Chapter 52
ရှန့်ယွီချောင်က လက်ကိုမြှောက်လိုက်ပြီး သူ၏ချွေးရွှဲနေသောတီရှပ်ကိုချွတ်ကာ လင်ကျွင်းဖုန်၏မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်သည်။
“ဟေး မင်း။ မင်း ဘယ်သူ့ကို အသားယူဖို့ကြိုးစားနေတာလဲ။ ငါတို့က ရှောင်တိကို ညီလေးလို့ခေါ်တုန်းရှိသေးတယ်။ မင်းက ဘာဖြစ်လို့အဖေဖြစ်ရမှာလဲ။ အရှက်မရှိလိုက်တာ။”
“ငါက မင်းတို့ကောင်တွေလို မဟုတ်ဘူးလေကွာ။ ဆိုရိုးရှိတယ်မလား။ ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာက တောင်လိုပဲတဲ့။ အပြန်အလှန်ပြောရရင် တောင်ဆိုတာ ဖခင်မေတ္တာလိုပဲပေါ့ကွာ။ ငါ့ရဲ့တောင်ပုံသဏ္ဍာန်ကိုယ်လုံးကိုယ်ထည်နဲ့ မလုံလောက်သေးဘူးလား။”
လင်ကျွင်းဖုန်က သူ၏ခန္ဓာကိုယ် ခေါင်းအစခြေအဆုံးကို တောင်ပုံသဏ္ဍာန်ဖြင့် နှိုင်းယှဉ်လေသည်
“(၁.၉၃)မီတာ အရပ်အမြင့်ရှိပြီးတော့ ပေါင်(၂၀၀) ကိုယ်အလေးချိန်ရှိတယ်။ ဒီလိုအချိုးအစားကို ဖခင်မေတ္တာလို့ မခေါ်ထိုက်သေးဘူးလား။”
“နည်းနည်းပါးပါးလည်း ရှက်တတ်ပါဦး”
ရှန့်ယွီချောင်က မျက်စောင်းထိုးပစ်သည်။
“မင်းတို့နှစ်ယောက်က အရည်မရ အဖတ်မရတွေပဲ မတရားပြောနေကြတယ်။”
ချန်ကျောင်းတစ်ယောက် ပြောစရာစကားပင် မရှိတော့ချေ။
“မင်းတို့ထင်သလို မဟုတ်ပါဘူးကွာ။ ပေါက်ကရတွေ မပြောကြပါနဲ့။”
“ဪ အဲဒီလိုမဟုတ်ဘူးလား။ ကောင်းပါတယ်။ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအဖေကလည်း သဘောမတူဘူး။ အချစ်ငှက်တွေကို ခွဲစရာမလိုဘူးဆိုတော့လည်း ကောင်းတာပေါ့။”
ရှန့်ယွီချောင်: “ဟားဟား မင်းက အတော်လေး စည်းကမ်းကြီးသားပဲ။”
မော့တိသည် သက်ပြင်းချပြီး တစ်ဖက်သို့လှည့်သွားသည်။ မုထျန်းဟန်ဆီသို့ စာတိုပို့ရန်အတွက် သူ၏ဖုန်းကို ကောက်ကိုင်လိုက်သည်။
“ကိုကို၊ ကျွန်တော် အဆင်ပြေပါတယ်။ အခန်းဖော်တွေကလည်း သဘောကောင်းကြပါတယ်။”
အနည်းငယ် ရူးကြောင်ကြောင်နိုင်သည်က လွဲ၍ပေါ့။
မော့တိနှင့် လုံးဝမရင်းနှီးခဲ့သောဘဝတစ်ခုတွင် နှစ်ရက်မျှကြာပြီးနောက် စစ်ရေးလေ့ကျင့်ခြင်း စတင်ခဲ့သည်။
