အပိုင်း ၅၄
Viewers 28k

Chapter 54


 


ဖန်ချန်းလောင်က ပြောချင်ရာပြောပြီး သေချင်ယောင်ဆောင်နေလေတော့ ဤကိစ္စကို ကာဖို့ရာ ဟန်ချောင်တစ်ယောက် အလျင်အမြန် ကြားဖြတ်ဝင်ပြောရတော့သည်။


ဟန်ချောင်: ရှောင်တိ၊ မင်း စစ်ရေးလေ့ကျင့်တယ်ဆိုတာ ပြီးသွားပြီလား။ ငါတို့ မင်းဆီကို ဘယ်တော့လာလည်လို့ရမလဲ။


ရှောင်တိ: စစ်ရေးလေ့ကျင့်တာက ပြီးသွားပါပြီ။


ထိုနှစ်ယောက် သူ့ကိုတစ်ခုခုဖုံးကွယ်ထားသည်ဟု မော့တိ၏စိတ်ထဲတွင် သိနေသော်လည်း တစ်ချက်စဉ်းစားလိုက်ပြီးနောက် အတင်းအကြပ် မေးခွန်းထုတ်ဖို့ မလိုသည့်အတွက် ဤအတိုင်း လွှတ်ထားလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။


ရှောင်တိ: မင်းတို့ လာချင်တဲ့အချိန်ကိုသာ ပြော။ ဂိတ်ဝမှာ လာကြိုမယ်။


ဟန်ချောင်: မလိုပါဘူးကွာ။ ငါတို့ လာလည်ရင်လည်း ကျောင်းစာကြည့်တိုက်တို့ ကျောင်းကန်တင်းတို့ကိုပဲ တန်းသွားမှာပါ။ မင်း အဲဒီမှာ လာတွေ့ပေါ့။ ငါကြားတာတော့ မင်းရဲ့ ကျောင်းအချိန်ဇယားက အတန်းချိန် အပြည့်ပဲဆို တော်တော်လေးလည်းကြပ်တယ်တဲ့ ဟုတ်လား။


မော့တိက သူ၏ကြပ်ကြပ်တည်းတည်း အချိန်ဇယားကို ပြန်စဉ်းစားကြည့်ပြီး စကားပြန်လိုက်သည်။


မော့တိ: ကြပ်တော့ကြပ်တယ်။ ဒါပေမဲ့ အဆင်ပြေပါတယ် ။ ဒါနဲ့ မင်းတို့တွေ စက်တင်ဘာလထဲမှာ ဘာတွေလုပ်ဖို့ စဉ်းစားထားကြလဲ။


ဟန်ချောင်: ငါလည်း အတန်းတက်ရပါတယ်။ တက္ကသိုလ် တတိယနှစ်လေ။ ငါကမှ မင်းထက် ပိုပြီးပေါ့ပေါ့ပါးပါး ရှိသေးတယ်။


မော့တိ: မင်းတို့ကို ကာရိုက်တာဒီဇိုင်းအသစ်တွေ ပို့လိုက်မယ်။ အဲဒီ ဒီဇိုင်းတွေရဲ့ ကိုယ်နေဟန်ထားနဲ့ လှုပ်ရှားမှုတွေကို စက်တင်ဘာလထဲမှာ လက်စသတ်ပေးရမယ်။ ပထမအကြော့ရှုံးထွက်ပွဲစဉ်မှာ အဆင်ပြေသွားပေမဲ့ နောက်တစ်ကြော့အတွက် ပိုပြီးကောင်းမွန်တဲ့ပုံစံကို တင်ပြနိုင်ရမယ်။


ဟန်ချောင်: အေးပါ။ ကိစ္စမရှိပါဘူး။


 


ထိုအချိန်တွင်မှ ဖန်ချန်းလောင်တစ်ယောက် သေရာမှပြန်ရှင်လာပြီး အမောတကော စကားရောဖောရော ဝင်လုပ်သည်။


 


