အပိုင်း ၇၄
Viewers 28k

Chapter 74


နောက်ဆုံးတွင် အခြားအကြောင်းပြချက်တစ်ခုလည်းရှိသည်။ ယင်းက သူ သူ့အဆောင်သို့ ပြန်သွားပြီး hackingလုပ်ကာ ကိုင်တွယ်ရမည့်အစား မုထျန်းဟန်အား တွေ့ချင်၍ပင်။


မော့တိက ဂိတ်ပေါက်နှင့် နီးကပ်နေခဲ့ခြင်းကြောင့် မုထျန်းဟန် ရောက်လာသောအခါတွင် ဝင်ပေါက်အနီးရှိ အကြီးဆုံးဝူးထုံသစ်ပင်အောက်တွင် မော့တိရပ်နေသည်ကို သူတွေ့လိုက်ရသည်။


သူ့ဆီသို့ အရှိန်မြှင့်ကာသွားလိုက်ရင်း မုထျန်းဟန်၏ မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။ အရပ်ရှည်ပြီး ချောမောသည့်ပုံရိပ်မှာ လူအများကြားတွင် ဆွဲဆောင်မှုအရှိဆုံးဖြစ်နေသည်။


မော့တိက ထို့သို့သော သူ၏ကောင်းမွန်သည့်အရသာခံနိုင်စွမ်းကြောင့် နောက်ကျောကို သူ့ကိုယ်သူ တိတ်တဆိတ် ပုတ်လိုက်ရင်း ကူကယ်ရာမဲ့စွာ ပြုံးမိသွားသည်။ (အရသာကောင်းလေးဆိုတာက လူရွေးတောကြောင်းပြောချင်တာပါXD)


“မင်းစောင့်နေရတာ ကြာပြီလား?” 


မုထျန်းဟန်က သူရောက်သည်နှင့် မော့တိ၏ဆံနွယ်လေးများကို ပွတ်သပ်လိုက်သည်။ ဆယ့်တစ်ရက်ရှိပြီ၊၊ ဤသို့အံ့သြစရာကောင်းသော အထိအတွေ့ကို သူအမှန်ပင် လွတ်သွားခဲ့သည်။  


"ကိုကိုက မင်းကို နေ့လည်စာစားဖို့ ခေါ်သွားပေးမယ်၊ ဟုတ်ပြီလား"


''ကောင်းပါပြီ'' မော့တိက ခေါင်းငြိမ့်၍ သူ့ကိုကြည့်ကာ ''ကိုကို ခင်များပြန်လာတာ ဘာလို့ကျွန်တော့်ကိုမပြောတာလဲ''


''ကိုယ် မင်းအံ့သြသွားအောင် လုပ်ချင်ခဲ့တာ၊ ဒါပေမယ့် ခန့်မှန်းချက် နည်းနည်းလွဲသွားတယ်လေ၊ ကိုယ်က မင်းကို မင်းရဲ့စာသင်ခန်းမှာ လာတွေ့ဖို့စီစဥ်ထားတာ''


'' အဆင်ပြေပါတယ်၊ ဒါက အံ့သြစရာကောင်းနေတုန်းပဲ ''


 မော့လျှိုကွေ့ ကြုံရာဆိုလိုက်သည့် ထွင်လုံးကိုပင် မတုန်လှုပ်သွားသော မော့တိက စည်းကိုက်ဝါးကိုက်ပင် ပြောပေးလာသည်။


“ကိုကို ကျွန်တော့်ကို ဒီအကြောင်း တိုက်ရိုက်ပြောပြလို့ ဝမ်းသာပါတယ်၊ မော့လျှိုကွေ့နဲ့ မော့မိသားစုက တခြားသူတွေက အနာဂတ်မှာ ထပ်ရှာတယ်ဆိုရင် ကိုကို... ခင်များ ကျွန်တော့်ကို ဖုံးကွယ်မထားပါနဲ့"


''သေချာပေါက်မလုပ်ပါဘူး'' မုထျန်းဟန်


ကပြန်ပြောသည်။ ''ဒီမတိုင်ခင်က မော့လျှိုကွေ့ မင်းကိုလာရှာသေးလား''


