အပိုင်း ၅၅
Viewers 28k

Chapter 55


“ဒီနားမှာ နည်းနည်း ပေနေတယ်”


မုထျန်းဟန်သည် မော့တိကို နူးညံ့ညင်သာသော မျက်နှာထားဖြင့် ငုံ့ကြည့်ပြီး ချစ်ခင်ကြင်နာစွာ ပြုံးပြသည်။


မော့တိ၏ရှုထောင့်မှကြည့်လျှင် မုထျန်းဟန်၏လုပ်ရပ်မှာ သာမန်အစ်ကိုတစ်ယောက်၏လုပ်ရပ်မှ အရင်းခံထားခြင်းဖြစ်သည်။ .... သို့သော် ထိုအရာမှာ အဓိက မဟုတ်ချေ။ ထိုလုပ်ရပ်အပြီးတွင် မုထျန်းဟန်သည် သူ၏လုပ်ရပ်အပေါ် စေ့စပ်သေချာစွာ ပြန်လည်သုံးသပ်မိသည်။


သူ၏လက်ချောင်းများက မော့တိ၏နှုတ်ခမ်းပေါ်သို့ ရောက်ရှိနေပြီးဖြစ်သည်။ ယခုအချိန်မှ လက်ပြန်ရုတ်သိမ်းလိုက်လျှင် ပို၍သာ အနေခက်သွားစေလိမ့်မည်။


(၁၀)ရက်ကြာပြီးမှ ပြန်လည်တွေ့ဆုံရခြင်းသည် မော့တိအပေါ်ထားရှိသော သူ၏ခံစားချက်များကို ပို၍ပင် မြန်မြန်ဆန်ဆန် တိုးပွားလာစေသည်။ ဤနေ့ဤအချိန်တွင်တော့ သူကိုယ်တိုင် ငြင်းဆန်မည်ဆိုလျှင်ပင် အချိန်အကြာကြီးခွဲခွာနေရသော ချစ်သူနှင့် ပြန်လည်ပေါင်းစည်းတွေ့ဆုံရသော ခံစားချက်မျိုး ဖြစ်နေသည်။


 


ခေါင်းရှင်းနေသည့်အချိန်တွင် ထိုကဲ့သို့ အခြေအနေဖြစ်နေသည့်တိုင် အဆင်ပြေသေးသည်။ သို့သော် ပတ်ဝန်းကျင်အခြေအနေက ကိုယ့်ဘက်ပါပြီး ယမကာတန်ခိုးလေးက အနည်းငယ်ပြလာချိန်တွင်တော့... အချိန်မီ ဘရိတ်မအုပ်နိုင်ခဲ့ပေ။


 


သူတို့နှစ်ဦးသား ရှက်ကိုးရှက်ကန်း ဖြစ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ပြောစရာစကား ရှာမရခင်မှာပင် အိမ်ရှေ့တံခါးမကြီးသည် ရုတ်တရက် ဘုန်းခနဲ ပွင့်သွားလေသည်။


 


“ငါ ပြန်ရောက်ပြီ ___”


 


လိုင်သယ်စစ်သည် ရုပ်ရုင်ဇာတ်ကားများထဲကလို အဝင်လှသည့်ပုံစံမျိုးဖြစ်အောင် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ သူ၏လက်ကိုမြှောက်ပြီး ဆံပင်ကိုသပ်တင်ခါနီးတွင် သူ၏အရှေ့တွင်ရှိနေသောမြင်ကွင်းကြောင့် ဒူးပင်မခိုင်ချင် ဖြစ်သွားရသည်။


 


“မ-မင်းတို့... မင်းတို့ ဘာလုပ်နေကြတာလဲ”


 


“မင်း သောက်လာတာလား”


 


မုထျန်းဟန်က မျက်မှောင်ကြုံ့ပြီး လိုင်သယ်စစ်ကို ကြည့်နေသည်။


 


“ဒီပုံစံမျိုးဖြစ်လာတာဆိုတော့ တော်တော်လေး မူးလာတဲ့ပုံပဲ”


 


