အပိုင်း ၆၀
Viewers 33k

Chapter 60


မော့စန်းကျစ်တစ်ယောက်မှာ လူသေကောင်အလား ဖြူဆုတ်သွားသည်။


“မင်း... မင်း လိမ်နေတာ”


ဒုတိယအဒေါ်က စုန့်ယွီကို လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောသည်။ သူမ၏မျက်နှာထားမှာ မြင်မကောင်းလောက်အောင် အရုပ်ဆိုးအကျည်းတန်နေသည်။ သူမသည် စားပွဲပေါ်မှ ပစ္စည်းများကို ကောက်ကာ စုန့်ယွီကို ပစ်ပေါက်သည်။


“ပါးစပ်ပုတ်နဲ့ရွံစရာကောင် ဒီက ထွက်သွားစမ်း။ ငါ့သားကို ဂေးလို့ ပြောရဲသလား။ ‌ဂေးနေတာက မင်း။ ရွံစရာတဏှာရူးကောင်။ ထွက်သွားစမ်း။”


စုန့်ယွီသည် တစ်ဖက်သို့ ကပ်ရှောင်လိုက်ကာ ဘာမှတော့ အထွေအထူး မပြုမူချေ။ သူက အေးစက်စက်မျက်နှာဖြင့် ပြောသည်။


“အန်တီ ကျွန်တော့်ကို နာအောင်လုပ်ရင် မော့စန်းကျစ်က ဂေးဆိုတဲ့သက်သေကို အင်တာနက်ပေါ် တင်လိုက်မှာနော်။ အဲဒီအခါကျရင် သူက ဂေးရုံတင်မကဘူး သူရဲဘောကြောင်တဲ့သူဆိုတာကိုပါ လူတွေအားလုံး သိကုန်ကြလိမ့်မယ်။”


“မင်း”


ဒုတိယအဒေါ်က နေရာမှာပင် ကြက်သေသေသွားသည်။ သူမ၏လက်ထဲမှပစ္စည်းများကိုလည်း ပစ်မပေါက်‌တော့ပေ။ သို့သော် စော်စော်ကားကားအပြောများကတော့ ရပ်တန့်မသွားခဲ့ပေ။


“မင်းက ငါ့သားကို အသေရေဖျက်နေတာ။ အသေဆိုးနဲ့သေလိမ့်မယ်။ စုန့်ယွီ၊ မင်း အသေဆိုးနဲ့သေဦးမှာ။”


“ဒီတစ်ခေါက်တော့ လူမှန်သူမှန်ကို ‘ယွီ’ဆိုတဲ့နာမည် တပ်ခေါ်နိုင်ပြီပေါ့”


စုန့်ယွီက လှောင်သည်။ 


“အန်တီ၊ ကျွန်တော်က အန်တီတို့ မော့အိမ်တော်ကို လိုက်လာဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမဲ့ မော့စန်းကျစ်က လွန်လွန်းတယ်။ ကျွန်တော့်ကို ကစားရုံတင် မဟုတ်ဘူး။ ကျွန်တော့်ကို အရူးလုပ် အမေရိကမှာ ဆက်နေခိုင်းပြီး သူ့ရဲ့တိတ်တိတ်ပုန်းချစ်သူ ဖြစ်စေချင်နေတာ... အဟက်”


“အန်တီက သူ့အမေတစ်ယောက်အနေနဲ့ ဒီကိစ္စကို သိပိုင်ခွင့်ရှိတယ်ထင်လို့ ကျွန်တော် ပြောပြတာပါ။ မဟုတ်ရင် ဘလိုင်းဒိတ်တွေ စီစဉ်ပေးပြီး အန်တီ့သားကို စိတ်ဆင်းရဲအောင် လုပ်မိနေမှာစိုးလို့လေ။ တစ်ဖက်က ကောင်မလေးရဲ့ဘဝကိုလည်း ဖျက်လိုဖျက်ဆီးလုပ်ရာ ကျတာပေါ့။ အဲဒီလိုအဖြစ်ဆိုးမျိုးကို ကျွန်တော်က ကြိုတင်ကာကွယ်ပေးသင့်တယ် ထင်မိလို့ပါ။”


