အပိုင်း ၅၃
Viewers 28k

Chapter 53


ညနေခင်းဆိုသည့်အလျောက် ယာဉ်အသွားအလာမှာတော့ အနည်းငယ် ကြပ်သည်။ အပြင်လေကို ခံစားချင်မိ၍ မော့တိတစ်ယောက် ကားပြတင်းပေါက်ကို ဖွင့်လိုက်သည်။ လေပြည်နွေးနွေးလေးက သူ၏မျက်နှာပြင်ကို ဖြတ်တိုက်သွားပြီး နွေနှောင်းလေပြည်၏ထူးခြားဆန်းပြားသောရနံ့ကို သယ်ဆောင်လာသည်။ ထိုလေညင်းသည် စိတ်ကို အေးချမ်းတည်ငြိမ်စေပြီး သူ၏အတိတ်ဘဝတွင် ပင်ပန်းဆင်းရဲစွာ တွေ့ကြုံခံစားခဲ့သော ခံစားချက်များ ပျောက်ကွယ်စေကာ ပျော်ရွှင်မှု စိုးစဉ်းမျှ ခံစားရစေသည်။


“ကိုကို၊ ကျွန်တော့် ကိုကို့ကို ပြောစရာရှိတယ်။”


မော့တိက လေပြည်လေညင်းကို ခံစားမွေ့လျော်နေလေသည်။ လေပြည်ဖြတ်တိုက်လိုက်သည့်အချိန်တွင် သူ၏အရှေ့ဆံပင် အနောက်ဘက်သို့လှန်သွားကာ ခပ်ကျယ်ကျယ်နဖူးပြင်ကို ပေါ်ထွက်လာစေသည်။


“ဘာပြောမလို့လဲ”


မုထျန်းဟန်မှ သာမန်တုံ့ပြန်မှုမျိုးသာ ပေးလိုက်သည်ဆိုသော်လည်း သူ၏မြူးကြွနေသောခံစားချက်ကိုတော့ ဖုံးကွယ်၍မရချေ။ စိတ်ထဲတွင်ကျိတ်ကာ သူ၏ခံစားချက်များ အနည်းငယ် အရိုင်းဆန်သွားပြီးလားဟုပင် သိချင်နေခဲ့မိသည်။ သူ၏ဘေးတွင်ထိုင်နေသောကောင်လေးက ပြင်ပမှလေညင်းခံရန်အတွက် ပြတင်းပေါက်ကို ဖွင့်လိုက်ရုံလေးနှင့်တင် သူ၏စိတ်ကို ထိုသို့ခံစားမိစေခြင်း ဖြစ်သည်။ သူ့ဘက်က တစ်ချက်နှစ်ချက် လှမ်းကြည့်ရုံမျှနှင့် သူ၏နှလုံးသားကို ကြည်နူးရွှင်ပျစေသည်။


ကောင်လေးက သူ့ကို စကားထပ်ပြောလာသောအခါ သူ၏နှလုံးသားထဲတွင် ပျားရည်ဆမ်းထားသကဲ့သို့ ထိန်းမရသိမ်းမရ ချိုအီကြည်နူးခဲ့ရသည်။


“အင်း...”


မော့တိက သူ ဆက်ပြောမည့်စကားကို အလေးအနက် တွေးတောပြီးမှ ဆက်ပြောသည်။


“ကိုကို၊ ကျွန်တော့်ရဲ့ တတိယဝမ်းကွဲအစ်ကိုအကြောင်း သိလား။ သူ့နာမည်က မော့စန်းကျစ်။ အရမ်းနာမည်ကြီးတဲ့ ဒီဇိုင်နာလေ။”


“မော့စန်းကျစ်လား”


မော့တိ ဘယ်သူ့အကြောင်းကို ပြောနေသလဲဆိုသည်ကို မုထျန်းဟန် တန်းသိသည်။ တကယ်တမ်းတွင် မော့တိ ပြောင်းမလာခင် မော့မိသားစုဝင်တိုင်းကို နောက်ကြောင်းလိုက်ထားပြီးသားဖြစ်ပြီး သူတို့အားလုံး၏အကြောင်းကို အလွတ်ရပြီးသား ဖြစ်သည်။


