အပိုင်း ၆၅
Viewers 29k

Chapter 65


မော့တိက ချန်ကျောင်းနှင့် အခြားသူများကို ကိုယ်ပိုင်စာကြည့်ခန်း၊ စာကြည့်တိုက်သို့ စတင်ခေါ်သွားလိုက်ပြီး ထို့နောက် ဂိမ်းဖန်တီးရန် အဆောင်ပြန်ကာ သူတို့ကို အချို့ programingအကြောင်းကို သင်ပေးလိုက်သည်။ အခြေခံအားဖြင့် သူဘယ်တော့မှ တစ်ယောက်တည်းမနေပေ။


အခြားတစ်ဖက်တွင် ချန်ကျောင်းနှင့် အခြားသူများသည် မျက်ရည်များကျနေကြသည်။ ကျောင်းစတက်ခါစပဲရှိသေးပြီး သူတို့ လုံလုံလောက်လောက် မပျော်ရသေးပေ။ သို့ပေမယ့် မော့တိက သူတို့ကို စိုက်ကြည့်နေတာ မြင်တော့ သူတို့ မငြင်းရဲချေ။ နောက်ဆုံးတော့ မော့တိက သူတို့ကို စေတနာထားပြီး လုပ်ပေးနေခြင်းဖြစ်ကာ သူက သူတို့ကို စာကျက်ဖို့ရာ တိုက်တွန်းရူံမျှမကဘဲ ဂိမ်းဘယ်လိုဖန်တီးသည်ကိုလည်း သင်ပေး၍ သူ့အဖွဲ့ထဲသို့ ဝင်ရန်ခွင့်ပြုပေးထားသေးသည်။


သူတို့သာ သူ့ကိုငြင်းလိုက်လျှင် သူ၏ကြင်နာမှုအပေါ် သူတို့ အလွန်မယဥ်ကျေးရာရောက်သွားမည်။


သို့နှင့် ရက်အတော်ကြာကြာပြီးနောက် စောင့်ကြည့်နေသော မျက်လုံးများ မရှိတော့ခြင်းကို မော့တိ သတိထားမိသွားသည်။


မော့တိ စိတ်သက်သာရာ ရသွား၏။ ဇွဲမလျှော့ရဲဘဲ သူ၏စာလေ့လာမှုနှင့် ဂိမ်းဖန်တီးမှုအပေါ် စိတ်ရောကိုယ်ပါ အာရုံစိုက်လို့ရပြီဖြစ်သည်။


 …


၎င်းသည် နောက်နှစ်ပတ်အတွက် မော့တိ၏ပုံမှန်အစီအစဉ်ဖြစ်သည်။ ပိတ်ရက်များ၌ မုထျန်းဟန်နှင့် စွမ်းစွမ်းတို့ကို အိမ်ပြန်၍ တွေ့ရန်မှလွဲ၍ သူ၏အားလပ်ချိန်အားလုံးနီးပါးကို ကွန်ပျူတာရှေ့၌သာ ကုန်ဆုံးလေ့ရှိသည်။


သူ၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးမဟုတ်ပေ။ ဂိမ်း၏နောက်ခံကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားပြီး NPC များကို ထပ်မံထည့်သွင်းထားကာ ကစားနိုင်သောဇာတ်ကောင်အသစ်အုပ်စုကိုလည်း မိတ်ဆက်ခဲ့သည်။ တင်ပြမှု နောက်ဆုံးရက် မတိုင်မီတစ်ရက်အလိုတွင် မော့တိက ရှင်းဝေသောင်အတွက် ပြီးပြည့်စုံသောupdateအသစ်ကို ပြိုင်ပွဲ၏တရားဝင်လူမှုကွန်ရက်စာမျက်နှာပေါ်၌ တင်ခဲ့သည်။


တစ်ချိန်တည်းမှာပင် ရှန့်ယွီချောင်က မော့တိကို အပြင်ထွက် ပျော်ရန် တိုက်တွန်းခဲ့ပြီး ပိုအရေးကြီးသည်က သူတို့စာလေ့လာခြင်းကို ကြီးကြပ်ဖို့ရာ အထဲတွင် ဆက်မနေရန် တိုက်တွန်းခဲ့သည်။


မော့တိမပြုံးဘဲမနေနိုင်တော့ချေ။


 "ဒါပေါ့ ငါသွားမှာပါ ဒါပေမဲ့ မသွားခင်..."


