Chapter 62
မော့တိ သူကြားလိုက်သည်ကို မယုံကြည်နိုင်ပေ။ ခွေးပေါက်လေးနာမည်ကို ကြက်သွန်ဖြူလို့ ဘယ်လိုတောင်ပေးရတာပါလိမ့်?!
သို့ပေမယ့် မုထျန်းဟန်၏ ကျေနပ်နေသောအမူအရာကိုကြည့်ပြီး သူ့မှာငြင်းဆိုရန် နှလုံးသားမရှိတော့ပေ။
နာမည်က အတော်လေး...ဆွဲဆောင်မှုရှိပါတယ်။
"ကလေးလေးရော ဘယ်လိုထင်လဲ..."
မုထျန်းဟန်က ကောင်လေး၏အမူအရာကို အနီးကပ်စိုက်ကြည့်ရင်း ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်နေသည်။
"ဟားဟား...အဲဒီနာမည် အတော်လေးကောင်းပါတယ်"
မော့တိဖျစ်ညှစ်ရယ်လိုက်ပြီး သူ့လက်ထဲမှ 'ကြက်သွန်ဖြူလေး'ကို ကြည့်လိုက်သည်။
'ကြက်သွန်ဖြူလေး'က သူ့ကို အပြစ်ကင်းပြီးရွှန်းလဲ့နေသော မျက်လုံးမည်းမည်းလေးတွေနှင့် ကြည့်နေသည်။
မော့တိ: "..."
မရတော့ဘူး ဒီချစ်ဖို့ကောင်းတဲ့ 'ကြက်သွန်ဖြူ'လေးအတွက် သူကိုယ်စားတိုက်ခိုက်ပေးရမည်!
မော့တိခေါင်းမော့၍ မုထျန်းဟန်ကိုပြုံးပြပြီး
"ကိုကို အဲဒီနာမည်ကကောင်းပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူဆိုတာ နေ့တိုင်းစားနေကြစားစရာတွေထဲက ပါဝင်ပစ္စည်းကြီးလေ။ ကျွန်တော်တို့စွမ်းစွမ်းလေးက အပြစ်ကင်းပါတယ်"
"အမ် ဟုတ်သားပဲ"
မုထျန်းဟန်က သူ့အငြင်းစကားကို အပြုံးလေးနှင့် တုန့်ပြန်လိုက်သည်။ သူ့မိသားစုဝင်ဖြစ်သော မော့တိက ဤအကောင်ပေါက်လေးကို ဘယ်လိုထိန်းကြောင်းလဲဆိုတာ သူမြင်ချင်မိသည်။
"ဒါဆို ကလေးလေး မင်းမှာပိုကောင်းတဲ့နာမည်တွေရှိလား?"
"ဟုတ်ပါပြီ...ကိုကိုရွေးတဲ့ နာမည်ကကောင်းပါတယ်။ တစွမ်း...အဲဒါက ခိုင်မာပြီးအားကောင်းတဲ့နာမည်ပဲ။ စကားလုံးလေး နည်းနည်းပြောင်းလိုက်မယ်ဆိုရင် ပိုပြီးချစ်ဖို့ကောင်းသွားမှာပါ။အဟမ်း..."
မော့တိ သူ့အတိုက်အခံစကားတွေကို ထို့ထက်ပိုမပြောရဲတော့ပေ။
"ကျွန်တော်တို့ စကားလုံးနည်းနည်းလောက်ပြောင်းပြီး သူ့အတွက် ပိုထူးခြားတဲ့နာမည်ကို ဘာလို့မပေးရတာလဲ..."
မုထျန်းဟန် အကျယ်ကြီးရယ်လိုက်ချင်ပေမယ့် သူ၏အေးဆေးတည်ငြိမ်သောအမူအရာကို ထိန်းထားပြီး
"ဒါဆို မင်းဘယ်လိုစကားလုံးကို သုံးချင်လဲ?"