“ငါက ဘယ်လောက်သောက်နိုင်မှာမလို့လဲ။ လက်ထောက်ကောင်း လာပေးတဲ့ အာ့ကော်ထုံ (ဝိုင်အပြင်းစား) ကို နည်းနည်းလေးပဲ မြည်းလာတာပါ။ နှစ်ခွက်တည်းရယ်။”


 


လိုင်သယ်စစ်က မုထျန်းဟန်ကို မျက်မှောင်ကြုံ့ကြည့်သည်။


 


“မြှားဦးက ငါ့ဘက်လှည့်မလာနဲ့။ မင်းတို့ ဘာတွေလုပ်နေကြတာလဲ။ ဟမ် မင်း ကလေးကို ဘာလုပ်နေတာလဲ။ ဟေး ငါ့အင်္ကျီကော်လံကို မဆွဲနဲ့။ အား နာတယ်နော်... ဟာ ___”


 


လိုင်သယ်စစ်မှာ မုထျန်းဟန်ကို ဩဝါဒမပေးနိုင်မှီ၌ပင် ရက်ရက်စက်စက် အထုအထောင်းခံနေရပေသည်။ မော့တိက ဆိုဖာခုံပေါ်တွင် ထိုင်နေရင်းမှ ထပဲဆွဲရမလား ဆက်ပဲထိုင်နေရမလားဆိုသည်ကို ဝေခွဲမရ ဖြစ်နေသည်။


 


မုထျန်းဟန်က လိုင်သယ်စစ်ကို အိပ်ခန်းထဲသို့ ထိုးသိပ်ထည့်ပေးပြီးနောက် ပြန်ထွက်လာကာ မော့တိကို ညင်သာစွာပြောသည်။


 


“ကောင်လေး၊ မင်းလည်း အနားယူတော့လေ။ အချိန်လည်း မစောတော့ဘူး။”


 


ထို့နောက် သူ၏လက်တစ်ဖက်သည် အိပ်ခန်းထဲမှ ပြူထွက်လာသော လိုင်သယ်စစ်၏ခေါင်းကို အတင်းပြန်ထိုးသွင်းရသေးသည်။


 


မော့တိ: “…”


 


ယနေ့က အနည်းငယ် ရှုပ်ထွေးမှုရှိပြီး တော်တော်လေးလည်း ပင်ပန်းခဲ့ရသည်။ မြန်မြန်ဆန်ဆန်ပင် အိပ်ရာဝင်သင့်သည်ဟု ခံစားမိပြီး မနက်ဖြန် နိုးထလာသောအခါ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မည်ဟု ယုံကြည်လိုက်သည်။


 


မော့တိတစ်ယောက် အိပ်ခန်းသို့ ပြန်ရောက်လာပြီး ကိုယ်လက်သန့်စင်ကာ အဝတ်အစားလဲလိုက်သည်။ ဆယ်မိနစ်ကြာ ဟိုလုပ်သည်လုပ် လုပ်နေရင်းက လိုင်သယ်စစ်၏အိပ်ခန်းဘက်မှ အသံတိတ်သွားသည်ကို သတိထားမိလိုက်သည်။


 


သို့သော်... တိတ်ဆိတ်အေးချမ်းမှုသည် မကြာလိုက်ပေ။


 


မော့တိ အားလုံးအဆင်သင့်ဖြစ်၍ စောင်ခြုံထဲဝင်ကွေးခါနီးတွင် တံခါးခေါက်သံနှင့်အတူ လိုင်သယ်စစ်၏ လေသံဖျော့ဖျော့ကို ကြားလိုက်ရသည်။


 


“မော့တိလေးရေ အိပ်နေပြီလား။ မအိပ်သေးရင် တံခါးဖွင့်ပါဦး။”


 


မော့တိသည် သက်ပြင်းချမိသည်။ စောင်ကို ဘေးအသာချပြီး အိပ်ရာမှထကာ လိုင်သယ်စစ်ကို တံခါးဖွင့်ပေးရန် ထွက်သွားသည်။


 


“မြန်မြန် မြန်မြန် မြန်မြန်။ ဝင်မယ်နော်။ သားရဲကြီးမုအာ မသိစေနဲ့ဦး.”