ဖန်ချန်းလောင်: တစ်ယောက်ကို ဘယ်နှစ်ပုံ ဆွဲရမှာလဲ။ အထက်တန်းကျောင်း တတိယနှစ်ကို ပြန်ရောက်သွားတဲ့အတိုင်းပဲ။ တကယ်ကို ပြန်မသွားချင်တဲ့နေ့ရက်တွေ။ အဲဒီအချိန်တွေတုန်းက တော်တော်ပင်ပန်းခဲ့တာ။ လူ့ဘဝရောက်နေတာတောင် ဟုတ်ရဲ့လားဆိုပြီး သံသယဝင်ခဲ့တဲ့နေရက်တွေပေါ့။


 


မောတိ: မင်းရဲ့ မိဘတွေနဲ့ သေသေချာချာ စကားပြောကြည့်သင့်တယ်လို့ ထင်တယ်။


 


မော့တိသည် အုပ်စုဖွဲ့စကားပြောခန်းထဲတွင် သတင်းအချက်အလက်ပို့ပေးသည့်အပြင် ဖန်ချန်းလောင်အတွက် အကြံဉာဏ်ပင် ပေးနေသည်။ 


 


မောတိ: မိဘတွေရဲ့ စိတ်ကိုပဲ ပြောင်းလဲနိုင်မလား။ ဒါမှမဟုတ် ကျောင်းပဲပြန်တက်ဖြစ်မလား။ မင်းရဲ့ ထူးခြားတဲ့အရည်အချင်းနဲ့ဆိုရင် အနည်းဆုံးတော့ ဘွဲ့တစ်ခုခုတော့ရမှာပါ။ အဲဒီလိုဆိုရင် မင်းအမေလည်း တွန်းအားပေးတော့မှာ မဟုတ်ဘူး။


 


ဖန်ချန်းလောင်: ဒါပေမဲ့ ငါက ကျောင်းမှမတက်ချင်တာ။ ငါ့ဦးနှောက်က ကျောင်းစာဆိုရင် မမှတ်နိုင်ဘူး။


 


မော့တိ: ဒါဆို မိဘတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်လေ။


 


မော့တိက ထိုအကြောင်းအရာကိုသာ စာထပ်ပို့သည်။


 


ဖန်ချန်းလောင်: မင်းကတော့ ငါ့ကို သေတွင်းတူးခိုင်းနေတာပဲ။


 


မော့တိ: ဒီကိစ္စကို တစ်ခါတည်းနဲ့ အပြတ်ရှင်းပစ်ရမယ်နော်။ မိဘတွေကို စည်းရုံးနိုင်အောင်ကြိုးစားတာပဲဖြစ်ဖြစ် အထက်တန်းကျောင်းအောင်အောင် ဖြေတာပဲဖြစ်ဖြစ် တစ်ခုခုလုပ်။ မဟုတ်ရင် ဒီပြဿနာက ပြေလည်မှာမှ မဟုတ်တာ။ ပြီးတော့ အဲဒီကိစ္စကို စက်တင်ဘာလထဲမှာပဲ ပြီးအောင်ဖြေရှင်းထားနော်။ မဟုတ်ရင် နောက်ဂိမ်းပြိုင်ပွဲထဲကို မင်းကို ဝင်မပါခိုင်းဘူး။


 


“သေစမ်း”


 


ဖန်ချန်းလောင်တစ်ယောက် အိပ်ရာထက်မှ တရှိန်ထိုး ထထိုင်လိုက်ပြီး မော့တိဆီသို့ အသံမက်ဆေ့ပို့လိုက်သည်။


ဖန်ချန်းလောင်: ရှောင်တိ၊ မင်းလုပ်ရက်လိုက်တာကွာ။


 


မော့တိကတော့ မသိချင်ယောင်ဆောင်နေသည်။ သူမှ ဖန်ချန်းလောင်ကို မတိုက်တွန်းလျှင် ထိုကိစ္စမှ တစ်သက်လုံး ရှောင်ပြေးနေမည်ဖြစ်သည်။ ထိုသို့ရှောင်ပြေးနေခြင်းသည် သူ့အတွက်လည်း မကောင်းသလို အဖွဲ့အတွက်လည်း မကောင်းပါချေ။