"စွမ်းစွမ်း (算算)ဆိုရင်ရော...! ကျိစွမ်း (计算 = တွက်ချက်ခြင်း)က စွမ်းလေ။ ကိုကိုပေးထားတဲ့နာမည် အတိုင်းပဲ။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်လုံးက အတွက်အချက်တော်တော့ အဲဒီအဓိပ္ပါယ်က အိမ်ဆိုတာနဲ့ပိုနီးစပ်တယ်လေ။ အဲဒါလေးက ကျွန်တော်တို့ရဲ့ လာဘ်ကောင်လေးဖြစ်နိုင်တယ်! ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင်မိတာပဲ! ကိုကိုရော ဘယ်လိုထင်လဲ?"
"စွမ်းစွမ်း?"
မော့တိကိုဖျောင်းဖြပြောဆိုရန် ခွေးပေါက်လေးအတွက် ပိုကောင်းသောနာမည်ကို စိတ်ပင်ပန်းခံပြီး မုထျန်းဟန်စဥ်စားခဲ့ပေမယ့် မော့တိပေးသည့်အကြံကိုသာ လက်ခံလိုက်ရသည်။ သူ့ကလေးလေးက အရမ်းကိုချစ်ဖို့ကောင်းပြီး အရမ်းလည်းဥာဏ်ကောင်းတာပဲ။
မုထျန်းဟန်လည်း မနေနိုင်တော့ဘဲ လက်ဆန့်ထုတ်၍ မော့တိ၏ဆံပင်ကို ထိလိုက်သည်။ သူပြုံးပြီးပြောလိုက်သည်။
"အဲဒါက တကယ်ကို အရမ်းကောင်းတဲ့ နာမည်လေးပဲ"
မော့တိ၏မျက်နှာသည်လည်း ချက်ချင်း ပြုံးသွားပြီး စွမ်းစွမ်း၏အမွှေးထူသောနားရွက်လေးများကို ဖျစ်ညှစ်လိုက်သည်။
စွမ်းစွမ်း ဒီကျေးဇူးကို မင်းမှတ်ထားသင့်တယ်။ အဲဒီလို ပြင်းထန်တဲ့နာမည်မျိုး အပေးမခံရအောင် ငါလုပ်ပေးခဲ့လို့ပဲ။
"ဟုတ်ပြီ အခု စွမ်းစွမ်းကို နှောင့်ယှက်နေတာရပ်လိုက်တော့။ ထမင်းစားဖို့အချိန်ရောက်ပြီ။ မင်း ညစာကို ဘာစားချင်လဲ?"
"ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်" မော့တိ ပြန်ဖြေလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်...အဲဒါက ပိုပြီးဖြေရှင်းဖို့ ခက်တယ်"
မုထျန်းဟန် မော့တိကို နူးညံ့သည့်မျက်လုံးတို့နှင့် ကြည့်လိုက်ပြီး ခဏကြာတော့ သူပြုံးကာပြောလိုက်သည်။
"အသားကင်ဆိုရင်ရော ဘယ်လိုလဲ...နောက်ဆုံးအကြိမ်တုန်းက ကိုယ်တို့ဆီမှာ နည်းနည်းကျန်သေးတယ်"
"အင်း" မော့တိ ပြီးပြီးရောခေါင်းညိတ်လိုက်သည်။ 'ဘာဖြစ်ဖြစ် အဆင်ပြေတယ်'လို့ပြောတုန်းက ဘာဖြစ်ဖြစ် ငြင်းမှာမဟုတ်ဘူးလို့ တကယ်ဆိုလိုချင်တာဖြစ်သည်။
"ဒါဆို ကိုယ်သွားလုပ်လိုက်မယ်။ မင်းက ဧည့်ခန်းထဲမှာနေပြီး စောင့်နေ"
"ကိုကို ကျွန်တော် ကိုကို့ရဲ့လက်ထောက် လုပ်ပေးမယ်"
မော့တိ ပျင်းပျင်းရိရိနေဖို့ ငြင်းပယ်လိုက်သည်။ သူ စွမ်းစွမ်းကို အောက်ချလိုက်ပြီး မီးဖိုဆောင်ထဲသို့ ဝင်သွားသည်။
"မလိုပါဘူး။ အဲဒါက ချက်ဖို့ လွယ်ပါတယ်။ လက်ထောက်မလိုပါဘူး ပြီးတော့..."
