အပိုင်း ၅၆
Viewers 28k

Chapter 56

 

“ဟင့်အင်း ဘာမှမဖြစ်ပါဘူး။ ဒီမုန့်တွေက မင်းတို့အတွက်။ နေ့လယ်ကျ စားကြပေါ့။”

 

မော့တိက သရေစာမုန့်အိတ်ကြီးတစ်အိတ်ကို ထုတ်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူ၏ကွန်ပျူတာကိုဖွင့်ရင်း ရှန့်ယွီချောင်နှင့် လင်ကျွင်းဖုန်ကို စကားစလိုက်သည်။

 

“မင်းတို့ တီထွင်ထားတဲ့ဂိမ်းကို စမ်းဆော့ကြည့်ပြီးပြီ။ ဆန်းသစ်နိုင်စွမ်းအား နည်းပေမဲ့ မဆိုးတော့ မဆိုးပါဘူး။ ပရိုဂရမ်ရေးတဲ့အပိုင်းကတော့ အရမ်းရိုးလွန်းတာပေါ့။”

 

“အာ အဲဒီအကြောင်းကြီးကို ထည့်မပြောပါနဲ့တော့။ စိတ်မကောင်း ထပ်မဖြစ်ချင်တော့လို့ပါ။”

 

ရှန့်ယွီချောင်က သူ၏စောင်အောက်သို့ ထပ်ဝင်သွားပြန်လေသည်။

 

မော့တိ သက်ပြင်းချမိသည်။

 

“မပြောနဲ့ဆိုလည်း ပြီးတာပါပဲ။ မင်းတို့ ငါ့အဖွဲ့ထဲကိုဝင်ပြီး ဂိမ်းတွေ အတူတူတီထွင်ချင်သလားဆိုတာကို မေးမလို့ပါ။”

 

“ဟမ်”

 

ရှန့်ယွီချောင်သည် သူ၏စောင်အောက်မှ လျှပ်စီးကဲ့သို့လျှင်မြန်စွာ ထွက်လာပြီး မော့တိကို မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ကြည့်နေသည်။

 

“ရှောင်တိ၊ မင်း တကယ်ကြီး ပြောနေတာလား။”

 

“အင်း ဒါပေမဲ့ လက်ရှိဂိမ်းအတွက်တော့ မဟုတ်ဘူးနော်။ နောက်တစ်ဂိမ်းအတွက်။ ကုဒ်ရေးတဲ့အပိုင်းနဲ့ပတ်သက်ပြီး မင်းတို့ အကူအညီ လိုလိမ့်မယ်။”

 

“အခုလောလောဆယ် မသုံးသေးလည်း ရတယ်ကွာ။ ဒီပြိုင်ပွဲမှာ ဆက်ပြီးပါဝင်ယှဉ်ပြိုင်နိုင်ဦးမယ်လို့ ငါ့ကိုယ်ငါလည်း မထင်တော့ပါဘူး။ အယ် အယ် အယ် ရှောင်တိ။ မင်းက သိပ်တော်တာပဲ။ ရှောင်တိလေး၊ မင်းက ငါသဘောအကျဆုံး ညီလေးပဲ။”

 

“အမြဲတမ်း ချစ်နေတယ်နော်”

 

ရှန့်ယွီချောင်က လက်သုံးချောင်းထောင်ပြရင်း ပြောသည်။

 

မော့တိက မသိချင်ယောင်သာ ဆောင်နေလိုက်သည်။ မနေ့ကပြောတော့ဖြင့် သူ့အချစ်တွေသည် လက်ဘရွန် ဂျိမ်းစ် အတွက်လေး ဘာလေးနှင့်။

 

လင်ကျွင်းဖုန်က အံကြိတ်ရင်း ပြောသည်။

 