 “တိတ်စမ်း။ တဏှာရူးကောင်။ ပါးစပ်ပိတ်။ ယောက်ျားတွေကိုကြိုက်တာ မင်း။ ငါ့သားက အဲဒီလိုမျိုး လုံးဝမဟုတ်ဘူး။ မြေခွေးကောင်။ ငါ့သားကို ဖျားယောင်းသွေးဆောင်ပြီး သူက မင်းကို ငြင်းလိုက်တော့ နာမည်ဖျက်ဖို့ ကြိုးစားနေတာပေါ့လေ။ ပြောထားလိုက်မယ်။ ငါ မင်းကို အလွတ်မပေးဘူး။ မော့မိသားစုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ မင်း ကြပ်ကြပ်သတိထားနေ။ ငါ...”


“တော်စမ်း”


မော့ဘိုးဘိုး စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်ပြီး သူ၏ချိုင်းထောက်ကို ခပ်ပြင်းပြင်း ဆောင့်ချလိုက်သည်။


“တစ်ယောက်မှ အသံမထွက်နဲ့”


ဒုတိယအဒေါ်က ထိတ်လန့်သွားပြီး အငိုအယိုတွေ မစတင်မီ သူမ၏အသံဆိုးကြီးသည် နှစ်စက္ကန့်ကြာမျှ တိတ်ဆိတ်သွားခဲ့သည်။


“အဖေရေ၊ အဖေရဲ့။ ဒါက သေချာပေါက် အသရေဖျက်တာပဲ။ အဲဒီ စုန့်ယွီက လိမ်နေတာ။ တဏှာရူးကောင်။ သူက စန်းကျစ်ကို ဖျက်လိုဖျက်ဆီး လုပ်ချင်နေတာ။ ဒီအတိုင်းတော့ မလွှတ်ပေးနိုင်ဘူး။ အဖေ...”


မော့ဘိုးဘိုးက နှာမှုတ်သည်။ ကြမ်းပြင်ပေါ်တွင် လဲနေသည့် မော့စန်းကျစ်၏သွေးပျက်ထိတ်လန့်နေသည့်ရုပ်ကို ကြည့်လိုက်သည်နှင့် ဤအကြောင်းအရာမှာ အတုလား အစစ်လားဆိုသည်ကို သူ ခွဲခြားပြောနိုင်သည်။


သို့သော် မည်သို့ပင်ဆိုစေ သူ၏တတိယမြေးက ယောက်ျားလေးများကို ကြိုက်နှစ်သက်သော တဏှာရူးတစ်ယောက်ဆိုသည်ကို ဝန်ခံမည် မဟုတ်ချေ။


“ရှောင်စုန့်၊ ဒီလိုကိစ္စမျိုးဆိုတာ မဟုတ်တရုတ် လျှောက်ပြောလို့ရတာ မဟုတ်ဘူး။ ကြည့်ရတာ မင်းနဲ့ မော့စန်းကျစ်ကြားမှာ နားလည်မှုတစ်ခုခု လွဲနေတဲ့ပုံပဲ။ ဟုတ်မယ်။ နားလည်မှုလွဲတာမျိုးဆိုရင် တို့တွေ စကားပြောပြီး ပြေပြေလည်လည် ဖြေရှင်းလို့ရတယ်။ ဒါပေမဲ့ ဒီလိုပေါက်ကရစကားမျိုးကို ပတ်ဝန်းကျင်မှာ လျှောက်ပြောနေလို့ မဖြစ်ဘူးနော်။”


မော့ဘိုးဘိုးက စုန့်ယွီကို အေးတိအေးစက် ကြည့်သည်။                                                         


“မဟုတ်ရင် မင်းကိုယ်မင်းအတွက်ရော မင်းဘေးက ကျန်တဲ့သူတွေအတွက်ရော ပြဿနာမီးခွက်ထွန်းရှာသလိုပဲ ဖြစ်နေလိမ့်မယ်”


“ဟုတ်တယ်။ ဒါတွေအားလုံးက နားလည်မှုလွဲ‌နေတာပါ။ အခြေအမြစ်မရှိတဲ့ စွတ်စွဲချက်တစ်ခုပဲ။”