မုထျန်းဟန်က စွမ်းစွမ်းကို တွေးတွေးဆဆကြည့်၍
"မင်းနာမည်မပြောင်းလိုက်ဘူးဆိုရင် အရသာပိုကောင်းအောင်လို့ တကယ်ကြီး ကိုယ် မင်းကို ကူညီခွင့်ပေးခဲ့မှာ ဒါပေမဲ့ အခု မေ့လိုက်ကြရအောင်"
(TN: 算了吧က တစ်ခုခုကို မေ့လိုက်တော့ ဒါမှမဟုတ် စိတ်ထဲမထားပါနဲ့ လို့ဆိုလိုပါသည်။ အဲဒါက စွမ်းစွမ်း၏နာမည်နှင့် စကားလုံးချင်းတူပါသည်။)
အလွန် ရယ်စရာကောင်းသောကြောင့် မော့တိ အသံထွက်ကာရယ်မောလိုက်သည်။ သူ စွမ်းစွမ်း၏ ခြေဖဝါးလေးကို ကိုင်ထားပြီးပြောလိုက်သည်။
"ဟားဟား စွမ်းစွမ်း မင်းသိပြီလား? မင်းက ဟင်းခတ်အမွှေးအကြိုင်လေးပဲ!"
…
မုထျန်းဟန်နှင့် မော့တိတို့နှစ်ဦးသား နွေးထွေးပြီးချိုမြိန်မှုတွေကြား ပျော်ရွှင်နေကျချိန်တွင် မော့မိသားစုသည် မငြိမ်မသက် ဆူဆူပူပူ အခြေအနေဖြစ်နေကြသည်။
မော့ရှစ်ကွော် သူ့သားကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ တောင်ဝှေးကိုယူ၍ မော့စန်းကျစ်ဒေါသတကြီး ရိုက်လိုက်ပြီး
"မင်း အသုံးမကျတဲ့ကောင်! တော်တော်ကို အသုံးမကျဘူး။ ဒီနှစ်တွေအတွင်း အမေရိကမှာနေပြီး မင်း ဘာတွေသင်ယူခဲ့တာလဲ?! အကျင့်ပျက်ဖောက်ပြန်တဲ့သူဖြစ်ဖို့လား?! ယောက်ျားတွေကိုကြိုက်ဖို့လား?! လိင်တူချင်းဆက်ဆံတဲ့သူဖြစ်ဖို့လား?! ငါ မင်းကိုသေအောင်ရိုက်မယ်! အရှက်မရှိတဲ့ကောင်! ငါ မင်းကိုသတ်..."
"ဦးလေး! တော်ပါတော့! ဒီထက်ပိုပြီး တတိယအစ်ကိုကို မရိုက်ပါနဲ့တော့!"
မော့စန်းကျစ်အား တုတ်နှင့်ရိုက်မည်ကို မြင်ပြီး မော့လျှိုကွေ့သည် မော့ကျစ်စန်းအတွက် ကမန်းကတန်း ကာပေးလိုက်သည်။
"ဦးလေး သူ့ကို ဒီထက်ပိုပြီး မရိုက်ပါနဲ့တော့။ အစ်ကို အမှားလုပ်ခဲ့တာ ဘာမှမရှိဘူး"
"သူက ဘာအမှားမှ မလုပ်ခဲ့ဘူးလား... ဒီဟာက ဘယ်လိုလုပ် အမှားမဟုတ်ရမှာလဲ....ရှောင်ကွေ့ သူ့ကိုကာကွယ်ပေးမနေနဲ့။ ငါ ဒီအရှက်မရှိတဲ့ကောင်ကို ဒီနေ့သတ်ကိုသတ်ရမယ်! သူ ယောက်ျားတွေခေါ်လာတာကို ငါခွင့်မပြုနိုင်ဘူး။ အဲဒါ ငါတို့မိသားစုကို သိက္ခာကျစေတယ်!"