“မလာဘူး ၊ ဒါပေမယ့် ဒါက အရမ်းထူးဆန်းတယ် ၊ သူအရင်က လုပ်ခဲ့တဲ့ လုပ်ရပ်တွေအရတော့ သူ ကျွန်တော့်ကို လာရှာမှာ သေချာတယ်၊ အိမ်မှာရှိတဲ့လူတိုင်းက ကျွန်တော့်ကို စိတ်ပူနေတယ် ပြီးတော့ သူတို့က ကျွန်တော့်ကို ဂရုစိုက်ပါတယ်ဆိုတဲ့အကြောင်း ပြောပြပြီး သူတို့အပေါ် နားလည်ပေးဖို့ လာပြောမှာ ၊ ဒါပေမယ့် ကျွန်တော်တို့ လမ်းခွဲပြီးတဲ့နောက်မှာတော့ သူနဲ့ မျက်နှာချင်းဆိုင်ဖြစ်တာ ရှားတယ်၊ အများစုကတော့ လူမှုကွန်ရက်တွေကနေတစ်ဆင့် ဒါမှမဟုတ် တခြားသူတွေကတစ်ဆင့်ပဲ၊ အခုနက သူလုပ်ခဲ့သလိုပေါ့''


မုထျန်းဟန်က မျက်မှောင်ကြုတ်လိုက်ပြီး '' လမ်းခွဲပြီးတော့ ဒီလိုပြောင်းလဲသွားတာလား၊ ဒါကတကယ်ကို ထူးဆန်းနေတယ်''


“မဟုတ်ဘူးလား၊ အဲဒါက လူတွေကြားမှာ ကျွန်တော်က မိဘတွေအပေါ်မသိတတ်သလို မိသားစုအပေါ်လည်း ဂရုမစိုက်တဲ့ မျက်လုံးဖြူဝံပုလွေဆိုပြီး လူတွေနားလည်မှုလွဲအောင် လုပ်မရမှန်း သူသိသွားလို့နေမယ် ...”


မော့တိက ထိတ်လန့်တုန်လှုပ်သွားပုံရပြီး ခေါင်းယမ်းရင်း “ဒီအကြောင်းတွေ ပိုပြောလေ ပိုထူးဆန်းလာလေပဲ၊ ကျွန်တော် အကြောက်လွန်နေတာ ဖြစ်နိုင်ပါတယ်”


မော့လျှိုကွေ့နှင့်ထိပ်တိုက်ရင်ဆိုင်ရခြင်းက သူတို့၏ စိတ်အခြေအနေအပေါ် မသက်ရောက်စေပေ။ သူတို့ကြားရှိလေထုက အမြဲလိုလို သဟဇာတဖြစ်နေ၏။


ဤတစ်ကြိမ်မှာတော့ မော့တိက သူတို့တွေဘဲကင်မစားရသည်မှာ ကြာပြီဖြစ်သောကြောင့် ထိုဟင်းကိုစားဖို့ရာ အကြံပေးလိုက်သည်။ သူက ဆော့စ်၏အရသာနှင့် သူ၏အရသာခံဖုများကို ကျေနပ်သွားစေသည့် အရည်ရွှမ်းသည့်ဘဲသားအား ဖက်ထုပ်ထဲလိပ်စားရခြင်း၏ ပေါင်းစပ်မှုတို့ကိုပင် မေ့နေပြီဖြစ်၏။


(ကော်ပြန့်ရွက်လေးထဲ ဘဲသားလိပ်စားတာကိုဆိုလိုတာပါ၊ ကိုရီးယားတွေအသားကင်ကို နှမ်းရွက်နဲ့ လိပ်စားသလိုမျိုး)


မုထျန်းဟန်က သဘာဝကျကျပင် ငြင်းဆိုမလာခဲ့ချေ။


သူတို့က ကြိုတင်အမှာယူထားခြင်း မရှိသည့်အတွက် စားပွဲခုံရရန် မိနစ်နှစ်ဆယ်ခန့် စောင့်လိုက်ရသည်။ ထိုအချိန်တွင် မော့တိက ဗိုက်ဆာနေပြီဖြစ်နေပြီ။


“ဘဲကင်နှစ်ပွဲ၊ ဘဲအသည်းဆားနယ်တစ်ပွဲ၊ ပဲကိတ်တစ်လုံး၊ မှိုဟင်းချိုတစ်ခွက်၊ ပြောင်းဖူးဖျော်ရည်တစ်ခွက် ၊ ပြီးတော့ ကော်ပြန့်ရွက်နှစ်ယောက်စာ...” မုထျန်းဟန်က မီနူးကိုကြည့်ပြီးမှာလိုက်သည်။ သူကမော့တိဘက်ကို လှည့်ကာ မေးလိုက်သည်။ “မင်းအခြားဘာလိုသေးလဲ?” 


