အပိုင်း ၆၆
Viewers 28k

Chapter 66


ဖန်ချန်းလောင် သူ့ပေါင်ကိုရိုက်ပြီးပြောလိုက်သည်။


 "ဒါပေမဲ့ ငါက အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးဆိုတာ ငါသိတယ်။ ဒါ...ဒါကြောင့် ဟန်ချောင်ပဲ ဖြစ်သင့်တယ်"


"အမ်...ငါကြိုးစားကြည့်ပေးမယ်" 


ဟန်ချောင်က ခံစားချက်ကို အနည်းငယ်သာ ဖော်ပြတတ်သော်လည်း သူ့တာဝန်များကို ဘယ်တော့မှ လျစ်လျူမရှုတတ်ပေ။


"ဟုတ်ပြီ" တကယ်တမ်း၌ ဟန်ချောင်သည် အဖွဲ့ခေါင်းဆောင်အဖြစ် ပိုပြီးအားကိုးရသည်ဆိုတာကို မော့တိလည်း သဘောတူသည်။ 


"နောက်ပိုင်းမှာလည်း ပရိုဂရမ်မာတွေ ပိုမိုပါဝင်လာလိမ့်မယ်။ ငါ မင်းတို့ကို အကြောင်းကြားလိုက်မယ်"


"ငါတို့အဖွဲ့က လုပ်အားနှင့် တရားဝင်အသုံးစရိတ်နှစ်ခုလုံးက တကယ် မလုံလောက်ဘူးပဲ" 


ဟန်ချောင်က ပြုံး၍ ပြောလိုက်သည်။ 


“ထုတ်လုပ်သူ၊ စီစဉ်သူ၊ ဒါရိုက်တာ၊ လူသစ်စုဆောင်းသူ၊ ရှောင်တိ၊ ဒါတွေအားလုံးကို မင်းပဲလုပ်နေရတယ်။ အခြားသူတွေက သရုပ်ဖော်တာတွေနဲ့ စမ်းသပ်မှုတွေကိုပဲ လုပ်ရတယ်။ အလုပ်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို မင်းတစ်ယောက်တည်းပဲ လုပ်နေရတယ်။ ဒီအတွက် ငါတို့ တကယ်ပဲ အပြစ်ရှိတယ်လို့ ခံစားရတယ်"


“အဲလို မဟုတ်ပါဘူး။ မင်းတို့ကလည်း အဖွဲ့အတွက် အရမ်းအရေးပါ ပါတယ်။ နောက်လာမယ့်ဂိမ်းအတွဲလိုက်အတွက် လူတိုင်းရဲ့အကူအညီကို ငါ လိုအပ်တယ်လေ။ ပြီးတော့ စမ်းသပ်မှုတွေရောပဲ”


 မော့တိ သူ့ဖုန်းထဲက မှတ်စုတိုကို စစ်ကြည့်ရင်း ပြုံးလိုက်၏။ 


 


“အဖွဲ့ဝင်သစ် သုံးဦးနဲ့ ငါက ထိတွေ့ဆက်ဆံမှု ရှိပြီးသား။ သူတို့က တော်တော့်ကို တော်တယ်။ မင်းတို့လည်း အဆင်ပြေပြေနေသင့်တယ်။ တခြားအပိုင်းတွေအတွက် ငါ သူတို့ကို ငှားလိုက်မယ်"


ဒါ့အပြင် သူတို့သည် ပြိုင်ပွဲအဆင့်တွင် ပါဝင်မည်မဟုတ်ပေ။ သီးခြားငှားရမ်းထားခြင်းဖြစ်သည်။ ညံ့ဖျင်းတဲ့သူတွေကို ရတာထက် အသံသွင်းသူ၊ အသံပြောင်းလဲသူတွေနှင့် အခြားအဖွဲ့ဝင်တွေအဖြစ် အသင့်တော်ဆုံးပြိုင်ပွဲဝင်တွေကို သူရွေးချယ်ဖို့ အချိန်ယူလို့ရနိုင်သည်။


"အင်း ငါတို့ မင်းပြောတဲ့အတိုင်းလုပ်မယ်။ နောက်ထပ်စာချုပ်အတွက် ငါတို့ဘယ်အချိန် လက်မှတ်ထိုးမှာလဲ?" 


