Chapter 57
မော့တိ အတန်းထဲသို့ ပြန်ရောက်ပြီး သိပ်မကြာမီပင် အစည်းအဝေး တရားဝင်စတင်လေသည်။
အစည်းအဝေးစသည်နှင့် စီနီယာများဖြစ်ကြသော ကျောက်ချင်ကုန်းနဲ့ စွန်းရှုရှုတို့သည် အတန်းသားအားလုံး စိတ်အားထက်သန်ပြီး တက်တက်ကြွကြွ ဖြစ်သွားကြစေရန်အတွက် ရွေးကောက်ပွဲမတိုင်မီ မိန့်ခွန်းပြောကြသည်။
လင်ကျွင်းဖုန်၊ ရှန့်ယွီချောင်နှင့် ချန်ကျောင်းတို့သည် ရွေးကောက်ပွဲအတွက် နာမည်စာရင်းသွင်းထားကြသည်။ နှစ်ယောက်မှာ အတန်းခေါင်းဆောင်ရာထူးအတွက်ဖြစ်ပြီး ကျန်တစ်ယောက်မှာတော့ ဖျော်ဖြေရေးကော်မတီအတွက် ဖြစ်သည်။
တကယ်တမ်းဆိုရလျှင် ရှန့်ယွီချောင်တစ်ယောက် ဖျော်ဖြေရေးကော်မတီခေါင်းဆောင်ရာထူး အဘယ်ကြောင့် လိုချင်နေရသည့်အကြောင်းကို မော့တိ လုံးဝနားမလည်နိုင်ပေ။ သူ၏ရူးကြောင်ကြောင်လုပ်ရပ်များသည် တခြားသောပြိုင်ပွဲဝင်များ၏အရည်အချင်းထက် သာလွန်ကောင်းမွန်သည်ဟုပဲ ထင်မှတ်နေသယောင်။
မော့တိသည် ရှန့်ယွီချောင်အတွက် စိုးရိမ်နေမိသည်။
သို့သော်လည်း အဆုံးသတ်တွင်တော့ ဤလောကကြီးထဲတွင် မဖြစ်နိုင်သည့်အရာ မရှိကြောင်းကို လက်တွေ့ဘဝကြီးက မော့တိကို သက်သေပြသွားခဲ့သည်။ ရှန့်ယွီချောင်တစ်ယောက် ရွေးချယ်ခံရလေသည်။
မော့တိသည် ရှန့်ယွီချောင်အတွက် ကြည်နူးပျော်ရွှင်မိပါသည်။ သို့သော် တစ်ချိန်တည်းတွင် အတန်းအတွက် ဖျော်ဖြေရေးခေါင်းဆောင်တစ်ယောက်၏တာဝန်ဝတ္တရားများအကြောင်းကို သံသယဝင်လာမိသည်။
အတန်းခေါင်းဆောင်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်နေကြသော သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် လင်ကျွင်းဖုန်နှင့် ချန်းကျောင်းတို့မှာတော့ အနိုင်ရရှိသူ တစ်ယောက်သာ ဖြစ်ရပေလိမ့်မည်။
ချန်ကျောင်း ရှုံးနိမ့်ပြီး လင်ကျွင်းဖုန် အနိုင်ရရှိသွားခဲ့သည်။
အတန်းထဲတွင်ရှိသော မိန်းကလေး(၄)ယောက်၏အဆိုအရ အရပ်မြင့်မြင့်၊ တုတ်တုတ်ခိုင်ခိုင်၊ သန်သန်မာမာရှိပြီး ယုံကြည်အားကိုး၍ရသော ကိုယ်လုံးကိုယ်ထည်ရှိခြင်းတို့ကြောင့် လုံခြုံဘေးကင်းသော ခံစားချက်ကို ပေးစွမ်းနိုင်၍ လင်ကျွင်းဖုန်ကို ရွေးချယ်လိုက်ခြင်းဖြစ်ကြသည်။ မိုးပြိုကျလျှင်တောင် မားမားမတ်မတ် ရပ်တည်ပေးနေဦးမည့်အတိုင်းပင်။
မော့တိ: “…”
သူတို့အတန်းထဲမှမိန်းကလေးများသည် အတော်လေး ရိုးအကြသည်။
