Chapter 58
မော့တိက ချန်ကျောင်း၊ စုန့်ယွီတို့နှင့်အတူ မော့စံအိမ်သို့ လိုက်မသွားချေ။ ခြံဝန်းအနီးတွင်သာ နာရီဝက်အတွင်း ဆုံကြမည်ဟု ပြောခဲ့သည်။ တစ်ဆက်တည်း၌ပင် မော့တိသည် မုထျန်းဟန်၏ကုမ္ပဏီသို့ သုတ်သီးသုတ်ပျာ အပြေးသွားလိုက်သေးသည်။
မုထျန်းဟန်သည် မော့တိ သူ့ကို လာရှာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် ဧည့်ကြိုဌာနသို့ ဝမ်းသာအားရ ဆင်းလာပြီး မော့တိကို လာကြိုသည်။
“ ကောင်ငယ်လေး၊ ကိုယ့်ကို အဲဒီလောက်တောင် သတိရနေတာလား။”
မော့တိကိုတွေ့လိုက်သည်နှင့် မုထျန်းဟန်၏ပထမဆုံးတုံ့ပြန်မှုသည် ဆံပင်များကို ပွတ်သပ်ပေးခြင်း ဖြစ်သည်။ ထို့နောက် အလွန်တရာမြတ်နိုးကြင်နာသော လေသံဖြင့် ပြောလိုက်သည်။
“နေ့လယ်စာ စားပြီးပြီလား”
“မစားရသေးဘူး”
မော့တိက ခေါင်းခါပြပြီး အနီးအနားတစ်ဝိုက်ကို ရှက်ရွံ့စွာဖြင့် ကပျာကယာ လှမ်းကြည့်လိုက်သည်။ သူတို့ကို မည်သူမှ အာရုံမစိုက်မှန်းသိသည့်အခါတွင်မှ စိတ်အေးလက်အေး သက်ပြင်းတစ်ချက်ချပြီး တီးတိုးပြောသည်။
“ကိုကို၊ ကျွန်တော် ကိုကို့ကို အရေးတကြီး ပြောစရာရှိတယ်”
မော့တိ၏ခိုးကြောင်ခိုးဝှက်အမူအရာကိုကြည့်ရင်း မုထျန်းဟန်သည် ခပ်ဖွဖွ ရယ်မိသည်။
“ရုံးခန်းကို လိုက်ခဲ့”
မုထျန်းဟန်၏ရုံးခန်းကို ရောက်ပြီးနောက် မော့တိ တစ်ခုခုပြောခါနီးဆဲဆဲတွင် မုထျန်းဟန်က သူ့ကို နဖူးတစ်ချက် တောက်လိုက်သည်။
မော့တိတစ်ယောက် ကြောင်အသွားရသည်။ မည်သည့်အတွက် အပြစ်ပေးခံရသည်ကို လုံးဝမသိသည့်အတွက် သူသည် မုထျန်းဟန်ကို ကြောင်ကြည့်နေမိသည်။
“မင်းအပြစ်ကို မင်းသိလား”
မုထျန်းဟန်သည် မော့တိ၏ဇဝေဇဝါ မလည်မဝယ်မျက်နှာပေးလေးနှင့် အနည်းငယ် နီရဲနေသော နဖူးပြင်ကို ကြည့်လိုက်သည်။ သူ၏အင်အားကို မထိန်းချုပ်နိုင်လိုက်သည့်အတွက်လည်း သူ့ကိုယ်သူ အနည်းငယ် ဒေါသဖြစ်မိသည်။ နဖူးပေါ်မှ ပန်းရောင်သန်းနေသောနေရာလေးကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်သည်။
“တစ်နာရီတောင် ကျော်နေပြီ။ ဘာဖြစ်လို့ နေ့လယ်စာ မစားသေးတာလဲ။ အစာစားချိန်ကလည်း တော်တော်ကိုမမှန်တာပဲ။ မင်းခန္ဓာကိုယ်ကို ပျက်ဆီးအောင်လုပ်နေတာလား။”