ဟန်ချောင်မေးလိုက်သည်။


"မနက်ဖြန်မှ လုပ်တာပေါ့"


 မော့တိ သူ့ဖုန်းမှနာရီကိုကြည့်လိုက်ပြီးနောက် ဖယ်ထားလိုက်သည်။


 


 "အဓိကအချက်တွေက အဲဒါတွေပဲ။ ဘာမှပြောစရာမရှိတော့ဘူးဆိုရင် ငါသွားတော့မယ်။ မနက်ဖြန် တွေ့နေကျနေရာမှာပဲ တွေ့မယ်"


"ဒီမှာ တစ်ခုခုစားမသွားတော့ဘူးလား?" ဖန်ချန်းလောင်က ဖရဲသီးစေ့ကိုထွေးထုတ်လိုက်ပြီး မကျေနပ်သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ 


"မင်း ဘာလို့ မြန်မြန်ပြန်ချင် နေရတာလဲ? မင်း အဲဒီလူအို...လူအိုကြီးကို သွားတွေ့မလို့လား?"


ဖန်ချန်းလောင်က တည်ငြိမ်မှုကို ထိန်းထားသော်လည်း စိတ်ထဲ၌ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ လွတ်သွားလု မတတ်ပင်။


"..." 


မော့တိ: "အခြားသူတွေကို အဓိပ္ပါယ်မရှိတဲ့ နာမည်ပြောင်တွေ လိုက်မပေးနဲ့။ သူက ခုမှ 28နှစ်ပဲရှိသေးတယ်။ ဘာလို့သူက အသက်ကြီးရမှာလဲ?"


"28နှစ်က အသက်မကြီးဘူးလား? သူက မင်းထက် 11နှစ်တောင်ကြီးတယ်!" 


ဖန်ချန်းလောင်မှာ စိတ်သောကရောက်စွာ ပြန်ပက်ပြောဆိုမိသည်။


မော့တိ အကျိုးအကြောင်းမဆီလျော်ဟူ၍ ခံစားရသည်။


 "ငါ့ထက် 11နှစ်ကြီးတာနဲ့ သူက အသက်ကြီးတယ်လို့ မဆိုလိုဘူးလေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းဘာလို့ ခေတ်မမှီရတာလဲ?"


"ငါ အခု တကယ် သွားရမှရမယ်။ ငါပြန်ရောက်ရင် ဂိမ်းအသစ်အတွက်အသေးစိတ် အချက်အလက်တွေနဲ့ ပုံစံတွေကို အပြီးသတ်အောင်လုပ်ရမယ်။ မဟုတ်ရင် ငါ မင်းတို့ဆီကို အချိန်မီပေးနိုင်မှာမဟုတ်ဘူး"


ဖန်ချန်းလောင် သူပြောချင်သည်များကို ပြန်မြိုချလိုက်ရသည်။


ထားလိုက်ပါတော့။ သူ့ခေါင်းက မဟုတ်တဲ့အတွေးတွေနဲ့ ပြည့်နေတာဖြစ်ရမယ်။ နောက်ပြီး အဲဒါကြောင့် သူအတွေးလွန်နေတာမလား? မုထျန်းဟန်က အရည်အချင်းရှိပြီး ထက်မြက်တယ်။ သူက အဲလို တိရိစ္ဆာန်ကောင် မဟုတ်လောက်ပါဘူး...ဟုတ်တယ်မလား?


မော့တိ ဗီလာသို့ပြန်ရောက်သောအခါ မုထျန်းဟန် ပြန်မရောက်သေးပေ။ သူ့ခြေထောက်နား၌ မရပ်မနား ခုန်ကစားနေသော စွမ်းစွမ်းကို သူ အေးအေးဆေးဆေး ကောက်ချီလိုက်သည်။ ဂိမ်းအသစ်၏အသေးစိတ်အချက်အလက်များကို အပြီးသတ်လုပ်ဆောင်ရန် သူ စာကြည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။


စွမ်းစွမ်းသည် သူ့ပေါင်ပေါ်တွင် နာခံမှုရှိစွာ လှဲနေပြီး နူးညံ့ပျော့ပျောင်းသော လက်နွေးအိတ်လေးလို ပြုမူသည်။ မော့တိကို အနက်ရောင် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် စိုက်ကြည့်ကာ ၎င်း၏အမြီးကို ရွှင်မြူးစွာ လှုပ်ခါရမ်းနေသည်။