 


လိုင်သယ်စစ်သည် သူ့နောက်က ဝံပုလွေတွေ ကျားတွေ အလိုက်ခံရသကဲ့သို့ တံခါးဖွင့်လိုက်သည်နှင့် ချက်ချင်းပင် အခန်းထဲ တန်းဝင်လာသည်။


 


“အစ်ကိုလိုင်သယ်စစ်၊ အစ်ကို... ဘာဖြစ်လာလို့လဲဟင်”


 


မော့တိသည် တံခါးကို အသံမထွက်အောင် ပိတ်လိုက်သည်။ ဒီအချိန်ကြီးရောက်မှ လိုင်သယ်စစ် သူ့ကို ဘာကြောင့်ရှာရသည်ဆိုသည်ကို သူ လုံးဝ မခန့်မှန်းတတ်ပေ။


 


“သေချာပေါက် ကိစ္စရှိလို့ပေါ့ကွ။ အရမ်းအရေးကြီးတဲ့ကိစ္စ။”


 


လိုင်သယ်စစ်သည် မော့တိကို စကားပြောချင်ဇောဖြင့် ငေးစိုက်ကြည့်နေသော်လည်း စကားသံမှာ ထွက်မလာချေ။


 


မော့တိ: “…”


 


လိုင်သယ်စစ် သောက်လာသည်မှာ ဝိုင်ဟုတ်ရဲ့လားဟုပင် ထင်မှတ်မှားရသည်။ သူ့ကိုကြည့်ရသည်မှာ အပေါ်ယံကြည့်လျှင် ပုံမှန်ပဲဟု ထင်ရသော်လည်း မူးထွေထွေဖြစ်နေပုံရပြီး အနည်းငယ်လည်း ရူးကြောင်ကြောင် ဖြစ်နေသည်။


 


“အိုင်း”


 


လိုင်သယ်စစ်သည် မော့တိ၏စကားပြန်ကို မစောင့်ဘဲ သူ့ပေါင်သူ ဖြတ်ရိုက်ပြီး သက်ပြင်းလေးလေးတစ်ချက် ချလိုက်သည်။


 


“ငါ မင်းကို ဒီအကြောင်း ပြောပြသင့်တယ်ထင်လို့ပါ။ အကြံဉာဏ်ပေးသင့်တယ်ထင်လို့ မဟုတ်ရင် ငါ ကိုယ့်လိပ်ပြာကိုယ်လုံမှာ မဟုတ်ဘူး။”


“မော့တိလေး၊ မင်း ဟိုကောင် မုထျန်းဟန်ကို တကယ်ကြိုက်နေတာလား။ အခုခံစားချက်က ယောက်ျားနဲ့မိန်းမကြားက... မဟုတ်သေးပါဘူး။ ယောကျာ်းနဲ့ယောက်ျားကြားက ခံစားချက်ဆိုတာရော သေချာရဲ့လား။ ကျေးဇူးသိစိတ်တို့ အားကိုးလေးစားစိတ်တို့နဲ့ ရောသွားတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား။”


မော့တိက သူ၏နှလုံးသားထဲတွင် ပို၍ပင်ရှုပ်ထွေးသွားရတော့သည်။ လိုင်သယ်စစ်ကို အတန်ကြာစိုက်ကြည့်ပြီး အိပ်ရာပေါ်တွင် ထိုင်ချလိုက်သည်။ လိုင်သယ်စစ်ပြောသည့်စကားကို လေးစားနာခံတတ်ပုံလည်း ရသည်။


“အစ်ကိုလိုင်သယ်စစ်၊ အစ်ကို ဘာပြောဖို့ ကြိုးစားနေတာလဲ”


“ငါ...” 


“ဟူး...”