 


မော့တိ သူ့ဖုန်းကို လှုပ်ရမ်းလိုက်ပြီး 


"ငါ မင်းတို့ကို မုန့်ဝယ်စားဖို့ စာအိတ်အနီလေးတွေ ပေးမလို့လေ"


"ဝိုး! စာအိတ်အနီတွေ!" 


ရှန့်ယွီချောင် ချက်ချင်းပင် မော့တိကိုလွှတ်လိုက်ပြီး သူ့ဖုန်းကို လှမ်းယူလိုက်သည်။ 


"လေးဆယ်တောင်ရတယ်!!" 


ချန်ကျောင်း အော်လိုက်သည်။


"သေစမ်း! ငါက ၁၀ပဲရတယ်! ဘာလို့လဲ?! ဘာလို့ ငါက အဲဒီငဖျင်းကောင် ရတာထက်လေးပုံပုံတစ်ပုံပဲရတာလဲ" 


ချန်ကျောင်း အော်ဟစ်ပြောလိုက်သည်။


"ဟားဟားဟား...ဒီအဖေက ငါးဆယ်ရတယ်ကွ! လောင်းကစား ဘုရင်ကွ!" 


လင်ကျွင်းဖုန်က သူ့ဗိုက်ကို ပုတ်ပြီး ဝမ်းသာအားရ ရယ်မောလိုက်သည်။


"တစ်ယောက်ယောက် အထဲမှာရှိလား?" ထိုအချိန်မှာ ရုတ်တရက် တံခါးခေါက်သံထွက်လာသည်။


 "ခွင့်ပြုပါ ဝင်လာလို့ရမလား?"


"ဝင်ခဲ့ပါ" 


မော့တိ တံခါးဖွင့်လိုက်ပြီး အပြင်ဘက်၌ မော့တိ အရင်ကစကားပြောဖူးသည့် ကျောက်ချွန်းချန်က မတ်တပ်ရပ်နေသည်။


"ဒုက္ခများစေတဲ့အတွက် တောင်းပန်ပါတယ်။ ငါတို့အဆောင်က သန့်စင်ခန်းက လူပြည့်နေလို့ မင်းတို့ဟာကို သုံးလို့ရမလား?" 


ကျောက်ချွန်းချန် ရှက်ရှက်ဖြင့် မေးလိုက်သည်။


"ကိစ္စမရှိပါဘူး" 


ရှန့်ယွီချောင်နှင့် အခြားသူများကလည်း ပြဿနာမရှိသည်ကို မော့တိသိသောကြောင့် အားလုံးကိုယ်စား သူ ပြန်ဖြေပေးလိုက်သည်။ ပြီးနောက် သူလှည့်ပြီး သူ့အခန်းဖော်တွေကို ပြောလိုက်သည်။ 


"ဘာကိစ္စမှ မရှိရင် ငါ အခုသွားတော့မယ်။ မင်းတို့ နောက်နှစ်ရက်လောက် ကောင်းကောင်း အနားယူလိုက်အုံး"


"သွားတော့ သွား။ ရှောင်တိ မင်းလည်း ကောင်းကောင်းအနားယူအုံး" 


ရှန့်ယွီချောင်က လက်ပြပြောလိုက်သည်။


လင်ကျွင်းဖုန်းကလည်း...


 "သားလေး စောစောပြန်လာဖို့လည်း သတိရအုံး။ နောက်ဆုံးအခေါက်ကလိုမျိုး ပြန်လာဖို့ တနင်္လာနေ့မနက်ထိ စောင့်မနေနဲ့။ ဒီအဖေ စိတ်ပူရလိမ့်မယ်!"