သူ့တာဝန်ဆယ်ပုံတစ်ပုံ ပြီးသောအခါ မော့တိက လွန်ခဲ့သည့် နှစ်ရက်လုံးလုံး မော့မိသားစု၏ လှုပ်ရှားမှုများကို စောင့်ကြည့်မနေခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။ သူ လက်တော့ပ်ကိုဖွင့်ပြီး လွန်ခဲ့သည့်နှစ်ရက်ကအကြောင်းကို စောင့်ကြည့်စစ်ဆေးခဲ့သည်။


မော့တိ နားကြပ်ကိုတပ်လိုက်ပြီး မျက်နှာပြင် မြင်ကွင်းကို နေ့အချိန်မှ ညအချိန်ရောက်သည်အထိ မြန်မြန်ကျော်လိုက်သည်။ မော့ဝုဟန်နှင့် မော့လျှိုကွေ့တို့ သူ့အရင်အခန်းဟောင်းအပြင်ဘက်ရှိ စင်္ကြန်လမ်း၌ ပေါ်လာခဲ့သည်။ သူတို့နှစ်ယောက်လုံးကို ကြည့်ရတာ ဒုက္ခရောက်နေပုံပင်။


“ဘာပဲဖြစ်ဖြစ် ငါ သူ့ကို အဲဒါကြောင့် အရမ်းမုန်းတယ်။ သူငါ့ကို ဒီလောက်ကြီး ချုပ်ကိုင်ထားမယ်လို့ ဘယ်သူထင်မှာလဲ? ငါ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်တောင် လွှတ်ထားသေးတယ်!" 


မော့လျှိုကွေ့၏ အသံကို နားကြပ်မှ တိုးတိုးလေး ကြားလိုက်ရသည်။


"ဒီအတွက် ချင်ချန်းယီက အပြစ်ရှိပေမယ့် သူက မင်းကို ကာကွယ်ပေးဖို့ ကြိုးစားပေးနေရုံပဲ။ ရှောင်ကွေ့ မင်း ကျောင်းစတက်ကတည်းက မင်းကို ယောက်ျားဘယ်နှစ်ယောက်လောက် ချဉ်းကပ်လာလဲဆိုတာ မင်း မမြင်ဘူးလား? သူတို့က ငန်းအသားကိုစားချင်နေတဲ့ ဖားပြုတ်တွေလောက်ပဲ။ ကျောင်းထုတ်ခံရဖို့ ထိုက်တန်တယ်"


မော့ဝုဟန်သည် သူ၏နှာခေါင်း နှစ်ကြိမ်ကျိုးပြီးနောက် နှာခေါင်းရိုးပြန်ပေါက်လာသော်လည်း အနည်းငယ် ကောက်သွားသည်။ ထို့ကြောင့် သူ၏ နေရောင်ခြည်လိုကြော့ရှင်းသည့် အသွင်အပြင်ဖြင့် မိန်းကလေးများကို ဆွဲဆောင်နိုင်တော့မည် မဟုတ်ပေ။


“ပဉ္စမအစ်ကို၊ အစ်ကို သူ့ကို ဒီထက်ပိုပြီး အကောင်းကူပြောပေးနေရင် အစ်ကို့ကို လျစ်လျူရှုထားတော့မှာနော်!”


"အင်း အင်း အင်း ငါမပြောတော့ဘူး။ ဒါပေမဲ့ ချင်ချန်းယီက အဲဒီတိရစ္ဆာန်ကောင်ကို တကယ် စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ခိုင်းသင့်တယ်။ သူ့ကို ရိုက်နှက်ဖို့ အခွင့်အရေးရှာပြီး သတ်ပစ်သင့်တယ်"


မော့လျှိုကွေ့ သူမ၏ခြေလှမ်းများကို နှေးလိုက်ကာ စိတ်လှုပ်ရှားမှုအနည်းငယ်ဖြင့်ပြောလိုက်သည် - 


"ပဉ္စမအစ်ကို ရှောင်တိကို စောင့်ကြည့်ဖို့က မမှန်ကန်ဘူး။ အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောပါနဲ့"



