Chapter 59
မော့စန်းကျစ်တစ်ယောက် နာရီဝက်ပင်မကြာလိုက်ဘဲ ပြန်ရောက်လာသည်။
မျက်နှာပေါ်တွင် ချွေးတရွှဲရွှဲဖြင့် ဧည့်ခန်းထဲသို့ ကရောသောပါး ဝင်လာပြီးနောက် မြင်လိုက်ရသည်မှာကား စုန့်ယွီသည် မော့ဘိုးဘိုးနှင့် ဟက်ဟက်ပက်ပက် စကားဖောင်ဖွဲ့နေကြခြင်းပင်။
“စန်းကျစ်၊ ပြန်ရောက်လာပြီပဲ”
ဒုတိယဒေါ်လေးက မော့စန်းကျစ်ထံသို့ အရောက်သွားသော်လည်း မော့စန်းကျစ်က စုန့်ယွီဆီသို့သာ တဟုန်ထိုး သွားပြီး သူ၏လက်မောင်းကို ဖမ်းဆွဲလိုက်သည်။
“မင်း... မင်း ဘာလို့ရောက်လာတာလဲ”
“လာလို့ မရဘူးလား”
စုန့်ယွီက ပြုံးလိုက်ပြီး မော့စန်းကျစ်ကို အေးတိအေးစက် ကြည့်နေသည်။
“စန်းကျစ်၊ သား ဘာလုပ်နေ...”
“အမေ၊ ကျွန်တော် ရှောင်ယွီရဲ့အစ်ကိုနဲ့ ပြောစရာရှိလို့ အရင်သွားနှင့်မယ်”
မော့စန်းကျစ်က သူ့အမေကို ကြားဝင်ဖြတ်ပြောသည်။ သူသည် စုန့်ယွီ၏လက်မောင်းကို ဆုပ်ကိုင်ထားပြီး ထွက်သွားခါနီးတွင် မော့ဘိုးဘိုး၏တားဆီးခြင်းကို ခံလိုက်ရသည်။
“မင်း ဘာဖြစ်နေတာလဲ။ ဧည့်သည်ကို ဒီလိုပဲ ဆက်ဆံရသလား။ မော့မိသားစုက သူတို့ကလေးတွေကို သေသေချာချာ မဆုံးမထားဘူးလို့ လူတွေ တွေးသွားကြတော့မှာပဲ။”
“ဘိုးဘိုး၊ ကျွန်တော်တို့ အရမ်းအရေးကြီးကိစ္စ ဆွေးနွေးစရာရှိလို့ပါ။ ကျွန်တော်...”
“ဒီလိုဆိုရင်ရော။ အရင်ဆုံး မင်းအခန်းထဲမှာ ဝင်ဆွေးနွေးကြမယ်။ ခဏနေ အန်တီနဲ့အတူ ညစာစားချင်သေးလို့။”
စုန့်ယွီက ခပ်ပြုံးပြုံးဖြင့် မော့စန်းကျစ် ဆုပ်ကိုင်ထားသည့်ကြားမှ သူ၏လက်ကို ပြန်ရုတ်လိုက်သည်။
“မင်း...”
မော့စန်းကျစ်၏စိတ်ထဲတွင် ဒေါသူပုန်ထနေလေပြီ။ သို့သော် ယခုအချိန်သည် လက်ပါသင့်သည့်အချိန်မဟုတ်သည်ကို သူသိသည်။ ထို့ကြောင့် စုန့်ယွီကိုသာ အဝေးတစ်နေရာသို့ ဆွဲခေါ်သွားလိုက်သည်။ သူ၏ဒေါသကို ချုပ်ထိန်းထားပြီး အနားတိုးကပ်ကာ မည်သူမျှမမြင်အောင် ကိုယ်လုံးဖြင့်ကွယ်ထားလိုက်သည်။ ထို့နောက် စုန့်ယွီအား မြတ်နိုးကြင်နာသည့်လေသံဖြင့် ပြောလိုက်သည်။
“အပြင်မှာ စကားသွားပြောကြမလား။ လမ်းထောင့်နားမှာ ကဖေးဆိုင်လေးရှိတယ်။ သွားကြမယ်လေ...”