“ဟင့်အင်း ၊ ဒီလောက်ပဲ...”


မော့တိမှာ သူ့အနေဖြင့် နွားတစ်ကောင်လုံးကို စားပစ်နိုင်သည်ဟုပင် ခံစားနေရသော်လည်း ဝမ်းဟာနေသည့် တစ်စုံတစ်ယောက်၏ ခန့်မှန်းချက်မှာ ဘယ်တော့မှ အသံမထွက်ချေ။ အကယ်၍ သူ့အပေါ်မှာသာ (အော်ဒါမှာရန်)အားကိုးထားလိုက်ပါက သူတို့နှစ်ဦးစလုံး ဘယ်တော့ကုန်အောင် စားနိုင်မှာမဟုတ်သည့် အရာအားလုံးကို တစ်ပွဲစီ မှာမိပေလိမ့်မည်။ 


“အခုတော့ ဒါပါပဲ...” မုထျန်းဟန်က စားပွဲထိုးလေးကို ခေါင်းညိတ်ပြလိုက်၏။ 


“ဟုတ်ကဲ့၊ ခဏဆိုရပါမယ်နော်...” စားပွဲထိုးလေးက အဖြေပေးပြီးနောက် ထွက်သွားလေသည်။ 


ပဲကိတ်က အမြန်ဆုံးရောက်လာသည့်တစ်ခုပင်။ မော့တိက အနည်းငယ်မျှ ဖဲ့စားလိုက်ပြီးနောက် ကျေနပ်စွာ သက်ပြင်းချလိုက်သည်။


“ကျွန်တော် အရမ်းဆာနေတာ...”


မုထျန်းဟန်က သူ့အားပြုံးပြလိုက်သည်။ “မင်း ဘယ်လိုလုပ် ဒီလောက်အထိ ဗိုက်ဆာနေရတာလဲ၊ နေ့လည်စာ မစားခဲ့ဘူးလား”


“ဒီနေ့လည်က ရှန့်ယွီချောင်က ကျောင်းနားကနေရာသစ်မှာ စမ်းစားကြည့်ချင်တယ်ဆိုလို့ သူတို့ဆီက မှာစားလိုက်တာလေ၊ ဒါပေမယ့် သူတို့က ကျွန်တော်တို့ဆီ တစ်ခုပြီးတစ်ခု ပို့ပေးတယ်၊ ပြီးတော့ အရသာကလည်း ဆိုးရွားလိုက်တာမှ စွမ်းစွမ်းတောင် အနံ့ခံပြီးတာနဲ့ အနားမကပ်ဘူး ”


ထိုအကြောင်းပြောပြီးနောက် မော့တိမှာ စွမ်းစွမ်းက အဆောင်၌ရှိနေဆဲဖြစ်ကြောင်း သတိရသွားသည်။ သူကအလျင်အမြန် ဆိုလိုက်၏။ 


“ကိုကို၊ ကျွန်တော် စွမ်းစွမ်းကို ကျောင်းခေါ်လာခဲ့တယ်၊ ဒီနေ့ ကျွန်တော်သူ့ကို ခိုးထုတ်လာမယ်၊ ကိုကို အိမ်ခေါ်သွားလိုက် ”


“ကောင်းပြီ...” မုထျန်းဟန်က မော့တိအား နူးညံ့စွာကြည့်လိုက်ပြီး “နှစ်ရက်နေရင် ပိတ်ရက်ရောက်ပြီဆိုတော့ မင်းအိမ်ပြန်လာမှာလား ကလေးလေး”


“ဒါပေါ့...” မော့တိက ပြတ်သားစွာပင်ဆိုလာသည်။ ထိုမတိုင်မှီက သူ့တွင် ကွယ်ဝှက်ထားသည့် စေ့ဆော်မှုတွေ ရှိနေသည်ကို မဆိုထားလေနှင့် သူ၏ခံစားချက်များနှင့်ပတ်သက်၍ ရှင်းလင်းသွားခဲ့လျှင်ပင် သူကပိတ်ရက်မှာတော့ အိမ်ပြန်ချင်တုန်းပင်။ 


သူမုထျန်းဟန်အား နှိုးဆွပေးရန် လိုအပ်သေး၏။


ထိုအကြောင်းတွေးပြီးနောက် မော့တိက မုထျန်းဟန်အား ချိုသာသည့်အပြုံးလေးဖြင့် မေးလိုက်သည်။  


“ကိုကို ခင်များ ရုပ်ပြဒါမှမဟုတ် အန်နီမေးရှင်းတွေ ကြိုက်လားဟင် ”


“အဆင်ပြေပါတယ်၊ ကိုယ်မင်းအသက်အရွယ်လောက် ရှိခဲ့ချိန်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလေ ...” 