“သိတယ်လေ။ သူက ဘာဖြစ်လို့လဲ။”


“သူက ကျွန်တော့်အခန်းဖော်ရဲ့ ဦးငယ်လေးနောက်ကို လိုက်ကပ်နေလို့တဲ့။ ကျွန်တော့်အခန်းဖော်က သူ့ ဦးငယ်ကို မော့စန်းကျစ်နဲ့ မတန်ဘူးထင်လို့လေ။ ပြီးတော့ သူ့ ဦးငယ်လေးကို မော့စန်းကျစ်အတွက်နဲ့ မျက်စိစုံလုံး မကန်းသွားစေချင်ဘူး။ အမြန် လမ်းခွဲစေချင်နေတယ်။ သူ့ ဦးငယ်လေးကတော့ စိတ်မပြတ်နိုင်သေးဘူးပေါ့။ အဲဒါကြောင့် ကျွန်တော့်ဘက်က သူ့ကို စဆက်သွယ်ပြီး...”


ဒီလောက်ဆိုလျှင်ပင် မော့တိတစ်ယောက် အတော်လေးရှက်ရွံ့မိပါသည်။ ဆိုရလျှင် သူသည် စုံတွဲတစ်တွဲကို ပြတ်စဲစေမိပြီး ယခုလည်း နောက်ထပ်တစ်တွဲကို ပြတ်စဲစေတော့မည် ဖြစ်သည်။ သူသည် မုထျန်းဟန်ကို တစ်ချက်လှမ်းကြည့်လိုက်သောအခါ ထူးထူးခြားခြား အမူအရာမပြပေ။ ထို့ကြောင့် စိတ်အေးသွားရပြီးမှ စကားဆက်လေသည်။


“ထားပါ။ ကျွန်တော် သူနဲ့စကားပြောကြည့်လိုက်တော့ ရလဒ်က တော်တော်လေး သိသာပါတယ်။”


မုထျန်းဟန်သည် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ 


“ကိုယ် အရင်ကတော့ သတိမထားမိပေမဲ့ ကောင်လေးရေ မင်းက တကယ့်ကို အတွဲဖြတ်ပညာရှင်ကြီးတစ်ယောက်ပဲ။”


“ဟာ ကိုကို၊ ကျွန်တော့်ကို မလှောင်ပါနဲ့။ မော့စန်းကျစ်နဲ့က တကယ့်ကို မလိုက်ဖက်တာမလို့ပါ။ ဘယ်မော့မိသားစုဝင်ကမှ မော့စန်းကျစ် ယောက်ျားလေးရည်းစားထားတာကို သဘောတူကြမှာ မဟုတ်ဘူး။”


မော့တိသည် သူ၏အတိတ်ဘဝက ဖြစ်ရပ်ကို ပြန်ပြောင်းပြောပြရန် ဆန္ဒရှိသော်လည်း ပြောမထွက်ခဲ့ပေ။


“ဘာပဲဖြစ်ဖြစ်ပါ။ ဦးလေးစုန့်က သူ့ကို လိပ်စာပို့ပေးဖို့တောင် ပြောလိုက်သေးတယ်။ သူက‌ ပြောသေးတယ်။ ဒီဇိုင်းပြိုင်ပွဲက ပြီးတော့မှာတဲ့။ မော့စန်းကျစ်လည်း ဟွာရှားကို နောက်နှစ်ပတ်နေရင် ပြန်လာတော့မှာတဲ့။ အဲဒီအချိန်ကျရင် သူလည်း ဒီကိုလာပြီး ကြည့်ဦးမယ်တဲ့။”


“အင်း ကောင်းတာပေါ့”


မုထျန်းဟန်က ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြသည်။


“ဆုံးဖြတ်ချက်မချခင် မော့မိသားစုက ဘယ်လိုမျိုးလဲဆိုတာရယ်၊ မော့စန်းကျစ်ရဲ့ သရုပ်မှန်က ဘယ်လိုမျိုးလဲဆိုတာရယ်ကို သူကိုယ်တိုင် မျက်မြင်တွေ့သွားရတာပေါ့။”