“ဟင့်အင်း မင်း ငါ့ကို ဖြေရှင်းချက်မပေးမချင်း ထွက်မသွားဘူး”
စုန့်ယွီ၏စကားများကို ဒုတိယအဒေါ်ကြားသည့်အခါ မော့စန်းကျစ်က စုန့်ကျင်း၏ညီမငယ်ကို နောက်ကွယ်တွင် တစ်ခုခုအမှားပြုလုပ်ထားမိသည်ဟုသာ တွေးမိသည်။ သူမ၏စိတ်ထဲတွင် သူမသားလုပ်သမျှက အမှန် ဖြစ်သော်လည်း ယောက္ခမကောင်း အယောင်ဆောင်ရဦးမည် ဖြစ်ပေသည်။
“အိုင်းယား စန်းကျစ်ရယ် တစ်ခုခု နားလည်မှုလွဲနေတာရှိရင် ရှောင်စုန့်ကို ရှင်းပြရမှာပေါ့။ အမေတို့မော့မိသားစုက သူများမိသားစုကို အနိုင်ကျင့်တယ်ဆိုတာမျိုး မဖြစ်စေနဲ့လေ။”
မော့စန်းကျစ်သည် စုန့်ယွီကို စူးစိုက်ကြည့်နေရင်း ဒေါသဖြင့် အံ့တကြိတ်ကြိတ် ဖြစ်နေသည်။ သို့သော် အခြေအနေသည် သူ ထိန်းချုပ်နိုင်သည့်အဆင့်ထက် ကျော်လွန်သွားလေပြီ။ စုန့်ယွီအား အပေါ်ထပ်သို့ ခေါ်သွားရန်မှလွဲ၍ တခြားရွေးစရာလမ်း မရှိတော့ပေ။ ချန်ကျောင်းသည် ပူပင်သောက ရောက်နေပြီး လှမ်းခေါ်လိုက်သည်။
“အစ်ကို?”
“ရတယ် ရှောင်ကျောင်း။ မင်း ဒီမှာနေခဲ့။ အန်တီတို့ ဘိုးဘိုးတို့နဲ့ စကားကောင်းကောင်း ပြောထားလိုက်။”
စုန့်ယွီက ချန်ကျောင်းအား နှစ်သိမ့်အကြည့်တစ်ချက်ပေးပြီးနောက် မော့စန်းကျစ်နှင့်အတူ အပေါ်ထပ်သို့ လိုက်သွားလေသည်။
မော့တိ၏အခန်းရှေ့မှ ဖြတ်လျှောက်စဉ် စုန့်ယွီ ခေတ္တရပ်လိုက်သည်။ တံခါးပေါ်မှ အပျက်အစီးကို သူ၏လက်ဖြင့် ထိကိုင်ကြည့်ပြီး မတ်တပ်ရပ်နေသည်။
ရှေ့မှသွားနေသော မော့စန်းကျစ်မှာ စုန့်ယွီတစ်ယောက် နောက်မှ ပါမလာတော့သည်ကို သတိထားမိသွားသည်။ သူ၏ဒေါသကို အတတ်နိုင်ဆုံးချိုးနှိမ်ပြီး ပြောလိုက်သည်။
“ရှောင်ယွီ၊ မြန်မြန်လာလေ”
“အင်း”
စုန့်ယွီသည် တံခါးပေါ်မှ သူ၏လက်ကို ညင်ညင်သာသာပင် ရုတ်သိမ်းလိုက်သည်။
“ဒီအခန်းက တခြားအခန်းတွေနဲ့ မတူဘူးနော်။ တံခါးမှာ အက်ကြောင်းတစ်ခု ရှိနေတယ်။ မပြင်ကြဘူးလား။”
တစ်ချက်ကြည့်လိုက်သည်နှင့်ပင် တစ်ယောက်ယောက်က တွန်းကန်ဖွင့်ထားခြင်းကြောင့် တံခါးပျက်ဆီးရခြင်းဖြစ်သည်ကို သူ အတပ်ပြောနိုင်သည်။
“အဲဒီအခန်းက ဟိုတိရိ...”