ထိုသို့ရှုံးနိမ့်သွားခြင်းသည် ချန်ကျောင်းအတွက် အတော်လေး အထိနာသွားစေသည်။ သူသည် အလယ်တန်းကျောင်းတစ်လျှောက်လုံး ခြောက်နှစ်ဆက်တိုက် အတန်းခေါင်းဆောင် အရွေးခံခဲ့ရသူဖြစ်သည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်လိမ့်မည်ဟု တစ်ခါမှမတွေးဖူးခဲ့ပေ။ မော့တိသည် သူတစ်ပါးကို မည်သို့အားပေးနှစ်သိမ့်ရမည်ကို မသိသောကြောင့် ချန်ကျောင်း၏ပုခုံးကို အသာပုတ်ပြီး စကားဆိုလိုက်သည်။
“ငါနဲ့ပဲ ကုဒ်ရေးနည်း သင်ကြမယ်လေ။ ပိုပြီးအကျိုးရှိတဲ့အလုပ် လုပ်ဖြစ်သွားတာပေါ့။”
ချန်ကျောင်းတစ်ယောက် အံ့ဩမှင်တက်သွားပြီး အသံထွက်လုနီးပါး မငိုမိရုံတမယ်ပင်။
အတန်းကော်မတီရွေးချယ်တင်မြှောက်ပြီး သုံးရက်မြောက်နေ့တွင် ကျင်းသာ့တက္ကသိုလ်အတန်းများ စတင်ပါတော့သည်။
လင်ကျွင်းဖုန်သည် အလွန်အလုပ်များလာရသည်။ အတန်းပေါင်းစုံမှ အကြံပေးပုဂ္ဂိုလ်များ၊ စီနီယာများ၊ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ... ဘာကိုပဲလိုလို သူ့ဆီကိုသာ ရောက်လာကြသည်။ ကျောင်းကိစ္စများကို ကူညီကိုင်တွယ်ဖြေရှင်းရန်အတွက် လက်ထောက်တစ်ယောက်လည်း သေချာပေါက် ထားရှိသည်။ ထိုလက်ထောက်လေးသည် သူတို့အတန်းထဲရှိ မိန်းကလေး(၄)ဦးထဲမှ တစ်ဦးဖြစ်သည့် လီလျန်မုန် ဖြစ်သည်။ သူမသည် လူကောင်သေးသေး၊ ဆံပင်တိုတိုလေးဖြစ်ပြီး လင်ကျွင်းဖုန်၏တစ်ဝက်လောက်ပင် မရှိချေ။ နှစ်ယောက်ယှဉ်ရပ်နေလျှင် အသိသာကြီး ကွာခြားလွန်းလှသည်။
ကျင်းသာ့တက္ကသိုလ်မှ ကထိကများသည် စာပေပို့ချရာတွင် ဟာသလေးနှောကာ သင်ကြားပေးတတ်ပြီး ဗဟုသုတလည်း အင်မတန်ကြွယ်ဝကြသည်။ မော့တိက အတန်းတိုင်းကို စိတ်ဝင်တစား တက်ရောက်သင်ယူသည်။ ထိုသို့နှင့် ငါးရက်တာအတန်းတက်ရောက်မှု ပြီးဆုံးခဲ့ပြီး နောက်ဆုံးတွင် သောကြာနေ့သို့ ရောက်ရှိလာသည်။
ပိတ်ရက်တိုလေးဖြစ်သော်လည်း မော့တိသည် သူ၏ပစ္စည်းများကို ထုတ်ပိုးပြီး ကျောင်းမှထွက်ခွာရန် ပြင်ဆင်နေသည်။
ချန်ကျောင်းသည် မော့တိကို အထွက်လမ်းတွင် ဝင်တားလိုက်သည်။ သူသည် မော့တိကို ယောက်ျားလေးအိမ်သာထဲသို့ မသိမသာ ဆွဲခေါ်သွား၏။
မော့တိ ချန်ကျောင်းကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ချန်ကျောင်း၊ ဘာကိစ္စရှိလို့လဲ”
“ရှိတယ်။ သိပ်ရှိတာပေါ့။ အရေးတကြီးကိုရှိတာ။ ဒီနေ့ပဲ ငါ့ဦးငယ် ဟွာရှားကို ပြန်ရောက်တယ်တဲ့။ အဲဒါ မင်းသိလား။”
“သိတယ်လေ”
မော့တိက ခေါင်းညိတ်ပြသည်။ သူသည် ဦးလေးစုန့် ဟွာရှားကို ပြန်ရောက်နေသည်ကို သိသည့်အပြင် မော့စန်းကျစ် မနေ့က ပြန်ရောက်သည့်အကြောင်းကိုလည်း သိသည်။
