Chapter 69
မော့တိက ထိုခေါင်းလျှော်ရည်ပုလင်းကို လွှင့်ပစ်မည်ဟု ပြောတာကြားပြီး ကျောက်ချွန်းချန် သိသိသာသာ စိတ်သက်သာရာ ရသွားသော်လည်း သူ့ပစ္စည်းများကို ချန်ထားခဲ့ရသဖြင့် သူ့မျက်လုံးများက ထိတ်လန့်နေတုန်းပင်။
ကျောက်ချွန်းချန်မှာ ရေချိုးရန် စိတ်မပါတော့ပေ။ သူက အဆောင်သို့ ပြန်သွားကာ ထိုလူကို သတင်းပို့ရန် ပြင်ဆင်သည်။
အရာရာက ထိန်းချုပ်မှုအောက်မှ မည်သို့ လွတ်သွားသည်အား သူနားမလည်ပေ။ သူ့အကြံအစည်က အမှားအယွင်းကင်းပြီး သူသည်လည်း အမြဲတမ်း အသေးစိတ် ဂရုတစိုက် သူ လုပ်ခဲ့သည်။
ရေချိုးပြီးပါက သူ့လက်ဗွေရာတွေ ပျက်သွားမည်ကို သိနေသော်ငြား ပုလင်းများကို ကိုင်တွယ်သည့်အခါ သူ လက်အိတ်တွေကို ၀တ်ထားဆဲပင်။ ပုလင်းများကို လဲခဲ့သောသူက သူဆိုသည်ကို သူတို့ ခြေရာခံဖို့ နည်းလမ်းမရှိပေ။ မော့တိ ယင်းကို ရဲတွေထံ ယူသွားလျှင်ပင် သူ့ကို အပြစ်တင်စွပ်စွဲ၍ မရပေ။
အဆိုးဆုံးဖြစ်ရပ်အနေနှင့် ခေါင်းလျှော်ရည်ပုလင်းက သူ့ဟာဖြစ်ကြောင်း ရဲတွေသိသွားလျှင် မော့တိကသာ သူတို့ပုလင်းတွေကို မှားယူသွားတဲ့သူဖြစ်ကြောင်း ပြောလိမ့်မည်။ အထဲရှိ ဆာလဖျူရစ်အက်ဆစ်နှင့် ပတ်သတ်ပြီး တစ်ယောက်ယောက်က သူ့ကို ထိခိုက်စေဖို့ ကြိုးစားတယ်ဟုသာ သဘောထားလိမ့်မည်။
ရဲတွေက သူ့ထွက်ဆိုချက်အား စစ်ဆေးပါက ကျင်းသာ့မှာ ကျောင်းတက်နေသည့် ဓာတုဗေဒ အတန်းဖော်ဟောင်း လုတင်းကျိုးနှင့် အဆက်မပြတ် ရန်ဖြစ်နေခဲ့သည်ကို ရှာတွေ့ကြလိမ့်မည်။ သူ လုတင်းကျိုးကို ဒုက္ခရောက်အောင် ဆွဲခေါ်ဖို့ ဤအခြေအနေကို အခွင့်ကောင်း ယူ၍လည်း ရသေးသည်။ သင့်လျော်စွာပင် လုတင်းကျိုးသည် ဓာတုဗေဒဘာသာရပ်ကိုလည်း သင်ယူခဲ့သဖြင့် ဓာတုပစ္စည်းများကို လွယ်ကူစွာ သုံးစွဲနိုင်သည်။ ထို့အပြင် သူက ယနေ့နံနက်၌ သူ့အဆောင်သို့ လာတွေ့ပြီး သူတို့နှစ်ဦး ဒေါသတကြီး ငြင်းခုံခဲ့ကြရသည်။
ယင်းက ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပင်!
မည်သည့်ကိစ္စပင်ရှိရှိ သူက သံသယ ကင်းရှင်းလိမ့်မည်။ ယခုတစ်ကြိမ်တွင် မော့တိက ဒဏ်ရာအနာတရမရှိ လွတ်မြောက်သွားပြီး အနာဂါတ်၌ သူက ပိုမိုသတိရှိနေမှာပင်။။ ဒါကို ...ကြိုမပြောနိုင်ပေ!