"ရှောင်တိ မနက်ဖြန် မင်းအားရင် ငါတို့ ငါ့ဦးလေးဆီ သွားလည်လို့ရတယ်" 


ချန်ကျောင်း ပြောလိုက်ပြီး 


"ငါတို့ ဈေးကြီးတဲ့ဟာကို ဝယ်စားပြီး သူ့ပိုက်ဆံအိတ်ပြောင်သွားအောင်လုပ်ရအောင်!"


"မင်း ကျောင်းကပြန်တော့မှာလား?"


 ကျောက်ချွန်းချန် မော့တိ ပြန်ဖို့လုပ်နေသည်ကိုမြင်၍ ပြုံးကာ မေးလိုက်သည်။ 


 


"မော့တိ မင်းဘယ်ကို ပြန်မှာလဲ..."


"ငါက ဒီအတိုင်း အပြင်ထွက်လည်ရုံပဲ တစ်နေရာရာကိုပြန်မှာ မဟုတ်ဘူး" 


မော့တိ ကြုံသလိုဖြေလိုက်ပြီး


 "မင်း ရေချိုးခန်းကို မြန်မြန်သုံးသင့်တယ်"


"အင်း ငါလည်းသွားတော့မှာပါ။ တစ်ယောက်ယောက် ငါ့ကို ရေနွေးလေးပေးလို့ရမလား... ခေါင်းလျှော်ချင်ပေမဲ့ ရေပူမရှိလို့ ပြီးတော့ ရေချိုးခန်းထဲက အပူပေးစက်ကလည်း ပျက်နေလို့"


"မင်းက လူကြီးဖြစ်နေပြီ ခေါင်းလျှော်ဖို့ ရေပူသုံးတုန်းလား?"


ရှန့်ယွီချောင် အံ့ဩသွားသည်။


"ငါ အခု အအေးမိနေလို့လေ" 


ကျောက်ချွန်းချန်ပြုံးပြီးဖြေလိုက်သည်။ 


"နည်းနည်းလောက်ပဲ လိုတာပါ။"


"ဟုတ်ပြီ။ ငါ့ဓါတ်ဘူးထဲမှာ နည်းနည်းတော့ရှိတယ်။ မင်း သုံးလို့ရတယ်" 


ရှန့်ယွီချောင်က ကျောက်ချွန်းချန်ကို ပြောလိုက်သည်။


"ကျေးဇူးပဲ"


ကျေးဇူးတင်စကားပြောပြီးနောက် ကျောက်ချွန်းချန်က ရေချိုးခန်းကိုအသုံးပြုရန် ထွက်သွားသည်။ သူထွက်လာတော့ မော့တိမတ်တပ်ရပ်နေသော နေရာကို ဓါတ်ဘူးယူရန် သွားလိုက်သည်။


"အိုင်း အိုင်း အိုင်း အဲဒီတစ်ခုမဟုတ်ဘူး။ အဲဒါမော့တိဟာ။ ငါ့ဟာက အပြာရောင် အစင်းကြားနဲ့ နေပုံလေးပါတယ်"


 ကျောက်ချွန်းချန် မှားယူမိတော့မည်ကို မြင်ပြီး ရှန့်ယွီချောင် အချိန်မှီ တားလိုက်သည်။


"တောင်းပန်ပါတယ်" 


ကျောက်ချွန်းချန် ကို့ရို့ကားယားနိုင်စွာပြုံးလိုက်ပြီး ဓါတ်ဘူးယူရန် ရှန့်ယွီချောင်၏ကုတင်ဆီသို့ သွားပြီး အလျင်းသင့်သလိုပြောလိုက်သည်။


 "ရေချိုးခန်းထဲမှာ ခေါင်းလျှော်ရည်မျိုးစုံကို တွေ့ခဲ့တယ်။ မင်းတို့တွေကြည့်ရတာ အဲ့ဒါကိုအရမ်းဂရုစိုက်ပုံပဲ။ ငါတို့အဆောင်က လူတိုင်းကတော့ Rejoiceတစ်ဘူးကိုပဲ မျှသုံးကြတာ"


"အဲလောက် အများကြီးတော့မဟုတ်ပါဘူး။ ငါတို့မှာ သုံးမျိုးလောက်ပဲရှိတာပါ" 