 


မော့တိ: ဂိမ်းအသစ်က စက်တင်ဘာလနှောင်းပိုင်း ဒါမှမဟုတ် အောက်တိုဘာလအစောပိုင်းလောက်မှာ စဖြစ်လိမ့်မယ်။ အဲဒါကြောင့် ရှင်းဝေတောက်ရဲ့ အပြီးသတ်ဗားရှင်းကို စက်တင်ဘာလထဲမှာ လက်စသတ်ထားရမယ်။ အားလုံးပဲ အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။ ဒီနေ့တော့ အေးအေးဆေးဆေး အနားယူလိုက်ကြပါဦး။ မနက်ဖြန်မှပဲ အားကြိုးမာန်တက် ပြန်ကြိုးစားကြမယ်နော်။


 


မော့တိသည် ဂွတ်နိုက် စတစ်ကာတစ်ခု ပို့လိုက်ပြီး အုပ်စုဖွဲ့စကားပြောခန်းကို ပိတ်လိုက်သည်။


 


သူ၏ဘေးတွင်ရှိသော မုထျန်းဟန်က အသံမက်ဆေ့အကြောင်း မေးတော့မည့်အချိန်တွင် နောက်ထပ် ဖုန်းတစ်ကော ဝင်လာပြန်သောကြောင့် ဆိုဖာခုံတွင် ကျောမှီပြန်ထိုင်ကာ သက်ပြင်းသာချနေရသည်။


 


သူ၏ကလေးငယ်မှာ မိတ်ဆွေအပေါင်းအသင်းများ ပိုပြီးတိုးပွားလာသည်။ ဤသည်မှာ ကောင်းသည့်အချက် ဖြစ်သည်။


 


သူ့အတွက်ကတော့ သေချာပေါက် အောင့်သက်သက် ခံစားရပေမဲ့လည်းပေါ့။


 


မော့တိက သူ့ကို စကားလှမ်းပြောချင်နေသော မုထျန်းဟန်ကို သတိထားမိသည်။ သူသည်လည်း မုထျန်းဟန်နှင့် စကားပြောချင်နေသည်။ သို့သော် ဗီဒီယိုကောမှာလည်း ကိုင်မိလျက်သား ဖြစ်နေသည်။


 


“လောင်ရှန့်လား”


 


“ဟေး ဘယ်နှစ်ခေါက် ပြောရမလဲ။ ရှောင်တိ၊ မင်းက ငါ့ကိုဘော့စ်လို့ ခေါ်ရင်ခေါ် မဟုတ်ရင် အစ်ကိုကြီးလို့ ခေါ်ရမယ်လေ။”


 


ဗီဒီယိုကော ကိုင်လိုက်သည်နှင့် ဖန်သားပြင်ပေါ်တွင် မျက်နှာကြီး(၃)ခု ကြပ်ညပ်ပြီးပေါ်လာသည်။


 


“…”


 


မော့တိသည် ဖုန်းကို ခပ်ဝေးဝေးသို့ ရွှေ့ထားလိုက်သည်။


 


“လောင်ရှန့်၊ ဘာဖြစ်လို့လဲ။ ဒါမှမဟုတ် ဘာခိုင်းစရာရှိလို့လဲ။”


 


“မဟုတ်ပါဘူး။ ငါ ငိုချင်နေလို့ပါ။”


 


ရှန့်ယွီချောင်က သူ၏ပြဇာတ်အိုင်တင်များဖြင့် သရုပ်ဆောင်ကာ ဖုန်းထဲတွင် အော်ဟစ်ငိုကြွေးနေသည်။


 


“ဦးဝတုတ်နဲ့ ငါနဲ့ပေါ့ ဂိမ်းတီထွင်မှုလူရွေးပွဲ မအောင်လိုက်ဘူးလေ။ အီး ဟီး ဟီး”


 


“အဖေပါကွာ။ ဦးဝတုတ် မဟုတ်ပါဘူး။”


 


လင်ကျွင်းဖုန်က စကားဝင်ထောက်သည်။


 


