အပိုင်း ၇၈
Viewers 28k

Chapter 78


မော့တိ လှည့်ကြည့်လိုက်ရာ မုထျန်းဟန်၏ကားကို မြင်လိုက်ရသည်။အံ့သြဝမ်းသာစွာဖြင့် သူ့ဆီသို့ အလျင်အမြန် ပြေးသွားလိုက်သည်။


" ကိုကို ဘာလို့အစောကြီးပြန်ရောက်နေတာလဲ"


မုထျန်းဟန်က ပြတင်းပေါက်မှန်ကို နှိမ့်လိုက်ပြီး မော့တိကို ပြုံးပြလိုက်ကာ 


"ပရိုဂရမ်မာတချို့ကို ရုံးချုပ်ကနေ ဒီကို လွှဲပေးလိုက်တယ် ကိုယ်သူတို့အတွက် ဧည့်ခံပွဲလုပ်ရမှာ လိုက်ခဲ့မလား"


''ဧည့်ခံပွဲလား''


“အဲဒီလိုမျိုး တစ်ခုခုပေါ့ ကုမ္ပဏီလည်း အခုနောက်ပိုင်း လအတော်ကြာ အလုပ်များနေခဲ့တာ အခုအချိန်အထိ မိတ်ဆုံပွဲ မကျင်းပနိုင်ခဲ့ဘူး ကိုယ်နဲ့အတူသွားမလား?"


မော့တိက အမေရိကန်တွင် တက်ရောက်ခဲ့သည့် မုထျန်းဟန်၏ ပါတီပွဲသည် မရေမတွက်နိုင်သော ရုပ်ရည်ချောမောသော အမျိုးသားများအား ဆွဲဆောင်နိုင်ခဲ့သည်ကို သတိရသွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်ကာ 


“ကောင်းပြီ လိုက်ခဲ့မယ် ဒါပေမယ့် ကျွန် တော်က ဒီလိုဝတ်ထားလို့ ဧည့်ခံပွဲအတွက် မသင့်တော်ဘူးမဟုတ်လား''


မော့တိက အရှေ့ရှိတွဲဖက်ထိုင်ခုံတွင် ထိုင်လိုက်သည်။


မုထျန်းဟန်က မော့တိအား နူးညံ့သော မျက်လုံးများဖြင့် ကြည့်ကာ 


“အဆင်ပြေပါတယ် အတူတူ အပန်းဖြေရုံလောက်ပဲ ဝတ်စားဆင်ယင်တာတွေ ကုတ်နံပါတ်တွေမလိုပဲ ဝန်ထမ်းအများစုလည်း ပေါ့ပေါ့ပါးပါး ၀တ်စားဆင်ယင်ထားကြတာ လူတိုင်းက အနေုက်တိုင်းဝတ်စုံဝတ်ပြီး မင်းကအားကစားဝတ်စုံနဲ့ဆိုရင်တောင် မင်းကို အတူခေါ်သွားဦးမှာပဲ''


မော့တိမှာ အနည်းငယ် နူးညံ့ပြီးပူနွေးလာသည်ဟု ခံစားလိုက်ရကာ ရှက်ရွံ့မှုနှင့် နီရဲလာသည်။"ခင်များအဲလို မလုပ်ရဘူး"


မုထျန်းဟန်က ပြုံးရုံသာ ပြုံးပြီး "ဧည့်ခံပွဲပြီးရင် မင်းကို တစ်နေရာဆီ ခေါ်သွားမယ်"


''ဘယ်ကိုလဲ''


“လောလောဆယ်တော့ လျှို့ဝှက်ထားဦးမယ်” မုထျန်းဟန်သည် မော့တိ၏ ဆံပင်များကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။ထို့နောက် ကားမောင်းကာ ဗီလာမှ ထွက်ခွာလာကြသည်။