ကံဆိုးချင်တော့ သူက ဖုံးထားသည်ပင် ဖြစ်သည်။
“အဲဒါပြောတာလေ။ ဒါ ကိစ္စကြီးပဲ မဟုတ်လား။ ရှောင်တိ၊ ချစ်လှစွာသောညီလေးရေ၊ မင်း ငါနဲ့အတူ ငါ့ဦးငယ်ကို လိုက်ကြိုပေးရမယ်။ ပြီးတော့ တန်ပြန်အစီအစဉ်ကိုလည်း အသေးစိတ် ဆွေးနွေးရမယ်လေကွာ။ မင်းက ငါတို့ရဲ့ အရေးကြီးဗျူဟာမှူးနဲ့ သူလျှိုလေ။ အခုချိန်မှ ပျောက်သွားလို့ ဘယ်ဖြစ်မလဲ။”
မော့တိက သက်ပြင်းချသည်။
“ဒါပေမဲ့ ငါ မင်းဦးလေးကို သူ သိသင့်သိထိုက်တာတွေအားလုံး ပြောပြခဲ့ပြီးပြီပဲ။ ငါလိုက်လည်း ဘာမှသုံးစားလို့ မရပါဘူး။”
“ရတာပေါ့။ ရတာပေါ့။ မင်းမလို့ကို လိုအပ်နေတာ။ အိုင်းယား ငါ တောင်းပန်ပါတယ် ရှောင်တိရယ်။ ကျေးဇူးပြုပြီး ဒီက မင်းရဲ့အစ်ကို(၂)ကို အဖော်လိုက်ခဲ့ပေးပါနော်။ ငါ့ဦးငယ်နဲ့ မော့စန်းကျစ်ကို လမ်းခွဲသွားရင် မင်းက ငါတို့မိသားစုရဲ့ ကျေးဇူးရှင်ကြီး ဖြစ်သွားမှာပါ။”
မော့တိသည် အနည်းငယ် အင်တင်တင် ဖြစ်နေမိသည်။ သူသည် ကိစ္စအသေးလေးကအစ အတူလိုက်လုပ်မပေးနိုင်ပါချေ။
သို့သော် ချန်ကျောင်း၏ကူကယ်ရာမဲ့မျက်နှာထားနှင့် လက်လျော့မည့်ဟန်မပေါ်သော အနေအထားတို့ကြောင့် မော့တိ သဘောတူလိုက်ရသည်။
“... အင်းပါ။ ဒါပေမဲ့ မြန်မြန်သွားမယ်နော်။ ဒီည အိမ်ပြန်ရဦးမှာ။ လုပ်စရာကိစ္စတွေ ရှိသေးတယ်။”
“ရတယ်။ ရတယ်။ ကိစ္စမရှိဘူး။ မြန်မြန်သွားကြမယ်။”
မော့တိနှင့် ချန်ကျောင်းတို့နှစ်ဦး တက္ကစီ မြန်မြန်ခေါ်ပြီး လေဆိပ်သို့ သွားလိုက်ကြသည်။ တစ်ဖက်တွင် ချန်ကျောင်း၏မနားတမ်း ပေါက်ပေါက်ဖောက်နေမှုကြီးကြောင့် မော့တိမှာ သူ၏အမြင်အာရုံကို ကားပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့သာ လွှဲလိုက်ရလေတော့သည်။
သူ မုထျန်းဟန်နှင့် မတွေ့ရသည်မှာ (၈/၉)ရက် ရှိပြီဖြစ်သည်။ နောက်ဆုံးတွေ့ခဲ့သည့်အခေါက်က သူ၏အပြစ်ရှိစိတ်နှင့် အနေခက်မှုတို့ကြောင့် ကျောင်းသို့ စောစောပြန်သွားခြင်းဖြစ်ပြီး ယခုချိန်ထိ ပြန်မတွေ့နိုင်ခဲ့ပေ။
သူက မုထျန်းဟန်အပေါ် မှီခိုနေရသည်ဟု ခံစားနေရသည်။ ချစ်ရေးချစ်ရာခံစားချက်မျိုး မဟုတ်သော်လည်း ခံစားချက်တစ်ခုတော့ တစ်ခုခုပင်။ သူငယ်ချင်းမိတ်ဆွေကဲ့သို့ ရင်းနှီးအားကိုးစိတ်များလား။
(၁၅)မိနစ်ကြာပြီးနောက် သူတို့သည် ဦးလေးစုန့်နှင့် ဆုံကြလေသည်။
