အပိုင်း ၇၉
Viewers 28k

Chapter 79


မော့တိ၏ သနားစရာကောင်းပြီး နောင်တရနေသည့်အပြုအမူကို တွေ့လိုက်ရသဖြင့် မုထျန်းဟန်မှာ သူ့အားဆက်လက်၍ စိတ်မဆိုးနိုင်တော့ပေ။


“အခုတော့ ကြောက်ရမှန်းသိပြီပေါ့လေ!” မုထျန်းဟန်က မော့တိ၏ဆံပင်တို့ကို ဖွလိုက်သည်။ သူက ဒေါသထွက်နေဆဲဖြစ်သည့်တိုင် နူးညံ့မှုတို့ကား ပျောက်မသွားပေ။ “ကိုယ့်ကိုမင်းဖုန်းပြ...”


“အမ်း...” မော့တိက နာနာခံခံဖြင့်ပင် သူ့ဖုန်းကို မုထျန်းဟန်ထံ လွှဲပြောင်းပေးလိုက်သည်။ သူက စိတ်ထဲမှနေ၍ သက်ပြင်းကြီးတစ်ချက်ချလိုက်မိ၏။


အဲဒါက အရမ်းနီးကပ်နေပြီ။


သို့ပေမယ့် ဤမျှမြန်မြန်ပြီးသွားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။


မုထျန်းဟန်က အကြည့်ကိုအောက်ပို့လျက် မျက်နှာပြင်ထက်ရှိ ရွံရှာဖွယ်ပို့စ်များကို ဖတ်လိုက်ပြီးနောက် သူ့မျက်နှာက မှင်ရည်ထဲနစ်ထားသည့်ပမာ တဖြည်းဖြည်း ပြောင်းလဲ၍လာသည်။


“ကိုကို စိတ်မဆိုးပါနဲ့၊ အခု အဲဒါက စောင့်ကြည့်မှုအောက်မှာရောက်နေပြီ ပြီးတော့ ကျွန်တော်တို့ တန်ပြန်အစီအစဥ်တွေ ဆွဲလို့ရတာပဲ၊ အဆင်ပြေသွားမှာပါ ...” မော့တိက သူ့အား တည်ငြိမ်သွားအောင် ကြိုးစားနေခဲ့သည်။


မုထျန်းဟန် : “ကိုယ်စိတ်ဆိုးမှာကိုတော့ မင်းသိတယ်လား၊ သူတို့က ဘယ်လိုလူတွေလဲ၊ တစ်ယောက်ထက် တစ်ယောက်က ပိုဆိုးနေတယ်၊ ဒါကို မင်းက မင်းကိုယ်တိုင် ဖြေရှင်းချင်သေးတာလား !”


မော့တိ : “…”


ဘာလို့ ဒီအကြောင်းကိုပဲ ပြန်ရောက်သွားရပြန်တာလဲ။


“ပြီးတော့ ကိုယ်ထင်တာသာ မမှားရင် မင်းကိုယ်မင်း အန္တရာယ်ထဲ ဆွဲသွင်းဖို့ကြံနေတာမလား၊ မဟုတ်ဘူးလား” မုထျန်းဟန်က မော့တိအား တင်းမာသည့်မျက်နှာထားဖြင့် ကြည့်လိုက်ကာ “မင်းက သူတို့အစီအစဥ်ကို သိနေတာကြောင့် အခွင့်ကောင်းယူပြီး မင်းကိုယ်မင်း ကာကွယ်မယ်လို့ တွေးနေတာမလား၊ အဲဒီ့လူတွေ မင်းကိုဒုက္ခပေးခွင့်ပြုပြီးတာနဲ့ မော့စစ်လန်ကို ဆန့်ကျင်ဖို့ သက်သေယူပြီး သူ့ကို ထောင်ထဲပို့ဖို့ကြံနေတာလေ၊ ဟုတ်တယ်မလား ”


မုထျန်းဟန် စာတွေကို ဖတ်ပြီးသည့်နောက်မှာတော့ သူရှင်းရှင်းလင်းလင်း သိသွားသည်မှာ သေချာနေသဖြင့် မော့တိမှာ စကားမပြောရဲပေ။