သူ့အဘိုးက သူ့ကို ကာပြောပေးနေသည်ကို ကြားလိုက်ရခြင်းသည် မော့စန်းကျစ်၏ရေတိမ်နစ်နေသောနှလုံးသားကို ရဲဆေးတင်‌ပေးလိုက်သလိုပင်။


“ရှောင်ယွီ၊ မင်း ငါ့ကို သဘောကျတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါတို့နှစ်ယောက်က မဖြစ်နိုင်ဘူးလေ။ ငါက မင်းညီမ‌လေးကိုပဲ ကြိုက်တာ။ ဒါပေမဲ့ အခုလိုပုံစံအရဆို ဖူးစာ မပါဘူး ထင်ပါတယ်ကွာ။ မင်း အမေရိကကို ပြန်သွားတဲ့အခါ မင်း...”


“‌မော့စန်းကျစ်”


စုန့်ယွီသည် မော့စန်းကျစ်၏စကားကိုဖြတ်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ချေပ ပြောဆိုသည်။ 


“မင်းက ငါထင်ထားတာထက်ကို ပိုပြီးမယုံနိုင်စရာကောင်းတယ်။ ဗြောင်လိမ်ဗြောင်စား။ လိပ်ကို ကြမ်းပိုးဖြစ်အောင် ပြောတဲ့နေရာမှာ မင်းတို့‌မောင်နှမတွေ တစ်ပုံစံတည်းပဲ။ မင်းတို့တွေက တကယ်ကို... ဒီပုတ်ထဲက ဒီပဲပဲ။”


“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”


မော့စန်းကျစ်သည် နေသာထိုင်သာ ရှိသွားသည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး စုန့်ယွီကို မျက်နှာမဲကြီးဖြင့် ကြည့်သည်။


“မင်း ငါ့ကိုပဲ အသရေဖျက်လို့ရမယ်။ ဘာသောက်ရေးမပါတဲ့ဗီဒီယိုတစ်ပုဒ်ကြောင့်နဲ့ အင်တာနက်ပေါ်က ကလေကချေတွေလို မင်း ငါ့ညီမကို စော်ကားမော်ကား လုပ်လို့မရဘူး။ အဲဒီမော့တိက ဘယ်တုန်းကမှ ကောင်းခဲ့တာ မဟုတ်ဘူး။”


စုန့်ယွီက မော့စန်းကျစ်ကိုကြည့်ပြီး တစ်ချက်ရယ်ပစ်လိုက်သည်။


“မင်းတို့မော့မိသားစုက မော့လျှိုကွေ့နဲ့ပတ်သက်လာရင် စည်းမျဉ်းစည်းကမ်းတွေကို မလိမ့်တစ်ပတ်လုပ်ပစ်တယ်ဆိုတာ အပိုပြောတာလို့ ထင်ခဲ့တာ။ အခုတော့ အဲဒီထက်တောာင် ဆိုးနေပါပေါ့လား။ အသေရေဖျက်တယ်တဲ့လား။ မော့စန်းကျစ် အဲဒီစကားလုံးက ဘာအဓိပ္ပာယ်လဲဆိုတာ မင်း သိရောသိရဲ့လား။”


“မင်းက လိင်တူချစ်သူဆိုတဲ့အကြောင်းကို ငါ လာပြောပြလို့ အသရေဖျက်တာဆိုရင်၊ အဲဒီဗီဒီယိုက မင်းတို့မိသားစုအကြောင်းကို ‌ဖော်ထားလို့ အသရေဖျက်တာဆိုရင် မင်းတို့မိသားစုရဲ့စိတ်ဓာတ်က တော်တော်လေး မဖြောင့်မှန်တာပဲ။ ကိုယ်ကျင့်သိက္ခာမရှိ၊ အကျင့်စာရိတ္တမရှိတဲ့ အတိုင်းအတာလောက်အထိကို တစ်ဖက်စောင်းနင်း ဖြစ်နေပြီ။ အဲဒါကိုတောင် မင်းတို့က မင်းတို့ကိုယ်မင်းတို့ ဂုဏ်သရေရှိအထက်တန်းစားလို့ ခံယူနေသေးသတဲ့။”


“ခင်ဗျားတို့က ဟာသပဲ”