စုန့်ယွီအပေါ်ထားရှိသည့် မော့တိ၏ပထမဆုံးထင်မြင်ချက်သည် နာမည်နှင့် တကယ်လိုက်ဖက်သည်ဟုပင်။ သူ၏မျက်နှာပုံပန်းသွင်ပြင်သည် ကျောက်စိမ်းထည်ကဲ့သို့ပင်။ နွေးထွေးသိမ့်မွေ့သော စိတ်နေသဘောထားရှိပုံလည်း ပေါ်သည်။ အနည်းငယ်တော့ ပိန်လှီနေသည်။
ဤသို့ရုပ်ရည်သွင်ပြင်ရှိသောသူမျိုးဖြစ်နေခြင်းကြောင့် သူ၏တတိယအစ်ကိုက လမ်းခွဲပြတ်စဲခြင်းထက် တွဲနေခြင်းကိုလူသိသွားမည်စိုးသော ကျီးလန့်စာစားဘဝဖြင့် နေနေခြင်းပင် ဖြစ်သည်။ မော့တိ မအံ့ဩတော့ပေ။
ထိုအချိန်တွင် စုန့်ယွီ၏မျက်လုံးထဲတွင်တော့ မော့တိသည် ရှုခင်းပန်းချီးကားတစ်ချပ်နှယ်။ စုန့်ယွီသည် ဤကဲ့သို့ ရှေးခေတ်မင်ရည်ပန်းချီကားထဲမှ ပုံတူကူးဆွဲထားသကဲ့သို့ တစ်ပုံစံတည်းသောညှို့ဓာတ်ရှိသည့် အမျိုးသားငယ်တစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ စုတ်ချက်တိုင်းသည် ကြည်လင်ပြတ်သားပြီး အဓိပ္ပာယ်ပါကြသည်။ သူ၏ရုပ်ရည်သွင်ပြင်သည် ဖေလ်တာ (၁၈) ထပ် အုပ်ထားရသော အွန်လိုင်းပေါ်မှ အလှလေးများနှင့် ယှဉ်ရက်စရာပင် မရှိချေ။
နိဂုံးချုပ်ဆိုရလျှင် သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ထင်ကြေးအပေးကောင်းနေကြသည်ပင်။
“ဦးလေး ဦးလေး ဒီဘက်မှာ”
ချန်ကျောင်းက အားတက်သရော လက်ပြနှုတ်ဆက်သည်။
စုန့်ယွီသည် သူ့တူ၏စိတ်အားပြင်းပြမှုကို မြင်တွေ့ပြီးနောက် ခြေလှမ်းများကို သွက်လိုက်သည်။
“မင်းတို့ကွာ ဒုက္ခရှာပြီး လာကြိုနေကြသေးတယ်”
“မဟုတ်တာ မဟုတ်တာ။ ဒုက္ခရယ်လို့ ဘယ်ဟုတ်ပါ့မလဲ... အယ် တကယ်တော့ ရှောင်တိအတွက် နည်းနည်း ကရိကထ ဖြစ်ရတာပေါ့။”
ချန်ကျောင်းက မော့တိ၏ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
“သူက တကယ်ကို ညီအစ်ကိုကောင်းတစ်ယောက်ပါ”
စုန့်ယွီ ပြုံးပြီး မော့တိကို ကြည့်လိုက်သည်။
“မင်းက မော့တိဆိုတာလား။ ကျေးဇူးတင်ပါတယ်။ ဒီရက်ပိုင်းအတွင်း မင်း ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ။”
“အကူအညီဖြစ်တယ်ဆိုရင်ပဲ ဝမ်းသာပါတယ်ဗျ။ ဦးလေးစုန့် ကျေးဇူးတင်ဖို့ မလိုပါဘူးခင်ဗျာ။”
မော့တိက ပြုံးပြသည်။
“သွားကြစို့လေ။ အရင်ဆုံး ဘယ်သွားကြမလဲ။”
“ရှောင်တိ၊ ဦးကို အရမ်းယဉ်ယဉ်ကျေးကျေး ပြောစရာမလိုပါဘူး။ ပုံမှန်အတိုင်းပဲ ဆက်ဆံနော်။”
စုန့်ယွီသည် မော့တိကိုသာ ကြည့်နေမိသည်။ သူ မော့တိကို တူလေးတစ်ယောက် ညီလေးတစ်ယောက်ကဲ့သို့ အတော်လေး သဘောကျမိသည်။
“မှန်းစမ်း။ ပထမဆုံးဘူတာက မော့အိမ်တော်ကိုပေါ့။”
“ဘယ်လို ဦးငယ်လေး...”
