အပိုင်း ၈၃
Viewers 28k

Chapter 83


မော့တိ၏ပါးပြင်နှင့် နားရွက်များမှာ အနီရောင်ဆိုးထားသကဲ့သို့ ဖြစ်နေပြီး သူ၏သွယ်လျသောလည်ပင်းသည်ပင် ပန်းရောင်သန်းနေခဲ့သည်။


သူအမှတ်တမင် အမိခံလိုက်ရပြီး မုထျန်းဟန်မှာ အလွန်လျင်မြန်စွာ ပြောင်းလဲသွား‌လေသည်။


မော့တိ သူ့ခန္ဓာကိုယ်၏အပူချိန်မှာ မြင့်တက်လာပြီး အသက်ရှုလိုက်တိုင်း လောင်ကျွမ်းနေသည်ဟု ခံစားနေရသည်။ သူလုံးလုံးလျားလျားပင် သတိလွတ်နေကာ မည်သို့လုပ်ဆောင်ရမည် သို့မဟုတ် မည်သည့်နေရာကို သွားရမည်ကို မသိတော့ပေ။ သူ၏ ခုန်ပေါက်နေသော နှလုံးသားတစ်စုံမှလွဲ၍ ခန္ဓာကိုယ်၏မည်သည့်အစိတ်အပိုင်းကိုမျှ မလှုပ်ရှားနိုင် ဖြစ်နေခဲ့သည်။


" လိမ္မာလိုက်တဲ့ကောင်လေး…"


 မုထျန်းဟန် မော့တိကို သူ၏လက်မောင်းများကြားတွင် ထည့်ကာ ပွေ့ဖက်ထားလိုက်သည်။


ဤသည်မှာ မုထျန်းဟန်၏ပထမဆုံးအကြိမ်အဖြစ် ထိုအခိုက်အတန့်ကို စိတ်ကူးယဉ်နေမည့်အစား အမှန်တကယ် မော့တိကို ပွေ့ဖက်ထားခြင်း‌ဖြစ်ပေသည်။


မော့တိ၏ဆံပင်ကို နမ်းရှုံကာ မုထျန်းဟန် ဂရုတစိုက်ငြင်ငြင်သာသာဖြင့် သူ၏ပွေ့ဖက်ထားမှုကို တင်းကြပ်လိုက်သည်။ မော့တိမှာမူ မုထျန်းဟန်၏လက်မောင်းများကြားတွင် ရှုပ်ထွေးနေမှုများနှင့်အတူ ‌မူးဝေနေခဲ့သည်။ သို့သော်လည်း သူ မုထျန်းဟန်၏ သူ့အပေါ်ထားရှိသော ပြင်းပြသည့်ခံစားချက်နှင့် သူ့အား မည်မျှ အမြတ်တနိုးထားသည်ကို ခံစားနိုင်‌‌ဆဲပင်ဖြစ်သည်။


မော့တိ၏နှလုံးသားထဲတွင် ပြင်းပြသောခံစားချက်များ ပေါ်ထွက်လာခဲ့သည်။ မော့တိ သူ၏လက်များကို ဆန့်ကာ မုထျန်းဟန်ကို တင်းကြပ်စွာ ‌ဖက်ထားလိုက်ပြီး ထိုသူ၏ဖြောင့်မတ်ပြီးသန်မာသော နောက်ကျောကို ခံစားနေလိုက်သည်။ မုထျန်းဟန်၏ နွေးထွေးပြီး မာကျောသောရင်အုပ်‌ဆီသို့ မျက်နှာအပ်ထားလိုက်သဖြင့် သူ၏ပါးပြင်များ နီမြန်းလာသည့်တိုင် မော့တိ လက်မလွှတ်ချင်ခဲ့ပေ။


" ကျွန်တော်လည်း ကိုကို့ကို သဘောကျတယ်…တကယ်သဘောကျတာ…"