လင်ကျွင်းဖုန် ကုတင်ပေါ်တက်ရင်း ပြောလိုက်သောကြောင့် ကုတင်သည် လှုပ်ရမ်းသွားသည်။ 


"ငါသုံးတဲ့ဟာက စူပါမားကတ်က Clear promotion packလေ။ ငဖျင်းကောင်ကလည်း အဲဒါပဲသုံးတာ။ ချန်ကျောင်း အဲဒီချေးများတဲ့ကောင်က နိုင်ငံခြားထုတ်ကုန် ယောက်ျားလေးသုံး ခေါင်းလျှော်ရည်အမျိုးအစားပဲ သုံးတာ။ အိုင်း သူတို့အားလုံးက ဒီအဖေကို စိတ်ပူအောင်လုပ်..."


"ဒါဆို Beikeက မော့တိဟာလား...အဲဒါ ကလေးသုံး ခေါင်းလျှော်ရည်မဟုတ်ဘူးလား?" ကျောက်ချွန်းချန် ရယ်ပြီး ပြောလိုက်သည်။


"အဲဒါက သူ အရမ်းချွေတာလွန်းလို့လေ။ အဲဒီဘူးက စူပါမားကတ် ကံစမ်းမဲကနေ ပေါက်တာ။ သူ အလကားမဖြစ်ချင်တာကြောင့် သုံးနေတာ" 


လင်ကျွင်းဖုန် ပြောကာ သက်ပြင်းချလိုက်သည်။ 


"ရုတ်တရက် ငါ့ရင်ဘတ်ထဲက နာကျင်လာသလိုပဲ။ ရှောင်တိက အရမ်းချွေတာလွန်းတယ်။ ဒါပေမဲ့ ငါတို့ကို စာအိတ်အနီတွေပေးတုန်းပဲ။ ပြီးတော့ ငါတို့ကလည်း ယူထားတယ်"


ရှန့်ယွီချောင် နှစ်ကြိမ်စုပ်သတ်လိုက်ပြီး ပြောလိုက်သည်။ 


"အားနာချင်ဟန်ဆောင်မနေစမ်းပါနဲ့ လောင်းကစားဘုရင်ကြီး!"


"ဒါဆို ရှောင်တိ ပြန်လာရင် သူ့ကို ထမင်းဝယ်ကျွေးရအောင်" 


ချန်ကျောင်းပြောလိုက်သည်။ 


"ငါတို့ကျောင်းအနောက်က ကိုယ်တိုင်ယူစနစ်နဲ့ BBQဆိုရင်ရော ဘယ်လိုလဲ?"


မော့တိကို ကောင်းကောင်းဆက်ဆံပေးဖို့ သုံးယောက်သား အစည်းအဝေးထိုင်ကြလေသည်။ ကျောက်ချွန်းချန်သည် တစ်ဖက်၌ ရပ်နေလိုက်ပြီး ခဏအကြာ ဝင်မဆွေးနွေးနိုင်တော့ဘဲ ရှန့်ယွီချောင်၏ ဓါတ်ဘူးကို ပြန်ထားလိုက်သည်။


 …


ထိုအချိန်တွင် မော့တိသည် အဆောင်မှထွက်ပြီးနောက် ဖန်ချန်းလောင်နှင့် ဟန်ချောင်ကိုသွားတွေ့ခဲ့သည်။


မော့တိ၏ဖိအားပေးမှုကြောင့် ဖန်ချန်းလောင်က နောက်ဆုံးတွင် သူ့မိဘများနှင့် မျက်နှာချင်းဆိုင်စကားပြောဆိုရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ သူတို့ဆန္ဒကို လိုက်လျောသည်းခံပေးခြင်းအတွက် အလဲအလှယ်အနေနှင့် သူ တစ်နှစ် လွတ်လပ်စွာ စိတ်ကြိုက်နေခွင့်ရရှိခဲ့သည်။ ယခု သူက တက္ကသိုလ်အနီးရှိ ဟန်ချောင် ငှားထားသောတိုက်ခန်းတွင် နေထိုင်နေသည်။


"ငါ့အမေဘယ်လောက် စိတ်ကြီးတယ်ဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး။ ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်လိုမျိုး သူမရဲ့ အပြင်ပန်းပုံသဏ္ဍာန်ကိုပဲ မင်းမြင်တာမလား? သူဒေါသထွက်တဲ့အခါ ကမ္ဘာကြီးပေါက်ကွဲသွားလုနီးပါးပဲ မဟုတ်ဘူး စကြာဝဠာကြီးပေါက်ကွဲတာနဲ့ ပိုတူတယ်!" 