မော့တိ၏ကံမှာ အလွန်ကောင်းနေရုံသာ!
ကျောက်ချွန်းချန် ထွက်သွားပြီးနောက် လင်ကျွင်းဖုန်သည် စိတ်မပျော်ရွှင်ရုံသာမက အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
"ကျောက်ချွန်းချန် ဒီနေ့ နည်းနည်းထူးဆန်းနေတယ်"
"ဘယ်လိုလုပ် သူ မထူးဆန်းပဲနေမှာလဲ?"
မော့တိသည် သူ့ဖုန်းကို ထုတ်လိုက်ပြီး သူ့မျက်နှာက အေးစက်သွားသည်။
“နောက်ပိုင်း ရဲတွေရောက်လာရင် ကျေးဇူးပြုပြီး ငါကို သက်သေလုပ်ပေး။ ကျောက်ချွန်းချန် ဘယ်လိုသရုပ်ဆောင်နေလဲဆိုတာကို မင်း အမှန်အတိုင်းပြောပြရုံလေးပဲ"
"ဘာတွေဖြစ်နေတာလဲ? ဘာလို့ ရဲတွေက ပါလာရတာလဲ?!"
လင်ကျွင်းဖုန်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
"ဘာလို့လဲဆိုတော့ ငါ့ခေါင်းလျှော်ရည်ပုလင်းကို ပြောင်းထားတဲ့သူက သူဆိုတာကို ငါသိနေလို့လေ"
မော့တိက သူ့ဖုန်းကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး အေးဆေးတည်ငြိမ်သောအသံဖြင့် အတိုချုံးရှင်းပြသည်။
"ပထမတော့ သူက ချွေတာတတ်လို့ သူ့ရဲ့တစ်ဝက်သုံးထားတဲ့ ပုလင်းကို ငါ့ပုလင်းအသစ်နဲ့ လဲလိုက်တာလို့ ငါ ထင်နေတာ။ ဒါကြောင့် အဲဒါကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့ မစီစဉ်ထားဘူး။ ဒါပေမယ့် ဒီခေါင်းလျှော်ရည်က တစ်ခုခု လွဲမှားနေတာကြောင့် အခုလေးတင် ငါနားလည်လိုက်တယ်။ ဒါဟာ ရိုးရှင်းတဲ့ လဲလှယ်မှုတစ်ခု မဟုတ်ဘူး"
"ချီး! ကျောက်ချွန်းချန် အဲဒီ မအေ-ိုး!”
လင်ကျွင်းဖုန်က စိတ်ပျက်ကာ ဒေါသအကြီးအကျယ်ထွက်သွားပြီး
"သူ ခေါင်းလျှော်ရည်ကို တစ်ခုခုလုပ်လိုက်တာလား?!!"
"ဘုရားရေ"
စွန်းရှုရှုလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး
"သူ ဒီလောက် ထူးဆန်းတဲ့ အပြုအမူတွေလုပ်ပြီး ဂျူနီယာလေးငါ့ကို နည်းနည်းလောက် ပေးဖို့ ခွင့်မပြုတာ အံ့သြစရာတော့ မဟုတ်ဘူး"
"အဲဒါက...ဆာလဖျူရစ်အက်ဆစ် ဖြစ်နိုင်လား?"
စွန်းရှုရှု၏အခန်းဖော်သည် လူတိုင်းကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး
“တကယ်ကြီးလား? ငါထင်တာမှန်နေတာလား?!"