မော့တိက သဘောတူသည့်သဘောဖြင့် “အင်း” ဟုသာ အသံထွက်လာပြီး ဘာမှ ထွေထွေထူးထူး ဆက်မပြောပေ။ တကယ်တမ်းလည်း ဦးလေးစုန့်သည် မော့စန်းကျစ်၏ချစ်သူဖြစ်ကြောင်း မော့မိသားစု သိရှိသွားသောအခါ မော့မိသားစုရှေ့မှောက်တွင် မော့စန်းကျစ်ဘက်က ဦးလေးစုန့်ကို မည်သို့မည်ပုံ တုံ့ပြန်မည်ဆိုသည်ကို ဦးလေးစုန့်ကိုယ်တိုင် မျက်မြင်တွေ့ရှိသင့်သည်။ ထိုမှသာလျှင် မော့စန်းကျစ်၏သရုပ်မှန်ကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။


သို့သော်လည်း ဤကိစ္စသည် ဦးလေးစုန့်က စိတ်သဘောထားနူးညံ့ပြီး လွယ်လွယ်ဖြင့် တိမ်းညွတ်တတ်သည်လားဆိုသည့်အပေါ်တွင်လည်း မူတည်ပါသေးသည်။


မော့တိနှင့် မုထျန်းဟန်တို့သည် ညစာစားပြီးနောက် အိမ်ပြန်လာကြပြီး တီဗီရှေ့တွင် နေရာယူကြသည်။


ဟွာရှား၏ပထမဆုံးဂိမ်းတီထွင်မှုပြိုင်ပွဲရလဒ်များကို မကြာမီအချိန်တွင် ကြေညာတော့မည်ဖြစ်ပြီး တီဗွီတွင် တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်ပင် ဖြစ်သည်။ စင်မြင့်ပေါ်မှ ဧရာမတီဗွီဖန်သားပြင်ကြီးသည် အရှေ့တွင် မတ်တပ်ရပ်နေကြသော အစီအစဉ်တင်ဆက်သူတို့ကို ပို၍သေးသွားသယောင် ဖြစ်စေသည်။


အစီအစဉ်ကို မြူးကြွသက်ဝင်သော ဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်သည်။ အစီအစဉ်တင်ဆက်သူ(၃)ဦးသည် တစ်ယောက်နှင့်တစ်ယောက် ပွင့်လင်းမြင်သာရှိကြပြီး ပြောရဲဆိုရဲရှိကြသောကြောင့် ကြည့်ရသည်မှာ စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။ ရည်မွန်ပျူငှာသောမှတ်ချက်များ ပေးအပြီးတွင် လူရွေးပွဲအောင်မြင်သွားသော အဖွဲ့အမည်များကို စတင်ကြေညာလေသည်။


အဖွဲ့အမည်တစ်ခု ကြေညာတိုင်း သူတို့၏အနောက်တွင်ရှိသော ဖန်သားပြင်ပေါ်တွင် ဂိမ်းမှတ်တမ်းအတိုလေးကို လျှပ်တစ်ပြက် ပြသပေးသည်။ အသံအနေအထားကို ပို၍ကောင်းမွန်အောင် ပြုပြင်ထားပြီး ဧရာမဖန်သားပြင်ကြီးပေါ်တွင် ကိုယ်တီထွင်ထားသောဂိမ်းကို ကြည့်ရခြင်းသည် အင်မတန် စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ သို့သော် ဂိမ်းတစ်ခုဆီကို အကြမ်းအားဖြင့် စက္ကန့်သုံးဆယ် ကြာမျှသာ ပြသသည်။


အစီအစဉ်တင်ဆက်သူများသည် ဂိမ်းအကြောင်း မိတ်ဆက်ပြောကြားရာတွင် တရစပ် ကရားရေလွှတ်ပြောကြားပြီး တစ်ယောက်မောသွားသောအခါ နောက်တစ်ယောက်မှ ချက်ချင်းပင် အစားဝင်ပြောပေးသည်။


မုထျန်းဟန်သည် မော့တိအတွက် အချိုရည်တစ်ခွက် ယူလာပေးပြီး သူ၏ဘေးရှိ ဆိုဖာခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။


“ဘယ်နှစ်ဖွဲ့ ကြေညာပြီးပြီလဲ”


