမယ့် စာရင်းအင်းဌာန၊ ဘာသာစကားဌာနနဲ့ အနုပညာဌာနတွေမှာ အများကြီး ရှိနေတာပဲ… တကယ်လို့ မင်း တစ်ယောက်ယောက်ကို ကြိုက်တယ်ဆိုရင် သတ္တိရှိရှိ သွားပြောလိုက်…”
“ဂျူနီယာလေး… မင်းက ၁၈ မပြည့်သေးဘူးမဟုတ်လား…”
“အိုင်းယား… စံနမူနာကောင်းမဖြစ်တဲ့ စီနီယာတွေ… ငါ့ဂျူနီယာလေးကို အတတ်ကောင်းတွေ သင်ပေးမနေနဲ့…”
---
မော့တိက ဘာပြောရမှန်း မသိသဖြင့် စီနီယာများကို ပြုံးရုံသာ ပြုံးပြလိုက်သည်။ စာရင်းသွင်းပြီးနောက် သူက အိပ်ရာလိပ်နှင့် သူ့ပစ္စည်းများကို ယူဆောင်ကာ မုထျန်းဟန်နှင့်အတူ အဆောင်ဆီသို့ သယ်သွားလေသည်။
ကျောက်ချင်ကုန်းက မော့တိကို လမ်းပြပေးချင်သော်လည်း နောက်ထပ် ကျောင်းသားများ ထပ်ပြီး ရောက်လာသဖြင့် သူတို့ကို အရင် ကူညီပေးလိုက်ရသည်။
“ကိစ္စမရှိပါဘူး… စီနီယာက အလုပ်များနေတာပဲကို ကျွန်တော့်ဘာသာပဲ သွားလို့ ရပါတယ်… ကူညီပေးလို့ ကျေးဇူးပါ…”
မော့တိက ပြုံး၍ ပြောလိုက်သည်။ ကျောက်ချင်ကုန်းနှင့် စွင်းရှုရှုတို့က ဂျူနီယာအသစ်လေးများကို နှုတ်ဆက်ရန် ထွက်သွားစဉ် မော့တိနှင့် မုထျန်းဟန်တို့က အိပ်ဆောင်ဘက်သို့ ထွက်လာကြလေသည်။
မုထျန်းဟန်က နောက်ဆုံးတွင် စကားပြောလာ၏။
“ကောင်လေး… မင်းက အခုထိ လူကြီးမဖြစ်သေးဘူး… အစောကြီး ချိန်းတွေ့ဖို့မလုပ်နဲ့ နားလည်လား…”
“ဟာ…”
မုထျန်းဟန်က ဤကိစ္စကို ထုတ်ပြောလာလိမ့်မည်ဟု မော့တိက မမျှော်လင့်ထားပေ။ သူက အနည်းငယ် ရှက်သွားသော်လည်း ခေါင်းငြိမ့်ကာ “ဟမ်” ဟူ၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“မင်း လူကြီးတစ်ယောက် ဖြစ်လာပြီး အဲ့ဒီအချိန် မင်းမှာ တကယ် သဘောကျရတဲ့သူ ရှိလာရင် မင်း အဲ့ဒီကျမှ တွဲလို့ ရတာပဲ… ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မင်း ဒီကိစ္စကို ကိုယ့်ကို ပြောပြရမယ်… အဲ့ဒါမှ ကိုယ် မင်းကို နောက်ခံအချက်အလက် စစ်ဆေးတာမျိုး လုပ်ပေးလို့ ရမှာ…”
မုထျန်းဟန်က ပြုံးနေသော်လည်း စိတ်ထဲတွင်မူ တစ်ထပ်တည်း ဖြစ်မနေပေ။ နှစ်လအတွင်း ၁၈ နှစ် ပြည့်တော့မည် ဖြစ်သော သူ့ကောင်ငယ်လေးအား ရင်နာနာဖြင့် စောင့်ဆိုင်းနေရပြီးနောက် တစ်စုံတစ်ယောက်ကသာ အရင်ဦးသွားမည်ဆိုပါက သူ မည်သည့်နည်းနှင့်မျှ ပျော်ရွှင်နိုင်မည် မဟုတ်ပါ။