မော့စန်းကျစ် အချိန်မီ ဘရိတ်အုပ်ပြီး သူ၏စကားလုံးများကို မျိုချလိုက်သည်။
“အဲဒါ ကိုယ့်ညီတစ်ဝမ်းကွဲအခန်းလေ။ သူက သူ့ပစ္စည်းကိုင်ရင် ကြိုက်တာ မဟုတ်ဘူး။ ပြင်လည်း မပြင်ခိုင်းဘူး။ အဲဒါကြောင့် ပြင်မပေးတာပဲ ကောင်းတယ်။”
“ဪ”
စုန့်ယွီသည် ဟန်ဆောင်အပြုံးတစ်ပွင့် ပြုံးပြပြီး မော့စန်းကျစ်၏နောက်မှ သူ၏အိပ်ခန်းသို့ရောက်အောင် လိုက်သွားသည်။
စုန့်ယွီ အိပ်ခန်းထဲသို့ ရောက်သည်နှင့် ရုတ်ချည်းပင် မော့စန်းကျစ်သည် အခန်းတံခါးကို ကျပ်နေအောင် ပိတ်လိုက်သည်။ ပြန်လှည့်လာပြီး စုန့်ယွီကို တည့်တည့်ကြီး စူးစိုက်ကြည့်သည်။ သူ၏လေသံကိုနိမ့်ထားပြီး ပြောသည်။
“ရှောင်ယွီ၊ မင်း ဘာဖြစ်နေတာလဲ။ ဘာဖြစ်လို့ ရုတ်တရက်ကြီး ဟွာရှားကို လိုက်လာတာလဲ။ အိမ်အထိတောင် ရောက်လာသေးတယ်။ ဒီကိစ္စက သွေးရိုးသားရိုး မဖြစ်...”
“ဘာကို မဖြစ်နိုင်ရမှာလဲ"
စုန့်ယွီသည် အော့အန်ချင်လာမည်စိုး၍ မော့စန်းကျစ်ကို ဆက်မကြည့်ချင်တော့ပေ။ စာအုပ်စင်ဘက်ကို မျက်နှာမူလိုက်ပြီး အထေ့စကားလေး ဆိုလိုက်သည်။
“ယောက်ျားလေးတစ်ယောက်နဲ့တွဲနေတာကို မိသားစုဆီမှာ အသိခံလို့ မဖြစ်လို့လား”
“ရှောင်ယွီ”
မော့စန်းကျစ်သည် အိပ်ခန်းတံခါးဘက်သို့ ထိတ်ထိတ်ပျာပျာ လှမ်းကြည့်မိသည်။ အပြင်ဘက်မှာ တစ်ယောက်ယောက် ပုန်းလျှိုးကွယ်လျှိုးဖြင့် ခိုးနားထောင်နေမည်ကို စိုးထိတ်မိသောကြောင့် စိတ်ရောဂါသည်တစ်ယောက်ကဲ့သို့ အပြေးသွား၍ တံခါးကိုဖွင့်ကြည့်ပြီး စင်္ကြံလမ်းကို အလျှင်အမြန် စစ်ဆေးကြည့်ရှုလေသည်။ မည်သူမျှမရှိသည်ကို တွေ့ရတော့မှသာ တံခါးကိုပြန်ပိတ်ပြီး ချက်ချင်းပင် စုန့်ယွီဆီသို့ ဝမ်းနည်းအားငယ်နေသော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
“ရှောင်ယွီ၊ ကိုယ်သိပါတယ်။ ကိုယ် မှားသွားတာ ကိုယ် သိပါတယ်။ မင်းရဲ့လိင်အမျိုးအစားကို ဖုံးကွယ်ထားမိတာ ကိုယ် မှားမှန်းသိပါတယ်။ ဒါပေမဲ့ ကိုယ့်မှာ တကယ် ရွေးချယ်စရာ မရှိလို့ပါ။ ကိုယ်တို့အနာဂတ်အတွက် ဒီကိစ္စကို ဖြည်းဖြည်းချင်းပဲ စီစဉ်ကြမယ်။ ကိုယ့်မိသားစုက ယောက်ျားနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို နားလည်မှာမဟုတ်ဘူး။ ကိုယ်တို့ကိစ္စကို ထုတ်ပြောပြလိုက်ရင် ဒေါသထွက်ကြလိမ့်မယ်။