“ကျေးဇူးတင်ပါတယ် ကိုကို။ ခြောက်ဆယ်ကျော်လောက် ပြီးသွားပြီ။ ကျွန်တော်တို့ဂိမ်းကိုတော့ မတွေ့မိသေးဘူး။”


မော့တိက အချိုရည်ခွက်ကို လှမ်းယူရင်း ပြန်ဖြေသည်။


“အေးဆေးပေါ့ကွာ။ သိပ်လည်း စိုးရိမ်မနေနဲ့။ အကောင်းဆုံးဆိုတာ နောက်ဆုံးမှ လာတတ်ကြတာပဲ။”


မုထျန်းဟန်၏လက်သည် မော့တိဆံပင်ဆီသို့ ရောက်ရှိသွားသည်။ သူ၏လက်ထဲရှိ နူးညံ့ချောမွေ့နေသောခံစားချက်သည် စွဲမက်စရာကောင်းလှသည်။


“မင်းရဲ့ ဂိမ်းမှာ အမှားမပါပါဘူး”


“အွန်း”


မော့တိက ခေါင်းညိတ်ပြီး ဆက်ပြောသည်။


“ပြိုင်ပွဲဝင်အဖွဲ့ပေါင်း (၂၁,၀၀၀) ရှိတယ်တဲ့။ ပြီးတော့ (၁)ရာခိုင်နှုန်းအောက်ပဲ လူရွေးပွဲအောင်ကျတယ်လို့ အခုလေးတင် အစီအစဉ်တင်ဆက်သူက ကြေညာလိုက်တယ်။ သူပြောတဲ့အတိုင်းသာဆို အဖွဲ့ (၂၀၀)လောက်ပဲ ဇကာတင်ကျန်မှာပေါ့နော်။ ဖြုတ်ချနှုန်းက တော်တော်မြင့်တာပဲ။”


“အဲဒါ ပုံမှန်ပါပဲ။ ဂိမ်းတီထွင်မှုပြိုင်ပွဲက တခြားကိုယ်ရည်ကိုယ်သွေးရှိုးပွဲတွေနဲ့ မတူဘူး။ ပြိုင်ပွဲရဲ့ နောက်ပိုင်းအဆင့်တွေရောက်လာလေလေ အချိန်လည်း အများကြီးပေးဆပ်ရလေလေပဲ။ ပြီးတော့ လိုအပ်ချက်တွေကိုလည်း အသေးစိတ်ဖြည့်ဆည်းဖို့ လိုအပ်လာတယ်။ ဂိမ်းတွေအများကြီးကို ကျော်ဖြတ်ခွင့်ပေးလိုက်ရင် ပြိုင်ပွဲကို မလိုအပ်ဘဲ ဆွဲဆန့်ထားတာမျိုး ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ဒီပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်က ရင်းနှီးမြှုပ်နှံလို့ရပြီး နိုင်ငံတကာစံချိန်မီ ဖြန့်ချီထုတ်ဝေလို့ရမဲ့ ဂိမ်းအနည်းအကျဉ်းကို ရွေးချယ်ဖို့ပဲလေ။ အဲဒီတော့ ဖြုတ်ချနှုန်း မြင့်တယ်ဆိုတာ သဘာဝကျပါတယ်။”


“အင်း”


“ဒါနဲ့ ကျွန်တော်တို့က တတိယအကြော့ရှုံးထွက်အဆင့်ထိ ရောက်သွားရင်တောင် ရင်းနှီးမြှုပ်နှံမှုရဖို့ ဖြစ်နိုင်ပါ့မလား”


“ဖြစ်နိုင်တာပေါ့။ ကိုယ့်ဂိမ်းကို စိတ်ဝင်စားနိုင်လောက်မဲ့ ရင်းနှီးမြှုပ်နှံသူတွေရှေ့မှာ သေသေချာချာ ထင်သာမြင်သာရှိအောင် ထုတ်ပြနိုင်တယ်ဆိုရင် ဖြစ်နိုင်တာပေါ့”


မုထျန်းဟန်သည် ရုတ်တရက် စကားလက်စသတ်ပြီး ပြုံးလိုက်သည်။


“ဒီမယ် ရောက်လာပါပြီ”