မော့တိက အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ မုထျန်းဟန်က သူ ဘာကိုဆိုလိုပါသနည်း။ သူတို့၏ မိတ်ဆွေ ဆက်ဆံရေးကြောင့် ယခုလို ပြောခြင်းပေလော… သို့မဟုတ်…
ဤကိစ္စနှင့် ပတ်သက်ပြီး သူ့ဦးနှောက်က အသုံးမကျသလို ဖြစ်နေသည်ဟု မော့တိ ခံစားလိုက်ရသည်။ ယခင်က သူ့အနေဖြင့် ရည်းစား တစ်ခါမှ မထားခဲ့ဖူးသလို အတွေ့အကြုံ လုံးဝ မရှိချေ။ ထို့ကြောင့် ကိစ္စတော်တော်များများကို နားမလည်နိုင်အောင် ဖြစ်နေရသည်။ ထို့ပြင် သူ ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားကြည့်သည့်အချိန်တိုင်း သူ့ခေါင်းထဲတွင် မြူလွှာ တစ်ထပ် ဖုံးအုပ်ထားသည့်အလား ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်း မရှိတော့သလို အမြဲတမ်း ခံစားနေရသည်။
မော့တိက လောလောဆယ် ဤကိစ္စကို ခဏ ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဖြစ်စေ အခြား အရေးကြီးသော ကိစ္စတစ်ခု ရှိနေသည် မဟုတ်ပါလော။
မော့တိ အဆောင်သို့ ရောက်သောအခါ အခြားကျောင်းသား နှစ်ယောက်က အခန်းထဲသို့ ရောက်နေကြပြီ ဖြစ်သည်။ တစ်ယောက်က အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် ခပ်ပြည့်ပြည့် ကောင်လေးတစ်ယောက် ဖြစ်ပြီး အခြားတစ်ယောက်ကမူ ဆန့်ကျင်ဘက်ပင်။ သူက ပိန်လွန်းသဖြင့် အရိုးများပင် ထိုးထွက်နေပြီး အသားအရေမှာလည်း ဖြူဖွေးနေ၏။
“ဟယ်လို…” မော့တိက အရင်ဆုံး နှုတ်ဆက်လိုက်သည်။
“ဟိုင်း…” ဖြူဖွေးသော အသားအရေ ပိုင်ရှင် ကောင်လေးက ခေါင်းမော့ကြည့်လိုက်ရာ ထိတ်လန့်အံ့ဩသွားလေသည်။
“မင်း… မင်းက မော့…”
“ငါ့နာမည်က မော့တိ…မင်းကရော…”
“ငါ့နာမည်က ရှန့်ယွီချောင်… မင်းက တကယ်ပဲ အဲ့ဒီမော့တိလား…”
ရှန့်ယွီချောင်က ရုတ်တရက် ထခုန်လိုက်၏။
“သူငယ်ချင်းရာ မင်း တကယ့်ကို ခက်ခဲခဲ့မှာပဲ… အခုတော့ မင်းဘာသာ တစ်ယောက်တည်း နေနေပြီလား…”
မော့တိက ဤလူမှာ ဗွီဒီယိုဖိုင်ကို ကြည့်ဖူးထားသူ တစ်ယောက် ဖြစ်လိမ့်မည်ဟု နားလည်လိုက်သည်။ သူက ခေါင်းခါပြီး ပြုံးရွှင်စွာ ပြန်ဖြေလိုက်၏။
“မဟုတ်ပါဘူး… ဒါနဲ့ မင်းရဲ့ နာမည်ထဲ “ယွီ”နဲ့ “ချောင်” ကို ဘယ်လို ရေးရတာလဲ…”