"စစ်ဆေးပြီးရင် ကျွန်တော်တို့ သိရမှာပါ” မော့တိသည် 110 ကို ခေါ်လိုက်ပေမယ့် လိုင်းမအားပေ။ (Eng TN:???? စာရေးသူ တကယ် ရေးထားတာတွေပါ)
သူက တခြားသူတွေကို ပြောလိုက်သည်။
“ကျွန်တော်တို့… အနီးနားက ရဲစခန်းကို အတူတူ သွားလို့ရမလား? ဒါပြီးရင် အားလုံးကို ကျွန်တော် ညစာလိုက်ကျွေးပါ့မယ်"
မော့တိက အဖြစ်အပျက်ကို ရဲစခန်းသို့အကြောင်းကြားလိုခဲ့သည်။ တိုက်ဆိုင်စွာပင် သူမော့မိသားစုနှင့် လမ်းခွဲစဉ်က မော့ရှစ်ဟုန်ကို တာဝန်ယူခဲ့သောအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ရဲမေနှင့် တွေ့ဆုံခဲ့သည်။
ရဲမေ၏အမည်မှာ ယွီဖန်းယွီဖြစ်သည်။ သူမကကြင်နာတတ်ကာ တာဝန်ယူတတ်သူဖြစ်သည်။ သူမနှင့် သူမ၏လုပ်ဖော်ကိုင်ဖက်အများအပြားက မော့တိနှင့် သူ့ကျောင်းနေဖက်များ၏ ပြောဆိုချက်များကို ဂရုတစိုက် နားထောင်ခဲ့ကြသည်။ ပြီးတော့ အင်တာဗျူးကို ခွဲပြီးမေးခဲ့ခြင်းကြောင့် မော့တိမှ ယွီဖန်းယွီအား စောင့်ကြည့်ကင်မရာကို သက်သေအဖြစ် ပေးခဲ့သည်။
“မစ္စ၊ ကျွန်တော်ဒါကို မတော်တဆ မှတ်တမ်းတင်မိတာ၊ ဒါကိုသက်သေအဖြစ် သုံးလို့ရလားဟင် ?”
“ဒါပေါ့။ ဒီမှတ်တမ်းနဲ့အတူတူ ရှန်ပူတွေ သက်သေတွေပါဆို ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းလို့ရပြီ ...”
ဗီဒီယိုက အလွန်အသုံးဝင်သည့်သက်သေပင်။ ယွီဖန်းယွီက မော့တိ ဗီဒီယိုကိုမတော်တဆလား တမင်တကာယူနိုင်ခဲ့ခြင်းလားဆိုသည်ကို မေးခွန်းမထုတ်ခဲ့ပေ။ထိုကဲ့သို့မိသားစုဝင်များရှိသူများမှာ ဤသို့သောအတွေ့အကြုံများကို ဖြတ်သန်းခဲ့ဖူးမှာပင်။ အထူးသတိထား၍နေခြင်းမှာလည်း မျှတသည်ဟုသာ သူမတွေးလိုက်မိသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဒဏ်ရာဒဏ်ချက်တွေကို သတိမထားမိသူများကတော့ တုန်လှုပ်သွားပေလိမ့်မည်။
ရဲမှထုတ်ပြန်ချက်ပေးပြီးသည်နှင့် မော့တိပထမဆုံးလုပ်သည့်အရာမှာ မုထျန်းဟန်ထံဖုန်းခေါ်၍ သတင်းပို့ခြင်းသာ။ အားလုံးပြီးတဲ့နောက် သူ့အား ထိုသို့သောကိစ္စကြီးကို ဖုံးကွယ်ထားခြင်းက မမှန်ပေ။
သတင်းရပြီးနောက် မုထျန်းဟန်က ဒေါသထွက်သွားသည်။ သူဒေါသထွက်ခြင်းမှာ ကျောက်ချွန်းချန်၏ရက်စက်လွန်းမှုကြောင့်ဖြစ်ပြီး မော့တိက ကျောက်ချွန်းချန်နှင့်ပတ်သက်၍ ငါးညှီနံ့ရနေသည့်ကြားမှ သူ့အားစမ်းသပ်ခဲ့ခြင်းကြောင့်လည်းဖြစ်သည်။
“မင်းက ကင်မရာကို ဘယ်လိုဝယ်ရမလဲဆိုတာ သိပေမယ့် ဒီအကြောင်း ကိုယ့်ကို ဘယ်လိုကြိုပြောရမလဲဆိုတာတော့ မသိဘူးလား၊ ကလေးလေး မင်းက သူစိတ်မြန်လက်မြန်နဲ့ မင်းကိုတိုက်ရိုက်တိုက်ခိုက်လိမ့်မယ်လို့တွေးခဲ့တာလား၊ ဒါဆို မင်းဘာလုပ်မှာလဲ ”
“ကိုကို... ကျွန်တော် အဆင်ပြေသွားမှာပါ၊ ကျွန်တော် သူ့ပတ်ဝန်းကျင်မှာဆို အမြဲသတိထားတယ်၊ ဒါပေမယ့် ဒါပေမယ့် ကျွန်တော်မှားမှန်းသိပါတယ် ကိုကို၊ ကျွန်တော်တောင်းပန်ပါတယ်နော်၊ နောက်တစ်ကြိမ် ဒီလိုမဖြစ်စေရပါဘူး” မော့တိ၏ အသံမှာ နူးညံ့တိုးလျပြီး ရှက်ရွံ့ရိပ်များဖြင့် တောင်းပန်သည့် သဘောထားများပါဝင်နေကာ ရိုးသားမှုအပြည့်ဖြစ်နေသည်။
“ကျွန်တော် တကယ်တောင်းပန်ပါတယ် ၊ ကိုကို... စိတ်မဆိုးပါနဲ့တော့နော် ....”
