Chapter 61
အကွာအဝေးအနည်းငယ် လမ်းလျှောက်ပြီးနောက်တွင် မြေအောက်ရထားဘူတာသို့ ရောက်သွားသည်။ ဘူတာရုံထဲသို့ ဝင်ခါနီးတွင် လူသွားစင်္ကြံလမ်းဘက်မှ ထွက်လာသည့် တအီအီအသံသဲ့သဲ့ကို ကြားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်သောအခါ အမှိုက်ပုံးဘေးတွင် ကတ္ထူပုံးတစ်ခုကို တွေ့လေသည်။ ပုံးထဲတွင်... ခွေးပေါက်လေး တစ်ကောင်ဖြစ်နေသည်လား။
ခွေးပေါက်လေးသည် တစ်ကိုယ်လုံး ဖုန်များဖြင့် ပေတူးနေပြီး ၎င်း၏အမွှေးဖြူဖြူလေးများသည် စုကပ်လုံးထွေးနေကြသည်။ ၎င်းသည် မျက်စိမပွင့်သေးသော်လည်း အနားတွင် တစ်ယောက်ယောက် ရှိနေသည်ကို အာရုံခံနိုင်သည်။ ၎င်း၏ကိုယ်လုံးသေးသေးလေးဖြင့် တတ်နိုင်သမျှ ရှေ့တိုးကာ ဒယိမ်းဒယိုင် ခြေထောက်လေးများဖြင့် ကတ္ထူပုံးကို ကုတ်ခြစ်ပြီး ဖျော့တော့စွာ တအီအီအသံပေးနေလေသည်။
မော့တိသည် ထိုခွေးပေါက်လေးအား မြင်လိုက်သောအခါ အနည်းငယ် မှင်တက်သွားသည်။ ဤအကောင်ပေါက်လေးက... သူ၏အတိတ်ဘဝတွင် အိမ်မှမထွက်ပြေးမီအချိန်က မွေးစားရန်ကြိုးစားခဲ့ဖူးသော ခွေးပေါက်လေးနှင့် အဘယ်ကြောင့် ဆင်တူနေရသည်လဲ။
သူ၏အတိတ်ဘဝတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ကောင်းမွန်စွာ မဖြေဆိုနိုင်ခဲ့သည့်နောက် ခြေတစ်ချောင်းနှင့် လက်တစ်ချောင်း ကျိုးခဲ့ရသည်။ ဆေးရုံမှ ပြန်ဆင်းလာရချိန်တွင် ခံစားချက်တို့က စိတ်အားငယ်နေခဲ့သည်။ စာမေးပွဲ ထပ်ဖြေချင်သော်လည်း မည်သူကမှ ထောက်ခံအားပေးခြင်း မပြုလုပ်ခဲ့ကြပေ။ ထို့ကြောင့် သူသည် သာမန်တက္ကသိုလ်တစ်ခုတွင်သာ တက်ရောက်သင်ကြားခဲ့ရသည်။