ချန်ကျောင်း မျက်လုံးများပင် ပြူးသွားရသည်။
“ဦးငယ်က အခုမှ ရောက်တာလေ။ ချက်ချင်းကြီးကို ရုပ်ရှင်ရိုက်ပြီး ဒရာမာတွေ ခင်းတော့မလို့လား။”
စုန့်ယွီက လှောင်ပြုံး ပြုံးလိုက်သည်။
“တရုတ်စကားမှာ ဆိုရိုးကြီးတစ်ခု ရှိတယ် မဟုတ်လား။ ‘ရန်သူ မပြင်ဆင်ထားတဲ့အချိန်မှာ တိုက်ခိုက်ပါ’ တဲ့။ ငါတို့က စစ်သားတွေ မဟုတ်ပေမဲ့ အစစ်အမှန်ဆုံးရလဒ်ကို လိုချင်တယ်ဆိုရင် သူတို့ မမျှော်လင့်ထားတဲ့အချိန်မှာ လုပ်ဖို့လိုအပ်လိမ့်မယ်။ မင်းရော အဲဒီလိုမထင်ဘူးလား ရှောင်တိ။”
မော့တိက ခေါင်းညိတ်ပြသည်။
ယခုနည်းလမ်းသည် အရင်ရက်များတုန်းက သူ ဦးလေးစုန့်ကို WeChat မှတစ်ဆင့် ပေးခဲ့သည့် ဗျူဟာပင် ဖြစ်သည်။ ဆုံးဖြတ်ချက်ခိုင်မာရန်လည်း အကြံပေးခဲ့သေးသည်။ ယခုအခြေအနေကိုကြည့်လျှင် ဦးလေးစုန့်သည် သူ၏စကားများကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်ဟု ထင်သည်။
“ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော်တို့မှာ အစီအစဉ်နဲ့ ဇာတ်ညွှန်းကောင်းကောင်း လိုသေးတယ်လေ။ မော့အိမ်တော်ကို ဒီတိုင်းကြီး ဝင်သွားလို့ မဖြစ်ဘူး။”
ချန်ကျောင်း သူ့ဦးလေးကို တစ်လှည့် မော့တိကို တစ်လှည့် ကြည့်ကာ ‘ကျေးဇူးပြုပြီး ငါ့ဦးလေးကို ကူပြောပေးပါဦး’ ဟူသော အကြည့်ဖြင့် ကြည့်သည်။
သို့သော် မော့တိ ပြောလိုက်သည့်စကားမှာကား
“ကျွန်တော် သဘောတူတယ် ဦးလေးစုန့်။ အခုချိန်သွားတာက အကောင်းဆုံးရလဒ်ကို ရလိမ့်မယ်။”
“ဟုတ်တယ်။ ဦးလည်း မော့စန်းကျစ်နဲ့ ဒီထက်ကြာကြာ မပတ်သက်ချင်တော့ဘူး။ အကြာကြီးနာကျင်နေရမှာထက်စာရင် မြန်မြန်ပဲ ဖြတ်ပစ်လိုက်ချင်တယ်။ ကိုယ်နဲ့တွဲတဲ့ ကိုယ့်ရည်းစားကို ချမပြရဲတဲ့ ယောက်ျားမျိုးကို ဦး အရွံဆုံးပဲ။ သူသာ အဲဒီလိုလူမျိုး မဟုတ်ဘူးဆိုရင် သူနဲ့ မင်းတို့နဲ့ အတူနေဖို့ ဦးရဲ့ အလုပ်အကိုင်ကို ဟွာရှားကို ပြန်ပြောင်းလာမယ်။”
စုန့်ယွီက ချန်ကျောင်းကို ကြည့်လိုက်သည်။
“ဒါပေမဲ့ သူက တကယ်ပဲ အဲဒီလိုလူမျိုးသာဆိုရင်တော့...”