ထို့နောက် နှစ်ယောက်သား မြင်ကွင်းထဲမှ ထွက်သွားကာ အသံများလည်း တဖြည်းဖြည်း တိတ်သွားသည် ။ မော့တိသည်လည်း အဆင်ပြေမနေပေ။ သူသည် မှတ်တမ်းတင်ထားသည်ကို အလျင်အမြန် ကျော်ကြည့်လိုက်သည့်တိုင် အခြား သတင်းအချက်အလက် တစ်စုံတစ်ရာ မရှိခဲ့ပေ။


မော့တိက ထိုကင်မရာအတွက် မြင်ကွင်းကိုပိတ်လိုက်ပြီး မော့စန်းကျစ်၏အခန်းထဲရှိ တစ်လုံးကိုဖွင့်လိုက်သည်။


ဤအခေါက်တွင် အသုံးဝင်သော အချက်အလက်များက နောက်ကျမှ ရောက်လာသည်။ မှတ်တမ်းတင်ထားမှုပြီးဆုံးခါနီးတွင် မော့တိက မော့စန်းကျစ်နှင့် မော့ဝုဟန် မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။


"တတိယအစ်ကို စုန့်ယွီ ဒီကိုရောက်လာတာက အဲဒီတိရစ္ဆာန်ကောင်လုပ်တယ်ဆိုတာ သေချာလား?"


“ဟုတ်တယ်။ စုန့်ယွီရဲ့တူလေးက မော့တိနဲ့ အတန်းတူနေတာကို ငါရှာတွေ့ထားတယ်။ အဲဒါက အဲဒီအမှိုက်ကောင်ရဲ့အစီအစဉ်ပဲ ဖြစ်ရမယ်"


မော့စန်းကျစ်သည် သုန်မှုန်နေသော မျက်နှာဖြင့် သွားများကို ကြိတ်ကာ - “အရင်တုန်းက စုန့်ယွီက တစ်ခါမှ သံသယ မ၀င်ဖူးဘူး။ သူနဲ့လည်း ဆက်ဆံရလွယ်တယ်။ အဲဒါက အဲဒီတိရစ္ဆာန်ကောင်ရဲ့လက်ချက်ပဲ ဖြစ်ရမယ်။ သူ ငါ့ကို ဒုက္ခပေးဖို့ကြိုးစားတယ်! ငါ သူ့ကို သတ်ပစ်ရမယ်!"


"ငယ်ငယ်လေးကတည်းက ကျွန်တော်တို့ သူ့ကို သေအောင်ရိုက်သတ်ခဲ့သင့်တာ။ ကျွန်တော်တို့ သူ့ကို သင်ခန်းစာတစ်ခုပေးတိုင်း တားတတ်တဲ့ ရှောင်ကွေ့ရဲ့ ကြင်နာမှုကြောင့်သာမဟုတ်ရင် အခု သူသေနေလောက်ပြီ ဒါမှမဟုတ် ဒုက္ခိတဖြစ်နေလောက်ပြီ! သူ ဘာလို့ ဒီလို ရန်လိုပြီး မုန်းစရာကောင်းရတာလဲ?!" မော့ဝုဟန်က ဒေါသတကြီးဖြင့် “ဒါပေမယ့် အခု သူ့အပေါ် လက်လေးတင်ဖို့က ငါတို့အတွက် စဥ်းစားဥာဏ်မဲ့ရာကျလွန်းတယ်။ သူက မော့မဟုတ်တော့ဘူး။ သူ့ကို ရိုက်နှက်တာက ရိုးရှင်းတဲ့ မိသားစုရန်ပွဲသာသာ မဟုတ်တော့ဘူး"


"ရတယ်။ ငါ့မှာ နည်းလမ်းရှိတယ်"


 မော့စန်းကျစ်က လှောင်ပြောင်လိုက်သည်။


 “သူ့ကို ငါ့ထက် အဆပေါင်း ထောင်သောင်းမက ဆိုးစေချင်တယ်"


"တတိယအစ်ကို အစ်ကိုဘာတွေ စီစဥ်နေတာလဲ?"