ရူးကြောင်ကြောင်အခန်းဖော်များအဖွဲ့သည် အရင်ကလောက် စိတ်အားမတက်ကြွကြတော့ပေ။ နေ့စဉ်နေ့တိုင်း သေမတတ်ပင်ပန်းသော စစ်ရေးလေ့ကျင့်ခန်းများဖြင့် နှိပ်စက်ညှင်းပန်းခံရပြီး ထွက်မပြေးရုံတမယ် အသက်မနည်းလုနေကြရရှာသည်။
ရှန့်ယွီချောင်နှင့် လင်ကျွင်းဖုန်ကို မဆိုနှင့်။ ရုပ်ရည်သွင်ပြင်နှင့် ကိုယ်နေဟန်ထားကို အင်မတန်သတိထားဆင်ခြင်သော ချန်ကျောင်းလိုလူမျိုးကပင် တန်းဖြုတ်ခရာမှုတ်လိုက်ပြီးသည်နှင့် ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် ဗုန်းဗုန်းလဲလေတော့သည်။ သူ၏ဣန္ဒြေရလှသောမျက်နှာထားတို့ လှုပ်ရှားမှုတို့မှာ လေရူးနှင့်အတူ ပါသွားကြပြီး ရဲဗတောင်းခတ်နေသာမျက်ခွပ်ကြီးနှင့် မျောက်ဝံကြီးတစ်ကောင်ကဲ့သို့ တဟင်းဟင်း အသက်ပြင်းပြင်းရှူသံများသာ ကျန်ရစ်ခဲ့တော့သည်။
တခြားသောကျောင်းသား၊ ကျောင်းသူများမှာလည်း အလားတူပင်။
မော့တိတစ်ယောက်သာလျှင် များများစားစား မပြောင်းလဲခြင်း ဖြစ်သည်။ မည်မျှပင် ပင်ပန်းသည်ဟုဆိုဆို တည်ငြိမ်အေးဆေးသောမျက်နှာထားနှင့် အများဆုံး ပင့်သက်(၂)ခေါက်လောက်သာ ရှိုက်သည်။ သို့သော်လည်း ညင်ညင်သာသာလေးသာ ဖြစ်သည်။
ချန်ကျောင်းနှင့် အခြားသူများမှာ အံ့ဩနေကြရသည်။ မြေကြီးပေါ်တွင် သေလုဆဲဆဲ မောဟိုက်ကာ လဲလှောင်းနေရင်း သူတို့၏မကျေနပ်ချက်များကို ထုတ်ပြောသည်။
“မင်း ခန္ဓာကိုယ်က ဘယ်လိုလဲကွ။ နည်းနည်းတော့ ထူးခြားနေပြီ မဟုတ်လား။ ဒါတွေအားလုံး လေ့ကျင့်ပြီးတာတောင် အသက်ရှူသံ နည်းနည်းပဲ ပြင်းပြင်းထွက်တယ်။ မင်းက ကြည့်ကောင်းပြီးသားပါကွာ။ အခုတော့ မင်းက ဒီကကောင်တွေ အကုန်လုံးကို မျောက်ဝံတွေလိုဖြစ်အောင် လုပ်နေသလိုပဲ။ ငါတို့မသိခင် ကွယ်ရာမှာ ဆေးတွေဘာတွေ သုံးထားတာတော့ မဟုတ်လောက်ပါဘူးနော်။”
“မဟုတ်တာ”
မော့တိ ပြုံးမိသည်။
“မင်းတို့ ချွေးအရမ်းထွက်နေကြတယ်။ အချိုရည်အေးအေးတွေ မသောက်တာ ကောင်းလိမ့်မယ်။ အဲဒါတွေက ကျန်းမာရေးအတွက် မကောင်းဘူး။ ငါ ရေသွားထည့်ပေးမယ်။”
ထိုသို့ဖြင့် အားလုံး၏ရေဘူးများကို စုကောက်ပြီး စားပွဲကောင်တာသို့ ထွက်သွားသည်။