စုန့်ယွီ၏အပြောသည် မော့တစ်မိသားစုလုံးကို ဒေါသူပုန်ထသွားစေသည်။


“စုန့်ယွီ၊ မင်းသောက်ပေါက်ပိတ်စမ်း”


မော့စန်းကျစ်တစ်ယောက် ပေါက်ကွဲလေပြီ။ သူသည် စုန့်ယွီတည့်တည့်သို့ လက်သီးချိန်ကာ ဝင်လာသော်လည်း ချန်ကျောင်း၏တွန်းတိုက်ခြင်းကို ခံလိုက်ရသည်။


“လူပြိန်းကောင်၊ အနားမကပ်နဲ့”


တစ်ချိန်လုံး ကြိတ်မှိတ်မျိုသိပ်ထားခဲ့ရသော ချန်‌ကျောင်း၏အမျက်ဒေါသသည် တစ်ချက်တွန်းထိုးလိုက်ခြင်းနှင့်အတူ ပေါက်ကွဲထွက်သွားသည်။ မော့စန်းကျစ်ကို (၅)မီတာလောက်အထိ အဝေးကိုလွင့်သွားစေပြီး စားပွဲခုံအစွန်းနှင့် တိုက်မိသွားစေသည်။


မော့စန်းကျစ်၏အမေသည် မျက်ရည်များပင် ကျလို့လာသည်။ သူ့သားကိုသွားထူရင်းမှ စုန့်ယွီတို့ကိုလည်း ဆက်တိုက်ကျိန်ဆဲလျက်ရှိသည်။ မော့ဘိုးဘိုးမှာလည်း ဒေါသ‌ခြောင်းခြောင်း ထွက်လေပြီ။ စုန့်ယွီနှင့် ချန်ကျောင်းကို မောင်းထုတ်ရန်အတွက် သူကိုယ်တိုင်ပင် လုံခြုံရေးကို ခေါ်လေသည်။


“စုန့်ယွီတဲ့ ဟုတ်စ။ ငါတို့မိသားစုက သူများသားသမီးကို ဂေးလို့ပြောပြီး သိက္ခာလိုက်ချတဲ့သူတွေကို မကြိုဆိုဘူး။ အခုချက်ချင်း ထွက်သွားတော့။”


“အဲဒီလိုလား။ ဒါနဲ့ သက်သေတွေကိုတောင် မပြရသေးဘူးပဲ။”


လုံခြုံရေးအစောင့်အကြပ်များ ချဉ်းကပ်လာသောအခါ စုန့်ယွီသည် ဓာတ်ပုံတစ်ထပ်ကြီး ထုတ်လိုက်ပြီး လူအများရှေ့တွင်ပင် ဖြန့်ကြဲပြလိုက်သည်။


“စကားပြောမှတ်တမ်းတွေ၊ ဝန်ခံချက်ဓာတ်ပုံတွေ၊ အများကြီး ထပ်ရှိသေးတယ်။ ခင်ဗျားတို့အမြင်မှာတော့ တချို့တချို့သောဓာတ်ပုံတွေကို အရမ်းလွန်လွန်ကြူးကြူးတွေ ဖြစ်ပျက်နေတယ်လို့ ထင်နိုင်တယ်။ ဒါပေမဲ့ ခင်ဗျားတို့ သိသင့်တယ်ထင်လို့။”


စုန့်ယွီက ကျေနပ်အားရစွာ ပြောသည်။


“ဒါပေမဲ့ ဒီပုံတွေသုံးပြီး ကျွန်တော့်ကို တန်ပြန်တိုက်ခိုက်ဖို့တော့ မကြိုးစားနဲ့နော်။ ဒီဓာတ်ပုံတွေထဲမှာ ကျွန်တော်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုမှမပါဘူး။”


အစောင့်(၂)ယောက် သူ့ဆီကို လာနေသည်ကို မြင်သောအခါ စုန့်ယွီသည် ဓာတ်ပုံ(၂)ပုံကို ဆုပ်ကိုင်ပြီး သူတို့မျက်နှာရှေ့တွင် ထောင်ပြလိုက်သည်။


“ဟေး ခင်ဗျားတို့လည်း ဒီပုံလေးတွေ ကြည့်သင့်တယ်”