“ဒါဆို ငါက တခြားမိန်းကလေးတွေလိုပဲပေါ့လေ”
စုန့်ယွီသည် မော့စန်းကျစ်၏ဆင်ခြေကို မကြားချင်တော့ပေ။ ထိုကဲ့သို့ဆင်ခြေမျိုးသည် ကြားရသည်မှာ အထက်တန်းကျ အဆင့်အတန်းရှိပုံပေါ်သော်လည်း လက်တွေ့တွင် စက်ဆုပ်ရွံ့ရှာဖွယ်သာ ဖြစ်သည်။
ထိုမျှမကသေး မော့စန်းကျစ်၏လှုပ်ရှားမှုတိုင်းနှင့် မျက်နှာအမူအရာတိုင်းသည် အသေးစိတ်မှအစ သူသည် မည်ကဲ့သို့လူတန်းစားမျိုးဖြစ်သည်ကို ပို၍ပင်လက်တွေ့ပြလာကြသည်။
ဒီကိစ္စကို မဖော်ခင်တွင် စုန့်ယွီသည် မော့စန်းကျစ်ကို အမှန်တကယ် အခွင့်အရေးပေါင်းများစွာ ပေးခဲ့ပါသေးသည်။ သို့သော်... လုံးဝကို တန်ဖိုးမထားခဲ့ချေ။
“ကလေးရယ်၊ ကိုယ်မှားသွားတာ သိပါပြီ။ တကယ်ပြောတာပါ။”
စုန့်ယွီက သူ့ကို လုံးဝအာရုံမစိုက်မှန်း သိလိုက်ရချိန်တွင် မော့စန်းကျစ်သည် သူ၏ဒေါသနှင့် စိတ်မရှည်နိုင်မှုတို့ကို ဖုံးကွယ်ထားပြီး စုန့်ယွီဆီသို့ လျှောက်သွားကာ လက်ကို ကိုင်လိုက်သည်။ နူးနူးညံ့ညံ့လေး ပွတ်သပ်ပေးရင်းက မပြေလည်မှုများကို ယုယုယယ ရှင်းပြနေသည်။
“ကိုယ်လုပ်တာအားလုံးက ကိုယ်တို့နှစ်ယောက်အတွက်ချည်းပဲ။ ကိုယ်တို့အနာဂတ်အတွက် လုပ်နေတာပါ။”
“ကိုယ့်အလုပ်အကိုင် အတည်တကျ ဖြစ်သွားတဲ့အခါ ကိုယ့်ကို ဘယ်သူမှ လာထိန်းချုပ်လို့ မရတော့ဘူး။ ပြီးတော့ မင်း... မင်းလေးက အမေရိကမှာ နောက်ထပ် နှစ်နည်းနည်းလောက် ထပ်နေလိုက်ဦး။ အမေရိကန်နိုင်ငံသား ခံယူပြီးရင် ကိုယ်တို့ အဲဒီမှာ လက်ထပ်ကြမယ်။ ဘယ်လောက်ကောင်းလိုက်သလဲ။ ကိုယ်တို့ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ထူထောင်လို့ရပြီ။ ဘာအနှောင့်အယှက်မှလဲ မရှိတော့ဘူး။ ဒါပေမဲ့ အခုကတော့ အချိန်ကောင်း မဟုတ်သေးဘူးလေ။ ကိုယ့်မိသားစုကို ယာယီလောက်တော့ ဖုံးကွယ်ထားရဦးမယ်။ မဟုတ်ရင် အနာဂတ်မှာ သူတို့ရဲ့ကန့်ကွက်မှုက ပိုဆိုးလာဖို့ပဲ ရှိတယ်။ ကိုယ့်တို့အတူနေနိုင်ဖို့ ပိုပြီးခက်ခဲသွားလိမ့်မယ်။”
“တကယ်ပြောတာလား”
စုန့်ယွီက ချက်ချင်းပင် ပြုံးသွားသည်။
“ဒါပေါ့ တကယ်ပေါ့”