“မင်းနဲ့ မုထျန်းဟန်ကို တွဲဖက်ညီတယ်လို့ မထင်ဘူး။ တကယ်ပြောတာ။ အရင်ကတော့ မမြင်ချင်ယောင် ဆောင်လိုက်ဦးမလို့ပဲ။ ဒါပေမဲ့ ဒီနေ့တော့ မကောင်းတာကို အစထဲက ရှင်းထားရမယ်။”


မော့တိ: “…”


“ဘာလဲ။ မင်းက ငါ့ကိုမယုံလို့လား။ ဒါမှမဟုတ် ငါက အပိုတွေပြောနေတယ် ထင်လို့လား။ ကောင်လေး၊ မင်း နားမလည်ဘူး။ မင်းလို ဆယ်ကျော်သက်အရွယ်လေးနဲ့ အသက်(၃၀)ကျော် သားရဲကောင်ကြီးတို့ကြားမှာ ကူးဖြတ်လာလို့မရနိုင်တဲ့ ကွာဟချက်တွေ ရှိတယ်။ မဟုတ်သေးဘူး။ အသက်ငယ်လို့လည်း မဟုတ်ဘူးကွာ။ အသက်အရွယ် အတူတူပဲ ဆိုရင်တောင် ဘယ်သူမှ သူနဲ့ သုံးလကျော်ထက် ပိုမမြဲဘူး။”


“အဲဒီ မုထျန်းဟန်ဆိုတဲ့ကောင်က တမင်သက်သက် ရည်ရွယ်ပြီး လိုက်မဆွဲဆောင်နေရင်တောင် သူ့ရဲ့ ပင်ကိုယ်ဗီဇမှာကိုက တစ်ခြားသူကို ဆွဲဆောင်နိုင်တဲ့ဟော်မုန်းတွေ ပါလာပြီးသား။ သေချာတာကတော့ ပြစ်မျိုးမှဲ့မထင်တဲ့ သူ့ရုပ်ရည်ကြောင့်လည်း ပါတာပေါ့။ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ ရုပ်ရည်သွင်ပြင်၊ ခန္ဓာကိုယ်အချိုးအစား၊ အပေါ်ယံရူပကာ အကုန်ပြည့်စုံတယ်။ ဒါပေမဲ့ အဲဒါတွေက မင်းလိုကလေးတစ်ယောက်အတွက် သင့်တော်တဲ့လက်တွဲဖော်တစ်ယောက်ဆိုတဲ့သဘော မဟုတ်ဘူးလေ။ မင်းသာ အသက်(၂၀)အရွယ်လောက်ဆိုရင် ငါ ဒီလိုအကြံမျိုး လာပေးမနေဘူး။ ဒါပေမဲ့ အခုက မင်းက အရမ်းငယ်သေးတယ်။ သဘောပေါက်လား။”


မော့တိက ပြန်ပြောရန် ပါးစပ်ဟလိုက်ပြီးမှ နောက်ဆုံးတွင် အသံထွက်မလာချေ။


“အိုင်း”


လိုင်သယ်စစ်က သက်ပြင်းချပြန်သည်။


“တကယ်ပါ။ ငါ ဒီလိုတွေ လာပြောတယ်ဆိုတာ မင်းတို့နှစ်ယောက်လုံး ကောင်းဖို့အတွက်ပါ။ မုထျန်းဟန်နဲ့ တွဲသွားတွဲလာလုပ်ခွင့်ရခဲ့ကြတဲ့ လူနည်းစုထဲက ဘယ်တစ်ယောက်မှ သူ့ကို မေ့မပစ်နိုင်ကြဘူး။”


မော့တိတစ်ယောက် ခေါင်းငိုက်စိုက်ကျပြီး မျက်မှောင်ကြုတ်နေလေသည်။


“မုအာက တော်ရုံတန်ရုံဆို တွဲသွားတွဲလာ မလုပ်ဘူး။ ပြီးတော့ ဖောက်လွဲဖောက်ပြန်အလုပ်မျိုးတွေ မလုပ်ဘူး ဆိုပေမဲ့... ငါ့အထင်တော့ သူက မချစ်တတ်ဘူးလို့ပဲ မြင်မိတယ်။”