တောင်းပန်နေသည့် နာခံမှုရှိသောမော့တိအားဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် မုထျန်းဟန်၏ဒေါသကို ပြေပျောက်စေရန် အချိန်သိပ်မကြာလိုက်ပေ။ တစ်ဖက်လူက အဆင်ပြေနေလေရာ သူ့တွင် ထပ်မံ၍ ပြောစရာမရှိတော့ပေ ။
“မင်းအမှားကို တကယ်သိပါတယ်နော်?”
“သိတာပေါ့ ၊ ကျွန်တော် တကယ်သိပါတယ်...”
မော့တိက ကြက်ကလေးဆန်စေ့ကောက်သလို ခေါင်းကိုထပ်ခါထပ်ခါ ညိမ့်ပြလိုက်သည်။ ယင်းအား မုထျန်းဟန် မမြင်နိုင်လျှင်ပင် သူတွင် အမှားကိုဝန်ခံရာ၌ ကောင်းမွန်သည့် သဘောထားရှိလေသည်။
“မင်းနောက်တစ်ကြိမ်လုပ်ရဲသေးလား”
“မလုပ်ရဲတော့ဘူး၊ ကျွန်တော် မလုပ်ရဲပါဘူး...” မော့တိ ကတိပေးလိုက်သည်။
“နောက်ကို မင်းဒီလိုကိစ္စမျိုးကြုံလာရင် ကိုယ့်ကိုအကြောင်းကြားရမယ်၊ ဟုတ်ပြီလား”
“ကျွန်တော်သိပါပြီ၊ ကျွန်တော်အကြောင်းကြားပါ့မယ်...”
မုထျန်းဟန်က အနည်းငယ် ကျေနပ်သွားသည်။ သို့ပေမယ့် သူ့အနေဖြင့် လုံးလုံးစိတ်မပူပဲမနေနိုင်သေးပေ။ သူကအေးအေးဆေးဆေးပင်ပြောလိုက်၏။
“ဒီကိစ္စကို ကြီးကြပ်ပြီး စီရင်ချက်ချဖို့ ကိုယ် ကော်မရှင်နာဝမ်ကို တောင်းဆိုလိုက်မယ်၊ မင်း နောက်ရက်နည်းနည်းလောက် အခန်းဖော်တွေအတန်းဖော်တွေနဲ့နေနော်၊ ဘယ်ကိုမှတစ်ယောက်ထဲမသွားနဲ့၊ ပြီးတော့ မင်းတစ်ခုခုရှာတွေ့ခဲ့ရင်လည်း မင်းရှာတွေ့တာကို ကိုယ့်ကိုပြောပြရမယ်၊ ဒါမှမဟုတ် အဲဒါကိုပို့ပေးရမယ်၊ ရလား ”
မော့တိက သဘောတူလိုက်ပေမယ့် သူ တကယ်ပဲ တခြားဘယ်အရာကိုမှ ရှာမတွေ့ခဲ့ပါဘူးဟူ၍ တွေးလိုက်သည်။ ယခုအချိန်က ထိုအကြောင်းကို ထုတ်ဖော်ရန် အချိန်ကောင်းမဟုတ်သေးပေ။
မော့တိနှင့် အခြားလူများ ရဲစခန်းမှ ထွက်ခွာသွားပြီးနောက် အရာရှိများက ကျောက်ချွန်းချန်ကို ဖမ်းဆီးရန် ကျောင်းသို့ တိုက်ရိုက်သွားလိုက်ကြသည်။
မော့တိက ကျောင်းကိုပြန်သွားဖို့ရာ အလျင်လိုမနေဘဲ ကျောက်ချွန်းချန်၏ကျရှုံးမှုကို သက်သေပြချင်သည်။ သူက ညစာစားပွဲအား လူတိုင်းကို ဖိတ်ချင်ခဲ့သော်လည်း သူတို့တွင် ဤအခြေအနေ၌ ဗိုက်ဆာနိုင်သော မော့တိကဲ့သို့ ထက်ရှသန်မာသည့်စိတ်ပိုင်းဆိုင်ရာစွမ်းရည်များမရှိသည်မှာ ထင်ရှားပါ၏။