“မော့တိရဲ့ပတ်ဝန်းကျင်က သံပြား မဟုတ်တော့ဘူး၊ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ တစ်ခုခုဖြစ်လာလိမ့်မယ်"


“တတိယမြောက်အစ်ကို…” 


မော့ဝုဟန် သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း 


“အစ်ကို တစ်ယောက်ယောက်ကို လာဘ်ထိုးခဲ့တာလား?"


“ဒီထက်ပိုပြီး မမေးနဲ့တော့။ စကားများများပြောလေ အမှားတွေပိုများလေပဲ။ ရလဒ်ထွက်လာရင် မင်းသိပါလိမ့်မယ်”


 မော့စန်းကျစ် ကုတင်ပေါ်လှဲချလိုက်ပြီး 


 


"ကောင်းပြီ ဒါဆို အခု မင်းအခန်းကို မင်းပြန်သင့်ပြီ"


မော့ဝုဟန်မှာ စပ်စုချင်နေသေးသော်လည်း မော့စန်းကျစ်စိတ်တိုနေသည့ကိုမြင်လိုက်ရသဖြင့် နောက်ဆုံးတွင် သူ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။


 …


မှတ်တမ်းတင်မှု ပြီးဆုံးသွားချေပြီ။


မော့တိ မျက်လုံးများက အေးစက်သွားသည်။ သူသည် နောက်ဆုံးနှစ်မိနစ်အတွင်း ပြောခဲ့သောစကားများကို အကြိမ်ကြိမ်နားထောင်ခဲ့သည်။


"သံပြားမဟုတ်တော့ဘူး..." 


အဲဒါက သူဘာကို ဆိုလိုတာလဲ?


မော့စန်းကျစ်က သူ့ကိုဖမ်းဖို့ သူ့ပတ်ဝန်းကျင်ကလူတွေကို အသုံးချဖို့ စီစဉ်နေတာလား?


မော့တိမှာ ဒေါသထွက် ရွံရှာသွားသော်လည်း အေးဆေးစွာ ထိန်းချုပ်ထားလိုက်သည်။ ယခု သူနှင့် ဆက်သွယ်သည်က လူအုပ်စု သုံးအုပ်စုပဲ ရှိသည်။ မုထျန်းဟန်နှင့် လိုင်သယ်စစ် သူတို့နှစ်ဦးက လုံးဝယုံကြည်ရပြီး သူတို့အား သံသယကင်းကင်းဖြင့် ဖယ်ထုတ်နိုင်သည်။ ဒုတိယအုပ်စုမှာ သူ့အခန်းဖော်တွေဖြစ်ပြီး တတိယအုပ်စုမှာ ဂိမ်းထုတ်လုပ်ရေးအဖွဲ့ဖြစ်သည်။


ဤအုပ်စုနှစ်စုတွင် သူသည် ရှန့်ယွီချောင်၊ လင်ကျွင်းဖုန်၊ ချန်ကျောင်း၊ ဖန်ချန်းလောင်နှင့် ဟန်ချောင်တို့၏ စရိုက်ကို ယုံကြည်သောကြောင့် ၎င်းတို့ကို လောလောဆယ် ဖယ်ထုတ်နိုင်သည်။ သို့သော် သူသည် အစောင့်အကြပ်ကိုတော့ မလျှော့သေးပေ။ အခြားကျန်နေသောကျောင်းနှင့် ဒီဇိုင်းဖန်တီးသူအသစ် သုံးဦးအတွက်မူ သူတို့အပေါ် အထူးသတိထားရမည်ဖြစ်သည်။


မော့စန်းကျစ်၏ အပြုအမူအရ၊ ထိုလူမှာ သူနှင့် အများကြီး အဆက်အသွယ် လုပ်နိုင်သူ ဖြစ်ရမည်။ နောက်ထပ် အခြားအုပ်စုကို ခွဲထုတ်ပါက ကျန်ခဲ့သည်မှာ စီနီယာနှစ်ဦးဖြစ်သည့် ကျောက်ချင်ကုန်းနှင့် စွန်းရှုရှု ၊ နည်းပြဆရာ လျှိုချောင်ဟဲ၊ စာကြည့်တိုက်မှူး၊ ဆရာစွန်း ပြီးတော့ ...