“သူတို့နှစ်ယောက်က ဆက်တိုက် အော်ဟစ်နေကြတာ။ ငါဖြင့် ခေါင်းတောင်ကိုက်လာပြီ။ ရှောင်တိရေ မင်းကပဲ နှစ်သိမ့်ပေးလိုက်ပါဦးကွာ။”


 


ချန်ကျောင်းက ကြားဖြတ်ပြောသည်။


 


“တိုက်ရိုက်ထုတ်လွှင့်နေတာ ပြီးတောင်မပြီးသေးဘဲနဲ့။ အဖြုတ်ခံလိုက်ရပြီဆိုတာ ဘယ်လိုဖြစ်ပြီး စွတ်သေချာနေတာလဲ။”


 


မော့တိက တီဗွီဖန်သားပြင်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။


 


“ဘာလို့သေချာနေတာလဲဆိုတော့ သူတို့က အမျိုးအစားခွဲပြီး ကြေညာတာမလို့လေ။ ပထမဆုံးခေါင်းစဉ်အောက်မှာ အောင်မြင်သွားတယ်လို့ ကြေညာလိုက်တဲ့ ဂိမ်းအနည်းစုက ပဟေဠိဂိမ်းတွေ။ ခေါင်းစဉ်(၁၆)ခုမြောက်ပြီးတော့ အများဆုံးအောင်သွားတာက အက်ရှင်ဂိမ်းတွေ၊ အွန်လိုင်းဂိမ်းတွေ အစရှိသဖြင့်ပေါ့ကွာ။”


 


လင်ကျွင်းဖုန်က သက်ပြင်းချသည်။


 


“ငါတို့ဂိမ်းကတော့ သွားပါပြီကွာ။ ပဟေဠိဂိမ်း ထွင်ထားတာဆိုတော့ အဖြုတ်ခံလိုက်ရပြီဆိုတာ သေချာသလောက်ပါပဲ။”


 


“မင်းတို့ ထွင်ထားတာ ပဟေဠိဂိမ်းအသေးစားလား”


 


မော့တိက ရှန့်ယွီချောင်ကို နားမလည်နိုင်သည့်အကြည့်ဖြင့် ကြည့်လိုက်သောကြောင့် အပြစ်ရှိစိတ်ပင် ဝင်ချင်သွားရသည်။ သူတို့ ဘာဂိမ်းတီထွင်တာလဲဆိုသည်ကို ဟိုအရင် မော့တိ မေးခဲ့စဉ်က ရှန့်ယွီချောင်သည် သရဲဂိမ်း တီထွင်ခဲ့သည်ဟု ဖြေခဲ့သည်။


 


ထိုဂိမ်းအမျိုးအစားနှစ်ခုသည် ကမ္ဘာခြားစီ ဖြစ်သည်။ တစ်ဆင့်ချင်းစီ ဖြတ်ကျော်ရသည်ဆိုသည့်အချက်ကလွဲ၍ ကျန်တာ ဘာတစ်ခုမှ တူညီလိမ့်မည် မဟုတ်ချေ။


 


ရှန့်ယွီချောင်သည်လည်း လိပ်ပြာမလုံ ဖြစ်နေလေသည်။ ငိုယိုအော်ဟစ်သံ တိတ်သွားပြီး တံတွေးဆွတ်ကာ မျက်ရည်တု လုပ်နေသည်။


 


“ရှောင်တိ၊ မင်းရဲ့ ဂိမ်းရော အောင်သွားလား။”


 


“အင်း”


 


မော့တိမှာ ရှန့်ယွီချောင် စိတ်အနှောင့်အယှက်ပေးမည့်ဒဏ်ကို မခံချင်တော့ပေ။


 


“အာ မခံချင်စရာပဲကွာ”


 


ရှန့်ယွီချောင်က သူ၏အင်္ကျီလည်ပင်းပေါက်ကို ဘယ်ညာဆွဲရင်းပြောသည်။ ထို့နောက် မော့တိကို မျက်နှာလုပ်လေသည်။


 