"ရှောင်ကွေ့...ရှောင်ကွေ့ အဝေးမှာနေ။ မင်း ငါ့ကိုကာကွယ်ပေးစရာ မလိုဘူး။ မင်းကိုမှားရိုက်မိရင် ငါပိုပြီးတော့တောင် စိတ်သောကရောက်ရလိမ့်မယ်"
မော့စန်းကျစ် ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။ သူ မော့လျှိုကွေ့ကိုကြည့်ပြီး သူ့ညီမသည်သာ အကောင်းဆုံးလို့ ခံစားရသည်။ ဘယ်သူကမှ အနားတိုးမလာကြပေ။
တစ်ယောက်ယောက်က သူမကို ထိခိုက်နာကျင်အောင် သူလုပ်ခွင့်ပေးမှာမဟုတ်ဘူး။
"တတိယအစ်ကို အစ်ကိုဒီလိုမျိုး အရိုက်ခံနေရတာကို ငါရပ်ကြည့်မနေနိုင်ဘူး"
မော့လျှိုကွေ့ နီရဲသောမျက်လုံးများနှင့် မော့စန်းကျစ်ကိုကြည့်လိုက်ပြီး မော့ရှစ်ကွော်ကိုကြည့်လိုက်သည်။ သူမ အသနားခံစွာဖြင့်
"ဦးလေး သူ့ကိုမရိုက်ပါနဲ့တော့။ ဆက်ရိုက်မယ်ဆိုရင် သူဆေးရုံရောက်သွားလိမ့်မယ်။ ဒါဆို နာကျင်ရတဲ့သူက ဦးလေးဘဲဖြစ်လိမ့်မယ်"
"ဟုတ်တယ် ရှစ်ကွော် သူ့ကိုမရိုက်ပါနဲ့တော့ ကျေးဇူးပြုပြီး..."
ဒုတိယအဒေါ်က သူနောက်၌ ငိုရှိုက်ရင်းပြောသည်။ သူမက မော့ရှစ်ကွော်၏ လက်ကိုကိုင်ပြီး အသနားခံကာဖြင့်
"ရှစ်ကွော် တောင်းဆိုပါတယ်။ ငါတို့ သူ့အမှားကို ပြန်ပြင်လို့ရသေးတယ်လေ။ ဒါပေမဲ့ သူ့ကိုတော့ အဲလိုရိုက်လို့မရဘူး"
မော့လျှိုကွေ့သည်လည်း ထပ်ပြောသည်။
"ဦးလေး စုန့်ယွီက တတိယအစ်ကိုကို လမ်းမှားရောက်အောင် သွေးဆောင်ဖျားယောင်းတာပါ ဒါပေမဲ့ အခုသူတို့ပြတ်သွားပါပြီ။ သူအဲဒီလူကို မကြိုက်တော့ပါဘူး။ သူ့ကိုဘာလို့ဆက်ပြီး အပြစ်ပေးနေရသေးတာလဲ...ဒီလိုလုပ်တာက သူ့တစ်ယောက်တည်းကိုပဲ နာကျင်စေလိမ့်မယ်"
"သူပြောခဲ့တာတွေကြောင့် သူပြောင်းလဲနိုင်မယ်လို့ ငါမယုံဘူး!"
မော့ရှစ်ကွော်၏ မျက်လုံးများက ဒေါသကြောင့် သွေးရောင်နီရဲနေသည်။
"ဒီလိုကောင်မျိုးကို ငါ့သားအဖြစ် အသိအမှတ်မပြုနိုင်ဘူး!"
"အဖေ ကျွန်တော်ပြောင်းလဲသွားပါပြီ။ တကယ်ကိုပြောင်းလဲသွားပါပြီ!"