မော့တိ၏ကျောပြင်ကိုကြည့်နေရင်းက လင်ကျွင်းဖုန်သည် သူ၏ဝမ်းဗိုက်ကို ပွတ်သပ်ပြီး ထိုသို့ပြောလိုက်သည်။
“ဒီအဖေကတော့ သိပ်ပျော်တာပဲ။ ငါ့မိသားစုဝင်လေး ရှောင်တိက သိပ်ကိုတော်လွန်းတယ်။”
“လင်ကျွင်းဖုန်၊ မင်းက ချွေးနံ့တထောင်းထောင်းထွက်ပြီး အရှက်လည်း တစ်စက်မှမရှိတဲ့အကောင်ပဲ။ အပေါက်ပိတ်ထား။”
ရှန့်ယွီချောင်က လှမ်းအော်လိုက်သည်။
“ဟုတ်ပါ့ကွာ”
ချန်ကျောင်းက ထောက်ခံသည်။
မော့တိသည် ရေဘူးများကိုယူပြီး ရေထည့်ရန်အတွက် တန်းစီနေလေသည်။
ခုနလေးက ချန်ကျောင်း သူ့ကိုမေးလိုက်သောမေးခွန်းသည် အတော်လေးတော့ စိတ်ဝင်စားစရာကောင်းသည်။ သူလည်း အဘယ်ကြောင့် မမောပန်းဘဲနေမည်နည်း။ လေ့ကျင့်ခန်းများသည် သူ့အတွက် ပိုလို့တောင် ပင်ပန်းပါသေးသည်။
အမှန်တော့ အတိတ်ဘဝက စိတ္တဇဆေးရုံတွင် နေထိုင်ခဲ့စဉ် ရရှိခဲ့သော အတွေ့အကြုံသည် စိတ်ဓာတ်ခွန်အား တည်ငြိမ်အားကောင်းလာစေရန် ဖြည်းဖြည်းချင်း အထောက်အကူ ဖြစ်စေခဲ့ခြင်းပင်။ မည်မျှပင် နှိပ်စက်ခံရပါစေ၊ မည်မျှပင် နာကျင်ခံစားရပါစေ၊ မည်မျှပင် ညှဉ်းပန်းခံရပါစေ သူ၏အားနည်းသောရှုထောင့်ကိုတော့ လှစ်ဟပြမည် မဟုတ်ချေ။
အရင်အချိန်များတွင် သူသည် အကျဉ်းချခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်မှုပေါင်းစုံကို တွေ့ကြုံခံစားခဲ့ရသည်။ နောက်ဆုံးတွင် သူသည် လူရုပ်ပင် မပေါ်တော့လောက်အောင် စက်ဆုပ်ရွံရှာဖွယ် ဖြစ်ခဲ့ရသည်။ လူတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော ကျက်သရေရှိခြင်း ဆိုတာမျိုးလည်း မရှိခဲ့သည်မှာ ကြာလေပြီ။ သူ၏မျက်နှာပေါ်ရှိ အရုပ်ဆိုး အကျည်းတန်လှသော ပူပင်သောကများနှင့် နာကြည်းချက်များက လက်ကျန်ရှိနေသော ကျက်သရေရှိခြင်းကို ဖယ်ထုတ်လိုက်ကြသည်။
ဤသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ အမြင်အားဖြင့် အသုံးမဝင်လောက်ဘူးဟု ထင်ရသည့် စွမ်းရည်တစ်ခု ရရှိပိုင်ဆိုင်လာခဲ့သည်။
အပေါ်တွင်ဖော်ပြထားခဲ့သလိုပင် ထိုအချင်းအရာသည် အကျင့်တစ်ခုလို ဖြစ်ခဲ့သည်။
....