လိုင်သယ်စစ်က သူ၏ဆံပင်များကို ဆုပ်ဆွဲလိုက်သည်။


“ငါပြောတာကို မင်း သဘောပေါက်လားတော့ မသိဘူး။ သူ မင်းကို ဂရုတွေစိုက်ပြမယ်ကွာ။ ဒါပေမဲ့ ရေရှည်တော့ မဟုတ်ဘူး။ အချိန်တစ်ခုကြာသွားရင် နှစ်ဦးနှစ်ဖက် မလိုက်ဖက်ဘူးလို့တွေးပြီး အေးအေးချမ်းချမ်း လမ်းခွဲဖို့ ကြိုးစားလိမ့်မယ်။ ပြီးရင် အရင်လို အလုပ်တွေ ကြိုးစားပမ်းစား ဖိလုပ်ပြပါလိမ့်မယ်။”


“ဒါပေမဲ့ အဲဒီအချိန်မှာ တစ်ဖက်လူက သူ့ကိုအပြတ်ကြွေနေပြီ။ သူ့ကို အားကိုးယုံကြည်နေပြီ။ လမ်းခွဲပြီးပေမဲ့လည်း သူ့ကို မေ့မရတော့ဘူး။ မင်းက ငယ်ပါသေးတယ်။ ပြီးတော့ မော့မိသားစုမှာ မွေးဖွားကြီးပြင်းခဲ့ရတဲ့ ကုသိုလ်ကံဆိုးလည်း ခံစားခဲ့ရသေးတယ်။ အစ်ကိုကတော့ မင်းရဲ့မျှော်လင့်ချက်တွေ၊ ခံစားချက်တွေကို မုအာအပေါ်မှာ ပုံအောမထားစေချင်ဘူး။ မဟုတ်လို့ကတော့ နောင်တစ်ချိန် မင်းတို့ကွဲကြကွာကြဖြစ်ကြရင် မင်းလို ကလေးတစ်ယောက်က အသဲကွဲတဲ့ဒဏ်ကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိမှာလဲ။”


“ပြီးတော့ မင်းက ငယ်ငယ်ရှိသေးတာဆိုတော့ အချစ်ဆိုတာ ဘာမှန်းတောင် သေချာသိမှာ မဟုတ်သေးပါဘူးကွာ။ ယောက်ျားလေးချင်း သဘောကျတယ်ဆိုတာတောင် သေချာလို့လား။


“အစ်ကိုလိုင်သယ်စစ်၊ အစ်ကိုပြောချင်တာကို ကျွန်တော် သဘောပေါက်ပါတယ်”


မော့တိက ရုတ်တရက် ကြားဖြတ်ပြောသည်။


“အစ်ကိုပြောချင်နေတာက အစ်ကိုမုထျန်းဟန်က သမီးရည်းစားဆက်ဆံရေးတစ်ခုကို ကြာကြာမတွဲဘူးပေါ့...”


“ဟင့်အင်း အဲဒါတင် မကသေးဘူး။ သုံးလထက်ကို မပိုတာနော်။”


“အမ်း”


“ဒါပေမဲ့ အဲဒါကလည်း ဘာသဘောမှ ထူးထူးခြားခြားပါမယ် မထင်ပါဘူး။ သူက မချစ်တတ်ဘူးတို့ ဘာတို့ဆိုတဲ့သဘော မဟုတ်လောက်ပါဘူး။”


မော့တိက အတည်ပေါက်ကြီးဖြင့် ပြောသည်။


“အထူးသဖြင့် အစ်ကိုပြောတဲ့အတိုင်းသာဆိုရင် အစ်ကိုမုထျန်းဟန်က တစ်ဖက်ကမ်းခတ် တော်တယ်။ ဒါပေမဲ့ ရည်းစားနည်းနည်းပဲ ထားဖူးတယ်။ အဲဒါက ဆက်ဆံရေးတစ်ခု စပြီးလက်တွဲတည်ဆောက်ဖို့ကို သတိကြီးကြီးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ အတူတူတွဲကြည့်ပြီးတဲ့နောက်ကျတော့ နှစ်ဦးနှစ်ဖက် မလိုက်ဖက်ဘူးလို့ ခံစားရပြီး အချိန်မီ လမ်းခွဲလိုက်တာပဲလေ။ တာဝန်မဲ့တဲ့လုပ်ရပ်မှ မဟုတ်တာပဲ။ ပြောရရင် နှစ်ဖက်စလုံးအတွက်တောင် တွေးပေးထားတာပဲဟာ။”