စာရင်းသွင်းပြီးနောက် သူသည် မော့အိမ်တော်သို့ တစ်လ တစ်ခေါက်မျှသာ ပြန်ဖြစ်ခဲ့သည်။ အမှန်အတိုင်းဆိုရလျှင် မော့လျှိုကွေ့က သူ အိမ်ပြန်လာရန် အတင်းအကြပ် မတိုက်တွန်းလျှင်၊ မော့လျှိုကွေ့ စိတ်ကျေနပ်စေရန် မိသားစုဝင်များကလည်း သူ့ကို အိမ်ပြန်လာရန် အမိန့်မပေးခဲ့ကြလျှင် သူသည် လုံးဝ အိမ်ပြန်လာဖြစ်ခဲ့မည် မဟုတ်ချေ။ ဒုတိယအခေါက် အိမ်ပြန်လာစဉ် မော့စံအိမ်နားတွင် သူသည် ခွေးပေါက်လေးတစ်ကောင်ကို တွေ့ခဲ့သည်။ ညစ်ပတ်ပေရေနေသော်လည်း အဖြူရောင်နှင့် အညိုရောင်အကွက်လေးများပါသည်ဟု ပြောနိုင်ပြီး အမြီးလေးမှာလည်း ကျိုးနေခဲ့သည်။
ယခုအကောင်ပေါက်လေးနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
ယခင်အချိန်က သနားစဖွယ်ခွေးပေါက်လေးကို မြင်ပြီး သူကိုယ်တိုင်မှာလည်း အတော်လေး အထီးကျန်ဆန်နေသောကြောင့် ၎င်းအား တိရိစ္ဆာန်စတိုးသို့ ခေါ်သွားကာ ရေမိုးချိုးပြီး လိုအပ်သည့်ကုသမှု ပြုလုပ်ပေးခဲ့သည်။ နောက်ကို အဖော်ရပြီဆိုသည့် အတွေးလေးနှင့်အတူ ခွေးစာအချို့ နှင့် လှောင်အိမ်တစ်ခုပါ ဝယ်လာခဲ့သေးသည်။
လှောင်အိမ်ဝယ်ပြီးနောက် မော့စံအိမ် အနီးတစ်ဝိုက်တွင် ခေတ္တထားရှိကာ သူ ကျောင်းသို့ ပြန်သည့်အခါတွင် တစ်ပါတည်း ခေါ်သွားမည်ဟု စီစဉ်ထားခဲ့သည်။ နောက်တစ်ရက်တွင် ခွေးပေါက်လေးမှာ ပျောက်သွားပြီး ၎င်း၏လှောင်အိမ်လေးမှာလည်း လွှင့်ပစ်ခံခဲ့ရသည်။
နောက်မှ အစေခံများ၏စကားကို နားစွန်နားဖျား ကြားမိသည်အရ သူ့ ညီမကို ခြောက်လန့်မိသည့်အတွက် မော့ဝုဟန်က ခွေးပေါက်လေးအား ရိုက်နှက်ပြီး မောင်းထုတ်လိုက်သည်ဟူ၍ပင် ဖြစ်သည်။
မော့တိသည် လေပြင်းပြင်းရှူသွင်းပြီး သူ၏ရင်ထဲမှ စိတ်ဆင်းရဲမှုကို ပြန်ရှုထုတ်သည်။ ထို့နောက် ကတ္ထူပုံးကို သွားကောက်လိုက်သည်။
ခွေးပေါက်လေးမှာ တစ်စုံတစ်ယောက် သူ့အနား ရောက်လာပြီး ပွေ့ချီထားသည်ကို အာရုံခံမိသဖြင့် ၎င်း၏အီသံက ပို၍ကျယ်လောင်လာသည်။ ခြေဖဝါးသေးသေးလေးများသည် ဆက်တိုက်ဆိုသလို ကတ္ထူပုံး၏နံရံကို ကုတ်ခြစ်ပြီး ၎င်း၏နူးညံ့သောခန္ဓာကိုယ်လေးဖြင့် ပုံးအပြင်ဘက်သို့ရောက်အောင် အတင်းကုတ်ကပ်တက်နေသည်။ ခဏအကြာတွင်တော့ မအောင်မြင်ဘဲ နောက်ပြန်လန်လဲကျသွားသည်။