မော့တိလှည့်ကြည့်လိုက်သောအခါ ဖန်သားပြင်ပေါ်တွင် သူနှင့်အရင်းနှီးဆုံးသော ကာရိုက်တာများကို တွေ့လိုက်ရသည်။ ကြော့မော့ချောမောသော နတ်သမီးတစ်ပါး၊ ခံ့ညားထည်ဝါသော နတ်သားတစ်ပါးတို့နှင့်အတူ သူတို့၏နောက်တွင် “ရှင်းဝေတောက်” ဟူသော စာလုံးကြီး(၃)လုံး ရှိနေသည်။ ထိုစာလုံးများအောက်တွင် သူတို့ဂိမ်း၏မိတ်ဆက်အကြောင်းအရာကို စာလုံးသေးဖြင့် ရေးသားဖော်ပြထားသည်



စက္ကန့်(၃၀)စာမျှသာ တင်ဆက်သွားခြင်းဖြစ်ပြီး သူ၏ဂိမ်းကို အပြည့်အစုံ သရုပ်ဖော်တင်ဆက်သွားဖို့ မမျှောင်လင့်ခဲ့သော်လည်း မော့တိတစ်ယောက် ကျေနပ်အားရနေမိသည်။


“အောင်တယ်ဗျ”


 


မော့တိသည် ဖန်သားပြင်ပေါ်ရှိ နံပါတ်ကို အလျှင်အမြန် ရေးမှတ်လိုက်ပြီး မုထျန်းဟန်သို့ ပြောသည်။


 


“ကျွန်တော်တို့ နံပါတ်က (၀၆၃)။ ဒါက ပြိုင်ပွဲတစ်လျှောက်လုံး သုံးသွားရမဲ့ အဖွဲ့နံပါတ်လေ။”


 


“ဂုဏ်ပြုပါတယ်”


 


မုထျန်းဟန်သည် မော့တိ၏နီရဲရဲမျက်နှာနှင့် အချိုရည်ရောင်သွေးနေသောနှုတ်ခမ်းတို့ကို ကြည့်နေမိပြီး သူ၏မျက်ဝန်းများထဲမှ နူးညံ့သိမ်မွေ့မှုတို့သည် မတတ်သာဘဲ နက်ရှိုင်းသွားကြတော့သည်။ သူသည် သူ၏ကိုယ်တွင်းမှထိုးထွက်လာသော စိတ်ဆန္ဒတို့ကို မတ်တပ်ထရပ်လိုက်ခြင်းဖြင့် အလျှင်အမြန် ဖြေဖျောက်ပစ်ကာ စကားစလိုက်သည်။


 


“မင်းနဲ့အတူ အောင်ပွဲခံဖို့ ဘီယာတစ်ဘူးလောက် သွားယူဦးမယ်”


 


“ကိုကို၊ ကျွန်တော်က မသောက်တတ်ဘူးလေ”


 


“ဘီယာက ကိုယ် သောက်ဖို့လေ။ မင်းက အချိုရည်ပဲသောက်”


 


မုထျန်းဟန်က ပြုံး၍ ဧည့်ခန်းထဲမှ ထွက်ခွာသွားသည်။


 


တစ်ချိန်တည်းမှာပင် မော့တိ၏ WeChat အုပ်စုဖွဲ့စကားပြောခန်းသည် ပေါက်ကွဲထွက်တော့မည့်နှယ်။


 


ရုတ်တရက်ဆိုသလိုပင် အုပ်စုဖွဲ့စကားပြောခန်းတွင် မက်ဆေ့အစောင်ရေ (၉၉)စောင်နှင့်အထက် ဖြစ်သွားသည်။


 


ဟန်ချောင်: ဟားဟား ငါတို့ အောင်မယ်ဆိုတာ သိသားပဲ။


 


ဖန်ချန်းလောင်: ဒါပေါ့ ဘယ်သူထွင်တာလဲဆိုတာ ကြည့်လိုက်ဦးလေ။ အစ်ကိုဖန်ကတော့ ငွေရွှင်တော့မယ်ဟေ့။


 