မုထျန်းဟန် ပြောလိုက်ပြီး သူကအမှန်ပင် သားရဲအိုကြီးဖြစ်နေပြီဟုတွေးကာ မှောင်မည်းစွာ ခေါင်းယမ်းလိုက်သည်။ 


ဟင်း ၊ ကွာခြားချက် အသက်ဆယ့်တစ်နှစ်ဆိုတာက ပမွှားလေးတော့မဟုတ်ဘူး...


“ဒါဆိုကိုကို Spirited Awayဆိုတာ ကြားဖူးမှာပေါ်၊ အဲတာက မကြာခင် ပြန်ရုံတင်တော့မှာလ၊။ ကျွန်တော်တို့ အတူသွားကြည့်ကြမလား ”


“ကောင်းပြီ...” 


မုထျန်းဟန်က မော့တိအား နွေးထွေးစွာပြောလိုက်သည်။


 “မင်းရဲ့ဂိမ်းအသစ်ထွက်လာတာ ဘယ်လိုလဲ၊ မင်းက ပရိုဂရမ်မာတွေလိုသေးလား၊ ကိုယ်အခုပဲ ရုံးချုပ်ကနေ ဟွာရှားကို ပရိုပရမ်အဖွဲ့အသေးလေးတစ်ခု ပြောင်းလိုက်တာ၊ မင်းတစ်ခုခုလိုရင် သူတို့ကို ဆက်သွယ်လို့ရတယ် ...”


မော့တိက စဥ်းစားပြီးမှပြောလိုက်၏။ “အဲဒါအတွက်တော့ တစ်ယောက်မှမလိုပါဘူး၊ အခုအချိန်မှာတော့ ကျွန်တော် ထိန်းချုပ်နိုင်ပါသေးတယ်၊ ဒါထက် ကျွန်တော့်အတွက်အလုပ်လုပ်ပေးဆိုပြီး စီနီယာပရိဂရမ်မာကိုငှားဖို့ ပိုက်ဆံတို့ အရည်အချင်းတို့မရှိပါဘူး ခင်များသူတို့ကို ဖိအားပေးရင် မပျော်ပဲနေကြလိမ့်မယ်နော်...”


“ဟုတ်ပါပြီ၊ မင်းက အဆင်ပြေပြေလုပ်နေမှတော့ ကိုယ် သူတို့ကို နောက်မှမိတ်ဆက်ပေးမယ်၊ ဒါပေမယ့် မင်းသူတို့ရဲ့ အလုပ်အပေါ်ထားတဲ့ကျင့်ဝတ်နဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုဘူးနော်၊ သူတို့က ကိုင်တွယ်ဖို့လွယ်တယ်၊ ဒါမှမဟုတ် 'ဝယ်ဖို့'ဆို ပိုပြီးတောင်လွယ်သေး ၊ သူတို့စိတ်ဝင်စားနေသရွေ့နဲ့ အကျိုးအမြတ်က မျှတနေသရွေ့ သူတို့က အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တယ် ...”


…..


သူတို့စကားပြောနေစဥ် ဟင်းလျာများအားလုံး တည်ခင်းပြီးပြီဖြစ်၏။


မေ့တိက ဘဲသားကို ဆော့စ်ထဲနှစ်လိုက်ပြီးနောက် ဖက်ရွက်ထဲထည့်လိုက်သည်။ သူက သခွားသီးလေးတစ်ပိုင်းနှင့် ကြက်သွန်မြိတ်ကိုပါ ထပ်ထည့်လိုက်ပြီး လိပ်လိုက်ကာ ပါးစပ်အပြည့်တစ်လုပ်စားလိုက်သည်။ 


အမ်း စိတ်ကျေနပ်ချက်! 