စုန့်ယွီ မာန်လျှော့သွားသည်ကို မြင်သောအခါ မော့စန်းကျစ်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“အစတည်းက ကိုယ် စီစဉ်နေခဲ့တာ အဲဒါပဲပေါ့။ ဒါပေမဲ့ ကလေးရယ် မင်းက ဗြုန်းစားကြီး ရောက်ချလာတာ။ ကိုယ့်အစီအစဉ်လေးတောင် ပျက်တော့မလို့။ တစ်ယောက်ယောက် သွေးထိုးပေးလိုက်လို့လား။ အဲဒါကတော့ လက်သီးပုန်းထိုးတာပဲ။ အဲဒီလိုမြှောက်ပေးတဲ့လူနဲ့ စာရင်းရှင်းရမယ်။’
စုန့်ယွီသည် မော့စန်းကျစ်၏စကားကို လျစ်လျှူရှုပြီး မေးလိုက်သည်။
“အဲဒီလိုလုပ်ကြတယ်ပဲထား မင်းရဲ့မိဘတွေက သဘောမတူသေးဘူးဆိုရင်ရော”
“ဟင့်အင်း အဲဒီလို မဖြစ်စေရဘူး။ ကိုယ့်မှာပိုင်ဆိုင်သမျှအရာအားလုံးနဲ့ သူတို့ကို စည်းရုံးဖျောင်းဖျမှာပေါ့လို့။”
မော့စန်းကျစ်က အခိုင်အမာပြောသည်။
“သူတို့ သဘောပေါက်ကြမှာပါ”
“အဲဒီလိုလား”
စုန့်ယွီသည် မော့စန်းကျစ်၏ချောမောကြည့်ကောင်းသောမျက်နှာကို တည့်တည့်စိုက်ကြည့်လိုက်သည်။ ပထမဆုံးသောအကြိမ်အဖြစ် ယောက်ျားတစ်ယောက်က ဤမျှလောက် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ကို ခံစားလိုက်ရသည်။
“စိတ်တော့မကောင်းပါဘူး။ ဒါပေမဲ့ ငါ မင်းကို မယုံဘူး။”
“မင်း...”
မော့စန်းကျစ်သည် စုန့်ယွီ၏အပြုံးကို မြင်တွေ့လိုက်ရသည်။ အဆုံးသတ်တွင်မှ နားလည်သဘောပေါက်သွားရသည်။ အစတည်းက စုန့်ယွီသည် သူ့အား ပျက်ရယ်ပြုနေခြင်းသာ ဖြစ်သည်။ အယုံအကြည်ပေးမည့်စိတ်ကူး လုံးဝ မရှိခဲ့ပေ။ သူ၏မျက်နှာသည် ရုပ်ဆိုးအကျည်းတန်သွားသည်။ သို့သော် သူ၏ရန်လိုစိတ်ကို ထိန်းချုပ်ကာ နွေးထွေးသောလေသံဖြင့် ပြောလိုက်သည်။
“ကလေးရာ မင်းက ဘာကို မယုံတာလဲကွာ”
“ဘာမှမဟုတ်ဘူး။ မင်း အခုလေးတင် ပြောခဲ့တဲ့စကားတွေကို မင်းအမေနဲ့ တခြားသူတွေ ကြားသင့်တယ်လို့ ထင်မိလို့ပါ။”
“ဘာ။ မင်း အသံဖမ်းထားတာလား။”
မော့စန်းကျစ်သည် အပြည့်အဝအံ့အားသင့်သွားရသည်။ သူ၏မျက်နှာအမူအရာသည် ရက်စက်ကြမ်းကြုတ်သည့်ပုံသို့ ပြောင်းလဲသွားသည်။ သူသည် စုန့်ယွီ၏ဖုန်းကို လှမ်းဆွဲသော်လည်း မရလိုက်ပေ။
“မော့စန်းကျစ်၊ မင်း ဘာလုပ်တာလဲ။”
“ကလေး၊ မင်းရဲ့ဖုန်း ခဏပေးဦး”
မော့စန်းကျစ်သည် သူ၏လေသံနှင့် ဒေါသကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိန်းထားသည်။
“ကိုယ့်ကိုပေး”
“ဘာလို့ပေးရမှာလဲ”