ကောင်လေးက မကြာခင် ဆယ့်ရှစ်နှစ်ပြည့်တော့မည်။မည်သို့ပင်ဖြစ်စေ အရွယ်ရောက်သည့် အခမ်းအနားအား ကျင်းပပေးရမည်။သူ၏ ကလေးလေးအား မော့မိသားစုတွင်နေထိုင်သော ထိုနေ့ရက်များနှင့်မတူဘဲ လူတိုင်း၏အာရုံစူးစိုက်မှုအောက်တွင် ပြိုးပြိုးပြက်ပြက်ဖြစ်နေစေပြီး မင်းသားလေးနှင့်တူစေလိုသောကြောင့် အနောက်တိုင်းဝတ်စုံသည် မရှိမဖြစ်လိုအပ်သည်။


မုထျန်းဟန် နှုတ်ဆိတ်နေသဖြင့် မော့တိက သူ့ကို မမေးတော့ပေ။


သူ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။ "ကိုကို့ကို ကျွန်တော်ပြောပြချင်တာတစ်ခုရှိတယ်”


''အဲ့ဒါကဘာလဲ''


"ကျွန်တော် ဂိမ်းကုမ္ပဏီတစ်ခု တည်ထောင်ချင်တယ်" 


မော့တိသည် မုထျန်းဟန်၏ တိကျထင်ရှားသော မျက်နှာဘေးဘက်ခြမ်းကို ကြည့်ကာ "အဲ့ဒါဖြစ်နိုင်တယ်လို့ ကိုကိုထင်လား"


''သေချာတာပေါ့''


မုထျန်းဟန် လုံးဝမအံ့သြပေ။ အသက် ဆယ့်ခုနစ်နှစ်တွင် ဤကဲ့သို့သော အံ့သြဖွယ်ဂိမ်းကို ဖန်တီးနိုင်သူ မော့တိမှာ အခြားတစ်ယောက်၏လက်အောက်တွင် အလုပ်လုပ်ရန် ဆန္ဒရှိမည်ကို သူ စိတ်ကူးတောင် မယဉ်ဖူးပေ။ ထိုကဲ့သို့သော အရည်အချင်းများ၏ စေ့ဆော်မှုဖြင့် သဘာဝအတိုင်း သူသည် သူ၏ကိုယ်ပိုင်အင်ပါယာကို ဖန်တီးချင်ပေလိမ့်မည်။


မော့တိက ဤအဆင့်ကို အစောကြီးကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ သူ၏အဖွဲ့အား တရားဝင်ကုမ္ပဏီတစ်ခုအဖြစ် အဆင့်မြှင့်တင်ရန် ဖိုင်နယ်သို့ရောက်သည်အထိ အနည်းဆုံးစောင့်ရမည်ဟု သူတွေးခဲ့၏။


“ဒါပေမယ့် ကုမ္ပဏီတစ်ခု တည်ထောင်ချင်တယ်ဆိုရင်တော့ ခွင့်ပြုချက်တွေ ရှိရမယ်။ အဲဒီထဲက တစ်ခုကို ရဖို့ အခြေအနေက အနည်းဆုံး အရင်းအနှီး တစ်သန်းလောက် ရှိတယ်လို့ ကြားတယ်” 


မော့တိ၏ ပထမအကြိမ် audition အပြီးတွင် မုထျန်းဟန်က ဂိမ်းကုမ္ပဏီတစ်ခုတည်ထောင်ခြင်းဆိုင်ရာ အချက်အလက်များကို အထူးရှာဖွေခဲ့သည်။


"ဒါကြောင့် မင်းမှာ မလုံလောက်ရင် ကိုယ့်ကိုပြော ဒီကိုကိုမှာ အများကြီးရှိတယ်”


မော့တိ တုန်လှုပ်သွားသည်။သူက မုထျန်းဟန်၏နူးညံ့သိမ်မွေ့သောမျက်လုံးများကိုကြည့်ကာ သူ့ထံမှငွေချေးရန်ပြင်ဆင်ထားသည့်စကားလုံးများကိုမြိုချလိုက်သည်။