“ဒါက အရမ်းအန္တရာယ်များတယ်၊ မင်းသူတို့ရဲ့ တိုက်ခိုက်မှုကို မရှောင်နိုင်ရင် ဘယ်လိုလုပ်မလဲ၊ သူတို့ပြောနေတဲ့အကြောင်းတွေက ဘယ်လောက်တောင် အန္တရာယ်များလဲ မင်းတွေးဖူးရဲ့လား၊ အက်ဆစ်တွေ ဓားတွေ ရိုက်ပြီးပြေးမယ်ဆိုတာတွေ၊ မင်းက ဒါကို ဖုံးကွယ်ထားနိုင်တယ်လို့ ထင်ပေမယ့် ဘယ်သူကမှ မင်းအပြည့်အဝလုံခြုံလိမ့်မယ်လို့ အာမမခံနိုင်ဘူး!”


မုထျန်းဟန်က ဒေါသအလွန်ထွက်နေ၏။ “မင်းရဲ့အစီအစဥ်က ဘယ်လောက်အန္တရာယ်များသလဲ မင်းသိရဲ့လား ?”


မော့တိမှာ မူလတွင် အပြစ်ရှိစိတ်ခံစားရသော်လည်း စကားစုများစွာဖြင့် ပြစ်တင်ရှုတ်ချခံရပြီးနောက် ဝမ်းနည်းကာဒေါသမထွက်ပဲ မနေနိုင်တော့ချေ။


သူဘာများလုပ်နိုင်သေးလို့လဲ။ အဲဒါက အကောင်းဆုံး နည်းလမ်းပဲမလား။ 


မော့စစ်လန်က ပရိတ်သတ်အင်အားတောင့်ပြီး များသောအားဖြင့် သူက လိမ္မာပါးနပ်ပြီး ဥာဏ်များတယ်။ သူက သူလက်စားချေမယ့်စာရင်းထဲက လူတွေထဲမှာ ဖြုတ်ချဖို့ အခက်ဆုံးလူတစ်ယောက်လေ။ အခု သူကအခွင့်အရေးကောင်းတစ်ခု ရလာတဲ့ဟာကို သူနည်းနည်းလောက် အန္တရာယ်ကြုံတော့ရော ဘာဖြစ်လဲ။ သူ့အရင်ဘဝကဆို သူမဖြတ်သန်းခဲ့ရတဲ့ ဘယ်လိုခါးသီးတဲ့နေ့တွေဆိုတာ ရှိလို့လဲ။ သူ့ကို ခြောက်လှန့်နိုင်တဲ့ အခြားဘာတွေများ ရှိသေးလို့လဲ။ 


သူမော့စစ်လန်ကို ဆွဲချနိုင်သရွေ့ ဘယ်လိုအန္တရာယ်မျိုးကြုံရပါစေ ထိုက်တန်သည်။ သူ့အရင်ဘဝမှ ထိုသို့သော ညှင်းပန်းမှုတွေထဲကတစ်ခုဆိုလျှင်ပင် သူ့အနေဖြင့် တစ်ချက်တည်း ရှင်းပစ်ဖို့ရာ ဆန္ဒရှိပေသည်။


မော့တိ၏မျက်လုံးများက နီရဲလာပြီး မုထျန်းဟန်ထံမှ လှည့်ထွက်သွားခဲ့သည်။


မုထျန်းဟန်က သူ့တုန့်ပြန်မှုကိုကြည့်ပြီးနောက် နောင်တအနည်းငယ်ရသလို ခံစားလိုက်ရပြီးနောက် အနည်းငယ် နာကျင်သွားရသည်။


ယခုအချိန်တွင် သူ့အပေါ်၌ အလွန်မပြင်းထန်သင့်ပေ။


သူမော့မိသားစုအကြောင်း သိလာရလေလေ မော့တိဘာတွေတွေးနေသလဲဆိုသည်ကို နားလည်လာလေပင်။ ယခုမူ သူမော့မိသားစုတွင် ကြီးပြင်လာရသော မော့တိ၏ အတွေ့အကြုံတို့အား စာနာလာနိုင်ခဲ့သည်။ ထပ်ကာထပ်ကာ စော်ကားအနိုင်ကျင့်ခံရပြီးနောက်တွင် ယင်းက လက်တုန့်ပြန်ရန် သူတို့၏ဟာကွက်ကို အသုံးချနိုင်သည့် တစ်ခုတည်းသော အခွင့်အရေးပင်ဖြစ်ချေ၏။ အန္တရာယ်မဖြစ်ဖို့ရာ တကယ်ပင် ခက်ခဲသည်။