လုံခြုံရေးအစောင့်များသည် နောက်ဆုတ်သွားကြပြီး သူတို့၏မျက်နှာများသည် နီမြန်းသွားကြသည်။ သူတို့သည် ဓာတ်ပုံများကို မကြည့်ရဲကြပေ။ ကြည့်မိပါက မော့မိသားစုက အသေသတ်မည်သာ ဖြစ်သည်။


စပ်စုချင်စိတ်ဖြင့် ပထမဒေါ်လေးက ဓာတ်ပုံ နှစ်ပုံသုံးပုံကို ကောက်ယူလိုက်သည်။ သူမသည် စိတ်ရှုပ်ရှုပ်ဖြင့် ငေးစိုက်ကြည့်နေရင်းမှ ခဏကြာ သူမ၏မျက်နှာပေါ်တွင် ရွံ့ရှာစက်ဆုပ်မှုဖွယ်အကြည့်ကို မြင်လိုက်ရသည်။


“အင်းပါ။ ခင်ဗျားတို့က ကျွန်တော့်ကို ထပ်မတွေ့ချင်ဘူးဆိုမှတော့ ကျွန်တော်လည်း သွားပါတော့မယ်။”


စုန့်ယွီသည် လုံခြုံရေးအစောင့်များကို ပြုံးပြပြီး ပြောလိုက်သည်။


“လိုက်ပို့ပေးစရာမလိုဘူးနော်”


စုန့်ယွီသည် သူ၏ဖုန်းမှ တုန်ခါမှုကို ခံစားလိုက်ရသည်။ ဤသည်မှာ ဆုတ်ခွာရန်အချိန်ရောက်ပြီဆိုသည်ကို မော့တိမှ လိုရမယ်ရကြိုတင်သတ်မှတ်ထားသော အချက်ပြသင်္ကေတတစ်ခု ဖြစ်သည်။


မော့ဘိုးဘိုး၏မျက်နှာသည် ဒေါသကြောင့် ရဲဗတောင်းခတ်နေပြီး လူမှာလည်း လဲမကျရုံတမယ်ပင်။ 


ပထမအဒေါ်သည်လည်း ဗုန်းဗုန်းလဲနိုင်လောက်သည့် အခြေအနေကို အကဲခတ်မိပြီး လက်ထဲမှဓာတ်ပုံများကို လွှင့်ပစ်ကာ ပြေရာပြေကြောင်းပြောဖို့ အပြေးသွားသည်။ မကြာသေးမီကပင် တိရိစ္ဆာန်ကောင်လေးမော့တိ၏လုပ်ရပ်ကြောင့် အဖိုးမှာ ဆေးရုံသို့ တန်းရောက်သွားရကာ သိပ်မကြာခင်ကမှ ဆေးရုံဆင်းလာခြင်း ဖြစ်သည်။ နောက်တစ်ခေါက်သာ ‌ဆေးရုံထပ်တက်ရလျှင်...


မော့မိသားစုကြီး အလဲလဲအကွဲကွဲ ဖြစ်မသွားနိုင်ပေဘူးလား။


“အဖေ၊ အဖေ၊ အရမ်းစိတ်မလှုပ်ရှားပါနဲ့... ကျွန်မ ရှစ်ချန်ကို ပြန်ခေါ်ထားပါတယ်။ အဖေ...”


“သွား အဲဒီဓာတ်ပုံတွေကို လွှင့်ပစ်လိုက်... ဝေးဝေးသာသွားပစ် မြန်မြန်”


မော့ဘိုးဘိုးသည် သကြားမုန်လာဥကဲ့သို့ပင် ရဲတွတ်နေလေသည်။ သူ့၏လည်ချောင်းထဲတွင်လည်း အလုံးတစ်လုံး ဆို့နေသလိုပင်။


“ငါတို့မိသားစုက ဒီလိုအရှက်တကွဲအကျိုးနည်းအဖြစ်မျိုးကို လက်သင့်မခံနိုင်ဘူး”


ထိုအချိန်တွင် စုန့်ယွီသည် ချန်ကျောင်းနှင့်အတူ ပြေးဆင်းသွားသဖြင့် အောက်ထပ်သို့ပင် ရောက်နေလေပြီ။