မော့တိသည် မုထျန်းဟန်၏မျက်လုံးများကို ငေးစိုက်ကြည့်နေသော်လည်း ပြောစရာစကားမှာ ပျောက်ဆုံးနေသည်။ ရှက်ကိုးရှက်ကန်းဖြင့် သူ၏မျက်နှာသည် အနီရောင်ပင် သန်းနေသည်။ သူ့ကိုယ်သူ အကြပ်ရိုက်အောင် ဂွင်ဆင်သောအကြိမ်များနှင့်မတူ။ ဒီတစ်ကြိမ်သည် သူ၏ထိန်းချုပ်နိုင်မှုကို ကျော်လွန်နေသည်။
“ကိုကို၊ ကျ-ကျွန်တော် ဒီနေ့ အရမ်းအလုပ်ရှုပ်နေလို့ပါ”
“ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် အစာကတော့ စားရမယ်လေ။ မင်းအတွက် နေ့လယ်စာယူလာပေးဖို့ လက်ထောက်ကောင်းကို ပြောလိုက်မယ်။ ကိုယ် အရင်ကစားခဲ့တဲ့ ကြက်ကင်စားကြည့်။ တော်တော်လေး စားကောင်းတယ်။ ခဏနေ နားနေခန်းထဲမှာပဲ စားလိုက်။”
မုထျန်းဟန်၏ရုံးခန်းနှင့်တွဲလျက်တွင် လိုအပ်သည့် ပစ္စည်းပစ္စယ အပြည့်အစုံရှိသော နောက်ထပ်အခန်းတစ်ခု ရှိသည်။ ထိုအခန်းထဲတွင် အိပ်ရာ၊ စားပွဲနှင့် သန့်စင်ခန်းတစ်ခန်းပင် ပါသေးသည်။ အနားယူဖို့ အတော်လေး အဆင်ပြေသည်ပင်။
“ကိုကို၊ ကျွန်တော် မစားတော့ဘူး။ ဒီနေ့ အလုပ်များနေလို့။ ပြီးတော့လည်း အရေးပေါ်ကိစ္စက ရှိသေးတယ်။”
မော့တိသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူ၏မျက်နှာပေါ်တွင် အပူချိန်လျော့သွားသောအခါ အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
“ကျွန်တော့်အခန်းဖော်ရဲ့ ဦးလေး ပြန်ရောက်လာလို့။ ကျွန်တော်တို့ သူ့ကို လေဆိပ်မှာ သွားကြိုကြတာ။ ခဏနေရင် ကျွန်တော်တို့ မော့အိမ်တော်ကို သွားကြတော့မလို့။”
“မင်းပြောတာ... စုန့်ယွီဆိုတဲ့တစ်ယောက်က ဟွာရှားကို ပြန်ရောက်လာပြီလား”
မုထျန်းဟန်၏မျက်နှာပေါ်တွင် ချုပ်တည်းထားသော အကြည့်တစ်ချက် ပေါ်လာသည်။
“အခု သူက မော့စန်းကျစ်နဲ့ ထိပ်တိုက်တွေ့တော့မှာလား”
“အင်း သူက ဒီကိစ္စကို တစ်ခါတည်းနဲ့ အပြတ်ရှင်းချင်လို့တဲ့”
မော့တိက မုထျန်းဟန်ကိုကြည့်ရင်း ပြောသည်။
"ကိုကို၊ ကျွန်တော်တို့ မော့အိမ်တော်နားမှာ တွေ့ကြမယ်လို့ ချိန်းထားတာ။ အဲဒါကြောင့် အမြန်သွားမှဖြစ်မှာ။ အရင်တစ်ခါတုန်းကလေ ကင်မရာအသေးလေးလိုချင်တယ်လို့ ကျွန်တော် ကိုကို့ကို အကူအညီတောင်းထားတာ။ အဲဒါ အခု ရပြီလား။ ကျွန်တော် တစ်လက်စတည်း ယူသွားချင်လို့။”
“ဝိုင်ဖိုင်နဲ့ ချိတ်တဲ့ဟာကို ပြောတာလား။ ပြီးခဲ့တဲ့နှစ်ရက်ကမှ ပစ္စည်းရောက်လာတာ။ ဒါပေမဲ့ အဲဒါက စံအိမ်မှာ။”
မုထျန်းဟန်က မျက်မှောင်ကြုတ်လိုက်သည်။
“ကလေးလေး၊ မင်း မော့စံအိမ်ထဲမှာ လျှို့ဝှက်ကင်မရာတပ်ဖို့ ကြံစည်နေတာလား”