“ရှန့်ယွီ (咸鱼-ရေငံငါး) က ယွီဆိုတဲ့စကားလုံးနဲ့ ချောင်ရွှေ (潮水-ဒီရေ)က ချောင်လေ… မင်း သူ့ကို ငါးပိကောင်လို့ ခေါ်လို့ရတယ်…”
ရှန့်ယွီချောင်အနားတွင် သူ့ပစ္စည်းများကို အထုပ်ဖြည်နေသည့် ကောင်လေးက နှာမှုတ်သံနှင့် ဖြေလိုက်သည်။
“လင်ကျွင်းဖုန်… ပေါက်ကရတွေ လျှောက်မပြောနဲ့…”
ရှန့်ယွီချောင်က လင်ကျွင်းဖုန်းကို စိုက်ကြည့်လိုက်ရင်း မော့တိကို ပြောလိုက်သည်။
“ဒီကောင်က ငါနဲ့ အထက်တန်းတည်းက တစ်ခန်းတည်းအတူတူ ကျတာဆိုတော့ ငါတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သိတာ နည်းနည်းတော့ ကြာပြီ… သူ့ပေါက်ကရစကားတွေကို နားထောင်မနေနဲ့… ငါ့နာမည်က ယွီဆိုတာ ယွီအာထုံးရှောင်ဝမ်ကုချုံ (与尔同销万古愁 နာမည်ကြီးကဗျာတစ်ပုဒ်မှ)နဲ့ ချောင်ဆိုတာက ချောင်ကျီယင်းရှုံ (超级英雄 စူပါဟီးရိုး)ဆိုတဲ့ အဓိပ္ပာယ်ပဲ…”
“မင်းတို့နှစ်ယောက်က ပေါင်းလို့သင်းလို့ ကောင်းသားပဲ…”
“မင်းတို့နှစ်ယောက်က တော်တောင် ခင်ဖို့ကောင်းတာပဲ…”
“မဖြစ်နိုင်တာ… ဒီကောင် ငါ့ကို အဲ့ဒီနာမည်ပြောင်ကြီးပဲ လိုက်ခေါ်နေတယ်… ပြီးတော့ သူ့နာမည်ကလည်း သူနဲ့ မလိုက်ဘူးလေ… လင်ကျွင်းဖုန်ဆိုတာ ဒီလောက် လှတဲ့နာမည်လေးကို ဒါပေမဲ့ သူ့ကို ကြည့်စမ်းပါဦး…”
“ငပိကောင်… မင်း ငါ့ကို ပြဿနာရှာချင်နေတာလား… ငါ့ကို လာမရှုပ်နဲ့နော် မဟုတ်ရင် မင်းကို ငါ ကြိုက်မိသွားလိမ့်မယ်…”
လင်ကျွင်းဖုန်က ရှန့်ယွီချောင်ကို ဘေးဘက်သို့ ဆွဲလိုက်ပြီး မော့တိကို ပြောသည်။ “ဒီကောင်က တော်တော့်ကို စကားပြောတဲ့ကောင်… သူ့ကိုအရေးမလုပ်နဲ့ မဟုတ်ရင် သူစကားပြောတာ ရပ်တော့မှာ မဟုတ်ဘူး…”
မော့တိက သူတို့နှစ်ယောက်ကို ကြည့်ရင်း အနည်းငယ် ရယ်ချင်မိပြီး အားကျသလိုလည်း ခံစားလိုက်ရသည်။
“မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သိတာ ဘယ်လောက်ကြာပြီလဲ…”
“ခြောက်နှစ်…” ရှန့်ယွီချောင်က ဆက်ပြောသည်။
“မော့တိ ငါ့အမေက မင်းကို တကယ် ချစ်တာ… သူက မင်းကို ကိုယ်ချင်းလည်းစာတယ်တဲ့… မင်းကို သူ့သားလေး ဖြစ်ရင် ကောင်းမယ်ဆိုပြီး ပြောနေတာ… မင်းက ငါ့အခန်းဖော် ဖြစ်နေတာ အမေသိရင် သူ ဒီကိုလာလည်မှာပဲ…”
မော့တိက အံ့အားသင့်စွာဖြင့် ပြုံးလိုက်သည်။
“တကယ်လို့ အန်တီ လာလည်မယ်ဆိုရင် ငါတို့တွေ သူ့ကို ကြိုဆိုရမှာပေါ့…”