မော့လျှိုကွေ့မျက်လုံးမှိတ်ပြသည်ကိုမြင်ပြီး မော့စန်းကျစ်က အချက်ပြကို နားလည်လိုက်ကာ အလျင်အမြန်ပင် နောင်တရနေသောအပြုအမူကို ဖော်ပြလိုက်သည်။
"အဖေ ကျွန်တော်မှားတာသိပါတယ်။ ဒါပေမဲ့ အခုပြီးသွားပါပြီ။ အဲဒီအချိန်တုန်းက ကျွန်တော်က စုန့်ယွီဖျားယောင်းသွေးဆောင်တာကို ခံရတာပါ။ သူ့ကို သဘောကျလာအောင်လုပ်တယ်။ အဖေမသိလို့ သူက တစ်ယောက်ယောက်ကို သွေးဆောင်တဲ့နေရာမှာ အရမ်းတော်တယ်"
"ဒါပေမဲ့ ကျွန်တော် အိမ်ပြန်လာတော့ ကျွန်တော် လှည့်စားခံလိုက်ရတယ်ဆိုတာ နားလည်သွားတယ်။ ကျွန်တော့်မှာ သူ့အတွက် ဘာခံစားချက်မှမရှိပါဘူး။ ကျွန်တော် သူနဲ့ လမ်းခွဲချင်ပေမဲ့ သူ ကျွန်တော့်ကို ဒီကို လာရှာမယ်လို့ မမျှော်လင့်ထားဘူး။ ကျွန်တော် လမ်းခွဲချင်တယ်ဆိုတာ သူသိလို့ ဒီလို မဟုတ်မမှန်အတင်းအဖျင်း စကားတွေကိုပြောခဲ့တာ။ အဖေ သူက ကျွန်တော် ပျက်စီးသွားတာကို လိုချင်တာ"
"ကျွန်တော် သူ့ကို လုံးဝမကြိုက်ဘူး။ အခု သူ့ကို မုန်းတောင်မုန်းသွားပြီ။ အဖေ ကျွန်တော် ယောက်ျားတွေကို မကြိုက်ပါဘူး။ မိန်းမတွေကိုဘဲ ကြိုက်တာပါ!"
"ရှစ်ကွော်! ရှစ်ကွော် ကြည့်ပါအုံး! ငါတို့သားက သူ့အမှားကို သိပြီးသားပါ။ သူပြောင်းလဲသွားပါပြီ။ သူ့ကိုမရိုက်ပါနဲ့တော့!"
ဒုတိယအဒေါ်က ငိုပြီး မော့ရှစ်ကွော်၏လက်ထဲက တောင်ဝှေးကို လှမ်းဆွဲလိုက်ကာဖြင့်
"စန်းကျစ်က မြေခွေးကောင်ရဲ့ ပြုစားမှုအောက်ရောက်သွားတာပါ။ အခု သူအဆင်ပြေပါပြီ။ အရင်တုန်းက မှားခဲ့တာကိုလည်း သူသိပါတယ်။ ပြီးတော့ မိန်းကလေးကိုပဲ ကြိုက်တုန်းပါ။ ဒါကြောင့် တောင်းဆိုပါတယ်။ သူ့ကိုခွင့်လွှတ်ပေးပါ ခွင့်လွှတ်ပေးပါ..."
မော့ရှစ်ကွော် ဒေါသထွက်ထွက်ဖြင့် "နင် တိတ်တိတ်နေစမ်း! သူ့ကိုအလိုလိုက်လွန်းလို့ သူကဆိုးနေတာ။ တစ်သက်လုံးစာအတွက် ဒီနေ့ကို သူအမှတ်ရနေအောင် ငါလုပ်ပေးမယ်!ငါ..."
"တော်သင့်ပြီ!" အဓိကထိုင်ခုံ၌ ထိုင်နေသော မိသားစုအကြီးအကဲသည် ဒေါသတကြီးအော်လိုက်သည်။ သူသည် လက်ဖက်ရည်ခွက်ကို ဘေးရှိစားပွဲပေါ်ထားလိုက်သည်။
မော့ရှစ်ကွော်သည် မော့မိသားစုအကြီးအကဲကို ကြည့်လိုက်ပြီး "အဖေ..."
"မင်းအော်နေတာ ရပ်လိုက်တော့! ငါ့ကို မင်းအဖေလို့ရော ထင်သေးရဲ့လား?!"
မော့အကြီးအကဲမှာ ဒေါသကြောင့် သူ့အသံကျယ်သွားသည့်အတွက် အသက်ကို ပြင်းပြင်းထန်ထန်ရှူထုတ်လိုက်သည်။
"သူ နောင်တရပြီးပြီ။ ဒါတောင် မင်းက သူ့ကို ဆေးရုံရောက်အောင်လုပ်နေတာလား? အဲဒီအကြောင်းသာ သတင်းပြန့်သွားပြီး လူတွေက မေးခွန်းထုတ်လာရင် ဘာဆက်ဖြစ်မလဲ...သူက လိင်တူချင်းကြိုက်တဲ့သူဖြစ်တာကြောင့် မင်းက သူ့ကိုဆေးရုံတင်ရလောက်အောင်အထိ ရိုက်လိုက်တာလို့ မင်းပြောမှာလား... ရှက်ဖို့ကောင်းတယ်ဆိုတာ ဘာလဲရော မင်းသိရဲ့လား...!"
