Chapter 51
“ငါတော့ မပါဘူး… ငါက ငါ့ဦးလေးနဲ့ နိုင်ငံခြားကို သွားလည်ခဲ့တာ…”
ချန်ကျောင်းက ပုခုံးတစ်ချက် တွန့်လိုက်သည်။
“ငါ တစ်နွေလုံး ကစားတာများသွားလို့ ဒီလောက် အသားမည်းသွားတာ…”
“ငါကတော့ ငါးပိကောင်နဲ့ အတူတူ ဝင်ပြိုင်ထားတယ်…”
လင်ကျွင်းဖုန်က ရှန့်ယွီချောင်ကို လက်ညှိုးထိုးပြလိုက်သည်။
“ငါတို့တွေ လူရွေးပွဲ အောင်ပါ့မလား မသိဘူး… ငါတော့ စိုးရိမ်နေတာ… ငါတို့တွေ လေ့ကျင့်ရေး ပြီးရင် ရလဒ်တွေလည်း ထွက်တော့မှာလေ… ငါ့အတွက် အရမ်း မခက်ခဲဖို့ မျှော်လင့်ရမှာပဲ…”
ရှန်းယွီချောင်က ညည်းညူလိုက်သည်။
“မင်း အောင်မယ်လို့ ငါတော့ ယုံတယ်…”
မော့တိက ရှန်းယွီချောင်ကို နှစ်သိမ့်လိုက်၏။
“ပြိုင်ပွဲအကြောင်း ထပ်ပြီး မစဉ်းစားနဲ့တော့… ၁၂ နာရီရှိပြီ နေ့လည်စာ သွားစားရအောင်… နေ့လည်စာ စားပြီးသွားရင် ငါတို့တွေ ကျောင်းကို တစ်ပတ် ပတ်ကြည့်ပြီးတော့ လေ့ကျင့်ရေးဝတ်စုံတွေ သွားယူကြမယ်…”
ကျန်သုံးယောက်လုံးက သဘောတူကြ၏။
ဦးလေးဝမ်နှင့် ဦးလေးလီတို့က ချန်ကျောင်း၏ ပစ္စည်းများကို အထုပ်ဖြည်ပေးကာ ထွက်သွားကြပြီးနောက် သူတို့က တံခါးကို သော့ခတ်၍ ကန်တင်းသို့ သွားကြလေသည်။
နေ့လည်ခင်းတစ်ချိန်တည်းမှာပင် ကျောင်းသား လေးယောက်မှာ စကားစမြည် ပြောဆိုကြပြီးနောက် သူတို့၏ ခင်မင်မှုက အတော်လေး လိုက်ဖက်ညီသည်ကို တွေ့လိုက်ရသည်။ ရှန့်ယွီချောင်၏ အဆိုပြုချက်အရ သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် ညီအစ်ကိုများအဖြစ် အချင်းချင်း သတ်မှတ်ရန် သဘောတူလိုက်ကြလေ၏။ ရှန့်ယွီချောင်က အကြီးဆုံးဖြစ်ပြီး ချန်ကျောင်းက ဒုတိယမြောက် အကြီးဆုံး ။ဖြစ်ကာ အရပ်အရှည်ဆုံးဖြစ်သော်လည်း ၁၈ နှစ် ပြည့်သည်မှာ မကြာသေးသည့် လင်ကျွင်းဖုန်က တတိယမြောက် ဖြစ်၍ မော့တိကမူ စတုတ္ထမြောက် အငယ်ဆုံး ဖြစ်သည်။
ညဘက် မော့တိက ရေချိုးခန်းထဲတွင် သွားတိုက်နေစဉ် ချန်ကျောင်းက တံခါးနှစ်ကြိမ် ခေါက်ကာ ဝင်လာ၏။
“ရှောင်တိ မင်း ပြီးပြီလား…”
“မင်း ရေချိုးခန်း သုံးတော့မလို့လား…” မော့တိက သူ့ကို လှည့်ကြည့်လိုက်သည်။
“မဟုတ်ဘူး မဟုတ်ဘူး… ငါ မင်းကို ပြောစရာ ရှိလို့…”
ချန်ကျောင်းက မော့တိအနားသို့ တိုးလာပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“မင်းဆီမှာ မော့စန်းကျစ်လို့ခေါ်တဲ့ တတိယမြောက် အစ်ကို ရှိတယ်မလား…”
မော့တိက သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။ “ရှိတယ်လေ… ဘာလို့လဲ…”