“ဒီနေ့အတွက် ချန်ထားလိုက်ရအောင်၊ ငါတို့ နောက်တစ်ကြိမ်မှစားကြမယ် ”
စွန်းရှုရှုက သူမလက်ကိုဝေ့ယမ်းကာ ပြောလိုက်သည်။ “ဒီအဖြစ်အပျက်က အရမ်းရွံစရာကောင်းသလို တအားစိတ်လှုပ်ရှားဖို့လည်းကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် အဲ့ကောင်ကျောက်ချွန်းချန်အကြောင်း တွေးလိုက်ရင် ငါခေါင်းမူးလာပြီး ကြက်သီးတောင်ထချက်...”
“သူကနှလုံးသားမဲ့လွန်းတယ်၊ တကယ့်ကိုပဲ !” စွန်းရှုရှု၏အခန်းဖော်ကပြောသည်။
“ဒီလို ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေက ရုပ်ရှင်တွေမှာပဲ ဖြစ်တာမလား၊ ဒါက အရမ်းရက်စက်တာပဲ၊ ငါတို့ပြောနေတာက အဲဒါက ရုပ်ပျက်ဆင်းပျက်ဖြစ်ရုံတင်မကဘူး၊ နင်တကယ် မျက်စိကွယ်သွားနိုင်တယ်။!”
မော့တိက အဖျော်ယမကာ အနည်းငယ်ဝယ်လိုက်ပြီး သူတို့တစ်ယောက်ချင်းစီကို ပေးလိုက်သည်။
“ကမ္ဘာကြီးက အကြီးကြီးပဲလေ၊ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး၊ အဆင်ပြေပါတယ်...”
အစကတည်းက တည်ငြိမ်နေသည့် မော့တိကိုကြည့်ပြီး သူဘယ်လိုသက်သေကို စုဆောင်းထားသလဲဆိုသည်ကို မြင်လိုက်ရသည့်အခါ စွန်းရှုရှုနှင့် တခြားသူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မော့တိ၏ မိသားစုဝင်ဟောင်းများကို အမှတ်မထင် ပြန်တွေးလိုက်မိကြသည်။
ယင်းကတကယ့်ကို ဒုက္ခနှင့်ပြဿနာများကြားမှ မည်သို့ ကြီးပြင်းခဲ့ရသလဲဆိုတာပင်။ ဤသို့သောအဖြစ်ဆိုးကြီး ပြီးသွားသည်နှင့် 'အဆင်ပြေပါတယ်' ဟု အေးအေးဆေးဆေးပြောနိုင်သည်မှာ သူယခင်က ဘယ်လိုမုန်တိုင်းမျိုးကိုကြုံခဲ့ရသလဲဆိုသည်ကို ပြောပြနိုင်သည်။
သူတို့ထဲက မည်သူကမှ စားချင်စိတ်ရှိမနေကြရာ မော့တိက သူတို့အား အတင်းမတိုက်တွန်းတော့ပေ။ သူက ဤကျေးဇူးကို မှတ်ထားပြီး ပိုသင့်လျော်သည့်အချိန်၌ ပြန်ဆပ်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့ကျောင်းသို့ပြန်ရောက်ချိန်တွင် ကျောင်းသားတစ်ဦး တစ်စုံတစ်ယောက်ကို ဆာလဖျူရစ်အက်ဆစ်ဖြင့်ပက်ကာ ထိခိုက်စေရန်ကြိုးစားခဲ့သဖြင့် သူ့ကိုဖမ်းဆီးရန်ရဲများရောက်လာသည်ဟူသော သတင်းကြောင့် ပွက်လောရိုက်နေချေပြီ။