“အရသာရှိလိုက်တာ!” မော့တိက ပြောင်းဖူးဖျော်ရည်ကို သောက်လိုက်သည်။ သူက နေပူဆာလှုံနေသည့် ကြောင်လေးတစ်ကောင်ကဲ့သို့ပင် သူ့တစ်ကိုယ်လုံးဖြင့် ကျေနပ်နှစ်သိမ့်နေမှုတို့အား ဖော်ပြနေခဲ့၏။


မုထျန်းဟန်က ပြုံးလိုက်ကာ “ဒါဆိုလည်းများများစား၊ မြန်မြန်ကြီးတော့မစားနဲ့၊ အစာခြေဖို့အတွက်မကောင်းဘူး ...”


“အင်း...”


ဟင်းလျာ တစ်ဝက်မျှစားပြီးနောက်တွင် မော့တိ၏ဗိုက်မှာလည်း ၇၀ ရာခိုက်နှုန်းခန့် ပြည့်လုနီးနီး ဖြစ်နေပေပြီ။ ထိုအခါမှ သူက အစားအသောက်ထံမှ အာရုံလွှဲလိုက်တော့၏။ 


သူက ကော်ပြန့်ရွက်တစ်ခုကို ယူလိုက်ပြီး တူကို ဆော့စ်ထဲနှစ်လိုက်ကာ ထိုအပေါ်တွင် တစ်စုံတစ်ခုအား ရေးလိုက်၏။ 


မုထျန်းဟန်က ဆော့စ်တွေကို နှံ့သွားအောင်ဖြန့်နေခြင်းဟုသာ ထင်ခဲ့သော်လည်း ခဏအကြာတွင် သူကအခြားဘယ်အရာကိုထပ်မထည့်သည်အား တွေ့လိုက်ရ၏။ သူက တိုးဖွဖွရယ်လိုက်ကာ ပြောသည်။ “ဗိုက်ဝသွားပြီလား?”


ကလေးလေးလိုပဲ၊ အစားအသောက်တွေနဲ့ ကစားနေတယ်...


“မဝသေးပါဘူး...” မော့တိက အနည်းငယ်မျှ ဆက်ရေးလိုက်သည်။ ပြီးသွားသည့်အခါ သူကယင်းကို လက်ဖဝါးထက်တွင်တင်လိုက်ကာ မုထျန်းဟန်အား ဂုဏ်ယူစွာ ပြလိုက်၏။ သူ၏လှပသည့်မျက်လုံးလေးများမှာ တဖျတ်ဖျတ်လက်နေပြီး ကြယ်များပြည့်နေသကဲ့သို့ပင်။ သူကပြောလိုက်၏။ “ကိုကို ကြည့်ဦး!”


မုထျန်းဟန်က ကြည့်လိုက်ကာ ဖက်ရွက်ထက်ရှိ တွန့်လိမ်နေသည့် စာလုံးလေးများကို တွေ့လိုက်ရသည်။ အဲဒါက သူ့နာမည်မဟုတ်ဘူးလား။ 


ဒီကလေးလေးကတော့လေ…


မုထျန်းဟန်က ရယ်ရသလိုခံစားရပြီး သူ့နှလုံးသားလေးသည်လည်း ပျော့ပြောင်းသွား၏။ သူကမော့တိ၏ဆံပင်လေးများကို ပွတ်သပ်ပေးပြီး ပြောလိုက်သည်။ “လိမ္မာတဲ့ကောင်လေး”


“ကြည့်ရတာ ကိုကိုက ကျွန်တော့်ရည်ရွယ်ချက်ကို မသိသေးဘူးပဲ...”


မော့တိက ခေါင်းယမ်းလိုက်ကာ ခပ်ညစ်ညစ်အပြုံးလေးက သူ့မျက်နှာထက်၌ ပေါ်လာသည်။ သူကဖက်ရွက်ကို လိပ်ကာ ပါးစပ်ထဲထည့်လိုက်၏။ 


“ဟမ်း… ကျွန်တော်ကိုကို့ကို စားလိုက်ပြီ၊ အရမ်းအရသာရှိတာပဲ...”


မုထျန်းဟန်က ရယ်လိုက်ကာ မော့တိ၏လူညစ်ကလေးလိုမျက်နှာပေးကို သေသေချာချာ နူးညံ့စွာ ကြည့်လိုက်သည်။


 “ကိုယ်က အဲလောက်တောင် အရသာရှိလား”


“အွန်း အရသာအရှိဆုံးပဲ...” 