သူကပြောလိုက်၏။


 “ကိုကို၊ ဂိမ်းကုမ္ပဏီတစ်ခုကို အတူတူလုပ်ရအောင် ကိုကိုက ရှယ်ယာရှင်အဖြစ် တစ်သန်းထည့်ထားပေးရင် အမြတ်ရအောင် ကူညီမယ်လို့ ကတိပေးပါတယ် ကျေးဇူးပြုပြီး ကျွန်တော်နဲ့ ပူးပေါင်းပေးပါ အမြတ်ကို ငါးဆယ် ငါးဆယ် ခွဲပေးမယ် အဲလိုဆို ဘယ်လိုလဲ"


မုထျန်းဟန်က ခဏတာမျှ အံ့အားသင့်သွားပြီး ရယ်မောလိုက်ကာ "ကောင်ငယ်လေး မင်းဟာက မိုက်မဲလွန်းမနေဘူးလား''


မော့တိ : “…..ဟင်?”


မုထျန်းဟန်ကဆိုသည်။


 "ကိုယ်က တစ်သန်းပဲ ရင်းနှီးမြှုပ်နှံရမှာကို မင်းက ကိုယ့်ကို ရှယ်ယာတွေ အများကြီးပေးနေတာလား မင်းလုပ်နေတဲ့ဂိမ်းတွေရဲ့ အရည်အသွေးနဲ့ဆိုရင် တစ်နှစ်မပြည့်ခင်မှာပဲ ကုမ္ပဏီတန်ဖိုးက အများကြီးတက်လာလိမ့်မယ် အဲဒီအချိန်ကျ ကိုယ်ရင်းနှီးမြုပ်နှံထားတာက မင်းရရှိလာမယ့်ဝင်ငွေရဲ့ ပုံးကြီးထဲက ရေစက်လေးလို ဖြစ်နေမှာ''


“နောက်ပြီး ကြီးမားတဲ့ အနာဂတ်ကအမြတ်ကို ထည့်မတွက်ထားဘူးဆိုရင်တောင် လက်ရှိ အကဲဖြတ်ချက်တွေအရ ကိုယ့်ရဲ့ တစ်သန်းက ဒီဂိမ်းတွေကို ဖန်တီးတဲ့ မင်းရဲ့ကျွမ်းကျင်မှု၊ အရည်အချင်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပမာဏလေးတစ်ခုပါပဲ မင်းတစ်ယောက်တည်းနဲ့တင် ရှယ်ယာတွေရဲ့ ရှစ်ဆယ်ကနေ ကိုးဆယ်ရာခိုင်နှုန်းအထိ တန်ဖိုးရှိနေပြီ ဆယ်ရာခိုင်နှုန်းပေးတာကိုက မင်းအနေနဲ့ အရမ်းစေတနာထားရာရောက်နေပြီ မင်းရဲ့အဖွဲ့သားတွေအတွက် နည်းနည်းလေး ဘေးဖယ်ထားဖို့ အကြံပြုချင်တယ် ဒါမှ သူတို့ကို လှုံ့ဆော်ရာမှာ အထောက်အကူဖြစ်စေမှာ''


မော့တိက သူ့နှုတ်ခမ်းတွေကို ဖိလိုက်သည်။


မုထျန်းဟန်က သူ့အတွက် အမြဲစဉ်းစားပေးသည်။ စီးပွားရေးသမားတစ်ယောက်အနေနှင့် သူ့အပေါ်အခွင့်ကောင်းမယူဘဲ အကြံဥာဏ်များပင် ပေးနေသည်။


မုထျန်းဟန်က ဘာလို့ သူ့အပေါ် ကောင်းတာလဲ။ ဒီကမ္ဘာမှာ ဒီလိုလူကောင်းတစ်ယောက် ဘယ်လိုလုပ်ရှိနိုင်ရတာလဲ။