ဖန်ချန်းလောင် သူ့အင်္ကျီလက်ကို ဆွဲလှန်လိုက်ပြီး 


"ကြည့်လိုက် ဒါက ငါ့အမေ ငါ့ကို အဝတ်လှမ်းတဲ့ချိတ်နဲ့ လုပ်လိုက်တာလေ"


"..." မော့တိက ပန်းရောင် အခြစ်ရာကို ကြည့်ကာ စာနာစိတ်မရှိဘဲ တွေးလိုက်သည်- နည်းလိုက်တာ။


“အိုင်း…” ဖန်ချန်းလောင်က သူ့ မကျေနပ်ချက်တွေပြောပြီးသွားပြီးနောက် သူ့ခြေထောက်များကို ဆိုဖာပေါ်တင်ပြီး ဖရဲသီးကို စတင်စားတော့သည်။


“ဒါပေမယ့် ကောင်းတဲ့အချက်ကတော့ နောက်ဆုံးမှာ သူမ သဘောတူလိုက်တာပဲ။ ငါ့အနုပညာနဲ့အောင်မြင်မှုတစ်ခုခုရပြီး ဝင်ငွေလေးသိန်းရဖို့ တစ်နှစ်အချိန်ပေးခဲ့တယ်။ မဟုတ်ရင် အထက်တန်းကျောင်းကို ချက်ချင်းပြန်တက်ရလိမ့်မယ်။ ငါ အရမ်းအသက်ကြီးသွားရင်တောင် ကောလိပ်ဝင်ခွင့်စာမေးပွဲ မအောင်မချင်း ပြန်တက်ရလိမ့်မယ်! ဒါကြောင့် ရှောင်တိ ငါ့အတွက် မင်းက အရမ်းအရေးကြီးတယ်။ ဒီပြိုင်ပွဲမှာ ငါတို့ လုပ်နိုင်သလောက်အစွမ်းကုန်ကြိုးစားပြီး တိုးတက်ရမယ် အနည်းဆုံး အဆင့်ကောင်းကောင်းရဖို့လိုတယ်။ မဟုတ်ရင် ငါအရမ်းဒုက္ခရောက်လိမ့်မယ်"


 ထိုအချိန်၌ ဟန်ချောင်က သူ့ကိုအော်လိုက်ပြီး 


 


"ဖန်ချန်းလောင် မင်း ဖရဲသီးအရည်တွေ ဆိုဖာပေါ်အကုန်လုံး စီးကျနေပြီ! ပြီးတော့ မင်းခြေထောက်တွေကို အောက်ချထားစမ်း!"


ဖန်ချန်းလောင် အောက်သို့ငုံ့ကြည့်လိုက်ပြီး နီရဲသော ဖရဲသီးအရည်နှစ်စက်ကို တွေ့သွားသည်။ သူ အလျင်အမြန် သူ့ခြေထောက်တွေကို အောက်ချလိုက်ပြီး တောင်းပန်စွာပြောလိုက်သည်။


 "ငါ ညကျရင် ဒါကို လျှော်ပေးမယ်။ အဆင်ပြေလား?" "."