“သူကရော တခြားမိသားစုဝင်တွေလိုပဲလား… သူတို့တွေ မင်းကို ဆက်ဆံသလိုပဲ ဆက်ဆံတာလား… သူတို့လိုပဲ ဦးနှောက်က အလုပ်လုပ်ပုံချင်း အတူတူပဲလား…”
မော့တိက နားမလည်ပေ။
“တိတိကျကျ ပြောရင် ဘယ်လိုမျိုးလဲ… ပြောစမ်းပါ…”
“အိုင်း…”
ချန်ကျောင်းက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို မြှောက်ကာ ဆံပင်ကို ဆွဲလိုက်သည်။
“ငါ ဦးလေးနဲ့ လျှောက်လည်ရအောင် နိုင်ငံခြားကို သွားတယ်လို့ မင်းကို ပြောဖူးတယ်မလား… ငါ့ဦးလေးက ဆရာဝန်လေ… သူက မော့စန်းကျစ်ကို တစ်ခါ ဆေးစစ်ပေးဖူးတယ်… သူ့သူငယ်ချင်း ပြောတာကတော့ မော့စန်းကျစ်က ငါ့ဦးလေးကို မြင်မြင်ချင်း ချစ်မိသွားတယ်တဲ့… အဲ့ဒီနောက်ပိုင်း သူက သူ့ရည်ရွယ်ချက်တွေ အားလုံးကို ရှင်းရှင်းလင်းလင်း ချပြပြီး နည်းလမ်းပေါင်းစုံ သုံးရင်း ငါ့ဦးလေးကို လိုက်ခဲ့တယ်…အခုဆိုရင် သူ အောင်မြင်သွားပြီလို့တောင် ပြောလို့ရတယ်… ငါ အမေရိကမှာ ရှိနေတုန်းကဆို ငါ့ဦးလေးက သူ့အကြောင်းတွေချည်းပဲ ပြောနေတာ…”
“လွန်ခဲ့တဲ့ လပိုင်းလောက်က လုပ်တဲ့ နောက်ဆုံးပေါ်ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲမှာ မော့စန်းကျစ်ပါ ပတ်သက်နေပြီး အချိန်ဖြုန်းခဲ့တာကြောင့် မဟုတ်ရင် ငါ့ဦးလေးက ဟိုးအရင်တည်းက သူ့ကို ကြွေသွားလောက်တယ်…”
မော့တိ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။ ရုတ်တရက် သူက လူတစ်ယောက်ကို သတိရမိသွားသည်။
“မင်းရဲ့ဦးလေးနာမည်က ဘာလဲ…”
“စုန့်ယွီလေ ဘာဖြစ်လို့လဲ…”
“စုန့်ယွီလား…” မော့တိ၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားလေသည်။
“ဘယ်လိုယွီလဲ…”
“ယွီရှစ် (玉石 = ကျောက်စိမ်း) ဆိုတဲ့ ယွီလေ… မူရင်းအတိုင်းဆိုရင် ကျင်း (金) ဆိုတဲ့ စကားလုံးနဲ့ တွဲထားရမယ့် ယွီစကားလုံး ဆိုပေမယ့် ငါ့အဘွားက အယူသီးတယ်…သူ သွားနေကျ ဗေဒင်ဆရာမက ငါ့ဦးလေးကို ဘဝမှာ အဆင်ပြေ ချောမွေ့အောင် သူ့နာမည်မှာ ပိုပြီး နူးညံ့တဲ့စကားလုံး ထည့်မှရမယ်ဆိုလို့ ကျင်း ဆိုတဲ့စကားလုံးကို ဖယ်လိုက်တာ… ဒါပေမဲ့ ငါ့ဦးလေးက လုံးဝ မိန်းမမဆန်ဘူးနော် နည်းနည်းလေးပဲ ပိန်နေတာ…”
မော့တိက မသိမသာ မျက်မှောင်ကြုံ့ကာ ပြော၏။ “မော့စန်းကျစ်က မော့မိသားစုဝင်တွေ အားလုံးနဲ့ အတူတူပါပဲ…”
“ဟာ…” ချန်ကျောင်းက ချက်ချင်း ပြန်မတုံ့ပြန်လိုက်သော်လည်း သူ တုံ့ပြန်သည့်အချိန်၌ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“ဒါ မကောင်းဘူး… ငါ့ဦးလေးကို ဒီလိုဘဝင်မြင့် ရူးကြောင်ကြောင်ကောင်နဲ့တော့ မဖြစ်စေချင်ဘူး…”
ချန်ကျောင်းက အော်ဟစ်ပြီး အခန်းထဲရှိ သူ့ဖုန်းကို အမြန်လိုက်ရှာကြည့်ကာ ဖုန်းခေါ်ရန် ပြင်လိုက်သည်။