မော့တိ၏ နှလုံးသားက ပူနွေးသည့်ရေထဲတွင် နစ်မြုပ်နေသလို ခံစားနေရသည်။ မုထျန်းဟန်က သူ့ကို သဘောကျကြောင်း သူ သေချာပေါက် သိသည်။ ဖြစ်နိုင်သည်က... သူ့ဝန်ခံချက်ကို မငြင်းပယ်သည့် အခွင့်အရေးက ရှစ်ဆယ်ရာခိုင်နှုန်းမျှ ရှိကောင်းရှိနိုင်သည်။


"ကိုကို...ကျွန်တော့်အကြံကိုပဲ လက်ခံပါ" 


မော့တိက သူ၏ဆက်ဆံရေးအဆင်မပြေမှုများကို ဘေးဖယ်ထားပြီး မုထျန်းဟန်ကိုကြည့်ကာ 


“ကိုကိုက အရင်းအနှီးထည့်လေ၊ ကျွန်တော်က အရည်အချင်းတွေကို ရင်းနှီးမယ် ကုမ္ပဏီဖွဲ့စည်းတဲ့အခါ ကျွန်တော့်ရဲ့ရှယ်ယာအချို့ကို အဖွဲ့၀င်သားတွေဆီ လွှဲပြောင်းပေးလိုက်မယ် အဆင်ပြေရဲ့လား'' 


ရှေ့တွင် မီးနီသွားသည်က ကောင်း၏။ မုထျန်းဟန်က ဘရိတ်ကိုနင်းလိုက်ရာ ကားက ဖြည်းညှင်းစွာရပ်သွားသည်။ သူက မော့တိကို လှည့်ကြည့်ပြီး "ကလေးလေး မင်းက ကိုယ်နဲ့ အလုပ်တွဲလုပ်ဖို့ စိတ်အားထက်သန်နေတာလား"


“အမ်း”


 


မုထျန်းဟန်က မော့တိကို ကြည့်ရင်း နက်ရှိုင်းစွာပြုံးလျက် ပြောသည်။ 


“မင်းရဲ့ တွေးခေါ်ပုံကို ကိုယ်နားလည်ပါတယ်၊ မင်းကိုယ့်ကို အကျိုးအမြတ်တစ်ခု ပေးချင်တယ်ဆိုတာလည်း သိတယ် ဒါပေမယ့် မင်းကို အခွင့်ကောင်းမယူနိုင်ဘူး ၊ ကိုယ်က မင်းထက် ဆယ့်တစ်နှစ်လောက်ကြီးတယ် မင်းရဲ့ကြိုးစားမှုကနေ အကျိုးအမြတ်ရဖို့ လုပ်တဲ့လုပ်ရပ်က မမှန်ကန်ဘူး''


ထို့နောက် မုထျန်းဟန်က ခပ်တိုးတိုးရယ်လိုက်၏။


 “တကယ်တော့ အသက်ကွာခြားမှုအရ မင်းကိုယ့်ကို ‘ဦးလေး’ လို့ ခေါ်သင့်တာ၊ မင်းကိုယ့်ကို ကိုကိုလို့ ခေါ်တာကိုက ကိုယ့်အတွက် အကျိုးရှိနေပါပြီ"


မော့တိ ရှက်သွားသည်။ သူကပြော၏။


 “ကိုကို၊ ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် စဉ်းစားပြီးပြီ ကျွန်တော်က ကိုကိုနဲ့ ပူးပေါင်းချင်ရုံပဲ။ ခင်များဆန္ဒရှိလား မရှိဘူးလား''


မီးစိမ်းသွားသည်နှင့် ကားက ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။


မုထျန်းဟန်က မော့တိအနေဖြင့် ဤကိစ္စနှင့် ပတ်သက်၍ တင်းကြပ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူကစဉ်းစားပြီးနောက် ပြောလိုက်သည်။ 


“ကောင်ငယ်လေး မင်း ဒါကို ပြန်စဉ်းစားသင့်တယ် ဒီနည်းနဲ့ ရှယ်ယာတွေကို ခွဲလို့မရဘူး ကိုယ် မင်းကို မလုပ်စေချင်ဘူး…”