“ရှောင်တိ၊ မင်းရဲ့ ဂိမ်းက ဘယ်တစ်ခုလဲဟင်”


 


မော့တိ၏မျက်လုံးများသည် အနည်းငယ် လေးလာသောကြောင့် ဖုန်းကို ပိုဝေးရာကို ရွှေ့ထားလိုက်သည်။


 


“(၆၃)ခုမြောက်။ ရှင်းဝေတောက်လို့ နာမည်ပေးထားတဲ့ဟာပေါ့။”


 


“ဪ အဲဒီတစ်ခုလား”


 


ချန်ကျောင်း၏မျက်နှာကြီးသည် ရှေ့တိုးလာပြီး သူ၏မျက်လုံးများမှာလည်း လင်းလက်တောက်ပနေကြသည်။


 


“သူတို့ အဲဒီဂိမ်းကို မိတ်ဆက်ပေးတုန်းက တော်တော်ကောင်းပုံရမယ့်ဂိမ်းပုံပဲလို့တောင် ငါတို့တွေ ပြောနေကြတာ။ ဂိမ်းကစားကွက်တွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမဲ့ ပရိုဂရမ်ရေးဆွဲတဲ့အပိုင်းမှာတော့ နည်းနည်းရှုပ်ထွေးပြီး ပြဿနာရှိနေတဲ့ပုံပဲ။ လက်စသတ်တော့ အဲဒါက မင်းလက်ရာပေါ့လေ။”


 


“ငါ့မိသားစုဝင်လေးရှောင်တိက သိပ်တော်တာပဲ။”


 


ချန်ကျောင်း၏အနောက်ဘက်ရှိ လင်ကျွင်းဖုန်က သူ၏ဝမ်းဗိုက်ကို ဖွဖွပုတ်ရင်း ပြောသည်။ 


 


“ဒီအဖေ အရမ်းကျေနပ်တယ်။ အဖေ ကျရှုံးပေမဲ့ ငါသားလေး ရှောင်တိက မားမားမတ်မတ် ရပ်တည်နိုင်တယ်။ အဖေ အရမ်း... ဂါး”


 


လင်ကျွင်းဖုန်သည် သရဲခြောက်ခံလိုက်ရသကဲ့သို့ ရုတ်တရက် လေတက်သံကြီး ထွက်လာပြီး သူ၏မျက်လုံးများမှာလည်း ပြူးကျယ်နေသည်။ အသံလည်း ရုတ်ချည်းပင် ပျောက်သွားသည်။


 


မော့တိသည် သူ့ကို အထူးတဆန်း ကြည့်နေမိသည်။ မော့တိက လင်ကျွင်းဖုန် ကြည့်နေသည့်ဘက်ကို လိုက်ကြည့်ရင်းမှ သူ့နောက်ကိုသူ ပြန်ကြည့်လိုက်မိသည်။


 


မုထျန်းဟန်သည် သရေစာမုန့်ပန်းကန်တစ်ချပ်ဖြင့် ရောက်လာပြီး စားပါဦးလားဟူသော အဓိပ္ပာယ်ဖြင့် အမူအရာ လုပ်ပြသည်။


 


“ကျေးဇူးတင်ပါတယ် ကိုကို ”


 


မော့တိက မုန့်တစ်ခု ကောက်ကိုင်လိုက်ပြီး ကြောက်လန့်နေသော လင်ကျွင်းဖုန်ကို ကြည့်လိုက်သည်။ တခြားသူစိမ်းတစ်ယောက်ရှေ့တွင်တော့ သူ၏အဖေလုပ်မည်ဟု မဟစ်ကြွေးရဲသော လင်ကျွင်းဖုန်ကို မော့တိ၏စိတ်ထဲတွင် တော်တော်လေး ရယ်ချင်မိသည်။


 


“အဟမ်း... လောင်ရှန့်၊ မင်း ထွင်ထားတဲ့ဂိမ်း ငါ့ဆီကို ပို့ပေးလေ။ ကစားကြည့်မယ်။”


 