မုထျန်းဟန် စကားပြန်မပြောခဲ့သော်လည်း မော့တိ၏ဆံပင်ကိုနမ်းနေသော အနမ်းမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။ ထို့နောက် မော့တိ၏ နဖူး၊ မျက်ခွံပေါ်မှ တစ်ဆင့် နှာခေါင်းထိပ်လေးဆီသို့ ဆင်းလာကာ အဆုံးတွင် သူ၏နှုတ်ခမ်းပေါ်သို့ အသာအယာကျရောက်လာသည်။


မော့တိ၏မျက်နှာမှာ အပူဆုံးအခြေအနေသို့ရောက်ရှိသွားလေပြီ ။


" ကိုကို …"


မုထျန်းဟန် မော့တိ၏ပါးပြင်ပေါ်သို့ နောက်ဆုံးအနမ်းတစ်ချက်ပေးလိုက်ပြီးနောက် သူ၏မျက်လုံးများကို နက်ရှိုင်းစွာကြည့်နေခဲ့သည်။ အမြဲလို နူးညံ့ကာ တည်ငြိမ်နေလေ့ရှိသော အသံမှာ ယခုအချိန်တွင် တစ်နည်းတစ်ဖုံဖြင့် အက်ရှနေပြီး


" လိမ္မာနော်.. ကိုယ်မင်းအသက့်ဆယ့်ရှစ်နှစ်ပြည့်တဲ့ထိ စောင့်ရဦးမှာလေ…"


" ဒါပေမယ့် ကျွန်တော်က လူကြီးဖြစ်နေပါပြီ…" 


မော့တိ မုထျန်းဟန်ကို စိုစွတ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကာ 


" ကျွန်တော် ကိုကို့ကို သဘောကျတယ်… ဘာလို့များ ကျွန်တော်တို့ အခုမစတင်ရမှာလဲ…"


" ဘာဖြစ်လို့လဲဆိုတော့…" 


မုထျန်းဟန်၏မျက်လုံးများမှာ ချစ်ခင်မှုများဖြင့် ပြည့်နှက်နေခဲ့သည် ။


" ဘာဖြစ်လို့လဲဆိုတော့ ဒါပြီးရင် ကိုယ်တို့က တစ်ယောက်နဲ့တစ်ယောက် အရင်းနှီးဆုံးလူတွေဖြစ်သွားကြမှာလေ…ဒါက ကိုယ့်အတွက် သားရဲအိုကြီးမဟုတ်ဘဲနဲ့ မင်းရဲ့အစ်ကိုတစ်ယောက်အနေနဲ့ နောက်ဆုံးကျန်တဲ့လပဲကို.. ကလေးလေးက ကိုယ့်ကို အစ်ကိုအဖြစ်ကနေ နှာဘူးသားရဲအိုကြီးအဖြစ် ပြောင်းချင်နေပြီလား…"


မုထျန်းဟန်၏စနောက်မှုအပြီးတွင် မော့တိ သူ၏မျက်နှာမှာ ထို့ထက်ပို၍မနီနိုင်လောက်တော့ဟု ခံစားလိုက်ရသည်။ သူ အရှက်သည်းလာကာ မုထျန်းဟန်၏မျက်လုံးများဆီမှာ အကြည့်လွှဲလိုက်ပြီး


 " ကျွန်တော် အဲ့လိုဆိုလိုတာ မဟုတ်ဘူးလေ…"


" ကိုယ်သိပါတယ်…" 


မုထျန်းဟန် မော့တိကို လသာဆောင်လက်ရန်းပေါ်မှ ဖက်ကာအောက်သို့ချလိုက်ပြီး မျက်နှာပေါ်သို့ အနမ်းတစ်ပွင့်ပေးလိုက်ကာ 


" ကိုကိုက မင်းကိုအချစ်ဆုံးပဲ… မင်းဒါကိုမှတ်မိရင်ရပြီ…"


" ဒါဆိုရင် ကိုကိုလည်း ကျွန်တော်က ကိုကို့ကိုအကြိုက်ဆုံးဆိုတာကို မှတ်ထားပေးရမယ်…" 