ထို့နောက် သူက မုထျန်းဟန်ဆီသို့ လှည့်ကာ ပြော၏။
“ကိုကို… အခု ပြန်လို့ရပါပြီ… ကျွန်တော် တစ်ယောက်တည်း လုပ်နိုင်ပါတယ်…”
မော့တိ၏ အခန်းဖော်နှစ်ယောက်က လူကောင်းဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် မုထျန်းဟန် စိတ်သက်သာရာ ရသွားလေသည်။ သူက ပြောသည်။
“မင်း တစ်ခုခုလိုရင် ကိုယ့်ကို ဖုန်းဆက်လိုက်… ဟုတ်ပြီလား…”
“အင်း ကျွန်တော် သိပါပြီ…” မော့တိက သူ့ကိုယ်သူ အာမခံလိုက်ပြီး မုထျန်းဟန်ကို လိုက်ပို့ပေးလိုက်သည်။
“ကိုကို … ကျွန်တော် စစ်သင်တန်း ပြီးရင် ပြန်လာလို့ ရပါပြီ… ကျွန်တော့်ကို စိုးရိမ်စရာ မလိုပါဘူး…”
“မင်းစစ်သင်တန်းက ဘယ်လောက် ကြာမှာလဲ…”
“၁၀ ရက်လို့ ထင်တာပဲ…”
“ဖုန်းရော ဆက်လို့ရလား…”
“မသိဘူးလေ… ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ ရောက်နေတဲ့အချိန်ဆိုရင်တော့ ဆက်လို့ မရလောက်ဘူး… ကျွန်တော်တို့ ကျောင်းကို ပြန်ရောက်နေတဲ့အချိန်ဆိုရင်တော့ ရမှာပါ…”
မော့တိက ပြောသည်။
“ကိုကို စိတ်ပူစရာ မလိုပါဘူး… ဒီလောက်အချိန်တိုလေးအတွင်းမှာတော့ ကျွန်တော် ဘာမှမဖြစ်လောက်ပါဘူး…”
“အိုကေ… မင်းကိုယ်မင်း ဂရုစိုက်…”
မုထျန်းဟန်က မော့တိ၏ ဆံပင်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
"အခု ပြန်သွားတော့လေ… မင်းရဲ့ အခန်းဖော်တွေနဲ့ ပျော်ပျော်နေ… ဒါပေမဲ့ သူတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလို့ မင်း ထင်ရင် သူတို့ကို သည်းခံနေစရာ မလိုဘူး…”
“အင်း…”
မုထျန်းဟန်က ကားမောင်းထွက်သွား၏။ မော့တိက ထောင့်တစ်နေရာတွင် ပျောက်ကွယ်သွားသော ကားကို ကြည့်ရင်း ရင်ဘတ်ထဲ ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။
သို့သော် နောက်တစ်ခဏတွင် သူက ခေါင်းခါလိုက်ပြီး သူ့ကိုယ်သူ ခေါင်းကို တစ်ချက် ရိုက်ကာ ဤခံစားချက်ကို ဖိနှိပ်ရန် ကြိုးစားလိုက်လေသည်။
တစ်စုံတစ်ယောက်ကို အလွန်အကြူး မှီခိုခြင်းမှာ အလေ့အကျင့်ကောင်းတစ်ခု မဟုတ်ပေ။
ထိုလူမှာ မုထျန်းဟန် ဖြစ်နေပါက သာ၍ဆိုးပေသည်။
မော့တိက အဆောင်သို့ ပြန်သွားပြီး သူ့နေရာကို သန့်ရှင်းရေးလုပ်ရင်း ကိုယ့်ကိုယ်ကိုယ် မအားလပ်အောင် လုပ်နေလိုက်သည်။ သူ အားလုံးလုပ်၍ ပြီးခါနီးတွင် သူတို့၏ နောက်ဆုံးအခန်းဖော် ရောက်လာ၏။