မော့တိက မှန်ကိုကြည့်ကာ သွားတိုက်ဆေးအမြှုပ်များကို ထွေးထုတ်လိုက်၏။ ထို့နောက် သူက နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်သည်။
မထင်မှတ်ထားဘဲ စုန့်ယွီမှာ အမှန်တကယ်ပင် ယောက်ျားတစ်ယောက် ဖြစ်နေ၏။
သူ့ယခင်ဘဝတွင် မော့စန်းကျစ်မှာ ထူးချွန်သော ဒီဇိုင်းနာတစ်ယောက်ပင်။ သူက အမေရိကတွင် သူ၏ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကို ခြောက်နှစ်ခန့် တည်ထောင်ခဲ့ပြီး ဂုဏ်သိက္ခာရှိသော ဒီဇိုင်းပြိုင်ပွဲ တစ်ခုတွင် အနိုင်ရရှိခဲ့သည်။ စေ့စပ်သေချာပြီး သစ္စာရှိသော အစ်ကိုတစ်ယောက်ဖြစ်သည့် သူက အိမ်သို့ ပြန်လာခဲ့ပြီး “MLG” ဟုခေါ်သော အမှတ်တံဆိပ်တစ်ခု တည်ထောင်ခဲ့သည်။
သူသာ အမှတ်မမှားခဲ့ပါက မော့စန်းကျစ်မှာ နောက်လ တစ်ချိန်ချိန်တွင် ပြန်လာတော့မည် ဖြစ်သည်။ သူ၏ ယခင်ဘဝတွင် သူက ရည်းစားတစ်ယောက်ကိုမှ ပြန်မခေါ်လာခဲ့ပေ။ အမေရိကတွင် စုန့်ယွီဟု ခေါ်သော ချစ်သူ တစ်ယောက် ရှိပြီး တရုတ်နွယ်ဖွားတစ်ယောက် ဖြစ်ကြောင်းကိုသာ ပြောပြခဲ့သော်လည်း စုန့်ယွီမှာ ယောကျ်ားလေးဖြစ်သည့်အချက်ကိုမူ ချန်လှပ်ထားခဲ့သည်။
ဒုတိယမြောက်ဒေါ်လေးက စုန့်ယွီဟု အမည်ရသော မိန်းကလေးကို မိသားစုထဲသို့ ခေါ်လာရန် ပြောသည့်အချိန်တွင်လည်း သူက ငြင်းဆန်ခြင်း မရှိချေ။ အချိန်မကျသေးသည့်အပြင် စုန့်ယွီက အမေရိကတွင် အလုပ်ရှိသဖြင့် ယခုအချိန်၌ သူ့ကို လက်ထပ်ရန် ငြင်းဆိုထားသည်ဟုသာ ပြန်ဖြေခဲ့သည်။ မော့လျှိုကွေ့က ‘သူမ’၏ ဓာတ်ပုံကို ကြည့်ချင်နေသည့်တိုင်အောင် စုန့်ယွီက ဓာတ်ပုံရိုက်ရသည်ကို မကြိုက်သည့်အတွက် သူ့ထံတွင် ဓာတ်ပုံမရှိဟု မော့စန်းကျစ်က ပြောခဲ့သည်။
ကံမကောင်းစွာဖြင့် နှစ်ဝက်ခန့်အကြာတွင် စုန့်ယွီက သူရှိရာ ဟွာရှားသို့ အလည်လာရန် ဆုံးဖြတ်ခဲ့သော်လည်း သူစီးလာသည့် လေယာဉ် ပျက်ကျပြီး သေဆုံးသွားခဲ့ရသည်။
သို့သော် ဤဖြစ်ရပ်ဆိုးကြီးက မော့စန်းကျစ်အား သူ့ကို အချစ်ကြီးသူ တစ်ယောက်အဖြစ် အများက မြင်လာစေရန် ကူညီပေးခဲ့သည်။
မော့တိကွယ်လွန်ခဲ့သည့်အချိန်ထိတိုင်အောင် မော့စန်းကျစ်က ဒုတိယမြောက်အဒေါ် သူ့အတွက် စီစဉ်ပေးခဲ့သည့် ကြင်ဖက်တွေ့ပွဲများကို ငြင်းဆိုခဲ့သည်။ သူက စုန့်ယွီကို မမေ့နိုင်သဖြင့် အချစ်ရေးကို အသစ် မစတင်နိုင်ကြောင်း ပြော၏။ ထို့ပြင် စုန့်ယွီကို စောစောက ပြန်မခေါ်လာနိုင်ခဲ့သည့်အတွက် နောင်တရကြောင်းလည်း ပြောခဲ့သည်။
သို့တိုင်အောင် သူက မော့မိသားစု၏ ဘိုးဘေးများနှင့် မော့လျှိုကွေ့က သူ့အပေါ် မုန်းတီးမည်ကို စိုးရိမ်သဖြင့် စုန့်ယွီမှာ ယောကျ်ားတစ်ယောက်ဖြစ်ကြောင်း ဘယ်သောအခါမှ ဝန်မခံခဲ့ပေ။