မော့တိ ခေါင်းကိုမော့ကာ မုထျန်းဟန်၏လည်ဇလုပ်ပေါ်သို့ ရုတ်တရက်ထနမ်းလိုက်ပြီး 


" ကျွန်တော် ကိုကို့အပေါ်မှာ အမှတ်အသားပေးထားလိုက်ပြီနော်… ဒီနေ့ကစပြီး ကိုကိုက ကျွန်တော့်အပိုင်ပဲ..ကျွန်တော်တို့အခုတရားဝင်ချမတွဲကြသေးရင်တောင်မှ ကျွန်တော်နေရာဦးထားပြီးပြီ…"


မုထျန်းဟန် ချက်ချင်းဆိုသလိုပင် မော့တိ၏အနမ်းကြောင့် ထုံကျင်သွားခဲ့ရသည်။ မီးရှုးမီးပန်းများ ပေါက်ကွဲထားသကဲ့သို့ ခံစားလိုက်ရကာ သူ၏မျက်လုံးများမှာ မော့တိ၏အပေါ်တွင်သာ မြံမြဲစွာရှိနေပြီး 


" ကလေးလေး မင်းဒါတမင်လုပ်တာမလား…"


" တမင်လုပ်တာပဲလေ…" 


မော့တိ မုထျန်းဟန်ကို တိုက်ရိုက်ပင်ကြည့်ကာ သူ့အပေါ်စနောက်နိုင်ခဲ့ခြင်းကို စိတ်ကျေနပ်နေသည့်အမူအယာဖြင့် သူ၏နှုတ်ခမ်းများမှာ ကွေးတက်နေလျက်ရှိသည်။


မုထျန်းဟန်မှာ အတွင်းပိုင်းတွင် မီးတောက်လာသော်လည်း သူ၏သားရဲဆန်သောအပြုအမူများကို ချုပ်ထိန်းလိုက်ရသည်။ အဆုံးမှာတော့ သူမော့တိ၏နဖူးပေါ်သို့ အနမ်းတစ်ပွင့်သာ လျှပ်တစ်ပြက် ကြဲချလိုက်လေသည်။


" လျှောက်နောက်မနေနဲ့နော် ကိုယ်မင်းကိုတစ်ခါတည်း အိပ်ရာထဲပစ်သွင်းလိုက်ရမလား ပြော…"


မော့တိ : "...."


" ကောင်းပြီ ကောင်းပြီ.. အထဲဝင်ရအောင် ဒီမှာက နေထိုးလွန်းတယ်…"


မုထျန်းဟန် ရယ်ချလိုက်ကာ သူ၏နဂို နူးညံ့‌သိမ်မွေ့သော ပုံစံသို့ ပြန်‌လည်ရောက်ရှိသွားသည်။ ယခုလေးတွင်ပင် ပူပြင်းနေသောမြင်ကွင်းမှာ သူ၏ခံစားချက်များကို လောလောဆယ် ကျေနပ်သွားစေသဖြင့်


 " ကိုယ်တို့ပြန်ရောက်ရင် အလုပ်တွေ အမြန်ခွဲပြီးတော့ မော့စစ်လန်နဲ့ရင်ဆိုင်ရလိမ့်မယ်…"


" အမ်း…" 


မော့တိ အခန်းထဲသို့ အလျင်အမြန်‌ ပြေးဝင်သွားလေသည်။ ကြည့်ရသည်မှာ မုထျန်းဟန်၏ အိပ်ရာပေါ်မှချိန်းခြောက်မှုက သူ့အား ထိတ်လန့်သွားစေသည့်ပုံပင်။


မုထျန်းဟန် မော့တိ၏နောက်ကျောကို ကြည့်ကာ မြတ်နိုးမှုနှင့် အံ့သြမှုများ ပြည့်နှက်နေခဲ့သည်။


.......