“ငါက နောက်ဆုံးပဲလား…”
အားကစားဝတ်စုံ ဝတ်ဆင်ထားသော ရုပ်ရည်ကြည့်ကောင်းသည့် ကောင်လေး တစ်ယောက်က သူတို့ကို တောက်ပစွာ ပြုံးပြလိုက်သည်။ ။
“ငါ့ကိုယ်ငါ စောတယ်ထင်နေတာ…”
“ငါ့ကို ချန်ကျောင်းလို့ပဲ ခေါ်ပါ… မင်းတို့ကရော…”
“ငါက ရှန့်ယွီချောင်… သူက လင်ကျွင်းဖုန်… သူကတော့ မော့တိတဲ့…”
“တွေ့ရတာ ဝမ်းသာပါတယ်…” မော့တိ၏ နာမည်ကို ကြားလိုက်ရသောအခါ ချန်ကျောင်းက အနည်းငယ် အံ့ဩသွားပုံ ရလေသည်။ သူက နောက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။
“ဦးလေးဝမ်… ဦးလေးလီ…ခရီးဆောင်အိတ်ကို ဒီနေရာပဲ ထားလိုက်ပါ… ကျွန်တော့်ဘာသာ အထုပ်ဖြည်လိုက်ပါ့မယ်…”
“ကျွန်တော်တို့ ဒီလိုလုပ်လို့ မရလို့ပါ… သခင်လေး ကျွန်တော်တို့ပဲ လုပ်ပေးခဲ့ပါ့မယ်… မြန်မြန်လေး လုပ်မှာပါ…”
ဦးလေးဝမ်က အခန်းထဲသို့ ဝင်လာပြီးနောက် သူက မော့တိကို ဖော်ရွေစွာ ပြုံးပြကာ ပြောသည်။
“အနှောင့်အယှက် ဖြစ်သွားရင် အားနာပါတယ်… သိပ်မကြာပါဘူး…”
“ကိစ္စမရှိပါဘူး ဦးလေးတို့ အထဲဝင်လာခဲ့ကြပါ…”
မော့တိက သူ့အိပ်ရာပေါ်မှ ဆင်းလာပြီး ချန်ကျောင်းကို ခေါင်းငြိမ့်ပြကာ ရှန့်ယွီချောင်ဘေးတွင် သွားထိုင်လိုက်သည်။
“မင်းလည်း ကုတ်ဒ်ရေးတယ်လား… ဒါက ဂိမ်းအတွက်လား…”
“အိုး ညီကို… မင်းက တော်တော် မျက်လုံးကောင်းတာပဲ…”
ရှန့်ယွီချောင်၏ မျက်လုံးများမှာ တောက်ပလာသည်။။
“မင်း ဘယ်လိုသိတာလဲ…”
“မှန်းကြည့်လိုက်တာပါ….”
မော့တိက ပြုံးလိုက်သည်။
“မင်းရော ပြိုင်ပွဲမှာ ဝင်ပြိုင်ထားတာလား…”
“ညီကို… မင်းက ဗေဒင်ဆရာလား… ဘာလို့ ဒီလောက်တောင် တိတိကျကျကြီး ခန့်မှန်းနိုင်ရတာလဲ…”
ရှန့်ယွီချောင်က စိတ်လှုပ်ရှားစွာဖြင့် လှည့်ကြည့်လိုက်သည်။
“မင်းရော ပါတယ်လား…”
“အင်း…” မော့တိက ခေါင်းငြိမ့်လိုက်စဉ် ချန်ကျောင်းရော လင်ကျွင်းဖုန်ကပါ သူ့ဆီသို့ လှည့်ကြည့်လာသည်ကို မြင်လိုက်ရသည်။
“မင်းက ဘယ်လိုဂိမ်းမျိုး လုပ်ထားတာလဲ…”
“ကျင့်ကြံမှုအမျိုးအစားပဲ…” မော့တိက လင်ကျွင်းဖုန်နှင့် ချန်ကျောင်းတို့ကို ကြည့်လိုက်သည်။
“မင်းတို့တွေရော ဝင်ပြိုင်မှာလား…”
Xxxxxx