စစ်ရေးလေ့ကျင့်ခြင်းသည် (၁၀)ရက်တာ ကြာမြင့်ခဲ့သည်။ (၁၀)ရက်ပြည့်ချိန်တွင် ကျောင်းသားအားလုံး စိတ်ချမ်းသာသွားရသော်လည်း နည်းပြဆရာနှင့် နှုတ်ဆက်ခွဲခွာရမည် ဖြစ်သည့်အတွက် သံယောဇဉ်တွယ်မိကြပြန်သည်။ ရှန့်ယွီချောင်နှင့် အခြားသူများပင်လျှင် အင်အားကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေကြသည်။
နည်းပြဆရာကို နှုတ်ဆက်လိုက်ပို့ပြီးနောက်တွင်လည်း တစ်တန်းလုံး အနားမရပေ။ သရုပ်ဆောင်အတန်းခေါင်းဆောင်နှင့် အတွင်းရေးမှူးများ ဖြစ်ကြသော ကျောက်ချင်ကုန်းနှင့် စွန်းရှုရှုတို့သည် တစ်ရက်ပိတ်သည်ဟုဆိုကာ အနားပေးလိုက်သည်။ တစ်ချိန်တည်းတွင်ပင် ကျောင်းသားရေးရာကို ဝင်မည်လား မဝင်မည်လား၊ ထို့အပြင် မည်သည့်ရာထူးကို လိုချင်သည်ကအစ စဉ်းစားဆုံးဖြတ်ခိုင်းလိုက်သည်။ မနက်ဖြန်ညနေခင်းတွင် အတန်းခေါင်းဆောင်နှင့် အတန်းလက်ထောက်ကို ရွေးချယ်ဆုံးဖြတ်မည့် အတန်းစည်းဝေးပွဲလည်း ရှိမည်ဖြစ်သည်။
မော့တိသည် ရှန့်ယွီချောင်နှင့် အခြားသူများနှင့်အတူ အိပ်ဆောင်သို့ မပြန်ခင် ကျောက်ချင်ကုန်းနှင့် စွန်းရှုရှုတို့ကို ခပ်မြန်မြန် စကားပြောခဲ့မိသည်။
အိပ်ဆောင်သို့ ပြန်ရောက်ကြသောအခါ ရှန့်ယွီချောင်သည် တိတ်တိတ်မနေဘဲ စကားစသည်။
“ရှောင်တိ၊ ငါ မင်းကိုပြောဦးမယ်။ စီနီယာမမတွေက ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ ကလေးဆိုတာမျိုးက ချိန်းတွေ့လို့ မရသေးဘူးလေ။ မင်းက အခုမှ (၁၇)နှစ်ပဲ ရှိသေးတာ။”
“ဟုတ်တယ်။ ဒီအဖေ သဘောတူတယ်။ ပိုအရေးကြီးတာက မင်းက ဒီအဖေကို အရင်တာထွက်ခွင့် ပေးရမယ်။”
လင်ကျွင်းဖုန်က သူ၏မရှိသောမုတ်ဆိတ်မွှေးကို သပ်ပြီး စကားဆိုလေသည်။
“လင်ကျွင်းဖုန်၊ မင်းရဲ့မျက်ခွက်ကြီးက ငိုနေပြန်ပြီ။ ဒီအခွက်ကြီးကိုသာ ချွတ်ပြီးလွှင့်ပစ်လိုက်တာလဲဆိုပြီး မေးနေတယ်။”
ချန်ကျောင်းက အလျှင်အမြန် ဝင်ပြောသည်။
“ငါ ခဏနေ သွားတော့မှာ။ ဒီည အဆောင်မှာ မအိပ်ဖြစ်ဘူးနော်။”
ရွှတ်နောက်နောက် ဟိုတစ်ခွန်း သည်တစ်ခွန်း စကားတွေပြန်စမလာခင် မော့တိက ကြားဖြတ်ပြောလိုက်သည်။
“ဟ”
“မင်းက ဘယ်သွားမလို့တုန်း”
ရှန့်ယွီချောင်က ချက်ချင်းဆိုသလိုပင် မေးသည်။
“ငါ ပြန်...”
မော့တိက ပြောလက်စ စကားကိုခဏရပ်လိုက်သည်။ ပြီးမှ ဆက်ပြောသည်။
“အိမ်ပြန်ချင်သေးလို့လေ။ ငါ့အစ်ကိုက အလုပ်ကနေ စောစောပြန်လာမယ်ပြီး လာကြိုမယ်လို့ ပြောထားတယ်။”
“ဪ ဟိုတစ်ခေါက်က မင်းနဲ့အတူပါလာတဲ့ အစ်ကိုလား။”
လင်ကျွင်းဖုန်က စာအုပ်တစ်အုပ်ကို ကိုင်ကာ ယပ်ခတ်နေသည်။ ခေါင်းတဆတ်ဆတ်ညိတ်ရင်း ဆက်ပြောသည်။
“သူက ဘယ်အစ်ကိုလဲ။ မော့မိသားဝင်နဲ့လည်း မတူပါဘူး။”