သူနှင့် အကြိမ်ကြိမ် စကားပြောချင်နေသော ကျောက်ချွန်းချန်ရောပင်။


တစ်ခုခုလွဲနေပြီကို နားလည်သွားသည့်အတွက် မော့တိ၏မျက်လုံးများက ပြောင်းလဲသွားသည်။


ဤမနက်၌ အသေးစိတ်အချက်လေးတွေကို သူ လျစ်လျူရှုထားမိပုံပင်။


ကျောက်ချွန်းချန် သူတို့ရေချိုးခန်းနှင့် ရေကို ချေးရန် လာစဥ်က သူ့အကြည့်က မော့တိနှင့် သူနေထိုင်သောနေရာအပေါ်မှာသာ အမြဲရှိနေခဲ့သည်။ သူ့အိပ်ရာ၊ သူ့ကုလားထိုင်နှင့် စားပွဲအားလုံးသည် သူ့အတွက် အထူးစိတ်ဝင်စားစရာကောင်းပုံရသည်။


မော့တိ ချက်ချင်း ရှန့်ယွီချောင်နှင့် သူငယ်ချင်းတစ်စုကို ဖုန်းခေါ်ရန် သူ့ဖုန်းကိုဆွဲထုတ်လိုက်သည်။


"လောင်ဟန် မင်းဘယ်မှာလဲ?"


"အာ? ငါတို့ Go clubမှာ ရှိနေတာလေ။ ဘာလို့လဲ? ပြန်လာချင်လို့လား?" 


ရှန်းယွီချောင်၏ဘက်က တော်တော်လေး ဆူညံနေသည်။


“မဟုတ်ဘူး။ ငါ မင်းကို တစ်ခုလောက်မေးချင်လို့။ ကျောက်ချွန်းချန်က ငါ့အကြောင်း တစ်ခုခုပြောသေးလား ဒါမှမဟုတ် ငါထွက်သွားပြီးနောက် တစ်ခုခုလုပ်ခဲ့သေးလား? ဘာလို့ သူက WeChat မှာ တောင်းပန်စာပို့ထားတာလဲ?"


"ဟာ? ! ထူးထူးခြားခြား ဘာမှ မရှိပါဘူး။ ရေချိုးခန်းသုံးဖို့ သွားပြီးတော့ ရေတောင်းတယ်” 


ရှန့်ယွီချောင် စိတ်ရှုပ်သွားသည်။ သေချာစဥ်းစားပြီးနောက် သူက 


“အိုး၊ မင်း Baike ခေါင်းလျှော်ရည်သုံးတယ်ဆိုတာ သူသိတော့ သူက ကလေးအမှတ်တံဆိပ်တစ်ခုလို့ ပြောခဲ့တယ်။ အဲဒီနောက်တော့ သူက မင်းရဲ့ဓါတ်ဘူးကို မှားယူလုနီးပါး ဖြစ်သွားတယ်။ ဒါပေမယ့် ဒါကမပြောပလောက်ပါဘူး၊ သူဘာကြောင့် မင်းကိုတောင်းပန်ရတာလဲ?"


“သူက အရမ်းယဉ်ကျေးလွန်းတာကြောင့် ဖြစ်နိုင်တယ်။ ကိစ္စသေးသေးလေးတွေအတွက်တောင် တောင်းပန်တယ်။ အဆင်ပြေပါတယ်” 


မော့တိက ပြုံးပြီး 


“ဒါပေမယ့် လောင်ဟန်၊ မင်း ဘယ်သူ့ကိုမှ အဲဒီငါမေးတဲ့အကြောင်းကို မပြောနဲ့နော်။ ငါက သဘောထားသေးသိမ်ပြီး ကျောက်ချွန်းချန်က ငါ့ကို ပေါင်းသင်းဆက်ဆံဖို့ ကြောက်နေတယ်လို့ ဒါက လူတွေကိုထင်စေလိမ့်မယ်"


"စိတ်မပူပါနဲ့။ ဒီအကြောင်းကို ငါက ဘာလို့ဖြန့်ရမှာလဲ? အိုး မဟုတ်ဘူး မဟုတ်ဘူး။ ဒီမှာ ငါ အလုပ်ရှုပ်နေတယ်။ ရှောင်တိ ငါ ဒီထက်ပိုပြီး မင်းနဲ့ စကားပြောလို့မရတော့ဘူး။ ဘိုင့်!"


Xxxxxxxxx