“အင်း ဦးလေးစုန့်က ကူညီပေးမယ်လို့ ပြောထားတယ်”
မုထျန်းဟန်သည် မော့တိကို စက္ကန့်အနည်းငယ်ကြာ စူးစိုက်ကြည့်နေသည်။ သို့သော် မေးခွန်းမထုတ်ပေ။ သူ၏ဆံပင်များကို ဆွဲဖွလိုက်ပြီး ပြောသည်။
“လာလာ။ သွားယူရအောင် ကိုယ် လိုက်ပို့ပေးမယ်။”
နာရီဝက်ကြာပြီးနောက် မော့တိသည် ပစ္စည်းများကို ယူဆောင်ကာ တက္ကစီကားပေါ်သို့တက်ပြီး ချိန်းဆိုထားသောနေရာသို့ ထွက်ခွာသွားသည်။
မော့တိ ရောက်လာချိန်တွင် ချန်ကျောင်းနှင့် စုန့်ယွီတို့သည် သူ့အား မိနစ်နှစ်ဆယ်ကြာ စောင့်ဆိုင်းနေခဲ့ရပြီ ဖြစ်သည်။
“နောက်ကျသွားလို့ တောင်းပန်ပါတယ်။
မော့တိက တောင်းတောင်းပန်ပန် ပြောသည်။
“ကိစ္စမရှိပါဘူး”
စုန့်ယွီက မော့တိ၏ကျောပိုးအိတ်ကို ကြည့်ရင်း မေးလိုက်သည်။
“ယူလာခဲ့လား”
“အင်း ဒါပေမဲ့ အိတ်ထဲမှာ မဟုတ်ဘူး”
မော့တိသည် အလွန်သေးငယ်သောပစ္စည်းနှစ်ခုကို ဆွဲထုတ်ပြီး စုန့်ယွီ၏လက်ထဲသို့ ထည့်လိုက်သည်။
အပယ်ခံ ချန်ကျောင်းလေးမှာတော့ ကြံရာမရဖြစ်နေသည်။ မော့တိနှင့် စုန့်ယွီတို့ WeChat မှတစ်ဆင့် ကြံစည်ထားသော လျှို့ဝှက်အစီအစဉ်ကို သူ မသိထားခဲ့ပေ။ ထို့ကြောင့် သိလိုစိတ်ဖြင့် လိုက်မေးနေသည်။
“အဲဒါ ဘာတွေလဲ။ ငါ့ဦးငယ်ကို ဘာပေးလိုက်တာလဲ။ ငါကျတော့ မပေးဘူးလား။”
“အဲဒါက လျှို့ဝှက်ချက်”
မော့တိသည် စုန့်ယွီနှင့် အဆက်အသွယ်ရှိခဲ့သည့် လဝက်အချိန်အတွင်းတွင် ချန်ကျောင်းနှင့် ပေါင်းသင်းပြောဆိုရခြင်းထက် စုန့်ယွီနှင့် ပြောဆိုဆက်ဆံရသည်မှာ ပိုပြီးသက်တောင့်သက်သာရှိသည်ဟု ခံစားမိသည်။ အကြောင်းမှာ စုန့်ယွီသည် ပို၍ယုံကြည်ကိုးစားရခြင်းကြောင့်သာမက အသေခံတပ်သားဟူသော အဆင့်အတန်းသည် မော့တိကို ရဲဘော်ရဲဖက်စိတ် ပိုဝင်သွားစေသည်။
“ကျေးဇူးတင်ပါတယ် ဦးလေးစုန့်”
မော့တိက စုန့်ယွီကို ကျေးဇူးထပ်တင်ပြန်သည်။
“မလိုပါဘူး ရှောင်တိရာ။ မင်းလည်း ဦးကို အများကြီး ကူညီပေးထားတာပဲ။ ဒီလောက်လေး ပြန်ကူညီပေးရတာ ဘာမှမဖြစ်ပါဘူး။”
မော့တိ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ဘွားခနဲပေါ်လာသည်။ မော့တိက စုန့်ယွီကို ပြောသည်။
“ဦးလေးစုန့်၊ ဒီအချိန်သွားတွေ့ရင်လေ သူတို့အိမ်မှာ ချွေးမတွေနဲ့ မော့ဘိုးဘိုးပဲ ရှိမှာ။ မော့စန်းကျစ် ပြန်ရောက်လာတဲ့အထိ စောင့်ဦးမလား။ ဒါမှမဟုတ် ကျန်တဲ့သူတွေဆီကိုပဲ အရင်အလည်သွားမလား။”