ယင်းက သူတွေးထားသည်ထက် ပို၍ပင် မရိုးရှင်းပေ။ သူက သူ့သူငယ်ချင်းလေး၏ ခံစားချက်ကိုပင် မစဥ်းစားပေးခဲ့မိချေ။ သူနောင်တရမိပြီး ဤကိစ္စနှင့်ပတ်သက်၍ သူ၏အမြင်ကျဥ်းမြောင်းမှုကိုလည်း ဝန်ခံပါသည်။


“တောင်းပန်ပါတယ် ၊ ကိုယ် အရမ်းကိုရိုးရိုးရှင်းရှင်းပဲ ကြည့်ခဲ့မိတယ်၊ ကိုယ်မင်းအတွက် မစဥ်းစားပေးမိဘူး၊ ကိုယ့်အမှားပါ ၊ ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်မလား...!”


မော့တိ၏မျက်ဝန်းများက ပို၍ နီရဲလာသည်။ သူက မျက်လုံးထောင့်ကို ပွတ်သုတ်လိုက်ပြီး ပြော၏။ “ကျွန်တော် ခင်များကို အပြစ်မတင်ပါဘူး၊ ကျွန်တော်တစ်ခါမှ ဒီလိုမခံစားခဲ့ဖူးဘူး...”


“ဒါဆိုလည်း ကိုယ့်ဘက်ကို လှည့်ကြည့်ပါဦး၊ ထပ်ပြီး ဝမ်းမနည်းပါနဲ့တော့၊ ပြီးတော့ ကိုယ့်ကို စိတ်မဆိုးနဲတော့နော်...”


“ခင်များကျွန်တော့်ကို စိတ်ပူလို့ဆိုတာ သိပါတယ်၊ ကျွန်တော်သိပါတယ်...”


မော့တိက ပြန်လှည့်မလာခဲ့ပေ။ သူက သူ၏နီရဲပြီးမျက်ရည်ဝေ့နေသည့် မျက်လုံးများအား မုထျန်းဟန်ကို ပေးမမြင်လိုပေ။ သို့ပေသိ သူပြောခဲ့သည့်အတိုင်း ဆိုလိုခြင်းသာ။ သူ့အနေဖြင့် မုထျန်းဟန် သူ့လုံခြုံရေးအားပူပန်၍ဖြစ်ကြောင်း သိပါ၏။ သူဝမ်းနည်းနေသည်ကို မုထျန်းဟန်မြင်လျှင် သူ့ကိုစတင်၍ပင် တောင်းပန်လာသေးသည်။


မော့တိ၏မျက်လုံးများက ထိန်းချုပ်မရအောင် ယောင်ရမ်းနေ၏။


မုထျန်းဟန်က သူ့အားဤမျှအထိ စိတ်ပူလိမ့်မည်ဟူ၍ မထင်ခဲ့မိပေ။ သူ့ခံစားချက်များကို အလေးထားသည့်အတွက် တောင်းပန်လာလိမ့်မည်ဟုလည်း မထင်ခဲ့မိပါချေ။ 


ယခုအချိန်အထိ မည်သူကမှ သူ့အား ထိုသို့မဆက်ဆံခဲ့ဖူးပေ။


ထိုအချိန်က သူကမှန်ကန်သည့်အရာကို လုပ်လျှင်ပင် ရိုက်နှက်ဆုံးမခြင်းကိုသာ ခံခဲ့ရပြီး ဂရုတစိုက် တောင်းပန်မှုကိုလည်း မရရှိခဲ့ဖူးပေ။ 


ဒီခံစားချက်က ဖြစ်နိုင်တာ... ဖြစ်နိုင်တာကတော့ သူမုထျန်းဟန်ကြောင့် ပျက်စီးသွားတာများလား။(အလိုလိုက်ခံရလို့ ခံစားလွယ်ပြီးဆိုးလာတဲ့သဘောပါ)


“ဒါဆိုလည်း မင်းဘာလို့ ကိုယ့်ဘက်ကို လှည့်မကြည့်တာလဲ” မုထျန်းဟန်က စိတ်ဆိုးနေသောပုံစံဖြင့် ခေါင်းငုံ့ထားသည့်မော့တိအားကြည့်ကာ ခေါင်းအလွန်ကိုက်လာသည်။ သူက ပုခုံးလေးကိုကိုင်ကာ ပြောလိုက်၏။ “မင်းကိုယ့်ကို တကယ်ခွင့်လွှတ်ရင် ကိုယ့်ဘက်ကိုလှည့်ပြီး စကားပြော...”