လိင်တူနှစ်သက်သူအဖြစ် အဖော်ခံရမည့်အတွက်ကြောင့် ထိတ်လန့်ကြောက်ရွံ့မှုနှင့် စုန့်ယွီ၏ လှည့်စားခြင်းကိုခံရခြင်းကြောင့် ဖြစ်ပေါ်လောသော ဒေါသစိတ်တို့က ဝါးမြိုသွားကြသည်။ မော့စန်းကျစ် စိတ်လွတ်သွားပြီး စုန့်ယွီဆီသို့ တည့်တည့်ကြီး လျှောက်သွားလိုက်သည်။ စုန့်ယွီ၏လက်ကို ဆွဲဆောင့်ပြီး ရိုက်နှက်မည့်ဟန်ပင် လုပ်လိုက်သည်။
“ကိုယ့်ကိုပေးလို့ ပြောနေတယ်လေ”
“မော့စန်းကျစ်၊ မင်းက ငါ့ကို လက်တောင်ရွယ်နေပါပေါ့လား”
“ပေးစမ်း”
အမှန်တကယ်မှာ အသံဖမ်းထားခြင်း မရှိပေ။ စုန့်ယွီသည် မော့စန်းကျစ်ကို နောက်ဆုံးအကြိမ် စမ်းသပ်ကြည့်ချင်ရုံသာ ဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် မော့စန်းကျစ်၏တုံ့ပြန်မှုသည် သူ့အား အတော်လေးကို စိတ်ပျက်သွားစေသလို ဒေါသလည်း ထွက်စေသည်။
မော့စန်းကျစ်က သူ၏လည်ကုပ်ကို ချိန်ရွယ်ပြီး နောက်တစ်ကြိမ် ဝင်လာချိန်တွင် စုန့်ယွီသည် မော့တိသင်ပေးခဲ့ဖူးသော အကွက်တစ်ခုကို ရုတ်တရက် အမှတ်ရသွားသည်။ သင်ပေးခဲ့စဉ်က ရက်စက်လွန်းရာကျသည်ဟု ခံစားမိခဲ့သော်လည်း ယခုအချိန်တွင် ထိုအကွက်ကို အသုံးချရန် ဒီထက်ပိုကောင်းမည့်အချိန်အခါ မရှိနိုင်တော့ပေ။
စုန့်ယွီသည် သူ၏ခြေထောက်ကို မြှောက်ပြီး မော့စန်းကျစ်၏တတိယမြောက်ခြေထောက်ကို ကန်ထည့်လိုက်သည်။
“အား—!!!”
မော့စန်းကျစ်၏အော်သံသည် ခန်းမတစ်လျှောက် ဟိန်းထွက်သွားသည်။ သူ၏မျက်နှာမှာ ဖြူဆုတ်သွားပြီး နှုတ်ခမ်းများမှာလည်း တုန်ရီနေကြသည်။ ခြေထောက်ပင် မထောက်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။ တစ်ခုသောနေရာကို လက်နှင့်ကာလျက် ခေါင်းပင် မထောင်နိုင်ပေ။
စုန့်ယွီသည် လက်မြှောက်ပြီး စင်ပေါ်မှ စာအုပ်များအကြားတွင် နောက်ထပ်ကင်မရာအသေးစားတစ်လုံးကို သိုသိုသိပ်သိပ် ညှပ်ထားခဲ့လိုက်သည်။
ထိုအချိန်တွင်ပင် အပြင်ဘက်မှ ကသုတ်ကရက်ဆန်သောခြေသံများ ကြားလိုက်ရပြီး မော့စန်းကျစ် မတ်တပ်ပြန်မရပ်မီပင် အိပ်ခန်းတံခါးသည် ဝုန်းခနဲ ပွင့်သွားသည်။
“ဦးငယ်၊ အဆင်ပြေရဲ့လား”
ချန်ကျောင်းက အရင်ဆုံး ဝင်လာသူဖြစ်သည်။ သူသည် စုန့်ယွီ၏ဘေးသို့ အလျှင်အမြန်သွားပြီး ခေါင်းအစခြေအဆုံး အနှံ့တစ်ချက်ကြည့်သည်။
“ဒီအမှိုက်ကောင်က ဦးငယ်ကို ရိုက်လိုက်သေးလား”
“ရိုက်ချင်နေတာလေ။ ဒါပေမဲ့ မရိုက်လိုက်ရပါဘူး။ ကျေးဇူးတင်ရမှာက ရှောင်...”