“တကယ်တော့ ဦးလည်း မင်းလိုပဲ တွေးနေတာ”
စုန့်ယွီက မော့တိကို စေ့စေ့ကြည့်ကာ လူယုတ်မာအပြုံးဖြင့် ပြုံးပြသည်။
“သေချာပေါက် ဒုတိယမြောက်တစ်ခုကိုပဲ လုပ်မှာပေါ့”
မော့တိ ပြုံးလိုက်မိသည်။
“အွန်း အဲဒါကမှ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာ”
ချန်ကျောင်း၏ခေါင်းထဲတွင် မေးခွန်းသင်္ကေတများအပြည့်ဖြင့် သူတို့နှစ်ယောက်ကို ကြည့်နေသည်။ ဒီနှစ်ယောက် ဘာတွေ ကစားနေကြသနည်းဟူ၍။
ချန်ကျောင်းနှင့် စုန့်ယွီတို့အား မော့အိမ်တော်၏တည်နေရာကို အတိအကျပြသပြီးသည့်နောက်တွင် မော့တိသည် အနီးတဝိုက်တွင်ရှိသော ကားတစ်စီးကို ငှားသည်။ သူသည် ကားထဲ ဝင်ထိုင်လိုက်ပြီး လက်ပ်တော့တစ်လုံးနှင့် တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။ ကင်မရာအသေးစားနှင့် ဝိုင်ဖိုင် ချိတ်ဆက်မိသည်နှင့် ချက်ချင်းပင် ဒေတာအချက်အလက်များကို ဟက်ခ်နိုင်မည်ဖြစ်ပြီး သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။
ချန်ကျောင်းက စုန့်ယွီနှင့်အတူ မော့အိမ်တော်သို့ လိုက်သွားသည်။ မော့မိသားစု၏လူရမ်းကားတစ်ချို့က သူ့ ဦးငယ်လေးကို ရုတ်တရက် ရိုက်လားနှက်လား လုပ်ကြမည်ကို စိုးရိမ်နေမိသည်။
မော့မိသားစုဝင်များက သူတို့၏တံခါးဝတွင် အမည်မသိဧည့်သည်များရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် ဧည့်ဝတ်ကျေပွန်တတ်သော အလေ့အထကို ထိန်းသိမ်းခြင်းသည် သူတို့အားသန်သောကိစ္စရပ်ဖြစ်သည့်အတွက် မောင်းထုတ်ခြင်းတော့ မခံလိုက်ရပေ။ မေးခွန်းပေါင်းများစွာ မေးမြန်းခံရပြီးနောက် ဧည့်သည်သည် စုန့်ယွီ၏အစ်ကိုမှန်း သိသွားကြပြီး အလျှင်အမြန်ပင် အိမ်ထဲသို့ ဖိတ်ခေါ်ကြသည်။
(ဒီနားမရှင်းမှာစိုးလို့ မော့စန်းကျစ်က သူ့ရည်းစားစုန့်ယွီက မိန်းကလေးလို့ပြောထားခဲ့တာ)
အထူးသဖြင့် ဒေါ်လေး(၂)သည် စိတ်အားတက်ကြွနေသည်။ စုန့်ယွီကို လက်ဖက်ရည်နှင့်မုန့် သုံးဆောင်ရန် ဆက်တိုက်ဖိတ်ခေါ်နေသည်။
“အိုင်းယား ဒါဆို မင်းက စုန့်ယွီရဲ့အစ်ကိုပေါ့လေ။ သိပ်ကိုအရည်အချင်းရှိတဲ့သူပဲ။ အန်တီက ကြည့်တာနဲ့ကိုသိတယ်။ ကလေးမလေး ယွီအာကလည်း ကိုယ့်ကျင့်တရားကောင်းပြီး လှပရည်မွန်တဲ့မိန်းကလေးပဲ ဖြစ်ရမယ်။ မင်းတို့နာမည်လေးတွေကလည်း သိပ်ကိုအဓိပ္ပာယ်ရှိတယ်နော်။ တစ်ယောက်က ‘စုန့်ကျင်း’ ရွှေဆိုတဲ့ အဓိပ္ပာယ်။ နောက်တစ်ယောက်က ‘စုန့်ယွီ’ ကျောက်စိမ်းဆိုတဲ့ အဓိပ္ပာယ်။ ဒါနဲ့ ယွီအာက ဘာဖြစ်လို့ မင်းနဲ့အတူ လိုက်မလာတာလဲကွယ့်။”