"အဖေ အဲဒါက..."
မော့ရှစ်ကွော် သူ့လက်ထဲမှ တောင်ဝှေးကို ပစ်ချလိုက်ပေမဲ့ ဒေါသတော့ မပြေသေးပေ။
"အဖေက သူ့အတွက် အပြစ်လျော့အောင် လုပ်နေရုံပါပဲ။ ကျွန်တော်တို့ ဒါကိုဒီအတိုင်း ကျော်မသွားနိုင်ဘူး"
"ဘာလို့ မရ ရမှာလဲ...သူ သူ့အမှားကိုသိပြီး ပြုပြင်နေပြီ။ အဲဒါနဲ့မလုံလောက်သေးဘူးလား...မင်းက သူ့ကို ဘာလုပ်စေချင်သေးတာလဲ? သူယောက်ျားတွေ မကြိုက်ဘူးလို့လည်း ပြောခဲ့ပြီးပြီ။ မင်းသူ့ကို မယုံဘူးဆိုရင် ဒါဆိုဘာလဲ ယောက်ျားတွေကိုကြိုက်ပါတယ်လို့ပြောအောင် မင်းက သူ့ကိုတွန်းအားပေးနေတာလား..."
မော့အကြီးအကဲသည် မော့ရှစ်ကွော်ကို စိုက်ကြည့်လိုက်သည်။
ဒုတိယအဒေါ်က ဆက်ငိုနေတုန်းပင်။
"ဟုတ်ပြီ ချွေးမလေး ငိုမနေနဲ့တော့"
မော့အကြီးအကဲက လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သူ့အမူအရာက အနည်းငယ်ပြေလျော့သွားပြီး ပြောလိုက်သည်။
"စန်းကျစ်က ၂၇နှစ်ပြည့်ပြီးပြီ။ မငယ်တော့ဘူး။ မင်းအတွက် လက်တွဲဖော်ရှာဖို့ အချိန်ရောက်ပြီ။ မနက်ဖြန် မင်းနဲ့ အဆင့်အတန်းတူတဲ့သူတွေနဲ့ စကားစမြည်ပြောပြီး သင့်တော်တဲ့မိန်းကလေးရှိလားရှာကြည့်။ ရှိရင် သူတို့အတွက် ရက်တစ်ရက်ကို သတ်မှတ်ပေးပြီး သူ့ကိုတွေ့ခိုင်းလိုက်"
"ဟုတ်ကဲ့ နားလည်ပါပြီ အဖေ"
ဒုတိယအဒေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး သဘောတူလိုက်သည်။
ကြမ်းပြင်ပေါ်၌ရှိနေသေးသော မော့စန်းကျစ်သည် ဘာမှမပြောရဲပေ။ သူဖြည်းဖြည်းထလိုက်ပေမယ့် ဒူးထောက်ထားတုန်းပင်။
…
ဧည့်ခန်းထဲ၌ ကင်မရာတပ်ဆင်မထားသောကြောင့် မော့အိမ်တော်၌ ဘာဖြစ်သွားသည်ကို မော့တိမသိပေ။ သို့ပေမယ့် ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကိုတော့ ကြိုတင်ဟောကိန်းထုတ်နိုင်သည်။
မော့မိသားစု လိမ်ညာလက်ထပ်ဖို့ ကြိုးစားနေတာကို သူခွင့်မပြုနိုင်ပေ။
သူတို့စကားပြောနေသည်ကို စုန့်ယွီ မှတ်တမ်းမတင်ခဲ့သော်လည်း ကင်မရာ၌ မှတ်တမ်းတင်ထားသည်။ သူဒါကို ဦးလေးစုန့်အသံကိုပြောင်းပြီး သူ့နာမည်ကို ဖြတ်တောက်ပစ်ရန်သာ လုပ်ဖို့လိုသည်။ ဒါဆို ဒီဟာကို အင်တာနက်ပေါ်၌ သူ တင်လို့ရနိုင်သည်။
Xxxxxxx