စုန့်ယွီသည် စကားစဖြတ်လိုက်ပြီး “တိ” ဆိုသည့် စကားလုံးကို ပြန်မြိုချလိုက်ရသည်။
“သူရဲ့ပင်ကိုယ်ဗီဇကို ဘယ်လိုစမ်းသပ်ရမယ်၊ ငါ့ကိုယ်ငါ ဘယ်လိုကာကွယ်မယ်ဆိုတာတွေကို သင်ပြပေးခဲ့တဲ့ မင်းအတန်းဖော်ရဲ့ ကျေးဇူးကြောင့်ပေါ့။”
“ဘာတွေလဲ။ ဘာတွေဖြစ်နေကြတာလဲ။”
ဒုတိယဒေါ်လေး ရောက်ရှိလာပြီး ကြမ်းပြင်ပေါ်တွင် နာကျင်မှုကြောင့် ထွန့်ထွန့်လူးလဲနေသော မော့စန်းကျစ်ကို မြင်လိုက်ရသောအခါ သူမသည် ရုတ်ချည်းပင် ဒေါသထွက်သွားရသည်။
“ငါ့သားကို ဘယ်သူရိုက်တာလဲ။ ဘယ်သူလုပ်လိုက်တာလဲ။ မင်းပဲနေမှာ။ ဟုတ်တယ်မလား။ ငါ့သားကိုရိုက်တာ မင်းပဲ စုန့်ကျင်း။ ရုန်းရင်းဆန်ခတ်တွေဖြစ်ရအောင် ဘယ်လောက်ထိများ နားလည်မှုလွဲနေကြတာမလို့လဲ။ ဟမ်။ ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတာ ဥပဒေနဲ့ မညီဘူးနော်။ မင်း ထောင်ထဲသွားရမယ်။ ငါ ရဲခေါ်မယ်။ မင်း စောင့်နေလိုက်။ မော့မိသားစုက မင်းကို အလွတ်မပေးဘူး။ စောင့်သာကြည့်နေလိုက်။”
“အမေ”
သူတို့အားလုံးထဲတွင် မော့စန်းကျစ်သည် သောကအရောက်ဆုံး ဖြစ်သည်။ သူ့အမေ၏အင်္ကျီစကို လှမ်းဆွဲပြီး ပြောလိုက်သည်။
“အမေ၊ ပြဿနာမကြီးစေနဲ့...”
“မင်းက ဘာကြောက်နေတာလဲ။ မင်းကောင်မလေးဆိုတဲ့တစ်ယောက်ကို စိုးရိမ်နေတာလား။ အရူးလေး အသိလည်းရှိပါဦး။ ငါ ပြောမယ်။ အဲဒီကောင်မလေးရဲ့အစ်ကိုက တကယ်ကိုဆိုးရွားတဲ့သူ။ ကောင်မလေးကလည်း သေချာပေါက် အဲဒီလိုပုံစံပဲလာမှာ။”
အထင်သေးအမြင်သေးပြောဆိုပြီးနောက်တွင် သူမသည် စုန့်ယွီကိုကြည့်ပြီး ပြောလိုက်သေးသည်။
“ထွီ မင်းညီမဆိုတဲ့တစ်ယောက်ကိုပြောလိုက်။ မော့မိသားစုထဲကို ဝင်လာဖို့ မကြိုးစားနဲ့လို့။ ဒီလို သန္ဓေယုတ်တွေကို ငါတို့က ဘယ်တော့မှ လက်မခံဘူး။”
“ညီမတဲ့လား”
စုန့်ယွီ ရယ်လိုက်မိသည်။ သူသည် ဒုတိယဒေါ်လေးထံမှ မော့ဘိုးဘိုး။ ထို့နောက် အိမ်ခန်းတံခါးဝတွင် စုရုံးနေကြသော တခြားသူများဆီသို့ အနှံ့လျှောက်ကြည့်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။
“အန်တီ၊ ဒါဆိုလည်း ကျွန်တော် အမှန်အတိုင်း ပြောပြလိုက်မယ်။ ကျွန်တော့်မှာ ညီမ မရှိဘူး။ အစတည်းက မော့စန်းကျစ်မှာ ချစ်သူကောင်မလေးဆိုတာလည်း မရှိဘူး။ စုန့်ယွီဆိုတဲ့နာမည်က ကျွန်တော်ပဲ။ မော့စန်းကျစ် နောက်က လိုက်သွားတဲ့တစ်ယောက်။ သူ ချစ်ပါတယ်လို့ ထပ်ကာထပ်ကာ ဝန်ခံတဲ့တစ်ယောက်။ အဲဒါ ကျွန်တော်ပဲ။”
“အန်တီ မယုံဘူးဆိုရင် ကျွန်တော့်မှာ သက်သေရှိတယ်”
Xxxxxxxxx