မုထျန်းဟန်၏အသံက အလွန်နူးညံ့ပြီး စိတ်သက်သာရာရစေရုံသာမက အသနားခံသည့်လေသံလေးပါ နှော၍နေသည်။ မော့တိ၏ခံစားချက်များ ဖောင်းပွလာပြီး နှာရှုံ့လိုက်မိသည်။


သူက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မုထျန်းဟန်အား ကြည့်လိုက်သည်။


“ကျွန်တော် တောင်းပန်ပါတယ် ကိုကို၊ ကျွန်တော်မှားသွားတယ် ...”


“မဟုတ်တာ ၊ ကိုယ်ကိုက အမြင်ကျဥ်းပြီး မင်းခံစားချက်ကို ထည့်မတွက်မိတာ၊ ကိုယ်ဒီလိုထပ်မလုပ်တော့ပါဘူး...” 


နောက်ဆုံးမှာတော့ မုထျန်းဟန် စိတ်သက်သာရာရသွား၏။ သူက မော့တိ၏ဆံစလေးများကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး “မင်းကိုယ့်ကို တကယ်ခွင့်လွှတ်ရဲ့လား”


“ကျွန်တော် ခင်များကို အပြစ်မတင်ပါဘူး၊ တကယ်ပါ...” မော့တိမှာ သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်နေကြရသလို ခံစားနေရသည်။ သူကပြုံးကာ ဆိုလိုက်၏။ “ကိုကို၊ ခင်များဘာလို့ မလုံခြုံသလို ခံစားရတာလဲ”


(သူ့ကိုယ်သူ ယုံကြည်မှုမရှိတာကိုပြောတာပါ)


“လူတိုင်းရဲ့မလုံခြုံမှုက သူတို့ဂရုစိုက်တဲ့လူရှေ့မှာ ပေါ်လာတာ...” မုထျန်းဟန်က မော့တိအား ယခင်ထက် ပို၍နူးညံ့သိမ်မွေ့သည့်အကြည့်ဖြင့် ကြည့်နေလေရာ သူ့အားရှက်သွေးဖြာသွားစေသည်။


“ကိုကို ဘာတွေပြောနေတာလဲ ”


သူ၏အတွေးများကို ထုတ်ပြောမိလိုက်သည်ကို သတိပြုမိသွားချိန်တွင် မုထျန်းဟန် အသိပြန်ဝင်လာ၏။ သူကပြုံးလိုက်ပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်လေသည်။ “သွားစို့ ၊ ကိုယ်မင်းကို ကိုယ့်ရဲ့လုပ်သက်အကြာဆုံး ပရိဂရမ်မာတွေနဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားမယ်...”


“ကိုကို…” မော့တိက သူ့ယခင်စကားများနှင့်ပတ်သက်၍ စဥ်းစားနေဆဲပင်။


“ဘာလဲ”


“ဘာ.. ဘာမှမဟုတ်ပါဘူး...” မော့တိမှာ ယင်းက မုထျန်းဟန် သူ့ကိုကြိုက်နေသည်လားဟု သေချာပေါက် ရှင်းလင်းရန် သတ္တိမရှိပါချေ။ 


“ကောင်းပါပြီ...” မုထျန်းဟန်က ဆိုသည်။ “မော့စစ်လန်ကတော့ မင်းသူနဲ့ပတ်သက်ပြီး သိပ်မစိုးရိမ်ပါနဲ့၊သူဘယ်လို လိမ်ညာခဲ့လဲဆိုတာကို ကိုယ်တို့အတူတူ စုံစမ်းကြမယ်၊ ဘယ်အချိန်အထိ သူဆက်ထိန်းထားနိုင်မလဲ ကြည့်ကြတာပေါ့...”


“အတူတူ?” 