“သူက အဲဒီလိုလူမျိုးဆိုရင်လည်း ဦးငယ် ဒီကို ပြန်လာလို့ရပါတယ်။ ဒီမှာက တော်တော်လေး အဆင်ပြေတာပဲ။ အမေနဲ့ ကျွန်တော်ကလည်း ဦးငယ်ကို လွမ်းနေကြတာ။ ဒီအကြောင်းပြချက်ကောင်းတွေနဲ့တင် မလုံလောက်သေးဘူးလား။ အမေရိကမှာ အလုပ်သွားလုပ်တော့ရော ဘာတွေများကောင်းလို့လဲ။ မော့စန်းကျစ်လို ငတုံးကောင်မျိုးနဲ့ ဆုံရတာပဲ အဖတ်တင်တယ်မလား။”
ချန်ကျောင်းက စုန့်ယွီ၏ပုခုံးကို ကိုင်လိုက်သည်။
စုန့်ယွီက ခပ်ပြုံးပြုံးဖြင့် ပြောသည်။
“ဒါပေါ့ ဦးငယ် ပြန်လာမှာပေါ့။ မော့စန်းကျစ်က ဘာပဲဖြစ်နေဖြစ်နေ။ ဦးငယ်က ပြန်လာမှာပဲ။ ဦးငယ်အတွက် ဒီက တူလေးက သူ့ထက် အများကြီးအရေးပါတယ်လေ။ ပြီးတော့ ဦးငယ်လည်း အမေရိကမှာနေရတာ ငြီးငွေ့နေပါပြီ။ စာချုပ်သက်တမ်းကုန်တဲ့အခါ အိမ်ပြန်လာနေမယ်နော်။”
ဇာတ်လမ်းသွား ရှေ့နောက်မညီသည့် အချက်တစ်ခုကို မောတိ့ သတိထားမိလိုက်သည်။ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။
“ဦးလေးစုန့်၊ စာချုပ်က ဘယ်တော့ သက်တမ်းကုန်မှာလဲဟင်။
“နောက်သုံးလနေရင်ပေါ့။ ဘာဖြစ်လို့လဲ။”
“... ဘာမှမဖြစ်ပါဘူး။ ဦးလေး၊ ပြည်တွင်းဆေးရုံတွေနဲ့ ကြိုတင်ဆက်သွယ်ထားကြည့်ပါလား။ အကုန်လုံးက အလုပ်ခန့်ချင်ကြလွန်းလို့ အလုအယက်ဖြစ်နေကြမှာ။
“ကျေးဇူးတင်ပါတယ် ရှောင်တိ။ ဦးလေး မှတ်ထားပါ့မယ်။”
စုန့်ယွီက မော့တိ၏ပုခုံးကို အသာအယာ ပုတ်လိုက်သည်။
“ဟုတ်ပြီ။ သွားကြစို့။”
မော့တိသည် စုန့်ယွီ၏ဘေးမှ ကပ်လျှောက်ရင်း လေးနက်သောအကြည့်များဖြင့် တွေးတောစဉ်းစားနေသည်။
ဦးလေးစုန့်က စာချုပ်သက်တမ်းကုန်သည်နှင့် ဒီကိုပြန်လာရန် ဆုံးဖြတ်ထားပြီးသားဆိုလျှင် အတိတ်ဘဝတုန်းက အချိန်တွေဆွဲပြီး အမေရိကတွင် အဘယ်ကြောင့် အကြာကြီးနေခဲ့သည်လဲ။
သူတို့တွဲခုတ်နေသည့်အကြောင်းကို မော့မိသားစု သိသွားမည်ကို စိုးသောကြောင့် မော့စန်းကျစ်က စုန့်ယွီကို အကြောင်းပြချက်ပေါင်းစုံဖြင့် အပျော့ဆွဲ ဆွဲထားသည်ကြောင့်လား။ နိုင်ငံသားခံယူခွင့်ရရနိုင်ရန်အတွက် အမေရိကမှာပဲဆက်နေရန် ပြောခဲ့ခြင်း ဖြစ်နိုင်သည်။ မော့စန်းကျစ် ပြန်ရောက်သည့်အခါတွင် သူတို့နှစ်ဦး အမေရိကတွင် လက်ထပ်ကြမည်ဟု စီစဉ်ခဲ့သည်ကြောင့်လား။
တွေးကြည့်လိုက်မှ ဤအကြံအစည်သည် မဖြစ်နိုင်သည်လည်း မဟုတ်ပါချေ။
အကယ်၍သာ ထိုသို့ကြံစည်ထားလျှင် မော့မိသားစုနှင့် မော့စန်းကျစ်တို့၏တုံ့ပြန်ချက်သည် အတော်လေး ရုပ်ရှင်ဆန်ဆန်တွေ ဖြစ်ကုန်ကြတော့မည်။ ထိုရုပ်ရှင်ဇာတ်ကားကြီးသည် သူ့ကို စိတ်ပျက်စေမည် မဟုတ်ချေ။
Xxxxxxxx