မော့တိက ရှန့်ယွီချောင်ကို ပြောလိုက်သည်။


“အိုကေ အခုပဲ ပို့လိုက်မယ်”


ရှန့်ယွီချောင်က လင်ကျွင်းဖုန်ကို တစ်ဖက်သို့ တွန်းထုတ်လိုက်သည်။ သူများအစ်ကိုတစ်ယောက်လုံးရှိနေချိန်တွင် သူ့ကိုယ်သူ အဖေဟု ခေါ်ရဲသလားဟု စိန်ခေါ်လိုက်သလိုပင်။


“အင်းပါ။ ကျန်တာ အထွေအထူး မရှိဘူးဆိုရင် ... ဖုန်းချလိုက်တော့မယ်နော်။ မင်းတို့လည်း စောစောစီးစီး အနားယူလိုက်ပါဦး။”


“အင်းပါ။ အိပ်ရာဝင်ကြစို့။ အိပ်ရာဝင်ကြစို့။”


ချန်ကျောင်းက ည(၁၂)နာရီမထိုးမချင်း မအိပ်ဘူးဟု ပြောချင်နေသည့် ရှန့်ယွီချောင်ကို ဖိပြောပြီး ပြုံးလိုက်သည်။


“အေးပါ ဖုန်းချလိုက်တော့။ ရှောင်တိ၊ မင်းလည်း ကောင်းကောင်းအနားယူဦး။”


‘တီ’ဟု အသံမြည်ကာ ဖုန်းခေါ်ဆိုမှုကို ရပ်တန့်သွားသည်။


“မင်းရဲ့ အခန်းဖော်တွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ တော်တော်လေးလည်း သွက်လက်တက်ကြွကြတယ်။”


မုထျန်းဟန်က ရယ်မောရင်းပြောသည်။


“အမ်း အဆင်ပြေကြပါတယ်”


မော့တိသည် ခုနက ယူထားသည့် ကိတ်မုန့်ပျော့ကို တစ်ကိုက် ကိုက်လိုက်ပြီး ကျေနပ်အားရသွားဖွယ်ရှိသော သက်ပြင်းတစ်ခုကို ချသည်။ 


“ကိုကို၊ ဒါက တကယ်အရသာရှိတာပဲ။ ဒီကိတ်မုန့်ပျော့က မွှေးလည်းမွှေးတယ်။ ပြီးတော့ အရမ်းချိုတာမျိုး၊ အရမ်းအီလွန်းတာမျိုး မဖြစ်ဘူး။”


“ကြိုက်ရင် ထပ်စားလေ”


မုထျန်းဟန်က ဘီယာဘူးကို ကောက်ကိုင်လိုက်ပြီး နှစ်ငုံ သုံးငုံ ငုံပစ်လိုက်သည်။ ယမကာမျိုချလိုက်ချိန်တွင် လှုပ်ခတ်သွားသော မုထျန်းဟန်၏လည်ဇလုတ်သည် ဆွဲဆောင်မှုရှိလှသည်။ မော့တိသည် အထူးအဆန်း အနေခက်လာရသည်။


“ဘာ... ဘာဖြစ်လို့ အစ်ကိုလိုင်သယ်စစ်က ပြန်မရောက်သေးတာလဲ”


မော့တိက လည်ချောင်းရှင်းပြီး စကားစလိုက်သည်။


“သူက ဒီနေ့အတွက် အလုပ်တာဝန် မပြီးသေးဘူးလေ။ အဲဒီတော့ ဘယ်ပြန်လာလို့ ရဦးမလဲ။ လူတိုင်းက ကိုယ့်လို ကျွမ်းကျင်မြန်ဆန်ကြတာ မဟုတ်ဘူးလေ။”


မုထျန်းဟန်က ပြုံးလိုက်သည်။ သူ၏ရှည်သွယ်အားကောင်းသောလက်ချောင်းများဖြင့် ဘီယာဘူးကို ညှစ်ချလိုက်ပြီး အမှိုက်ပုံးထဲသို့ လှမ်းပစ်လိုက်သည်။