“ဒါပေမဲ့ ငါတို့နှစ်ယောက်လုံးရဲ့ အရည်အချင်းက တော်တော်လေး ညံ့ဖျင်းသေးတယ်။ တခြားဂိမ်းတွေကို မပြောနဲ့။ မင်းရဲ့ ရှင်းဝေသောင်ဂိမ်းတစ်ခုတည်းနဲ့တောင် ပရိုဂရမ်ရေးဆွဲတဲ့ အဓိကအပိုင်းက ငါတို့လိုက်မမီဘူး... ဟူး... ဒယ်ဒီက ကူညီပေးချင်ပေမဲ့ လုပ်ရည်ကိုင်ရည်က မပြည့်မီပါဘူးကွာ။”

 

မော့တိသည် ‘ဒယ်ဒီ’ ဆိုသည့် စကားလုံးကို လျှစ်လျှူရှုရန်သာ ဆုံးဖြတ်လိုက်သည်။

 

“အဲဒီလိုလည်း မဟုတ်ပါဘူး။ မင်းတို့ လုပ်လို့ရနိုင်မဲ့ ပရိုဂရမ်တချို့လည်း ရှိပါသေးတယ်။ တကယ်လို့ ကူကယ်ရာမဲ့နေတယ်ဆိုလည်း ငါ ပြန်သင်ပြပေးလို့ရပါတယ်။”

 

“အိုင်းယား... ငါတို့ကျောင်းသင်ခန်းစာတွေက အရမ်းခက်တာ။ အချိန်ပို အချိန်ဇယားတွေကလည်း အရမ်းကြပ်တာ။ တက္ကသိုလ်တက်ရတာ တယ်လည်းမလွယ်ပါလား.”

 

လင်ကျွင်းဖုန်က သူ၏ဝမ်းဗိုက်ကို ခပ်ဖွဖွပုတ်ရင်း သက်ပြင်းချသည်။ ထို့နောက် အခိုင်အမာပြောသည်။

 

“ဒါပေမဲ့ မင်းတို့နဲ့အတူ လေ့လာသင်ယူဖို့ အားထည့်ထားတုန်းပါပဲ။ မင်း စိတ်ချပါ ရှောင်တိ။ ဒီအဖေက ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး။”

 

“မင်းက ကျင်းသာ့တက္ကသိုလ် တက်နေတာလေ။ စိတ်လွတ်ကိုယ်လွတ်နေဖို့ မစဉ်းစားလေနဲ့။ ပြီးတော့လည်း ရှောင်တိကို အသားယူမနေနဲ့ဦး။ ချီးကိုမှ အဖေပဲခေါ်နေလိုက်။”

 

ချန်ကျောင်းက သူ၏ခြင်ထောင်ကိုဖွင့်ပြီး မော့တိကို ခွေးပေါက်လေး၏အကြည့်များဖြင့် လာကြည့်သည်။

 

“ငါကရောဟင်။ ရှောင်တိ၊ မင်းရဲ့အစ်ကို(၂)ကိုရော မေ့သွားပြီလား။”

 

မော့တိက ပြုံးလိုက်သည်။

 

“မင်း ဘယ်ပရိုဂရမ်မှာ ကျွမ်းကျင်လဲဆိုတာ မသိသေးဘူးလေ။ အဲဒါကြောင့် မင်းအတွက် အလုပ်နေရာကို သတ်မှတ်ပေးလို့ မရသေးဘူး။ ဒါပေမဲ့ အချိန်ကျလာရင်တော့ မင်းလည်း သူတို့နဲ့အတူ ပေါင်းပြီးသင်ယူလေ့လာလို့ရပါတယ်။ နောက်တော့ မင်းနဲ့ ဘယ်အပိုင်းက အသင့်တော်ဆုံးလဲဆိုတာ ငါ သိသွားမှာပေါ့။”

 

“ငါလည်း ပါလို့ရတယ်ဆို ကိစ္စမရှိဘူး”

 

အူမြူးနေသောအချိန်တွင် ချန်ကျောင်းသည် သူ၏တင်ပါးကို မြောက်တက်သွားရန်အတွက် ကုတင်လက်ရန်းကို ခပ်ပြင်းပြင်းရိုက်ချရန် လက်မြှောက်လိုက်သည်။ ဘက်စကတ်ဘောဂိမ်းကစားချိန်အတွင်း သူလုပ်လေ့လုပ်ထရှိသော ကြည့်ကောင်းသောပို့စ်လိုမျိုးတော့ မဟုတ်ချေ။ 