မော့တိသည် မထိန်းနိုင်ဘဲ တခစ်ခစ် ရယ်မိသည်။
“အရင်ဆုံး ရေချိုးဖို့ ခေါ်သွားမယ်။ ပြီးရင် ဆေးထိုးဖို့ တိရိစ္ဆာန်ဆေးခန်းကို ခေါ်သွားမယ်။ အိမ်ကို မခေါ်သွားခင် မင်း နေကောင်းရဲ့လားဆိုတာကို စစ်ဆေးရမယ်လေ။”
မော့တိက နူးနူးညံ့ညံ့လေး ပြောသည်။
သူ ကတ္ထူပုံးကို ပိုက်ပြီး (၃)ကီလိုမီတာ အကွာအဝေးတွင်ရှိသော အနီးဆုံး တိရိစ္ဆာန်စတိုးသို့ လမ်းလျှောက်သွားသည်။ ခွေးပေါက်လေးအား ရေချိုးစေပြီး ခွေးစာအချို့လည်း ဝယ်လာလိုက်သည်။
အမွေးပွလုံးလေးအား ရေချိုးသန့်စင်၊ အစာကျွေးပြီးနောက် မော့တိသည် ၎င်းကို တိရိစ္ဆာန်ဆေးခန်းသို့ ခေါ်သွားကာ စစ်ဆေးမှုပေါင်းများစွာ ပြုလုပ်စေသည်။
တိရိစ္ဆာန်ဆရာဝန်က ခွေးပေါက်လေ၏မျက်လုံးများမှာ ကောင်းမွန်ပြီး အနည်းငယ်မျှသာ အားနည်းနေခြင်းဖြစ်ကြောင်း ပြောသည်။ ကာကွယ်ဆေးထိုးရန်အတွက် နောက်တစ်ပတ်တွင် ပြန်လာရန်လည်း မော့တိကို မှာကြားလိုက်သည်။ မော့တိသည် ဆရာဝန်မှာကြားသည်များကို မှတ်သားပြီးနောက် ဆေးသေတ္တာ၊ လှောင်အိမ်နှင့် ခွေးအိမ်သာတို့ကို သွားဝယ်သေးသည်။
အဝအပြဲစားပြီးသည့်နောက်တွင် အဖြူရောင်ဘောလုံးလေးသည် အင်မတန် တက်ကြွသွက်လက်လာသည်။ ၎င်းက မော့တိ၏အဝတ်အစားများကို ကုတ်ခြစ်ပြီး သူ့အား မျက်ဆံနက်နက်လေးများဖြင့် မော့ကြည့်သည်မှာ အင်မတန် ချစ်စဖွယ်ကောင်းလှသည်။
“မင်းက ဘာကြည့်တာလဲ”
မော့တိက ၎င်း၏နှာခေါင်းလေးအား အသာထိကာ ခပ်ပြုံးပြုံးလေး ပြောသည်။
“ခဏနေ လိမ်လိမ်မာမာ နေပြရမယ်နော်။ ကိုကိုက မင်းကို မကြိုက်ဘူးဆိုရင် ငါတို့တွေ လမ်းမပေါ် ထွက်အိပ်ရလိမ့်မယ်။ သဘောပေါက်လား။”
“ဝုတ်... ဝုတ်...”