“ဟုတ်တယ်နော်။ သူက ဘယ်သူလဲ။ ဘာဖြစ်လို့ အရမ်းချောနေရတာလဲ။ အဲဒီလိုရုပ်နဲ့ အဲဒီလိုခန္ဓာကိုယ်နဲ့ ဆိုရင်တော့။ ဘုရားရေ ငါသာ အဲဒီလို ဘော်ဒီမျိုးရှိလို့ကတော့ ချစ်သူကောင်မလေး မရှိဘဲ ဘယ်နေလိမ့်မလဲ။”
ရှန့်ယွီချောင်က သူ၏မျက်ရည်များကို သုတ်ဟန်ပြုရင်းပြောသည်။
“သူက မော့မိသားစုက မဟုတ်ဘူး။ ဒါပေမဲ့ တကယ် အရမ်းကိုကောင်းတဲ့ အစ်ကိုကောင်း တစ်ယောက်ပါ။ ပြီးတော့ ငါ့အတွက် သူက မော့မိသားစုထက်ကို ပိုပြီးအရေးပါတယ်။”
မော့တိက စကားပြောရင်းပင် ပြုံးလိုက်မိသည်။
“မင်းတို့ရော ဒီည ဘာလုပ်ကြမှာလဲ။”
“အိပ်မှာပေါ့”
ချန်ကျောင်းက ပြန်ပြောသည်။
“ဒီတလော ငါ သေမတတ် ပင်ပန်းနေတာ။ နှစ်ရက်လောက်တော့ အိပ်ရေးဝဝအိပ်ပြီး ကောင်းကောင်းအနားယူဖို့ လိုတယ်။ မဟုတ်ရင် ကျောင်းပြန်တက်တာနဲ့ ဗုန်းဗုန်းလဲသွားလိမ့်မယ်။”
“ငါရောပဲ။ ငါလည်း ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိဘူး။”
ရှန့်ယွီချောင်ကလည်း ခေါင်းညိတ်ထောက်ခံရင်း ပြောသည်။
“ဒီအဖေလည်း... အတူတူပဲ”
လင်ကျွင်းဖုန်က တဟားဟားအော်ရယ်ရင်း ပြောသောအခါ ရှန့်ယွီချောင်နှင့် ချန်ကျောင်းတို့က သူ့ကို တဘုန်းဘုန်း ထုနှက်ကြလေသည်။
“ဒါဆို သွားတော့မယ်နော်။ ပြန်လာရင် စားကောင်းတာတွေ ဝယ်လာခဲ့မယ်။ ကိစ္စတစ်ခုခုရှိရင် အဖွဲ့လိုက်စကားပြောခန်းထဲကပဲ လှမ်းပြောလိုက်ပေါ့။ မနက်ဖြန် ညမရောက်ခင် ပြန်လာခဲ့မယ်။”
မော့တိက သူတို့ကို လက်ဝှေ့ရမ်းပြပြီး မျက်ရည်ဝဲဖွယ်နှုတ်ဆက်ကာ အိပ်ဆောင်မှ ထွက်ခွာသွားလေသည်။
မော့တိ၏အငှားယာဉ် စံအိမ်ကို ရောက်ရှိသောအချိန်သည် မုထျန်းဟန် အလုပ်မှ အိမ်ပြန်ရောက်သောအချိန်နှင့် ကွက်တိကျနေလေသည်။
“ကိုကို”
မုထျန်းဟန်ကို တွေ့လိုက်သောအခိုက်အတန့်တွင် ရုတ်တရက် ပေါက်ကွဲထွက်လာသော ပျော်ရွှင်မှု၏နောက်ကွယ်၌ ခြေရာခံမရနိုင်သော ချိုမြိန်ခြင်းတို့လည်း ဒွန်တွဲပါရှိနေသည်ကို မော့တိတစ်ယောက် သတိမထားမိခဲ့ပေ။
ယခုတစ်ခေါက် ခံစားချက်သည် ယခင်က တွေ့ဆုံခဲ့စဉ် ခံစားခဲ့ဖူးသော ခံစားချက်များနှင့်မတူ ကွဲပြားသည်။
တံခါးပေါက်ဝတွင် မတ်တပ်ရပ်ကာ ဝမ်းသာအားရ လက်ဝှေ့ရမ်းပြနှုတ်ဆက်နေသော မော့တိကို မုထျန်းဟန် တွေ့လိုက်သည်နှင့် လွန်ခဲ့သောရက်အနည်းငယ်အတွင်း စုပုံနေခဲ့သော ရင်ထဲတွင်လှစ်ဟာနေခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်းတို့သည် ရုတ်ချည်းဆိုသလို လွင့်ပျောက်ကုန်ကြသည်။ ၎င်းတို့ကို တားဆီး၍မရသော ပျော်ရွှင်မှုလှိုင်းလုံးတို့က တိုက်စားသွားသည့်နှယ်။ ခေါင်းအစ ခြေအဆုံး ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်ကုန်သည်။