 

“အဲဒီအချိန်ကျရင် ငါတို့တွေ ရှေ့တန်းတိုက်စစ်ကို ထိုးဖောက်သွားပြီး ဖိုင်နယ်ကို တန်းတက်ကြမယ်။ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်ဖြတ်ကြမယ်... ဝူး”

 

မော့တိ: “…”

 

မော့တိတစ်ယောက် မုထျန်းဟန်ကို ပြောခဲ့သော အတန်းအစည်းအဝေးဆိုသည်မှာ အလိမ်အညာဖြစ်သည်။ မည်သည့်အစည်းအဝေးမှ တက်စရာမရှိပေ။ တစ်မနက်လုံး ကုဒ်ရေးဆွဲရန်သာ အိပ်ဆောင်အတွင်း အောင်းနေခဲ့သည်။ ကုဒ်ရေးပြီးနောက် ကျောင်းအနောက်ဘက်ရှိ စားသောက်ဆိုင်တန်းတွင် တခြားသူများနှင့်အတူ နေ့လယ်စာ သွားစားသည်။ ထို့နောက် ပရိုဂရမ်ရေးဆွဲသည့်အပိုင်းနှင့်ပတ်သက်သည့် စာအုပ်များ ငှားရမ်းဖတ်ရှုရန်အတွက် စာကြည့်တိုက်သို့လည်း သွားသည်။

 

ရှန့်ယွီချောင်နှင့် ကျန်သောသူများသည် ကျောင်းပြန်မဖွင့်မီ အပျော်ရှာရန် ဆုံးဖြတ်လိုက်ကြသည်။ အပြင်ထွက်သွားကြပြီး အစည်းအဝေးတက်ခါနီး ညနေခင်းမှသာ ပြန်ရောက်လာကြသည်။

 

ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဌာနတွင် အတန်း(၃)တန်း ရှိသည်။ မော့တိနှင့် သူ၏အဖွဲ့သည် အတန်း(၁)တွင် ဖြစ်ပြီး ကျီယီအတန်းဟုသာ ခေါ်ကြသည်။ သူတို့၏အတန်းတွင် အတန်းသားစုစုပေါင်း (၄၀)ယောက် ရှိပြီး ယောက်ျားလေး (၃၆)ယောက်နှင့် မိန်းကလေး (၄)ယောက်တို့ ဖြစ်သည်။ ရှိသည့်အိပ်ဆောင်အရေအတွက်နှင့်လည်း ကိုက်ညီသည်။

 

ရှန့်ယွီချောင်က ထိုင်ခုံတွင် ထိုင်လိုက်ပြီး လင်ကျွင်းဖုန်ကို စိတ်ဆိုးမာန်ဆိုးဖြင့် မကျေနပ်ချက်များ ဖွင့်ဟနေလေသည်။

 

“ငါတို့အတန်းထဲမှာ မိန်းကလေးကလည်း နည်းလိုက်တာ။ အချိုးချရင် ဘယ်လောက်ပဲရမလဲ။ (၉:၁)လား။ ဒီစာသင်နှစ်လေးနှစ်အတွင်း ငါ ဘယ်လိုလုပ်ပြီး ရည်းစားရှာရပါတော့မလဲ။”

 

“ကျီအာ့အတန်းနဲ့ ကျီစန်းအတန်းတို့ထက်စာရင် တော်ပါသေးတယ်ကွာ။ အဲဒီအတန်းတွေမှာ မိန်းကလေး ဘယ်နှစ်ယောက်ပဲရှိလဲ မင်း သိလား။”

 

လင်ကျွင်းဖုန်က လက်ညှိုးတစ်ချောင်းထောင်ပြပြီး ‌လှောင်ပြုံး ပြုံးလိုက်သည်။

 

“သူတို့အတန်းထဲမှာဆို မိန်းကလေး(၃)ယောက်ပဲ ရှိတယ်။ ပြီးတော့ ငါတို့အတန်းထက်တောင် ယောက်ျားလေးဦးရေက ပိုများသေးတယ်။ အချိုးချပြရရင် (၁၃:၁) ပဲ။ သူတို့ဆို ပိုဆိုးတာပေါ့ကွာ။”