“သူ့ကိုမေ့မရတဲ့ရည်းစားဟောင်းတွေဆိုတာကလည်း ကျွန်တော့်အထင်တော့ အဲဒါကလည်း သာမန်ပါပဲ။ အစ်ကိုလိုင်သယ်စစ်၊ အစ်ကို့မှာလည်း မေ့မရနိုင်တဲ့ တစ်ယောက်သောသူ မရှိဘူးလား။"


“ဘ-ဘာ... ဘာပြောတာလဲ”


လိုင်သယ်စစ်တစ်ယောက် ပူထူပြီး စကားများပင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားရသည်။


“ဘာမှမဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက အဲဒီလိုမေ့မရနိုင်တဲ့သူဆိုတာ ကိုယ့်အပေါ်ကို တကယ်ကောင်းပေးထားတဲ့သူမျိုးမလို့ပေါ့လို့။”


“ရှိတာပေါ့။ အဲဒီသူက ရုပ်ချောတယ်။ အကျင့်ကောင်းတယ်။ အားကစားလည်း တော်တယ်။ ဘာ... ဘာဖြစ်လို့လဲ”


“တွေ့လား။ အစ်ကို့မှာလည်း မေ့မရတဲ့သူဆိုတာ ရှိတာပဲ။ အဲဒီလို မေ့မရဘဲတသသဖြစ်နေတာလည်း ကိုယ့်အပေါ်မကောင်းထားလို့ မဟုတ်ဘူးလေ။ လူတိုင်းမှာ ကိုယ်မေ့မရတဲ့သူဆိုတာ ရှိတယ်။ အထူးသဖြင့် ကိုယ့်အပေါ်ကို နူးညံ့ကြင်နာပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတဲ့သူတွေပေါ့။ သူတို့တွေနဲ့ အတူတူတွဲသွားတွဲလာ မလုပ်နိုင်တော့တာမျိုး၊ ခဏပဲတွဲပြီး အကြောင်းကံမသင့်လို့ လမ်းခွဲလိုက်ရတာမျိုး ဖြစ်ခဲ့ကြပေမဲ့ အမှတ်တရကောင်းအဖြစ်နဲ့ စွဲကျန်ရစ်ခဲ့တယ်လေ။”


“အထူးသဖြင့် အပျော်အပြက်မဟုတ်၊ ဇာတ်ရှုပ်မဟုတ်ဘဲ အရည်အချင်းကောင်းကောင်းရှိတဲ့သူတွေဆိုရင် ပိုပြီးမေ့ဖျောက်ပစ်ဖို့ ခက်တာပေါ့”


“ပြီးတော့ ကျွန်တော့်စိတ်ကို ကျွန်တော် သိပါတယ်။ အစ်ကို ကျွန်တော့်ကို ကလေးလို မဆက်ဆံပါနဲ့။ ကိုယ့်အကျိုးကိုယ် ကြည့်တတ်ပါတယ်။”


မော့တိ ပြုံးလိုက်မိသည်။


“ပြီးတော့ အစ်ကိုလိုင်သယ်စစ်က သနားတတ်တယ်ဆိုတာ ကျွန်တော် စိတ်မကောင်းဖြစ်မှာကို စိုးရိမ်နေတယ်ဆိုတာလည်း သေချာသိတယ်။ အခုလိုလာပြီး သတိပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။”


“အိုင်း...”


လိုင်သယ်စစ်က ‘မင်းတော့ ဆေးမိသွားပြီ’ဆိုသည့် အကြည့်တစ်ချက်ဖြင့်သာ လှမ်းကြည့်ပြီး ပါးစပ်ပိတ်ထားမိတော့သည်။