“ အခုပဲ မင်းကို လာကြိုတော့မလို့”
မုထျန်းဟန်က ကားကို ရပ်ခိုင်းလိုက်သည်။ ကားထဲမှ ထွက်လာပြီး မော့တိဆီသို့ လမ်းလျှောက်လာသည်။
“ကောင်လေး၊ မင်းက ကိုယ် ထင်ထားတာထက် စောပြီးရောက်လာတာပဲ။”
မုထျန်းဟန်က နူးညံ့ညင်သာစွာကြည့်ရင်း စကားဆိုသည်။
“ကိုကိုလည်း ကျွန်တော်ထင်တာထက် စောပြီးပြန်ရောက်လာတာပဲ။”
မော့တိက ပြုံးပြလိုက်သည်။
“ဒါဆို ကိုယ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည်နူးအံ့ဩစရာလေး လက်ဆောင်ပေးလိုက်တာပေါ့လေ။ ကိုယ်တို့နှစ်ယောက်ကြားက မပြောဘဲလည်း အလိုလိုသိနေတဲ့နားလည်မှုလေးလို့ သတ်မှတ်လို့ရတာပေါ့။”
မုထျန်းဟန်က မော့တိ၏ဆံပင်ကို အသာလေး ပွတ်သပ်ပေးလိုက်ပြီး ပုံမှန်လေသံနွေးနွေးလေးဖြင့် ပြောသည်။
“ကိုကို မင်းကို ညစာလိုက်ကျွေးမယ်”
“ကောင်းတာပေါ့။ ဒါဆို ချွင်ရှန်းလမ်းမကြီးပေါ်က စားသောက်ဆိုင်ကို သွားကြမယ်လေ။ ပြီးတော့ ဒီတစ်ခေါက် ကျွန်တော် ရှင်းမယ်နော်။”
မုထျန်းဟန်သည် ရုတ်တရက် ပျော့ခွေချင်သွားရသည်။ ကောင်လေးက သူပြောခဲ့သည့်စကားများနှင့် သူ စားချင်သည့် အစားအစာကို မှတ်မိနေသေးသည်လေ။
“အင်း။ အဲဒီဆိုင်ကို သွားကြတာပေါ့။”
စားသောက်ဆိုင်သွားရာလမ်းတစ်လျှောက်တွင် မော့တိသည် မုထျန်းဟန်ကို မြူးထူးသောင်းကျန်းတတ်သော အခန်းဖော်များအကြောင်းမှ စစ်ရေးလေ့ကျင့်ခန်းများ၊ ကျောင်းကိစ္စများ၊ ကျောင်းကန်တင်းအကြောင်းများ၊ ကျောင်းအနောက်ဘက်က အစားအသောက်ဆိုင်တန်းများနှင့် သူ့၏အခန်းဖော်များအကြောင်းတွင် ဇာတ်လမ်းပြန်ဆုံးကာ ရေပက်မဝင် ပြောပြရင်း ဘေးမှလိုက်ပါလာသည်။
“မင်းရဲ့အခန်းဖော်တွေက တော်တော်လေး စိတ်ဝင်စာဖို့ကောင်းသားပဲ။ ကောင်းပါတယ်လေ။ မင်းလည်း အပေါင်းအသင်းမိတ်ဆွေ ဖွဲ့လို့ရတာပေါ့။”
မုထျန်းဟန်က ပြုံးရင်းပြောသည်။
“programming နဲ့ပတ်သတ်တဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုကို မင်းကိုယ်တိုင် ကြည့်လို့ရသွားတာပေါ့။ အဆင်ပြေရင် မင်းအဖွဲ့ထဲကို ဝင်ဖို့ ကမ်းလှမ်းလို့ရတယ်လေ။ ကိုယ်တိုင်ကိုယ်ကျလုပ်ရတာတော့ နည်းနည်းတော့ ပင်ပန်းတာပေါ့ကွာ။ ဒီပြိုင်ပွဲက မင်းရယ်၊ ဖန်ချန်းလောင်ရယ်၊ ဟန်ချောင်ရယ် ဝင်ပြိုင်လို့ မရဘူးလေ။ ကျန်တဲ့သူတွေက အလုပ်ဖြစ်တယ်ဆိုရင်တောင် ရေရှည်ဖြေရှင်းချက် မဟုတ်သေးဘူး။”
“အင်း ကျွန်တော်လည်း စဉ်းစားထားပါတယ်။ ဒါပေမဲ့ ရလဒ်တွေ ကြေညာပြီးတဲ့အချိန်ထိ ကျွန်တော် စောင့်ကြည့်ဦးမယ်။”
“ရလဒ်က ဒီည ထွက်လောက်တယ်။ မင်းရဲ့ဂိမ်းက လုံးဝချို့ယွင်းချက် ကင်းတယ်။ လူရွေးပွဲကို အသာထား နောက်ရှုံးထွက်(၂)ဆင့်လောက်ကို အသာလေး ကျော်သွားနိုင်တယ်။ ဒါပေမဲ့...”