လက်တလောပြသနာများကို အဆုံး၌ဖြေရှင်းနိုင်သွားပြီးသည့်နောက် မုထျန်းဟန် လီချန်း၏အဖွဲ့ကို တာဝန်များခွဲဝေပေးလိုက်သည်။ လီချန်း၊ မုန့်ထယ်နှင့် အက်ဒမန်တို့က အမျိုးသမီးလက်ထောက်ကို စောင့်ကြည့်နေကြမည်ဖြစ်ပြီး ဂျော့ခ်ျညီအစ်ကိုများနှင့် မုထျန်းဟန်တို့က ချင်ချန်းယီကို ကိုင်တွယ်ကြမည်ဖြစ်သည်။ မော့စစ်လန်ကိုမူ သူနှင့်အရင်းနှီးဆုံးဖြစ်သော မော့တိအတွက် ချန်ထားပေးခဲ့သည်။


လိုင်သယ်စစ်မှာမူ သူညနေပိုင်းအလုပ်ဆင်းသည့်အချိန်မှသာ သူတို့ကိုလာရောက်ကူညီပေးနိုင်ပေမည်။


သူတို့အဖွဲ့မှာ သုံးရက်လုံးစုံစမ်းစစ်ဆေးခဲ့ကြပြီး အမှန်တကယ်ပင် တော်တော်များများကို ရှာတွေ့ခဲ့ကြသည်။


မော့တိမှာ ပထမဆုံးအောင်မြင်မှုရယူနိုင်ခဲ့သူဖြစ်လေသည်။ သူအွန်လိုင်းပေါ်ရှိ ဖိုရမ်အနည်းငယ်ပေါ်တွင် ဒိုင်ယာရီကို ဖြန့်ဝေခဲ့‌သည့် နာမည်တူများကို ထောက်လှမ်းခဲ့ပြီးနောက် သူတို့၏IPလိပ်စာများကို ရှာတွေ့ခဲ့သည်။ သူတို့မှာ နေရာအတော်များများတွင် ပြန့်ကြဲနေသော်လည်း သူ ထိုသူတို့၏လမ်းကြောင်းများကို ခြေရာခံကာ အတူတကွပူးပေါင်းထားသည့် ‌လိပ်စာအစစ်အမှန်နှစ်ခု ထွက်လာသည်အထိ စီမံနိုင်ခဲ့သည်။ ၎င်းတို့မှာ မော့စစ်လန် သူ၏ပရိသတ်များကို ထောက်ခံအားပေးစေကာ ဒိုင်ယာရီအတုကို ဖြန့်ဝေစေသည့်အကောင့်များဖြစ်ကြသည်။


သို့သော်လည်း နေရာမှာ မော့အိမ်တော်နှင့်အတန်ငယ် ကွာဝေးနေသဖြင့် မော့စစ်လန်သူတို့နောက်ကွယ်တွင်ရှိနေသည်ကို သက်သေမပြနိုင်ပေ။ ၎င်းအရာလေးဖြင့် မော့တိ၏စိတ်မှာ ကျဆင်းမသွားနိုင်ပေ။ သူလုံ့လဝီရိယအပြည့်ဖြင့် ဆက်လက်ကြိုးစားခဲ့ပြီးနောက် နောက်တစ်နေ့တွင် မော့စစ်လန်က ကျူးလွန်သူဖြစ်ကြောင်းပြသနိုင်မည့် သက်သေကိုရရှိခဲ့လေသည်။ မော့တိ ချက်ချင်းဆိုသလို အချက်အလက်အားလုံးကို စုစည်းကာ USB ထဲတွင် သိမ်းထားလိုက်သည်။