မော့တိသည် ကိတ်မုန့်ပျော့အကျန်ကို သူ၏ပါးစပ်ထဲသို့ သွတ်သွင်းလိုက်သည်။ တချို့တချို့သော အကြောင်းပြချက်များကြောင့် သူ၏နှလုံးခုန်နှုန်းသည် မြင့်တက်နေပြီး သူ၏နားရွက်လေးများသည်လည်း ပူနွေးနေကြသည်။ သူသည် မုထျန်းဟန်ဆီမှ အကြည့်လွှဲကာ သူ၏ဖုန်းကို ကြည့်လိုက်သည်။


“ကိုကိုလည်း ဒီကိတ်မုန့်ပျော့ စားကြည့်လေ။ တကယ် အရသာရှိတာ။”


“အေးပါ တစ်ခုစားကြည့်မယ်လေ”


မုထျန်းဟန်သည် မော့တိ၏တောင်းဆိုချက်တိုင်းကို အလွယ်တကူ လိုက်လျောလွန်းလေ့ရှိသည်။ ကိတ်မုန့်တစ်တုံးကို ကောက်ကိုင်ကာ တစ်ကိုက် ကိုက်စားလိုက်သည်။


“တကယ် အရသာရှိတာပဲ”


မုထျန်းဟန်က ပြုံးနေရင်း ပြောသည်။


မော့တိက မုထျန်းဟန်ကို မော့ကြည့်လိုက်သည်။ သူ၏ရင်ထဲတွင် ဗလောင်ဆူနေမှုကြီး ပျောက်ကွယ်သွားသည်ကို သိရှိလိုက်ရပြီး ကျန်ခဲ့သောခံစားချက်သည် နွေးထွေးမှုနှင့် စိတ်ချမ်းမြေ့မှုသာ ဖြစ်တော့သည်။ မော့တိမှာ သူ၏ရင်ထဲကတုံ့ပြန်ချက်ကို ခေါင်းရှုပ်သွားမိသော်လည်း အထူးအဆန်း ခံစားချက်ကြီး ပျောက်ကွယ်သွားသည့်အတွက်ကြောင့်တော့ စိတ်အေးသွားရသည်။


မော့တိက ရှန့်ယွီချောင်နှင့် လင်ကျွင်းဖုန်တို့ တီထွင်ထားသည့်ဂိမ်းကို ဒေါင်းလုတ်ဆွဲလိုက်သည်။ installတင်ပြီးနောက် ခဏကြာ ကစားကြည့်သည်။


တကယ်တမ်းတော့ ထိုဂိမ်းအသေးစားသည် ကောင်းသင့်သလောက် ကောင်းသည်။ ဆန်းသစ်နိုင်စွမ်း လိုအပ်ပြီး ကစားပုံမှာလည်း အကြမ်းထည်လောက်သာ ရှိသည်။ ထူးထူးခြားခြား ကောင်းမွန်သည့်အချက် မရှိသော်လည်း ယေဘူယျအားဖြင့်ဆိုလျှင် အောင်မြင်နိုင်လောက်သည်။


သို့သော် ဖြုတ်ချခံခဲ့ရသည်။ ဤဂိမ်းသည် စာရင်းထဲပင် ဝင်ရဲ့လားဟု သူ သံသယဝင်မိသည်။


“ကိုကို၊ ရှန့်ယွီချောင်နဲ့ လင်ကျွင်းဖုန်တို့ ထွင်ထားတဲ့ဂိမ်းက မဆိုးဘူးလို့ ကျွန်တော် ထင်တယ်။ သူတို့ရဲ့ အရည်အချင်းက တော်တော်လေး...”


မော့တိ အံ့ဩမှင်တက်သွားသည်။ သူ့ဆီသို့ တဖြည်းဖြည်းနီးကပ်လာသော မုထျန်းဟန်ကို ငေးကြည့်နေမိရင်းက သူ၏နှုတ်ခမ်းထောင့်တစ်ဖက်တွင် အထိအတွေ့ နွေးနွေးလေးတစ်ခု ခံစားလိုက်ရသည်။


Xxxxxxx