သူ၏လက်ထဲတွင် လက်နက်အဖြစ်သုံးရမည်ဖြစ်သော အဖော်အချွတ်ဓာတ်ပုံ အနည်းငယ် ကိုင်ထားသည်။ သူတို့ထွက်ခွာမည့်လမ်းကြောင်းကို ပိတ်ဆို့လာသည်ရှိသော် အစောင့်များ၏မျက်နှာတည့်တည့်သို့ ထိုးပြမည်ဖြစ်သည်။


သို့သော် ဂိတ်တံခါးသို့ ရောက်သောအခါ အိမ်ပြန်လာသော မော့မိသားစုဝင် နောက်တစ်ဦးနှင့် ဆုံလေသည်။


စုန့်ယွီကို မြင်လိုက်သောအခါ မော့လျှိုကွေ့သည် အံ့အားသင့်သွားသည်။ ထို့နောက် အပြုံးတစ်ပွင့်ဖြင့် အလျှင်အမြန် နှုတ်ဆက်စကား ဆိုသည်။


“မင်္ဂလာပါ။ အစ်ကိုက...”


“ငါက အခုလေးတင် မင်းရဲ့တတိယအစ်ကိုကို ပစ်ထားခဲ့ပြီဆိုတော့...”


စုန့်ယွီက ကြော့ကြော့လေး စကားပြန်လိုက်သည်။


“ငါက မင်းတတိယအစ်ကိုရဲ့ ရည်းစားဟောင်းလို့ပဲ ဆိုရမှာပေါ့”


ထိုကဲ့သို့ပြောပြီးနောက် စုန့်ယွီသည် မော့လျှိုကွေ့၏အံ့အားသင့်နေသောရုပ်ကို လျစ်လျှူရှုပြီး ခြံဂိတ်ဝသို့ တဟုန်ထိုးထွက်သွားသည်။


နောက်မှအမီလိုက်နိုင်ရန် ချန်ကျောင်းတစ်ယောက် အရှိန်တင်ရတော့သည်။ မော့လျှိုကွေ့၏ဘေးချင်းကပ်လျှက်တွင် ပါလာသော ယောက်ျားလေးကို မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်သွားသည်။ သူ၏မျက်လုံးများနှင့် မျက်နှာပေးသည် အဘယ်ကြောင့် ထိုမျှလောက် ကြောက်လန့်စရာကောင်းပါသနည်း။ ကြည့်ရသည်မှာ ထိုသူသည် သူတို့နှစ်ဦးအား အရှင်လတ်လတ်ဝါးစားချင်နေသည့် ပုံစံပေါက်နေသည်။


သူတို့နှစ်ဦးသည် မော့တိငှားထားသောကားကို ချက်ချင်းပင် ရှာတွေ့သွားပြီး ကားထဲသို့ သုတ်သုတ်ပျာပျာ ဝင်သွားကြသည်။


“ကောင်းလိုက်တာကွာ”


စုန့်ယွီက အသက်အရှည်ကြီးရှူလိုက်သည်။ ထို့နောက် မော့တိကို ပြောသည်။


“ရှောင်တိ၊ ပြီးပြီလား”


“အမ်း”


မော့တိက ခေါင်းညိတ်ပြသည်။ ကြိုးမဲ့ကင်မရာမှ ထုတ်လွှင့်နိုင်သော ချိတ်ဆက်မှုခြေရာများကိုလည်း ပိပိရိရိ ဖုံးဖိပြီးဖြစ်သည်။ သူသည် မော့အိမ်တော်တွင် ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့သည့်အတွက် စိတ်ရှုပ်ထွေးနေသော အနေအထား ဖြစ်နေသည်။


ဦးလေးစုန့် ဖော်ကောင်လုပ်နေသောအချိန်တွင် သူ၏နူးညံ့ညင်သာပါသည်ဆိုသောပုံရိပ်သည်... အပြည့်အဝ ကွာကျသွားသည်။ သူ၏နှုတ်ရေးသည် ကြောက်မက်ဖွယ်လက်နက်တစ်ခု ဖြစ်သည်။


“ရှောင်တိ၊ ဘာလို့ ချက်ချင်းကြီး ကောက်ကာငင်ကာ ထပြီးအချက်ပြသင်္ကေတ ပို့လိုက်တာလဲ။ မော့လျှိုကွေ့ကြောင့်လား”