“ကျွန်တော် ဒါနဲ့ပတ်သက်ပြီး ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး ပြီးတော့ ကြောင့် ကျွန်တော်တို့ကြားမှာ ဘယ်တော့မှ ကွဲလွဲမှုတွေ ရှိမှာမဟုတ်ဘူး ကိုကို ကျွန်တော့်ကို ကတိမပေးရင် ဒါက ကျွန်တော့်ရဲ့အကျင့်စရိုက်ကို မယုံလို့ပဲ ၊ ခင်များက ကျွန်တော့်ကို အပြင်လူတစ်ယောက်အနေနဲ့ ဆက်ဆံတုန်းဆိုတော့ ဒါက ကျွန်တော့် နှလုံးသားထဲမှာ အထုံးတစ်ခု ဖြစ်သွားလိမ့်မယ်''


 မော့တိမှ မုထျန်းဟန်ကို တည့်တည့်ကြည့်လိုက်သည်။


 


 "ကိုကို၊ ကျွန်တော် ဒါကို ဆုံးဖြတ်ထားတာ တော်တော်ကြာပြီ၊ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော် အောင်မြင်မှုတစ်ခုမှ မရှိခဲ့တဲ့အတွက် အဲဒါကို မပြောရဲဘူး"


မော့တိက လေးနက်နေပြီး ရှောင်တိမ်းရန် ငြင်းဆန်နေသောကြောင့် မုထျန်းဟန်မှာ စကားနိုင်လုရာတွင် ရှုံးသွားခဲ့သည်။ တခြားတစ်ယောက်ယောက်သာဆိုလျှင် မော့တိနှင့် ချက်ချင်းသဘောတူမှာဖြစ်သလို မုထျန်းဟန်ကလည်း သူနှင့်ဆက်ဆံနေရသည်မှာ မော့တိမဟုတ်လျှင် သူ့သတ်မှတ်ချက်တွေကို သဘောတူပြီးသားဖြစ်မည်သာ။ နောက်ဆုံးတွင် ဤအရာက အမှန်ပင်ဈေးဆစ်မှုတစ်ခုသာဖြစ်သည်။ တစ်ဖက်လူသာ ငတုံးမဟုတ်ပါက ဤမျှများပြားသော အစုရှယ်ယာများကိုမည်သည့်အခါမှ ပေးမည်ဟုတ်ပေ။


မုထျန်းဟန်က သက်ပြင်းချပြီး နောက်ဆုံးတွင် အရှုံးပေးလိုက်သည်။


သူ့ကလေးလေးက ငတုံးမဟုတ်သည်မှာ သေချာသည်။ မော့တိက သူ့ကို ကျေးဇူးဆပ်ဖို့ ကြိုးစားနေတာကို သူ မမြင်ပဲမနေပေ။


 သူ့အနေနှင့် ၎င်းကို အရင်သဘောတူပြီးမှသာ ကုမ္ပဏီကို ရင်းနှီးမြုပ်နှံမှုတစ်ခုအဖြစ်သာမက အသက်မွေးဝမ်းကြောင်းတစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်သင့်သည်။ အနည်းဆုံး ဤနည်းဖြင့်၊ သူက သူ၏ကလေးလေးကို အခွင့်ကောင်းယူသည့် သားရဲအိုကြီးအဖြစ်မှ ကင်းလွတ်ပြီး ပိုအသုံးဝင်လာလိမ့်မည်ဖြစ်သည်။


မော့တိ ခန္ဓာကိုယ်ကို အသုံးချရုံသာမက သူ့ဝင်ငွေနှင့် အသက်မွေးဝမ်းကြောင်းကိုပါ အသုံးချရန် တွေးပါမူ မုထျန်းဟန်မှာ သားရဲကောင်၏ အခြားအဆင့်သို့ပင် ရောက်ရှိသွားလိမ့်မည်ဟု ခံစားလိုက်ရသည်...။


''ကောင်းပြီ သဘောတူတယ်" 


မုထျန်းဟန်က မော့တိကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ဒါပေမယ့် ရှယ်ယာတွေကို ဘယ်လိုခွဲဝေမလဲ ဆိုတာကတော့ ကိုယ့်အပေါ်မှာ မူတည်တယ်"


မော့တိက ဝမ်းသာအားရဖြင့်ပင် သဘောတူလိုက်၏။ “ဟုတ်ပြီ!”