နောက်ဆုံးတွင် သက်ပြင်းလေးလေးကြီး တစ်ကြိမ်ထပ်ချပြီး ပြောလိုက်သည်။


“ဘာပဲဖြစ်ဖြစ်ပါ။ မင်းစိတ် မင်းသိတယ်ဆိုရင်ပဲ ကောင်းပါပြီ။ နောက်ကို ဆက်မတွဲဖြစ်ကြရင်ပဲဖြစ်ဖြစ် ခဏလေးနဲ့ ကွဲကြကွာကြရင်ပဲဖြစ်ဖြစ် အရမ်းကြီး အသဲမကွဲနဲ့ပေါ့ကွာ။ မုအာကို စိတ်ရောကိုယ်ရော အရမ်းကြီး မပုံအပ်ထားနဲ့။ မင်းဘဝထဲကနေ သူ့ဘက်က ဆုတ်ခွာသွားတဲ့အခါ မင်း ခံစားနိုင်မှာ မဟုတ်ဘူး။”


“အမ်းပါ။ ကျွန်တော် နားလည်ပါပြီ။ အဲဒီလို မဖြစ်စေရပါဘူး။”


ဆက်ပြီး စည်းရုံး၍မရနိုင်မည်ကို သိသည့်အတွက် လိုင်သယ်စစ် တပ်ဆုတ်ရတော့သည်။ အချိန်ကျလာရင်တော့ သားရဲကောင်စိတ်နဲ့ မုထျန်းဟန်ကို သောကရောက်နေသော အဖေအိုကြီးလို တစ်ဖုံလှည့်ပြီး နားချဦးမည်ဟုသာ တွေးနေမိသည်။


မော့တိသည် တံခါးပေါက် ပိတ်လိုက်သည်။ အိပ်ရာပေါ်တွင် ပြန်လဲပြီး မျက်နှာကြက်ကို ငေးစိုက်ကြည့်နေမိသည်။


သူသည် အဘယ်ကြောင့် အသဲကွဲရမည်နည်း။ သူသည် မုထျန်းဟန်ကို ကြိုက်တောင်မကြိုက်ပါပဲလေ။


သူ၏နှလုံးသားထဲမှ ထူးဆန်းသောခံစားချက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ အပြစ်ရှိစိတ်နှင့် ဆင်တူပြီး တကယ်တမ်းတော့ အဲဒီလိုလည်း မဟုတ်ပါချေ။ အနည်းငယ် အနေရခက်ပြီး မည်သည့်ခံစားချက်ဆိုသည်ကို ခေါင်းစဉ်မတပ်နိုင်ချေ။


မော့တိသည် ဆတ်ခနဲ ဟိုဘက်လှိမ့်လိုက်သည်။ ဤလှိုင်းထန်နေသည့်ခံစားချက်ကို အဖြေရှာမရသည့်အတွက် သူကိုယ်တိုင်ထွင်ထားသောကုဒ်များဖြင့် အလွန်အကျွံလော့ခတ်ထားသော သူ၏ဖုန်းကိုထုတ်လိုက်ပြီး မှတ်စုတစ်ခု ချရေးလိုက်သည်။


“ငါ သူ့ကို မကြိုက်ဘူး။ ကြိုက်တယ်လို့သာ ဟန်ဆောင်နေတာ။ တကယ်တော့ ငါက ဟန်ဆောင်ကောင်းနေတာပါ။ အလျော်ပေးလို့ရရင် ဘာမဆိုလုပ်ပေးမှာပါ။ ငါ့ကုမ္ပဏီကိုတောင် ပေးရဲတယ်။ ကိစ္စမရှိဘူး။”


သူ၏ဖုန်းကိုပိတ်လိုက်ပြီးနောက် မော့တိသည် ပို၍ပင် ကသိကအောက် ဖြစ်လာရသည်။ ခုနလေးက ခံစားခဲ့ရသောခံစားချက်သည် အပြစ်ရှိစိတ်ဆိုသည်မှာ သေချာလေပြီ။



နောက်တစ်နေ့တွင် မနက်စာ စားပြီးချင်းပင် မော့တိသည် ကျောင်းသို့သွားလေသည်။


မုထျန်းဟန်က မော့တိကို လတ်လတ်ဆတ်ဆတ် ဖျော်ရည်တစ်ခွက် ကမ်းပေးရင်းက ပြောသည်။


“မနေ့ကတုန်းကတော့ ညနေမှ ကျောင်းသွားမယ်လို့ ပြောလိုက်သလားလို့..."