ဟန်ချောင်: ... ဒါတော့ဒါပေါ့။ အဲဒါတွေထက် ဂိမ်းကို ပိုကောင်းအောင် ပြုပြင်ပေးလိုက်တဲ့သူက ရှောင်တိလေ။


 


ဖန်ချန်းလောင်: ဟေး လောင်ဟန်၊ မင်း (၂)မိနစ်လောက်လေးပဲကွာ။ ငါ့ကို သိက္ခာမချဘဲ နေလို့မရဘူးလား။


 


ဖန်ချန်းလောင်: အောင်သွားတဲ့တခြားဂိမ်းတွေနဲ့ယှဉ်ရင် ငါ့အထင်တော့ ငါတို့ဂိမ်းက အကောင်းဆုံးတွေထဲက တစ်ခုပဲ။ ပထမရှုံးထွက်အဆင့်က အလွယ်လေးပဲ။


 


ဟန်ချောင်: ငါကတော့ နောက်တစ်ဆင့်လည်း လွယ်လောက်မယ်လို့ ထင်တယ်။ အေးဆေးပါကွာ။


 


ဖန်ချန်းလောင်: ဒါနဲ့ ရှောင်တိတစ်ယောက် ဘယ်မှာလဲ။ သူ ဘာလို့ ဘာမှဝင်မပြောတာလဲ။


 


ဟန်ချောင်: မသိဘူးလေ [အီမိုဂျီ]


 


 


ဖန်ချန်းလောင်: မင်းသိတာ ဘာရှိလို့လဲ [အီမိုဂျီ]


 



 


ကောင်းပါလေရော။ အဖွဲ့လိုက်စကားပြောခန်းတစ်ခုလုံး အီမိုဂျီဗုံးများ ကြဲနေသလိုပင်။


 


ပြီးဆုံးနိုင်ခြေမရှိသော အီမိုဂျီပြိုင်ပို့ခြင်းပွဲစဉ်ကို ရပ်စဲနိုင်ရန်အတွက် မော့တိသည် မက်ဆေ့တစ်စောင် ဝင်ပို့လိုက်ရတော့သည်။ 


 


မော့တိ: ငါတို့ လူရွေးပွဲအောင်တယ်။ မဆိုးပါဘူး။ ဒါပေမဲ့ ငါတို့ စိတ်လွတ်လက်လွတ်ဖြစ်ပြီး စိတ်ကြီးဝင်သွားလို့ မဖြစ်ဘူးနော်။ ရင်ဆိုင်စရာတိုက်ပွဲတွေ အများကြီးကျန်သေးတယ်။


 


ဖန်ချန်းလောင်က ရုတ်တရက် မေးခွန်းသင်္ကေတတွေ တစ်ပုံကြီး ထပို့လေတော့သည်။


 


ဖန်ချန်းလောင်: ???? မင်းက ငါ့အထက်တန်းကျောင်းက ဆရာမနဲ့ တူနေတယ်လို့ ဘာဖြစ်လို့ ခံစားနေမိပါလိမ့်။ တစ်ချိန်တုန်းက ကြောက်ခဲ့ဖူးတဲ့ ထိတ်ထိတ်ပျာပျာခံစားချက်တွေကို ပြန်ပြီးတောင် အမှတ်ရသွားစေတယ်။


 


မော့တိ: ...


 


မော့တိ: အမှန်တော့ အရေးကြီးပြောစရာတစ်ခု ရှိလို့ပါ။


 


ဟန်ချောင်: ဘာကိုလဲ ရှောင်တိ။ ပြောလေ


 


မော့တိ: အင်း မင်းတို့ နည်းနည်းတော့ အလုပ်ရှုပ်ရလိမ့်မယ်နော်။ စောနက တီဗီမှာ လွှင့်သွားတဲ့ဟာကို အင်တာနက်ကနေ ပြန်ရှာပြီးယူထား။ တော်တော်လေးအဆင်ပြေတဲ့ဂိမ်းတွေနဲ့ အသံပိုင်းဆိုင်ရာ ကောင်းတာတွေကို သေချာလေး လိုက်ကြည့်ထားပေး။ မှတ်စုနဲ့ပါ ချရေးပေးနော်။ အထူးသဖြင့် ဇာတ်အိမ်တင်ဆက်ခြင်းဘုတ်ပြားနဲ့ ဂရပ်ဖစ်ပိုင်းကိုပေါ့။ ပန်းချီဆရာတွေက ဒီအပိုင်းကို ပိုပြီးနားလည်ကြမှာပေါ့။ ဪ ကာရိုက်တာဒီဇိုင်းကောင်းတာတွေနဲ့ နောက်ခံဇာတ်ကြောင်းကောင်းတာတွေကိုလည်း မှတ်စုထုတ်ထားဦးနော်။ ပြီးရင် ငါ့ကို လှမ်းပို့ပေး။