“အင်း၊ ကိုယ်က ကွန်ပျူတာသိပ္ပံကို အထူးပြုမေဂျာယူထားတယ်ဆိုတာ မင်းမေ့နေပြီလား၊ ကိုယ် ဟက်တာနှင့်ပတ်သက်ပြီး ရင်းနှီးပါတယ်၊ ဒါကြောင့် ကိုယ်အခုလေးတင် ဒီကိုပြောင်းလိုက်တဲ့ ပရိုဂရမ်မာအဖွဲ့တွေလည်း အတူတူပဲ၊ စိတ်မပူပါနဲ့၊ ကိုယ်တိုင်လုပ်ရတာကခက်ပေမယ့် လူတွေထပ်ပါလာရင် မတူတော့ဘူးလေ”


“သုံးရက်အတွင်း ကိုယ် မော့စစ်လန်က အဲဒီ့နေ့စဥ်မှတ်တမ်းကို အတုလုပ်ထားတယ်ဆိုတဲ့သက်သေ ရှာပေးမယ်၊ ပြီးတော့ မင်းကိုတိုက်ခိုက်ဖို့ သူ့ပရိတ်သတ်တွေကို လှုံ့ဆော်ခဲ့တာကိုရောပဲ၊ မင်းကိုယ့်ကို ယုံလား ”


“ကျွန်တော်ယုံပါတယ် ဒါပေမယ့် …” မော့တိ မျက်မှောင်ကြုတ်လိုက်ကာဖြင့် “ဒါပေမယ့် ဒီကိစ္စလေးအတွက်နဲ့ ပရိုဂရမ်မာတွေကိုသုံးတာက သိပ်မသင့်တော်ဘူးလားလို့?”


“ဒါကဘာမှမဟုတ်ပါဘူး၊သူတို့က ကုမ္ပဏီနဲ့အတူ လက်တွဲလာတာကြာပြီ၊ ကိုယ့်အတွက် ကိုယ်ရေးကိုယ်တာလေး နည်းနည်းလုပ်ပေးရရုံနဲ့ စိတ်ထဲထားမှာမဟုတ်ဘူး၊ ပြီးတော့ ကိုယ်ကသူတို့ကို ဒီနှစ်တွေထဲမှာ ကူညီဖူးတယ်လေ၊ မင်းအဲ့အတွက် စိတ်မပူပါနဲ့.”


မုထျန်းဟန်က ပြုံးလိုက်ရင်း “ဒါ့အပြင် သူတို့အားလုံးမှာ မင်းနဲ့ရွယ်တူ ကလေးတွေရှိတယ်၊ သူတို့သာ ဒီကိစ္စရဲ့နောက်ကွယ်က အကြောင်းအရင်းကို သိသွားရင် မင်းကို သေချာပေါက်ကို လိုလိုလားလားကူညီလိမ့်မယ်”


မုထျန်းဟန်က ထိုသို့ပြောလာသည့်အခါ မော့တိ ထပ်မံငြင်းဆိူခြင်းမရှိတော့ချေ။ သူကပြောလိုက်၏။ 


“ကျေးဇူးတင်ပါတယ် ကိုကို...၊ ကျွန်တော် သူတို့ကို ကျေးဇူးပြန်ဆပ်မှာပါ .”


“အဲ့အကြောင်း မပြောပါနဲ့ ၊ နောက်ပိုင်းကျ ဧည့်ကြိုဌာနမှာ မင်းတို့ကိူ ကိုယ်မိတ်ဆက်ပေးမယ်၊ တကယ်တော့ သူတို့ထဲကအချို့က ဂိမ်းအကြောင်းစိတ်ဝင်စားတယ်၊ မင်းတို့တွေ အဆင်ပြေကြလိမ့်မယ်...”


“အင်း...” မော့တိက မုထျန်းဟန်၏ ဘေးတိုက်မျက်နှာကိုကြည့်ရင်း ယခင်က လိုင်သယ်စစ်ပြောခဲ့သည်တို့အား ပြန်သတိရမိသွားသည်။


မုထျန်းဟန်မှာ သဘောကောင်းပြီး တော်ထက်သူဖြစ်လေရာ သူနှင့်လက်တွဲပြီးမှ လမ်းခွဲလိုက်သည့် မည်သူ့အတွက်မဆို ကြီးမားသည့် ထိုးနှက်ချက်ဖြစ်မှာပင်။ အဘယ်ကြောင့်ဆိုသော် သူနှင့်လမ်းခွဲပြီးမှ ထပ်တွေ့ရသည့်ပုဂ္ဂိုလ်မှာ သူကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ခန့်ညားကာ စဥ်းစားပေးတတ်ခြင်းနှင့် အရည်အချင်းပြည့်ဝမှုတို့ ရှိလိမ့်မည်မဟုတ်၍ပင်။