 

“ဘာပြောတယ်။ ငါတို့ဌာနမှာ အားလုံပေါင်းမှ မိန်းကလေး(၁၀)ယောက်ပဲ ရှိတာလား။”

 

ရှန့်ယွီချောင်က ခေါင်းကုတ်သည်။ ကွန်ပျူတာဌာနကို စာရင်းမသွင်းခဲ့သင့်ဘူး။ တရုတ်စာဌာနရောက်သွားတာမှ ပိုပြီးပျော်ဖို့ကောင်းဦးမယ်။”

 

“အာ နည်းနည်းပါးပါး ဣန္ဒြေလေးထိန်းပါဦး။ မင်းက မိန်းကလေးသီးသန့်ကျောင်းမှာ သွားတက်ရရင်တောင် စင်ဂယ်ပဲ ဖြစ်နေမဲ့ကောင်ပါကွာ။”

 

ချန်ကျောင်းက သူ၏အင်္ကျီကော်လံကို ဆွဲချပြီး ခပ်ဆိုးဆိုးမျက်နှာပေးမျိုး လုပ်ပြသည်။

 

“ယောက်ျားအစစ်ဆိုတာ သူ့တို့ကိုယ်သူတို့ အတန်းတို့ ဌာနတို့နဲ့ မကန့်သတ်ရဘူး။ တစ်ကျောင်းလုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး ပြီးတော့... “

 

ချန်ကျောင်းက သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး

 

“တစ်လောကလုံးအနှံ့ ‌ဝေ့ဝိုက်ကြည့်တတ်ရမယ်။”

 

မော့တိ: “…” 

 

ဒီလူတွေကို ငါ မသိပါဘူး။

 

“ဟိုင်း ဒီမှာ ထိုင်လို့ရမလား”

 

တီရှပ်အဖြူရောင်ဝတ်ထားသောကောင်လေးတစ်ယောက်က မော့တိဆီသို့ လမ်းလျှောက်လာကာ ယဉ်ယဉ်ကျေးကျေး မေးသည်။

 

မော့တိသည် ထိုသို့မေးသူအား မော့ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

 

“ရပါတယ်။ လူမရှိပါဘူး။”

 

“ကျေးဇူးတင်ပါတယ်”

 

ကောင်လေးက ခေါက်ထိုင်ခုံကို ဖြည်ချပြီး ထိုင်ချလိုက်ကာ မျက်နှာထားချိုချိုလေးဖြင့် စကားဆိုလာသည်။

 

“ငါ့နာမည်က ကျောက်ချွန်းချန်။ မျက်နှာချင်းဆိုင်အခန်းကလေ။ လာနှုတ်ဆက်ချင်ပေမဲ့ စိတ်အနှောင့်အယှက် ဖြစ်သွားမှာစိုးလို့ မလာဖြစ်သေးတာ။”

 

“စိတ်မပူပါနဲ့။ လာလို့ရပါတယ်။”

 

မော့တိက ကျောက်ချွန်းချန်ကိုတော့ သူ၏မှတ်ဉာဏ်ထဲတွင် ဝိုးတဝါးပင်။ သူတို့၏အတန်းစာရင်းကို စေ့စေ့စပ်စပ် မွှေနှောက်ကြည့်ပြီးသားဖြစ်ကာ လူတိုင်း၏အမည်ကိုလည်း မှတ်မိသည်။ သို့သော် တချို့သောမျက်နှာများသည် ဓာတ်ပုံနှင့် မကိုက်ညီပေ။

 

“ဂျူနီယာလေး၊ မင်းက ဒီရောက်နေတာပဲ။ ငါ့ကို လွမ်းနေသေးလား။”

 