အိုင်း အခြားသူတွေအပေါ်မှာ မှီခိုပြီးနေရတာ သနားဖို့ကောင်းလိုက်တာ။ ဒီတစ်နှစ်အတွင်းမှာ သူ့ကိုယ်သူ အောင်မြင်မှုရရှိအောင်လုပ်ရမယ်။


"ဒါကြောင့် ဂိမ်းကောင်းတစ်ခုဖန်တီးဖို့က ငါတို့အဖွဲ့အတွက် အရမ်းအရေးကြီးတယ်။ လာမယ့်လအနည်းငယ်အတွင်းမှာ ငါတို့အားလုံး အစွမ်းကုန်ကြိုးစားသင့်တယ်” 


မော့တိက စိတ်ဓါတ်ခွန်အားတက်ကြွစေရန် အဖွဲ့အား မိန့်ခွန်းစကားပြောပေးရသည့် ဝါရင့်ခေါင်းဆောင်တစ်ဦး၏ တာဝန်ကိုယူခဲ့သည်။ သူ ကျန်နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။ 


"ရှင်းဝေသောင်အတွက် ဒီအပ်ဒိတ်လုပ်ပြီးရင် ဒုတိယအဆင့်နဲ့ တတိယအဆင့် ထုတ်ပယ်မှုတွေကို ကျော်ဖြတ်နိုင်တယ်။ ဒါပေမယ့် အဲဒီနောက်မှာတော့၊ အဲဒါကိုသုံးပြီး ရှေ့ကို နောက်တစ်ဆင့်တက်နိုင်ဖို့က အရမ်းခက်ခဲတယ်။ ဒါကြောင့် သဘက်ခါကျရင် ဂိမ်းအသစ်ကို ငါတို့စလုပ်မယ်။ မနက်ဖြန် ငါ မင်းတို့ကို စာရွက်စာတမ်းတွေ ပို့ပေးမယ်"


"ဂိမ်းအသစ်က ဘယ်လိုပုံမျိုးလဲ?" 


ဖန်ချန်းလောင်မှာ စိတ်အားတက်ကြွစွာဖြင့် "ဒီလို အွန်လိုင်းဂိမ်းအမျိုးအစားပဲလား"


"အဲဒါက မတူဘူး ဒါပေမဲ့ မင်းတို့ မနက်ဖြန်ကျ သိပါလိမ့်မယ်"


မော့တိသည် သူ့အိတ်ထဲမှ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး - 


“အခုလုပ်ရမှာက အဖွဲ့ဝင်သစ်တွေ စုဆောင်းဖို့ပဲ။ အရည်အချင်း စစ်ဆေးခြင်းအဆင့်ကို အောင်မြင်ပြီးတဲ့ အဖွဲ့နှစ်ရာကနေ ဒီဇိုင်းဖန်တီးမှုစတိုင်ကောင်းကောင်းနဲ့ ဂိမ်းတချို့ကို မင်းတို့ ရွေးထားတယ်မလား? အဲဒီအထဲမှာ အဖွဲ့ခြောက်ဖွဲ့က ထုတ်ပယ်ခံရပြီး အဲဒီအဖွဲ့ထဲက ဒီဇိုင်းဖန်တီးသူတွေကို ငါ ဆက်သွယ်ပြီးပြီ။ သူတို့ထဲကသုံးယောက်က ငါတို့နဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားကြောင်း ဖော်ပြခဲ့တယ်။ ဒါကြောင့် မင်းတို့မှာ အသင်းဖော်အသစ်တွေ ရလာလိမ့်မယ်။ ဒီဟာတွေက သူတို့ရဲ့ အချက်အလက်တွေပဲ။ မင်းတို့ ရင်းနှီးအောင်ကြိုးစားသင့်တယ်"


မော့တိသည် ဖန်ချန်းလောင်ကို မှတ်စုစာအုပ်ကို ပေးလိုက်ပြီး 


"အဖွဲ့ဝင်အသစ် ၃ယောက် ဝင်လာရင် အဲဒီသူတွေနဲ့ ဒီဇိုင်းအဖွဲ့ ဆိုပြီး ဖြစ်သွားမှာ။ ဒါ့ကြောင့် မင်းတို့နှစ်ယောက်ထဲက တစ်ယောက်က ခေါင်းဆောင်လုပ်ဖို့ လိုတယ်။ ပြီးတော့ လုပ်ငန်းတာဝန်တွေကို သင့်လျော်အောင် သတ်မှတ်ပေးရမယ်။ ဒီတာဝန်ကို မင်းတို့ထဲက ဘယ်သူ ယူချင်လဲ?"


"ငါလုပ်ချင်တယ်!" 


Xxxxxxx