မော့တိက လက်ကျန်ဖက်ထုပ်ကို စားလိုက်ပြီးနောက် ပြောင်းဖူးဖျော်ရည်အား တစ်ငုံသောက်လိုက်သည်။ သူကဗိုက်လေးကိုပုတ်ကာဖြင့် ပြောလိုက်၏။


 “ကျွန်တော်အရမ်းကျေနပ်တာပဲ...”


မုထျန်းဟန်၏ပြုံးလိုက်ရင်း နားမလည်နိုင်လောက်အောင်ပင် သူ့နှလုံးသားတစ်ခုလုံးမှာ ပျော့ပျောင်းနေခဲ့သည်။ သို့ပေသိ တစ်ချိန်တည်းမှာပင် ဆိုးညစ်သည့်အတွေးလေးများလည်း ဝင်လာ၏။


မုထျန်းဟန်က ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီးနောက် မလျော်ကန်သည့်အတွေးတို့အား ဖယ်ထုတ်လိုက်၏။သူသက်ပြင်းချလိုက်မိ၏။ သူက လုံးဝကိုသားရဲအိုကြီးတစ်ကောင်ဖြစ်လာဖို့ရာ နီးကပ်လာပြီပင်။ 


မုထျန်းဟန်၏ခေါင်းမှာ အခိုးအငွေ့များပင် ထွက်ချင်နေပြီဖြစ်ကာ မော့တိကတော့ ချစ်စရာကောင်းအောင် ကစားနေဆဲဖြစ်၏။ သူက အနှီ'စားသည်'ဟူသော စကားလုံး၌ အခြားအဓိပ္ပါယ်ရှိသေးကြောင်းကို လုံးလုံးလျစ်လျူရှုထားခဲ့သည်။


သို့ပေသိ သူ့ရှေ့ရှိ သားရဲအိုကြီးရှေ့တွင် ရှိနေပါမူ သူကမည်မျှပင် 'ဖြူစင်အပြစ်ကင်း'ဟန်ပြုမူနေသော်ငြား သူတို့၏အတွေးများကတော့ လမ်းလွဲနေဆဲပင်။ သားရဲအိုကြီးတစ်ကောင်ကို ပြောင်းလဲရန်မှာ ခက်ခဲ၏။ 


စားသောက်ပြီးနောက် မုထျန်းဟန်နှင့်မော့တိက ကျောင်းကို ပြန်သွားခဲ့သည်။ 


မော့တိက အဆောင်မှ စွမ်းစွမ်းကို ပြန်လည်ခိုးထုတ်လာပြီးနောက် မုထျန်းဟန်ထံ လွှဲပေးလိုက်သည်။


စွမ်းစွမ်းက အလွန်တရာပင် နာခံတတ်၏။ မော့တိက သူ့ကိုတိတ်တဆိတ်နေရန်ပြောလျှင် ထိုအတိုင်းလိုက်နာကာ မော့တိ၏ဆိုဒ်လွန်ဆွယ်တာအိတ်ကပ်ထဲတွင် အသံလုံးဝမထွက်ပေ။


“တာ့တာ မော့စွမ်းစွမ်း၊ ကိုကို့စကားနားထောင်နော်၊ ဟုတ်ပြီလား ”


“အာဝူးး~”


စွမ်းစွမ်းက မုထျန်းဟန်လက်ထဲရောက်သွားသည့်အခါ အသံတိုးတိုးလေးပြုလိုက်သည်။ သို့ပေသိ မော့တိကပါ သူတို့နှင့်လိုက်မလာကြောင်း သတိပြုမိသွားချိန်တွင် သူက ခြေထောက်ကလေးများကို အသည်းအသန် ဆန့်ထုတ်ရင်း သူ့ထံမှခေါ်သံက ပို၍ကျယ်လောင်လာသည်။


“အဆင်ပြေပါတယ်၊ မုစွမ်းစွမ်း ဆူမနေနဲ့၊ မင်းရဲ့ပါပါးကို နည်းနည်းလောက် အနားပေးပါဦး ...” မုထျန်းဟန်က မုစွမ်းစွမ်းအား သယ်ဆောင်ကာ ထွက်သွားသည်။ 


စွမ်းစွမ်း : “ဝူး….?” ဒီတော့ ငါ့မျိုးရိုးက အတိအကျဘာတုန်း!


Xxxxxx