ကျောက်ချွန်းချန် တစ်ခုခုပြောခါနီးဆဲဆဲတွင် စွန်းရှုရှုသည် အနောက်တံခါးမှ ကြားဖြတ်ဝင်လာကာ မော့တိဆီသို့ တန်းသွားလေသည်။ သူမသည် ထိုင်ခုံတစ်ခုကိုဆွဲပြီး ထိုင်ချလိုက်သည်။ ထို့နောက် ခပ်ပြုံးပြုံးမျက်နှာထားဖြင့် ပြောသည်။

 

“အတန်းကော်မတီမှာ ပါချင်လား”

 

‘ဟယ်လို စီနီယာ။ လောလောဆယ်တော့ အတန်းကော်မတီထဲဝင်ဖို့ မဖြစ်နိုင်သေးပါဘူး”

 

မော့တိက ပြုံးပြသည်။

 

“ကျွန်တော်က အမြဲလိုလို အလုပ်များနေတတ်ပြီး အချိန်လည်း သိပ်မပေးနိုင်ဘူးလေ။ အတန်းဖော်တွေကို များများစားစား အကူအညီပေးနိုင်မယ် မထင်လို့ပါ။”

 

“မဝင်ဘူးလား။ နှမြောစရာပဲ။ အတန်းကော်မတီထဲ ဝင်ချင်တယ်ဆိုရင် ငါနဲ့ ကျောက်ချင်ကုန်းက ကူညီပေးမလို့ကို။ အဲဒါမှ ငါလည်း နင်နဲ့စကားပြောဖို့ အခွင့်အရေး ပိုရလာမှာလေ။”

 

“ကျွန်တော် ကော်မတီထဲ မဝင်ဖြစ်ရင်တောင် စီနီယာနဲ့ စကားစမြည်ကတော့ ပြောလို့ရပါတယ်။ WeChat မှာလည်း တိုက်ရိုက်လာရှာလို့ရပါတယ်။ စီနီယာဘက်က စာပို့ရင် ကျွန်တော် စာပြန်ပါ့မယ်လို့ ကတိပေးပါတယ်။”

 

“ဒါဆိုလည်း ယုံလိုက်မယ်နော်”

 

စွန်းရှုရှုက မော့တိကို ငေးစိုက်ကြည့်ရင်းက တစ်ချက် မျက်စိမှေးကြည့်လိုက်သည်။

 

“အချိန်ကျလာရင်သာ ငါ့ကို မသိချင်ယောင် မဆောင်နဲ့”

 

“မဆောင်ပါဘူးဗျာ”

 

မော့တိက အချိန်ကို ကြည့်လိုက်သည်။

 

“စီနီယာ၊ အတန်းအစည်းအဝေးက ဘယ်တော့စမှာလဲ”

 

“ငါးမိနစ်လိုသေးတယ်။ (၇)နာရီထိုးမှ စမှာလေ။”

 

“ဒါဆို ကျွန်တော် သန့်စင်ခန်း ဝင်လိုက်ဦးမယ်”

 

မော့တိသည် ချန်ကျောင်းနှင့် တခြားသူများကို လှမ်းကြည့်လိုက်သော်လည်း တစ်ယောက်နှင့်တစ်ယောက် ပြောကြဆိုကြ အလုပ်ရှုပ်နေကြသောကြောင့် မနှောင့်ယှက်ချင်၍ တစ်ယောက်တည်းသာ ထွက်လာခဲ့လိုက်သည်။

 

အိမ်သာသုံးပြီးသောအခါ မော့တိသည် အပြင်သို့ထွက်လာပြီး လက်ဆေးသည်။

 

တခြားဌာနမှ ကျောင်းသား(၂)ယောက် ဝင်လာပြီး ဆီးခွက်ရှေ့တွင် စကားပြောနေကြသည်။

 

“တရုတ်စာဌာနမှာ ပန်းလေးတစ်ပွင့် အသစ်ရောက်လာတယ်တဲ့။ ဘယ်သူလဲ မင်းသိလား။”

 

“ဘယ်သူတဲ့လဲ”

 

“မင်း မြင်ဖူးတယ်လေကွာ။ မင်းတောင် အမွှန်းတင်လိုက်သေးတယ်။”

 