သူ ပြောသည့်စကားကို နားလည်သည့်အလား ခွေးပေါက်လေးက ခပ်တိုးတိုး နှစ်ချက်ဟောင်ပြသည်။
ပျော်ရွှင်ကြည်နူးမှုတို့ဖြင့် မော့တိ၏အပြုံးသည် ပို၍တောက်ပသွားတော့သည်။
“မင်းက သိပ်ချစ်ဖို့ကောင်းတာပဲ။ မှန်းစမ်း... မင်းကို ဘယ်လိုနာမည် ပေးရမလဲ။”
သို့သော် သူ၏အမည်မပေးတတ်သောဉာဏ်ဆိုးကြောင့် အိမ်ပြန်ရောက်၍ မုထျန်းဟန်နှင့် တွေ့သည့်တိုင် အမည်ပေးဖို့ စဉ်းစားမရသေးပေ။
ခွေးပေါက်လေးတစ်ကောင် လက်ထဲပွေ့ပြီးပြန်လာသော မော့တိကို မြင်လိုက်သောအခါ မုထျန်းဟန်သည် အတော်လေး အံ့ဩသွားသည်။
“ကောင်ငယ်လေး၊ ဘယ်လိုဖြစ်လို့ ခွေးပေါက်တစ်ကောင်နဲ့ ရောက်ချလာတာလဲ”
မုထျန်းဟန်က လမ်းလျှောက်သွားပြီး မေးလိုက်သည်။
“ကျွန်တော် လမ်းမှာတွေ့လို့ ကောက်လာတာ။ ဒါပေမဲ့ ရေချိုးသန့်စင်ပြီး ဆေးပါထိုးခဲ့ပြီးသားပါ။ ပိုးမွှား မရှိဘူး။”
မော့တိက ညင်သာစွာပြောသည်။ ထို့နောက် မုထျန်းဟန်အား စိုးရိမ်တကြီး လှမ်းကြည့်သည်။
“ကိုကို၊ သူ့ကို မွေးကြရအောင်နော်။ မွေးမယ်မလားဟင်။ ဒီမယ်လေ သူက ချစ်ဖို့ကောင်းပြီး ပြောစကားလည်း နားထောင်တယ်။ ခြံဝန်းထဲထားဖို့ နေရာကျဉ်းကျဉ်းပဲ လိုတာ။ အဲဒီလောက်ပါပဲ။”
မော့တိသည် မုထျန်းဟန်ကို ရင်တထိပ်ထိပ်ဖြင့် ငေးကြည့်နေသည်။ သို့သော် သူ မသိသည်က မုထျန်းဟန်၏စိတ်ထဲတွင် ပြုံးရယ်နေခြင်း ဖြစ်သည်။
သူ၏မျက်နှာပေးနှင့် ခွေးပေါက်လေးရုပ်သည် တစ်ပုံစံတည်းဖြစ်နေသည်ကို ကောင်လေးကတော့ မသိလောက်ပါချေ။ အံ့ဩဖွယ်ကောင်းလောက်အောက်ကို ထပ်တူညီကြသည်။ သူ့ကို အသနားခံကာ ကြည့်နေသည့် မျက်လုံးနှစ်စုံ၊ ဤမြင်ကွင်းသည်... သူ့အပေါ်ကို ရှင်းမပြတတ်အောင် သက်ရောက်မှုရှိသည်။
မုထျန်းဟန်ဘက်က စကားပြန်မရသောကြောင့် မော့တိက ထပ်ဆိုပြန်သည်။
“ကိုကို၊ ကျွန်တော့်ကို စိတ်ဆိုးသွားတာလား”
“မဟုတ်တာပဲ”
မုထျန်းဟန်သည် ပြောစရာစကားများပင် ပျောက်ဆုံးကုန်သည်။ သူသည် မော့တိ၏ဆံပင်ကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
“ကိုယ်က နာမည်ပေးဖို့ စဉ်းစားနေတာပါ”
“ဒါဆို ကိုကိုက သဘောတူတယ်ပေါ့နော်”
မော့တိက အားပါးတရပြုံးလိုက်သောကြောင့် မျက်လုံးများပင် ကွေးညွှတ်သွားသည်။ ကြည့်ရသည်မှာ သူ၏ ‘ကရုဏာအိုက်တင်’ က အသုံးဝင်သေးပုံရသည်။