သူက ထပ်ပေါင်းပြောလိုက်သေးသည်။


 "ဒါပေမယ့် ကိုကိုက ရှယ်ယာရဲ့ နှစ်ဆယ်ရာခိုင်နှုန်းအောက်ကို ယူလို့မရဘူး"


မုထျန်းဟန်က ဆယ်ရာခိုင်နှုန်းယူမည်ဟု ပြောလိုခဲ့သော်လည်း ချက်ချင်းပင် ပိတ်ပင်ခံခဲ့ရသည်။ သူက ကူကယ်ရာမဲ့စွာဖြင့် 


“ဒါဆို ကိုယ် နှစ်ဆယ်ရာခိုင်နှုန်းယူမယ်၊ မင်းအတွက် ရှစ်ဆယ်ကျန်သေးတယ်။ ကုမ္ပဏီကို တည်ထောင်တဲ့အခါ ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းအထိ အခြားအဖွဲ့သားတွေကို မျှဝေပေးနိုင်တယ်”


"အင်း"


မော့တိက ပြုံးကာဖြင့် သဘောတူလိုက်သည်။


သူ တစ်ခုခု ပြောရန်ပြုစဥ် သူ့ဖုန်းထံ သတိပေးချက်တစ်ခု ဝင်လာသည်။ မော့စစ်လန်၏ အမာခံပရိသတ်အဖွဲ့အတွင်း 'ဆိုက်ဘာအမဲလိုက်ခြင်း' နှင့် 'အခြားသူများအား ပြုမူခြင်း' ဟူသော ဖော်ပြချက်ကို သူ၏appမှ တွေ့ရှိသောကြောင့် အချက်ပြခြင်းဖြစ်သည်။


မော့တိ၏ အမူအရာက လေးလံလာသည်။


မုထျန်းဟန်းက မော့တိ၏ စိတ်အခြေအနေ မူမမှန်သည်ကို မြင်၍ မေးလိုက်သည်။


 “ဘာဖြစ်နေတာလဲ၊ တစ်ခုခုဖြစ်လို့လား?"


မော့တိက ဖုန်းကို လော့ခ်ဖွင့်ကာ အသိပေးချက်ဖြစ်ပေါ်စေသည့် ပို့စ်များကို ဖျက်နေရင်း သူ့မျက်လုံးများက အေးစက်လာသည်။


''ကျွန်တော် ကိုကို့ကိုပြောစရာရှိတယ်''


"ဘာလဲ" 


မုထျန်းဟန်က မော့တိ၏ လေသံနှင့် မတည်ငြိမ်မှုကို ခံစားလိုက်ရကား လမ်းဘေးတွင် ကားရပ်လိုက်ပြီး လေးလေးနက်နက် လှည့်ကြည့်လိုက်ကာဖြင့်


 "ဘာဖြစ်တာလဲ"


“ကိုကို၊ အရမ်းနာမည်ကြီးခဲ့ဖူးတဲ့ အဆိုတော်ဖြစ် မော့စစ်လန်ကို မှတ်မိသေးလား အခုတောင် တော်တော်လူကြိုက်များနေသေးတယ်'' 


မော့တိက အသက်ပြင်းပြင်းရှူကာ သူ့နှလုံးထဲမှ တက်လာသော အဆိုးမြင်စိတ်များကို ရှူထုတ်လိုက်သည်။