မုထျန်းဟန်က စကားစကို ရပ်လိုက်သည်။ ပြီးမှ ဆက်ပြောလေသည်။
“တတိယအဆင့်မှာတော့ နည်းနည်း အခက်တွေ့လိမ့်မယ်။ ပြင်ဆင်သင့်တာလေးတွေ နည်းနည်းပါးပါး ပြန်ပြင်ရမယ်။ ဂိမ်းနောက်ခံလောကဒီဇိုင်းကို ပြောင်းတာပဲဖြစ်ဖြစ်၊ မြေပုံကို ချဲ့တာပဲဖြစ်ဖြစ်၊ ကာရိုက်တာတွေ ထပ်ဖြည့်တာပဲဖြစ်ဖြစ်၊ တစ်ခုခုပေါ့။ ပြောရရင် လောလောဆယ်မှာ ကစားသမားတွေ ကိုင်လို့ရတဲ့ ကာရိုက်တာအရေအတွက်က တော်တော်လေး နည်းနေသေးတယ်လေ။”
“အင်း”
“တတိယရှုံးထွက်ပွဲမတိုင်ခင် ကျွန်တော် ဂိမ်းကို အဆင့်မြှင့်ထားလိုက်ပါ့မယ်။ ကာရိုက်တာ ရွေးချယ်မှုပိုင်းကိုလည်း ချဲ့ထားလိုက်မယ်။ ကစားကွက်တွေကိုလည်း ထပ်ဖြည့်ထားလိုက်မယ်။ ပင်မဂိမ်းရဲ့အင်္ဂါရပ်တွေကိုလည်း အဆင်ပြေအောင် ဖန်တီးလိုက်မယ်။ ပြီးတော့ ဖြစ်နိုင်ခြေတွေကိုလည်း ထပ်ထည့်ထားလိုက်မယ်လေ။ ဒါပေမဲ့ ဒီဂိမ်းက ဖိုင်နယ်အထိ တက်မှာမဟုတ်ဘူးဆိုတာ (၈၀)ရာခိုင်နှုန်း သေချာတယ်။ အဲဒါကြောင့် နောက်ခြေလှမ်းက ဒီဂိမ်းရဲ့အနာအဆာတွေကို ပြုပြင်နေမဲ့အစား အဓိကအာရုံစိုက်ရမှာက နောက်ဂိမ်းတစ်ခု ထပ်ထုတ်လုပ်နိုင်ဖို့ပဲ။”
“အို”
မုထျန်းဟန် စိတ်ဝင်စားသွားသည်။
“ကောင်လေး၊ မင်း လုပ်ဖို့စီစဉ်နေတဲ့ နောက်ဂိမ်းက ဘယ်လိုပုံစံမျိုးလဲ။”
“အကုန်တော့ မစဉ်းစားရသေးဘူး။ ကျွန်တော် သေချာဆုံးဖြတ်ပြီးသွားရင် ကိုကို့ကို ပြောပြမယ်လေ။”
“ကောင်းပြီ။ကိုယ် စောင့်နေပါ့မယ်။”
Xxxxxxxx