“သူက အလုပ်များနေလို့ပါ”
စုန့်ယွီက ပြုံးပြရင်း ပြောသည်။
“မော့စန်းကျစ်က... ကျွန်တော့် ညီမလေးအကြောင်း ဘာပြောထားလို့လဲ”
“ဟယ်... အန်တီ့သားက မင်းညီမလေးကို သိပ်မြတ်နိုးရှာတာ။ သိပ်မကြာခင်လတွေတုန်းကမှ စုန့်ယွီဆိုတဲ့ကောင်မလေးနဲ့ ကြိုက်နေပြီဆိုပြီး အန်တီ့ကို ထုတ်ပြောတာ။ ကောင်မလေးက ကောင်းကင်ဘုံက နတ်သက်ကြွေလာတဲ့အတိုင်းပဲတဲ့။ အန်တီတို့က ကလေးမလေးကို တရုတ်ပြည်ပြန်ခေါ်စေချင်ပေမဲ့လို့ ကလေးမလေးအတွက် အဆင်မပြေလောက်ဘူးချည်းပဲ သားက ပြောနေလို့လေ။ အိုင်းယား အဲဒီကောင်လေးက ငယ်ငယ်တည်းက ဒီအတိုင်းပဲ။ သူကြိုက်ပြီဆို လူပဲဖြစ်ဖြစ်၊ ပစ္စည်းပဲဖြစ်ဖြစ် ဖွက်ထားပြီး ကာကွယ်ပေးချင်တာလေ။ အန်တီတို့ဝိုင်းအနိုင်ကျင့်မှာကို စိုးရိမ်လို့တဲ့။ ရှောင်စုန့်၊ စိတ်မပူနဲ့နော်။ အန်တီ့သားက သူ့ကောင်မလေးကို ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုဂရုစိုက်ပေးရမယ်ဆိုတာကို အသိဆုံးပါ။”
“သိပ်မှန်တာပေါ့။ သူက ကာကွယ်ပေးတဲ့နေရာမှာ အရမ်းတော်မယ်ဆိုတာ ကျွန်တော်လည်း ခံစားမိတယ်။”
စုန့်ယွီ ပြုံးမိသည်။
ဟုတ်သည်။ မော့စန်းကျစ်သည် စုန့်ယွီ၏ဖြစ်တည်မှုဘဝကို လိင်အမျိုးအစားပါ ပြောင်းလဲပြီး ဂရုတစိုက် ကာကွယ်ပေးထားသည်ပင်။
“အဟမ်း...”
မော့ဘိုးဘိုးသည် ရုတ်တရက် လည်ချောင်းထဟန့်ပြီး စကားစသည်။
“ဒုတိယချွေးမ၊စန်းကျစ်ကို ခေါ်လိုက်ဦးလေ။ သူ့ကောင်မလေးရဲ့ အစ်ကိုနဲ့ မောင်လေး လာလည်တာကို သူကိုယ်တိုင် ဧည့်မခံလို့ ဖြစ်ပါ့မလား။ ဒါ ဘယ်လိုအပြုအမူမျိုးလဲ။”
မှန်သည်။ ယခုအချိန်တွင် အမျက်ချောင်းချောင်းထနေသော ချန်ကျောင်းသည် စုန့်ယွီ၏မောင်လေးအဖြစ် ဟန်ဆောင်လိုက်ပါလာခြင်းပင်။ သို့သော် ကစားပွဲ မပျက်ဆီးစေရန်အတွက် သူ့ကိုယ်သူ သတိပေးနေရသည်။
“ဟုတ်ကဲ့ပါ အဖေ။ ကျွန်မ အခုပဲ ဖုန်းခေါ်လိုက်ပါ့မယ်။ သားက အခုတလော အလုပ်များနေတာလေ။ ဟွာရှားမှာ သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် ဖန်တီးမလို့တဲ့။ ဒါမျိုးက တော်ရုံမဟုတ်ဘူးလေ။”
ဒေါ်လေး(၂)က ပြောရင်းဆိုရင်း သူမ၏ဆဲလ်ဖုန်းကိုထုတ်ပြီး မော့စန်းကျစ်ဆီသို့ ဖုန်းခေါ်လေသည်။ ထို့နောက် စုန့်ယွီအား ပြောသေးသည်။