စုန့်ယွီသည် သူ၏ဘေးတွင် ထိုင်နေရင်းက မေးလိုက်သည်။


“အင်း”


မော့တိက သူ၏ကွန်ပျူတာကို ပိတ်လိုက်သည်။


“အထူးတလည်ပြောရရင် သူ့ရဲ့ဘေးမှာပါလာတဲ့ ချင်ချန်းယီဆိုတဲ့ လူကြောင့်ပဲ။ လက်ရှိအချိန်မှာ ကျွန်တော်တို့ သူ့ကို ရန်သွားစလို့ မဖြစ်သေးဘူး။ ကောလိပ်ဝင်ခွင့်စာမေးပွဲကိစ္စမှာ ကျွန်တော့်ကို အကွက်ချကြံစည်တဲ့တစ်ယောက်ဆိုတာ သူပေါ့။”


“ဘာ။ အဲဒီတစ်ယောက်က သူလား။”


ချန်‌ကျောင်းက ရုတ်တရက် အလန့်တကြား ထကျိန်ဆဲသည်။


“ကောက်ကျစ်တဲ့ရုပ် ထွက်နေတာ မဆန်းပါဘူး။ သူ့ရဲ့မျက်ခုံးနှစ်တန်းကြားက အရေးအကြောင်းမှာ အငွေ့အသက်ပြင်းပြင်းတစ်ခု ရှိတယ်။ မာဖီးယားခေါင်းဆောင်ရုပ်နဲ့။” 


“ဘာပဲဖြစ်ဖြစ် သူတို့နဲ့ဆုံပြီဆိုရင် လှည့်သာပြန်ခဲ့။ ဘာအကြောင်းကြောင့်နဲ့ဖြစ်ဖြစ် ထိပ်တိုက်မတွေ့နဲ့။”


မော့တိက အကြံပေးသည်။


“အင်း မင်းစကား နားထောင်ပါ့မယ်”


စုန့်ယွီက မော့တိ၏ပုခုံးကို အသာပုတ်ပြီး လူကြီးလေသံဖြင့် ပြောသည်။


“ငါဆိုတဲ့ မင်းဦးလေး ရဲစွမ်းသတ္တိအပြည့်နဲ့ သူတို့ကို ရင်ဆိုင်တိုက်ခိုက်နိုင်‌အောင် သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်ကွာ။ နှမျောစရာကောင်းတာက မင်းမှာလည်း တခြားလုပ်စရာကိစ္စ ရှိနေလို့ပေါ့ကွာ။ မဟုတ်ရင် ငါတို့နဲ့ လိုက်ခဲ့လို့ရဦးမှာ။”


“ကျွန်တော် လူကိုယ်တိုင် မပါသွားပေမဲ့လည်း ဦးလေးစုန့် ဘယ်လောက် ချောချောမွေ့မွေ့ ဖြေရှင်းကိုယ်တွယ်နိုင်ခဲ့တယ်ဆိုတာ အတပ်ပြောနိုင်ပါတယ်”


မော့တိက အပြုံးလေးဖြင့် ပြောသည်။


“အခု အကုန်လုံး ပြီးပြီဆိုတော့ ချန်ချန်းလမ်းဆုံမှာ ကျွန်တော် ဆင်းလိုက်တော့မယ်။ နောက်ကျရင် ကျွန်တော် ဦးတို့ကို အဖော်မလိုက်ပေးတော့ဘူးနော်။”


“ရှောင်တိ၊ မင်းက အိမ်ပြန်တော့မလို့လား။ ဦးက မင်းကို ညစာလိုက်ကျွေးချင်သေးတာ။”


“အင်း ကျွန်တော် အိမ်ပြန်မှဖြစ်မှာမလို့ပါ။ ကျွန်‌တော့်အစ်ကို စောင့်နေတယ်။”


မော့တိသည် မုထျန်းဟန်အကြောင်းကို စကားထဲထည့်ပြောလိုက်မိသည်နှင့် သူ၏စိတ်ခံစားချက်သည် ကြည်လင်ရွှင်ပျလာပြီး မျက်နှာပေါ်တွင် ပြုံးယောင်ပင်သန်းလာသည်ကို သူကိုယ်တိုင်တော့ သတိမမူမိချေ။