 “အရင်တုန်းက မော့အိမ်တော်မှာ စောင့်ကြည့်ကင်မရာတွေ ထားဖို့ ဦးလေးစုန့်ကို အကူအညီတောင်းခဲ့တယ်မလား လွန်ခဲ့တဲ့ရက်အနည်းငယ်က စောင့်ကြည့်မှတ်တမ်းကို ကျွန်တော်ကြည့်လိုက်တော့ မော့စစ်လန်က ကျွန်တော့်ကို သင်ခန်းစာတစ်ခုပေးဖို့ သူ့ရဲ့ အစွန်းရောက်ပရိသတ်တွေ အသုံးပြုဖို့ စီစဉ်နေတာကို တွေ့လိုက်ရတယ်လေ သူက ဒိုင်ယာရီအတုလုပ်ပြီး အဲတာက ကျွန်တော့်ဟာဆိုပြီး ပြောတာ အထဲမှာ မော့မိသားစုအကြောင်း ဆိုးဆိုးရွားရွား ရေးထားပြီး မော့စစ်လန်လေဖြတ်ပြီး သေလုမျောပါး ဖြစ်ရတဲ့ အခြေအနေအမျိုးမျိုးနဲ့ ရင်ဆိုင်ရပါစေဆိုပြီး ကျိန်ဆဲထားသေးတယ်တဲ့ သူက အဲ့ဒါကိုသုံးပြီး သူ့ရဲ့ အစွန်းရောက်ပရိတ်သတ်တချို့ ကျွန်တော့်ကို အန္တရာယ်ပြုလာဖို့ သွေးထိုးလှုံ့ဆော်ချင်နေတာ”


“ပြီးခဲ့တဲ့ ရက်နည်းနည်းလောက်က သူ အတုလုပ်ထားတဲ့ သက်သေကို ကျွန်တော် ရှာနေပေမယ့် အခုထိ ရှာမတွေ့ဘူး၊ ပြီးတော့ ကျွန်တော် သူ့ပရိသတ်တွေနဲ့ပက်သက်ပြီး သတိထားချင်လို့ သူတို့ရဲ့လှုပ်ရှားမှုတွေကို အွန်လိုင်းမှာ စောင့်ကြည့်ဖို့ အစီအစဉ်တစ်ခုကို လုပ်ထားသေးတယ် အဲ့ဒီကနေ ကျွန်တော့်ရဲ့ တည်နေရာကို ရှာဖို့ သူတို့ကြိုးစားနေတာကို ပြသတဲ့ အဆင့်-၃ ခြိမ်းခြောက်မှုအတွက် သတိပေးချက်တစ်ခု ရထားတယ်''


မော့တိက ရုတ်တရက် ခပ်ဖွဖွ ပြုံးလိုက်ပြီး “တကယ်တော့ မော့စစ်လန်က အရင်လှုပ်ရှားလိုက်တာ ပိုကောင်းသွားတယ် ဒါကြောင့် အရင်က သိပ်မထင်ရှားတဲ့ သူ့ရဲ့အပိုအကောင့်ကို ကျွန်တော် ခြေရာခံနိုင်ခဲ့တယ် အဲဒီမှာ သဲလွန်စတချို့ တွေ့နိုင်တယ် ကိုကို ဘယ်လိုထင်လဲ"


သို့သော်လည်း မုထျန်းဟန်က ပြင်းပြင်းထန်ထန် အုံ့မှိုင်းနေသော မျက်နှာပေးဖြင့် “မင်း ကိုယ့်ကို ဘာလို့ စောစောက မပြောတာလဲ”


“ကျွန်တော်…. ကျွန်တော် ကိုကို့ကို မပြောခင်အချက်အလက်နည်းနည်း စုဆောင်းဖို့ စီစဉ်ထားလို့ပါ'' မော့တိမှာ အပြစ်အနည်းငယ်ရှိသလို ခံစားရသောကြောင့် မုထျန်းဟန်အား မကြည့်ဝံ့ပေ။


ထို့ကြောင့် သူက အသနားခံဖို့ ဆုံးဖြတ်လိုက်သည်။


 ''ကိုကို ကျွန်တော်ကြောက်တယ်''


Xxxxxx