“ရှောင်စုန့်ရေ အန်တီတို့မိသားစုမှာတော့ စန်းကျစ်က လုပ်ရည်ကိုင်ရည်အရှိဆုံးပဲ။ သူ့ဇနီးသည် ဆင်းရဲဒုက္ခရောက်မှာထက် သူကိုယ်တိုင်ပဲ အပင်ပန်းခံ၊ အသေခံမဲ့ လူစားမျိုးကွယ့်။”
စုန့်ယွီသည် သူ၏ရွဲ့တဲ့တဲ့အပြုံးကို ဖုံးကွယ်ရန်အတွက် ခေါင်းငုံကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။
စုန့်ယွီမှာ သူတို့အိမ်တော်နှင့် အိမ်ထောင်မပြုရသေးသော်လည်း သူမကတော့ အထောင်းခံနေပြီးဖြစ်သည်။
“ဟယ်လို အမေ”
ဖုန်းဝင်သွားသောအခါ တစ်ဖက်မှ မော့စန်းကျစ်၏ပြန်ဖြေသံဖျော့ဖျော့ကို ကြားလိုက်ရသည်။
“ဘာကိစ္စရှိလို့လဲ။ ကျွန်တော် ဒီမှာ အလုပ်များနေတယ်။”
“အောင်မယ်လေး သတင်းထူးပဲ စန်းကျစ်ရေ။ အိမ်အမြန်ပြန်လာဦး။ မင်းကောင်မလေးရဲ့အစ်ကို ရောက်နေတယ်။”
“ဘာ။ ဘယ်ကောင်မလေးရဲ့အစ်ကိုလဲ။ အမေ ဘာတွေပြောနေတာလဲ။”
“အန်တီ၊ ကျွန်တော် ပြောလိုက်မယ်”
စုန့်ယွီသည် လက်ဖက်ရည်ခွက်ကို ချလိုက်သည်။
“အေး အေး ကောင်းတယ်။ ရှောင်စုန့်၊ မင်းပဲ ပြောလိုက်ပါကွယ်။”
ဒုတိယအဒေါ်က စုန့်ယွီထံသို့ ဖုန်းပေးလိုက်သည်။
“ဟယ်လို မော့စန်းကျစ်လား။ ငါ အခု မင်းအိမ်ကို ရောက်နေတယ်။ မင်း ပြန်လာလိုက်လေ။”
စုန့်ယွီက လှောင်ပြုံးတစ်ပွင့်ဖြင့် ဖုန်းထဲတွင် ပြောနေသည်။
“ငါ့ညီမလေးကိုယ်စား အန်တီ့ကို နှုတ်ဆက်ဖို့လာခဲ့တာ”
“ဒေါင်”
ကြားလိုက်ရသောအသံသည် ဖုန်းပြုတ်ကျသွားသည့် အသံမျိုးဖြစ်ပြီး တစ်ယောက်ယောက်က အလျင်အမြန် ပြန်လာကောက်လေသည်။
“မော့စန်းကျစ်၊ ငါ အလျင်မလိုဘူး။ မင်း ပြန်လာတဲ့အထိ စောင့်နေမယ်။”
စုန့်ယွီသည် မော့စန်းကျစ်၏အဖြေကို မစောင့်ဘဲ ဒုတိယဒေါ်လေးထံသို့ ဖုန်းပြန်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အန်တီ”
တကယ်တမ်းဆိုရလျှင် ဒုတိယဒေါ်လေးက စုန့်ယွီ၏ပြုမူပုံကို သဘောမကျပါချေ။ သို့သော် ဘာမှတော့ဝင်မပြောပေ။
“သားလေး၊ ကြားတယ်နော်။ အလုပ်တွေ လက်စသတ်ပြီး အမြန်ပြန်လာခဲ့ဦး။”
“ကျ-ကျွန်တော် ချက်ချင်း ပြန်လာခဲ့မယ်”
မော့စန်းကျစ်၏အသံက တင်းမာနေပြီး ခဏအကြာတွင် ဖုန်းချသွားသည်။
“ကောင်လေးက အရမ်းစိတ်လှုပ်ရှားနေတာ ဖြစ်မယ်”
ဒုတိယအဒေါ်က မျက်မှောင်ကြုတ်ပြီး စုန့်ယွီကို လှည့်မေးသည်။
“ရှောင်စုန့်၊ မင်းကရော ဘာအလုပ်လုပ်လဲ။ မင်းညီမလေးလိုပဲ ဆရာဝန်လား။”
Xxxx