“ဘယ်သူလဲကွ။ တစ်ပိုင်းတစ်စကြီး လုပ်မထားနဲ့။ ငါက တစ်နေ့တစ်နေ့ အလှပဂေးပေါင်းများစွာကို အမွှန်းတင်နေတာ။ မင်း ပြောနေတဲ့တစ်ယောက်ကို ဘယ်သိမလဲကွ။”

 

“အိုင်းယား မော့လျှိုကွေ့ဆိုတဲ့ တစ်ယောက်လေကွာ။ အင်တာနက်ပေါ်မှာ သူ့ပုံကိုတွေ့ပြီးတည်းက မင်း ဆက်တိုက်ချီးမွန်းခန်းဖွင့်နေတဲ့တစ်ယောက်ပေါ့။”

 

“ချီး တကယ်ကြီးလား”

 

“တကယ်ပေါ့ကွ။ ဒီမနက် ရီပို့လာတင်တာတဲ့။ အရမ်းလှတာကွာ။ ငါတို့ကျောင်းဟစ်တိုင်မှာ အဲဒီကောင်မလေး အဖြူရောင်ဂါဝန်လေး ဝတ်ထားတဲ့ပုံတောင် တင်ထားသေးတယ်။ ကြော့ရှင်းနေတာပဲကွာ။ မင်းသမီးလေးကျနေတာပဲ။ ဌာနမှာ အလှဆုံးမိန်းကလေးဆိုတာတော့ သေချာသွားပြီ။”

 

“ဒါဆို ငါလည်း မြန်မြန်သွားကြည့်ရမှာပေါ့”

 

“မင်းကတော့လေ မျက်နှာလှတာ တစ်ခုပဲ ကြည့်တယ်နော်။ အဲဒီကောင်မလေးက သူ့မောင်လေးကို ဘယ်လိုဆက်ဆံတယ်ဆိုတာကိုရော မင်း မေ့သွားပြီလား။”

 

“အိုင်းယား သူ့ဘာသူ သူ့မောင်လေးကို ဘယ်လိုဆက်ဆံဆက်ဆံ။ မင်းက ဘာဂရုစိုက်နေတာလဲ။ ငါတို့က သူ့ရုပ်ရည်ကိုပဲ ပြောနေတာ။ မင်း မကြိုက်ဘူးလို့တော့ မပြောနဲ့နော်။ မင်းကြိုက်တဲ့ပုံစံမျိုးဆိုတာ ငါသိတယ်။”

 

“အွီ အွီ အွီ အဲဒီလိုကြီး ထုတ်ပြောဖို့ မလိုပါဘူးကွာ”

 

“…”

 

မော့တိသည် ရေဘုံပိုင်ခေါင်းကို ပိတ်ပြီး ထွက်သွားလိုက်သည်။

 

မမျှော်လင့်ပါဘဲ ယနေ့မှသာ မော့လျှိုကွေ့တစ်ယောက် ကျောင်းကိုရောက်လာခဲ့သည်။ သူမ စစ်ရေးလေ့ကျင့်ခြင်းကို ကျော်ချလိုက်သည်လား။

 

မော့တိအနေဖြင့် မော့လျှိုကွေ့ နှောင့်ယှက်သည့်ဒဏ်ကို ခံချင်စိတ်မရှိတော့ပေ။ သို့သော် မည်သို့ပင်စဉ်းစားပါစေ မော့လျှိုကွေ့သည် သူ့ကို အေးအေးချမ်းချမ်း လွှတ်ပေးမည် မဟုတ်ကြောင်းကို အတပ်ပြောနိုင်သည်။

 

ထို့ကြောင့် သူ့ဘက်မှ လက်ဦးမှုရယူထားမှသာ ပိုကောင်းပေလိမ့်မည်။

 

ဟိုဗီဒီယိုသည်လည်း အင်တာနက်ပေါ်တွင် ထုတ်လွှင့်ပြီးဖြစ်သောကြောင့် ဤနေရာတွင် ပြန်လည်အသုံးချလျှင်လည်း ထိရောက်မှု မရှိနိုင်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တခြားနည်းလမ်းများကို အကြံထုတ်ရတော့သည်။

Xxxxxxx