“အစ်ကိုလား။ ဘယ်အစ်ကိုလဲ။”


စုန့်ယွီက မော့တိကို သံသယမျက်လုံးဖြင့် ကြည့်သည်။


“မင်းအစ်ကိုတွေအားလုံးက ဂေါက်ကြောင်တစ်သိုက် မဟုတ်ဘူးလား”


“အဲဒီတစ်သိုက်ထဲက မဟုတ်တာ အသေအချာပဲပေါ့”


ချန်ကျောင်းက ကြားဖြတ်ပြောသည်။


“ဒီတစ်ယောက်က ရှောင်တိ အပြင်လောကမှာ သိကျွမ်းလာတဲ့ တစ်ယောက်ပါ။ အရမ်းသဘောကောင်းပြီးတော့ သူ့ကိုလည်း အများကြီး အကူအညီပေးထားတာ။ အကယ်၍သာ ရှောင်တိလည်း ဒီလောက်အသက်မငယ်၊ အဲဒီလူကြီးကလည်း ဒီလောက်အသက်မကြီးရင် ဘဲကြီးက ရှောင်တိကို ကြွေနေတာလို့ ကျွန်‌တော် ထင်မိမှာပဲ။ ဟုတ်တယ်နော် ရှောင်တိ။”


မော့တိ: “…”


“ပြီးတော့လည်း ဘဲကြီးက အရမ်းချောတာ”


ချန်ကျောင်းက စုန့်ယွီကို ကြွားလုံးထုတ်နေလေသည်။


“ဦးငယ်၊ တကယ်ပြောတာနော်။ ရှောင်တိရဲ့ အဲဒီအစ်ကိုဆိုတဲ့တစ်ယောက်က အရမ်းဟော့တာ။ ခြေတံရှည်ရှည် အရပ်မြင့်မြင့်နဲ့။ သူ့မျက်နှာကို ကျွန်တော် သေချာမမြင်ဖူးပေမဲ့ ကြည့်ကောင်းတယ်ဆိုတာ‌တော့ အတပ်ပြောနိုင်တယ်။ မော့စန်းကျစ်ထက်တော့ အဆရာပေါင်းများစွာ သာတယ်ဗျာ။”


စုန့်ယွီသည် ချက်ချင်းပင် “ဝိုး” ခနဲ ဖြစ်သွားရသည်။ သူသည် စကားဝိုင်းထဲဝင်ပြောချင်သောကြောင့် မေးခွန်းထုတ်လိုက်သည်။


“ရှောင်တိ၊ မင်းအစ်ကိုက ဘာအလုပ်လုပ်တာလဲ”


သို့သော် ထိုအချိန်တွင်ပင် မော့တိသည် ကားဆရာအား ကားရပ်ခိုင်းလိုက်သည်။


“ဦးလေး၊ ကျွန်တော့်ကို ဒီမှာပဲ ချပေးလို့ရတယ်။ ကျွန်‌တော် သွားရတော့မယ်။”


ထို့နောက် သူသည် ပြုံးပြပြီး စုန့်ယွီနှင့် ချန်ကျောင်းကို ပြောလိုက်သည်။


“ဦးလေးစုန့်၊ ချန်ကျောင်း၊ ကျွန်‌တော် သွားတော့မယ်နော်။ ဒီကနေပဲ မြေအောက်ရထား စီးသွားလိုက်တော့မယ်။ နောက်ကြုံတဲ့အခါမှ အတူတူ ထမင်းစားကြတာပေါ့။”


ထို့နောက် မော့တိသည် ကားတံခါကို ဖွင့်ကာ ပြေးထွက်သွားလေသည်။


ချန်ကျောင်းနှင့် စုန့်ယွီ: “…”


ရှောင်တိတစ်ယောက် အဘယ်ကြောင့် ရုတ်တရက်ကြီး ထူးထူးဆန်းဆန်း ပြုမူရသည်လဲ။


(TN: ဘာလို့ဆို သူက အချစ်ပြိုင်ဘက်ဖြစ်လာနိုင်ချေရှိတဲ့သူဆီက ထွက်ပြေးသွားတာပါ။)


Xxxxxxxx