 


ဟန်ချောင်: အိုကေ ပြဿနာမရှိပါဘူး။ ဒါနဲ့ အဲဒါတွေက ဘာဖြစ်လို့ လိုတာလဲ။


 


မော့တိ: ပထမအကြော့နဲ့ ဒုတိယအကြော့ ရှုံးထွက်အဆင့်ကိုပဲ စောင့်လိုက်။ စောနလို မိတ်ဆက်ပြသွားတော့ အဲဒီပြုတ်သွားတဲ့သူတွေကို ဆက်သွယ်လို့ရမဲ့အချက်အလက်တွေလည်း ပေါ်သွားတာပေါ့။ အဲဒီအချိန်ရောက်ရင် သူတို့ထဲကတချို့ကို တခြားအဖွဲ့တွေ လက်မဦးခင် ငါတို့က အရင်ဦးအောင် လိုက်လို့ရတာပေါ့။


 


ဖန်ချန်းလောင်က စပြီး မက်ဆေ့မပို့ခင် အုပ်စုဖွဲ့စကားပြောခန်းသည် သုံးစက္ကန့်စာမျှလောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။


 


 


ဖန်ချန်းလောင်: အောင်မယ်လေး ရှောင်တိရယ်။ မင်းက ငယ်သာငယ်တာ အတွေးအခေါ်ကတော့ အရမ်းဉာဏ်များ... ဉာဏ်ကောင်းတယ် ပြောပါတယ်။


 


ဖန်ချန်းလောင်: ဘာလဲ။ သားရဲကြီးက သင်ပေးထားတာလား။


 


ဖန်ချန်းလောင်: အကြံကောင်းပဲနော်။


 


ဖန်ချန်းလောင်: မိုက်တယ်ဟေ့။


 


“…”


 


မော့တိ၏ခေါင်းထဲတွင် ရုတ်တရက် မေးခွန်းသင်္ကေတတစ်ခု ပေါ်လာသည်။ ခဏအကြာတွင် သူ စာရိုက်လိုက်သည်။


 


မော့တိ: ဘာသားရဲကြီးလဲ ?


 


ထိုမေးခွန်းသည် ဝစီပိတ်ဂါထာတစ်ခုလိုပင်။ အခိုက်အတန့်တစ်ခုအထိ တစ်လောကလုံး တိတ်ဆိတ်သွားသည်။


 


တစ်ဖက်တွင်တော့ ဖန်ချန်းလောင်သည် ထိတ်ထိတ်ပျာပျာ ဖြစ်နေလေသည်။ သူသည် စကားပြောမှတ်တမ်းကို အပေါ်ပြန်ဆွဲပြီး အပျော်လွန်ကာ ပို့လိုက်မိသည့် မက်ဆေ့ကို ပြန်ကြည့်လိုက်မိသည်။ ဘယ်လောက် တုံးအလိုက်သလဲ။ အလျှင်အမြန်ပင် ပြန်ဖျက်ဖို့ ကြိုးစားနေသည်။


ဖြစ်ချင်တော့ ဖျက်လို့ မရပေ။ ဖန်ချန်းလောင်သည် အော်ဟစ်ကာ သူ့ပေါင်သူ ဖြတ်ရိုက်ပစ်လိုက်သည်။


ဘယ်လိုလုပ်ရမလဲ။ 


ဖန်ချန်းလောင်သည် သူ၏စိတ်ထဲတွင် တွေးထင်မိနေသည့် မုထျန်းဟန်၏စရိုက်ကို အမှုမဲ့အမှတ်မဲ့ ပို့လိုက်မိခြင်းပင် ဖြစ်သည်။


Xxxxxx