“အတန်းအစည်းအဝေးကို နေ့ခင်းဘက် ပြောင်းလိုက်လို့လေ။ ပြီးတော့ ညနေဘက်မှာ တစ်တန်းလုံး အတူညစာစားကြမလို့တဲ့။”


မော့တိက မုထျန်းဟန်ကို တောင်းပန်သည်။


“တောင်းပန်ပါတယ် ကိုကို။ ကျွန်တော် စကားမတည်လိုက်မိဘူး။”


“မဟုတ်တာပဲ။”


 


မုထျန်းဟန်က ပြုံးလိုက်သည်။ မော့တိ၏ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း လေပြည်လေးဖြင့် ပြောသည်။


“ကျောင်းလှုပ်ရှားမှုတွေက ပိုပြီးအရေးကြီးတာပေါ့။ တောင်းပန်စရာ မလိုဘူးနော်။”


ထမင်းစားပွဲတစ်ဖက်ခြမ်းရှိ လိုင်သယ်စစ်ခမျာမှာတော့ ကြောက်လန့်နေသောကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ကိုယ်ကိုသာ ကျုံ့ထားပြီး အသံလည်း မထွက်ရဲပေ။


ချီးပဲ။ အယ်လ်ကိုဟောက ဘဝကြီးကို ဖျက်ဆီးနိုင်ပါပေါ့လား။ သူတို့သမီးရည်းစားကိစ္စထဲ ငါ ကြားဝင်မိတာ မုထျန်းဟန် မသိပါစေနဲ့။


မော့တိ ကျောင်းကို ရောက်သောအခါ ရှန့်ယွီချောင်နှင့် တခြားသူများသည် နိုးသည်ဆိုရုံလေးသာ ရှိသေးသည်။


“ဘုရားရေ ရှောင်တိ၊ ဘာဖြစ်လို့ အစောကြီး ပြန်ရောက်လာတာလဲ။ မနက်(၈)နာရီပဲ ရှိသေးတယ်။ ဘယ်အချိန်တည်းက ထလာတာလဲ။”


ရှန့်ယွီချောင်က သူ၏ငှက်သိုက်ကေဖြင့် ထထိုင်ကာ မော့တိကို အထိတ်အလန့် ပြူးကြည့်နေသည်


“ခြောက်နာရီခွဲ။ အဲဒီလောက်လည်း မစောပါဘူး”


မော့တိက သူ၏ကျောင်းလွယ်အိတ်ကို စားပွဲခုံပေါ် တင်လိုက်ပြီး ထိုင်ခုံကို ဆွဲထုတ်ကာ ထိုင်ချလိုက်သည်။


“ဒါပေမဲ့ ငါတို့က ငရဲလောက်နီးနီး ပင်ပန်းတဲ့ (၁၀)ရက်ကြာ စစ်ရေးလေ့ကျင့်ခန်း ပြီးထားတာလေ။ နေဖင်ထိုးတဲ့အထိအိပ်မှ သဘာဝကျမယ် မဟုတ်လား။”


ရှန့်ယွီချောင်က ပင့်သက်ရှိုက်လိုက်သည်။


“ရှောင်တိ၊ မင်း ပုံမှန်မဟုတ်ဘူးပဲ။ အစ်ကိုကြီးက မင်းကို ကျိတ်အားကျနေတာနော်။”


“တော်စမ်းပါ ငါးဆားနယ်ရာ။ နည်းနည်းပါးပါး တိတ်တိတ်လေးလည်း နေပါဦးတော့လား။”


လင်ကျွင်းဖုန်သည် အိပ်ရာပေါ်မှ စစ်သင်္ဘောတစ်စင်းလို လူးလှိမ့်ထလာသည်။


“ရှောင်တိ၊ မင်းကိုကြည့်ရတာ နုံးနေတဲ့ပုံပဲ။ ဘာဖြစ်လာတာလဲ။ ဒီအဖေကိုပြော။ မင်းကို အကြံဉာဏ်ပေးပြီး ဝိုင်းဖြေရှင်းပေးမယ်။”


Xxxxxxx