ဘယ်လိုလူတစ်ယောက်ကများ ဒီလိုပြီးပြည့်စုံတဲ့ချစ်သူကို မေ့နိုင်မှာတဲ့လဲ။


“ကိုကို...” မော့တိတစ်ယောက် မုထျန်းဟန်ကို ခံစားချက်များအကြောင်း မေးရန် ရုတ်တရက် သတ္တိရှိလာသည်။


“ဟင် ဘာလဲ "


“ကျွန်တော် မေးစရာရှိတယ်...”


“စိတ်ကြိုက်သာမေးပါ၊ ကိုယ်အဖြေကိုသိရင် အတိအကျပြန်ဖြေပေးမှာပေါ့...”


မော့တိက အသက်ပြင်းပြင်းရှိုက်ကာ သတ္တိမွေးလိုက်သည်။ “ကိုကို၊ ကိုကိုသဘောကျတဲ့ တစ်စုံတစ်ယောက်များရှိလား၊ အခု.. အခုလေ ကိုကို့နှလုံးသားထဲမှာ တစ်ယောက်ယောက်များ ရှိနေလား”


မုထျန်းဟန် အံ့အားသင့်သွားရ၏။ မော့တိက ယင်းကို တိုက်ရိုက်ကြီးမေးလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ 


သူက ရယ်လိုက်ကာ “ဘာလို့ ဒီအကြောင်းကို ရုတ်တရက်ကြီးမေးလာတာလဲ?”


“ခုပဲ ကျွန်တော့်ခေါင်းထဲမှာ ပေါ်လာလို့လေ၊ ကိုကို ခင်များအခု ဘာမဆို ဖြေပေးမယ်လို့ ပြောခဲ့တယ်နော် ...”


မုထျန်းဟန်၏အပြုံးက ပီပြင်လာပြီး နူးညံ့ညင်သာစွာ ပြန်ပြောလိုက်သည်။ “ဒါပေါ့ ရှိတယ်...”


မော့တိမှာ နှလုံးခုန်သံတစ်ချက်ပင် လွတ်သွားသည်။ “ကိုကိုကြိုက်တဲ့လူက... ဘယ်သူလဲ၊ ကျွန်တော် သူ့ကိုသိလား ”


“ဒါက... ကိုယ်မပြောပြနိုင်ဘူး၊ မဟုတ်ရင် မင်းခန့်မှန်းနိုင်သွားလိမ့်မယ်...” မုထျန်းဟန်က ပြုံးလိုက်ပြီး လျှို့ဝှက်ထားဖို့သာ တွေးလိုက်သည်။ တစ်ယောက်ကတော့ ဝန်ခံရန် ဆုံးဖြတ်ချက် မချရသေးသူဖြစ်ပြီး ကျန်တစ်ယောက်ကမူ အရွယ်မရောက်သေးသည့် ကောင်ငယ်လေးဖြစ်၏။ ယခုအချိန်က ထိုအချက်ကို ထုတ်ပြောရန် ကောင်းသည့်အချိန်မဟုတ်ချေ။ 


“ကျွန်တော် ခန့်မှန်းနိုင်တယ်?၊ ဆိုလိုတာက ကျွန်တော် အဲ့လူကိုသိတယ်ပေါ့!”


မော့တိမှာ စိတ်မြန်လက်မြန်ဖြင့် မုထျန်းဟန်တွင် သဘောကျသူရှိမရှိ မေးမိခြင်းအား နောင်တရသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုမရေရာသည့်အဖြေကြောင့် ထိန်းမနိုင်သိမ်းမရစွာ စိတ်လှုပ်ရှာမိခြင်း၊ ရှုပ်ထွေးမှုနှင့်အတူ မျှော်လင့်မိပေသည်။ ပြီးနောက် သူအနည်းငယ်လည်း ပူပန်မိ၏။ သူဘယ်လိုလုပ်ပြီး အခြားအရာတွေကို တွေးနေနိုင်ဦးမည်နည်း။


Xxxxxxx