အလွန် ရယ်စရာကောင်းလှ၏။
မော့စန်းကျစ်မှာ မော့လျှိုကွေ့ကို သူတို့၏ အခရာအဖြစ် သဘောထားကာ ဆက်ဆံသော မော့မိသားစုဝင်များ ကဲ့သို့ပင် အခြားသူများအပေါ် ခံစားချက် မရှိ၊ လျစ်လျူရှုထားသည်ဟု မော့တိက ထင်ခဲ့သော်လည်း ထိုသို့ မဟုတ်ပေ။ မော့စန်းကျစ်မှာ အတော်လေး စိတ်ကူးယဉ်ဆန်စွာ ချစ်တတ်ပြီး အချစ်ကြီးသည့် သူရဲဘောကြောင်သူ တစ်ယောက်လိုပင်။
ယခုအချိန်၌ မော့စန်းကျစ်၏ မျက်နှာအစစ်အမှန်ကို စုန့်ယွီအား သိစေခြင်းမှာ အနာဂတ်ကို တွေး၍ လုပ်ခြင်း ဖြစ်ကြောင်း သူ ခံစားမိသည်။ သူက မော့စန်းကျစ်အား ထိုက်တန်သူ တစ်ယောက်ဟု ထင်နေခဲ့သည့်တိုင်အောင် အနည်းဆုံး သူ မသေခင် ကံကြမ္မာဆိုးမှ ရှောင်ရှားနိုင်စေရန် ကူညီသင့်ပေသည်။
ရေမိုးချိုးပြီးနောက် မော့တိက ရေချိုးခန်းထဲမှ ထွက်ကာ အထဲသို့ ဝင်လာသည့် ချန်ကျောင်းကို မေးလိုက်သည်။
“မင်းဦးလေး ဘာပြောသေးလဲ…”
“ငါ့ဦးလေးက ပြောတယ် သူ ယုံရခက်နေတုန်းပဲတဲ့… အဲ့ဒီမော့စန်းကျစ်ဆိုတဲ့ကောင်က တော်တော် သရုပ်ဆောင် ကောင်းတဲ့ကောင်ကွာ…”
ချန်ကျောင်းက စိတ်တိုနေသည်။
“ဒါပေမဲ့ ငါ့ဦးလေးက ငါ့ကိုလည်း ယုံတယ်လို့ ပြောပါတယ်... အခုတော့ သူ စိတ်ထိခိုက်နေမှာပဲ… အခု သူ ခံစားချက်ကောင်းမှာ မဟုတ်ဘူးဆိုတာ ငါပြောရဲတယ်…”
“ငါ့ကို မင်းဦးလေးရဲ့ WeChat အကောင့် ပေးပါလား… ငါ သူနဲ့ ပြောစရာတစ်ခု ရှိတယ်…”
“အင်း အင်း အင်း… ဒါ အလုပ်ဖြစ်မှာပဲ…”
ချန်ကျောင်းက သူ့ဖုန်းကို ဖွင့်ကာ မော့တိအား သူ့ဦးလေးကို ဆက်သွယ်ရမည့် အချက်အလက်များအား ပေးလိုက်သည်။ ထို့နောက် သူက လေးလေးနက်နက် အသံဖြင့် ပြော၏။
“ညီလေး… ငါ့ဦးလေးရဲ့ ပျော်ရွှင်မှုနဲ့ အနာဂတ်က မင်းလက်ထဲမှာနော်…”
အခုလေးတင် နားကြပ်ကို ချွတ်လိုက်သည့် ရှန့်ယွီချောင်က ဤစကားကို ကြားလိုက်ရသောအခါ ထိတ်လန့်တကြား လှမ်းကြည့်လိုက်ပြီး အော်ဟစ်လိုက်လေသည်။
“ဘာ… ဘာပြောလိုက်တယ်… မင်းရဲ့ဦးလေးက ငါတို့ညီလေးကို စိတ်ဝင်စားနေတာလား…”
“ဘာပြောတယ်…”
အခုလေးတင် တံခါးဝသို့ ရောက်လာသည့် လင်ကျွင်းဖုန်က နေရာမှာတင် ရပ်သွားပြီး စိတ်ရှုပ်ထွေးနေသည့် မျက်နှာထားဖြင့် မေးလိုက်သည်။
“အမှန်ပဲလား… ဒါပေမဲ့ အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ ဂရုမစိုက်ဘူး… ငါတို့ညီအငယ်ဆုံးလေးက အခုမှ ငယ်ငယ်လေး ရှိသေးတာ…. ဒီအဖေက မင်္ဂလာကိစ္စကို သဘောမတူနိုင်ဘူး… လုံးဝပဲ…”
မော့တိ : “…”
ဘယ်လိုအခန်းဖော်တွေလဲနော်…။
Xxxxxxxx