မှန်ပါသည်။ မုထျန်းဟန်မှာတော့ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခု မျက်မြင်ကိုယ်တွေ့ ကြည့်လိုက်ရသည်ကို မသိပါချေ။
“ကျေးဇူးတင်ပါတယ် ကိုကို”
“ရပါတယ်။ ကျေးဇူးတင်စရာ မလိုပါဘူး။ ကိုယ်လည်း ခွေးချစ်တတ်ပါတယ်။ နာမည်ပေးဖို့ စဉ်းစားပြီးသား ရှိလား။”
စဉ်းစား၍မထွက်သေးကြောင်း ပြောလိုက်ချင်သော်လည်း စိတ်ပြောင်းသွားပြီး တစ်မျိုးပြောင်းပြောလိုက်သည်။
“မစဉ်းစားရသေးဘူး။ ကိုကို့ကို နာမည်ပေးခိုင်းမလို့လေ။ ကိုကို၊ ကျေးဇူးပြုပြီး နာမည်ပေးဖို့ ဝိုင်းစဉ်းစားပေးပါဦး။”
သခင်နှင့် အိမ်မွေးတိရိစ္ဆာန်ကြား ချစ်ခြင်းမေတ္တာပျိုးထောင်ရန် ပထမဆုံးအဆင့်သည် အမည်ပေးခြင်း ဖြစ်သည်။
သို့သော် ယခုတစ်ခေါက်တွင် မုထျန်ဟန်သည် မော့တိ၏ဖြစ်နေကျအကျင့်တစ်ခုကို ချက်ချင်း သိရှိသွားသည်။ စိတ်ထဲတွင် ရယ်နေမိသော်လည်း ရေလိုက်ငါးလိုက် ပြောပေးသည်။
“တကယ်လား။ ဒါနဲ့ ကိုကိုက နာမည်ပေးတဲ့နေရာမှာ ညံ့တယ်နော်။”
“ရတယ်။ ရတယ်။ ကျွန်တော်လည်း နာမည်ပေးတဲ့နေရာမှာ ညံ့တယ်။ ကိုကို၊ ကြုံတဲ့နာမည်သာ ပေးလိုက်ဗျာ။ ဘာနာမည်ပေးပေး သူက ကြိုက်မှာပါ။”
“အမ်း...”
မုထျန်းဟန်က သဘောတူလိုက်သည်။ စဉ်းစားတွေးတောနေသည့် ဂိုက်ဖမ်းပြီး ပြောလိုက်သည်။
“အင်း အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ရဲ့ နာမည်ဆိုတာ ထူးထူးကဲကဲ ဖြစ်ရမယ်။ ကြမ်းကြမ်းတမ်းတမ်း ဖြစ်ရမယ်။ ပြီးတော့ စိတ်ဝင်စားဖို့ကောင်းရမယ်။”
မော့တိက သံယောင်လိုက်သည်။
“ဟုတ်တာပေါ့”
“ပြီးတော့ ချစ်ဖို့လည်းကောင်းပြီးတော့ အရမ်းဆန်းဆန်းကြီးလည်း မဖြစ်နေရဘူး။”
မော့တိက သံယောင်ထပ်လိုက်ပြန်သည်။
“ဟုတ်တာပေါ့။ ဟုတ်တာပေါ့။”
“ဒါဆို...”
မုထျန်းဟန်က ရယ်သည်။
“သူ့ကို တစွမ်းလို့ ခေါ်မယ်လေ”
(TN: တစွမ်း = ကြက်သွန်ဖြူ)
‘ဟုတ်တာပေါ့’ ဟု သံယောင်လိုက်ခါနီး မော့တိသည် ပြောမည့်စကားလုံးပင် သီးသွားရသည်။ “ဟာ” ဟု အော်ပြီး သူ၏မျက်နှာအမူအရာသည် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
မုထျန်းဟန်က ကျေနပ်အားရစွာဖြင့် ခေါင်းတညိတ်ညိတ်လုပ်ပြီး ပြောနေသည်။
“ဟုတ်တယ်လေ။ ထူးထူးကဲကဲလည်း ဖြစ်တယ်။ စိတ်ဝင်စားဖို့လည်း ဖြစ်တယ်။ အတင်းချစ်ဖို့ကောင်းအောင် လုပ်ယူထားတဲ့ပုံလည်း မပေါက်ဘူး။ ‘တ’ ဆိုတာကြီး ဖြုတ်လိုက်မယ်ကွာ။ ‘စွမ်းစွမ်း’ လို့ပဲ ခေါ်ကြတာပေါ့။”
Xxxxxxxx