ဖြစ်ရပ်တွင်ပါဝင်ခဲ့သူ လင်ကျွင်းဖုန်နှင့်စွန်းရှုရှုတို့က အနှီဆွေးနွေးမှုထဲတွင် အလျင်အမြန်ဝင်ပါလိုက်ကြပြီး သူ့တို့၏တင်းမာမှုများကို ပြေလျော့စေမည့်အချက်အား အတည်ပြုပေးလိုက်သည်။ ရာဇဝတ်မှုတစ်ခုလုံးတွင် ဘယ်သူတွေပါဝင်ခဲ့ပြီး မည်သို့မည်ပုံ ရာဇဝတ်မှုကျူးလွန်ခဲ့ပုံကို အသေးစိတ်ဖော်ပြရင်းဖြင့် ကျောင်းတစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေလိုက်သည်။
သို့သော်လည်း အဖြစ်အပျက်၏အဓိကလူ မော့တိကမူ ယင်းကိစ္စကို များစွာဂရုမစိုက်ခဲ့ပေ။သူက အဆောင်ကို ပြန်ရောက်သည်နှင့် သူ့လပ်တော့ပ်ကို အိပ်ရာထဲ ယူလာပြီး ကုတင်ရှိကန့်လန့်ကာကို ပိတ်လိုက်သည်။
အမှန်မှာ သူ့အနေဖြင့် ဤရာဇ၀တ်မှုကျူးလွန်စေရန်အတွက် ကျောက်ချွန်းချန်အား မည်သည့်အရာက စေ့ဆော်ခဲ့သည်ကို သိချင်မိသည်။မော့စန်းကျစ်အနေဖြင့် သူ့ကို ရိုးရိုးရှင်းရှင်း ဝယ်နိုင်လိမ့်မည်ဟု သူမယုံပါချေ။
မော့တိထံတွင် ကျောက်ချွင်ချန်း၏ QQ နှင့် WeChat အကောင့်အချက်အလက်များရှိသည့်တိုင် ယင်းတို့ကို ဟက်ပြီးနောက် သူနှင့် မော့စန်းကျစ်ကြားရှိ စကားပြောမှတ်တမ်းကို ရှာမတွေ့ပေ။
မော့တိက သူ့တွင်အခြားသီးသန့်အကောင့်ရှိသည်ဟု သံသယဝင်ပြီး စတင်ရှာဖွေခဲ့သည်။ တစ်နာရီခန့်ကြာပြီးနောက် သူကျောက်ချွန်းချန်၏ လျှို့ဝှက်အကောင့်ကို ရှာတွေ့ခဲ့ပါ၏။ ယင်းကို ဝင်ကြည့်ပြီးနောက်တွင် သူမျှော်လင့်ထားသည့်အတိုင်း သက်သေပြနိုင်ခဲ့သော စကားပြောမှတ်တမ်းအား ပြန်လည်ရယူခဲ့သည်။
ကျောက်ချွန်းချန်က မော့စန်းကျစ်နှင့် အဆက်အသွယ်ရခဲ့သည်။
သို့ပေမယ့် မော့စန်းကျစ်က စေ့စေ့စပ်စပ်နှင့် သတိထားခဲ့၏။ မော့တိအနေဖြင့် လျှို့ဝှက်ကင်မရာမှနေ၍ သူ့အသံအားမကြားခဲ့ရပါလျှင် သူကချုပ်ကိုင်သူဖြစ်ကြောင်း သိလိမ့်မည်မဟုတ်ပေ။
Xxxxxxx