နောက်တစ်ကြိမ်မှာ မုထျန်းဟန် တောက်ပလာမည့်အချိန်ပင်ဖြစ်သည်။ ထို့အပြင် ၎င်းကြောင့် မုထျန်းဟန်၏ Hacking စွမ်းရည်မှာ သူနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ကို မော့တိ ရှာဖွေတွေ့ရှိသွားခဲ့သည်။ မုထျန်းဟန်က ချင်ချန်းယီ၏လူယုံတစ်ဦးမှ ပစ္စည်းအတုပြုလုပ်ရာတွင် ကျွမ်းကျင်သူကို မတူညီသည့်နံပါတ်နှစ်ခုဖြင့် ဆက်သွယ်ခဲ့ပြီး ဒိုင်ယာရီ၏တည်ဆောက်ပုံ‌အကြောင်း ဆွေးနွေးခဲ့ကြသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုမျှသာမက မုထျန်းဟန်မှ မော့စစ်လန်၏ အမျိုးသမီးလက်ထောက်ပန်ကျင်းရွှမ်က ထိုလူနှင့်လာရောက်ဆက်သွယ်ကာ ဒိုင်ယာရီတွင်ပါဝင်သမျှအရာအားလုံးအတွက် တာဝန်ရှိကြောင်းကိုပင် စီမံနိုင်ခဲ့သည်။


မော့တိ မုထျန်းဟန်၏ အံ့ဩစရာကောင်းမှုကြောင့် စိတ်လှုပ်ရှားနေခဲ့သည်။ ထိုမျှအသုံးဝင်သောအချက်အလက်ကို အချိန်တိုအတွင်း တူးဖော်နိုင်ခဲ့သည်မှာ အံ့ဩစရာပင်။ သူ မုထျန်းဟန်ကို အလျင်အမြန် တစ်ချက်လှမ်းဖက်လိုက်ပြီးနောက် IPလိပ်စာကို အမြန်ရေးချကာ သူတို့၏စကားဝိုင်းကို ဆက်လက်ခြေရာခံလိုက်သည်။


သူတို့ပွေ့ဖက်လိုက်ပြီးနောက် မုထျန်းဟန် မော့တိကို ဆွဲခေါ်ကာ နဖူးပေါ်သို့ အနမ်းတစ်ပွင့်ပေးချင်မိသော်လည်း သူ၏လက်မလှုပ်ရှားနိုင်ခင်မှာပင် မော့တိမှာ ကုဒ်များဖြင့် ထွက်ပြေးသွားလေပြီ။ အနောက်တွင် ကျန်ရစ်ခဲ့ရပြီးနောက် မုထျန်းဟန် ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ရကာ သူ၏ကွန်ပြူတာမှ အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်လိုက်ရသည်။


ဤသို့ဖြင့် မော့တိက မုထျန်းဟန်တို့နှင့်အတူ သူတတ်နိုင်သမျှကူညီပေးခဲ့သော လိုင်သယ်စစ်ကြောင့် ချင်ချန်းယီ၏လူယုံအကြောင်းနှင့် မော့စစ်လန်၏လက်ထောက်မှာ ဒိုင်ယာရီအတုကို ဖန်တီးခဲ့သူဖြစ်ကြောင်း သက်သေများကို လုံလုံလောက်လောက် စုဆောင်းနိုင်ခဲ့သည်။


တစ်ချိန်တည်းမှာပင် ဂျော့ခ်ျနှင့် ချုတ်တို့သည်လည်း သူ၏လူယုံကို မော့စစ်လန်နှင့်ပူးပေါင်းပြီး အမှားအယွင်းတစ်စုံတစ်ရာမရှိစေရန် ညွှန်ကြားခဲ့သည့်စာကို ရယူရန်ကြိုးပမ်းနေကြသည်။


‌လီချန်း၏အဖွဲ့တစ်ခုတည်းသည်သာ မော့စစ်လန် သူ၏လက်ထောက်ကို ညွှန်ကြားခဲ့သည့်စာကိုရှာဖွေရာတွင် ခက်ခဲနေခဲ့သည်။ မော့စစ်လန်နှင့် သူ၏လက်ထောက်တို့ကြားတွင် ထိုအကြောင်းအရာနှင့်ပတ်သက်၍ပြောသည်မှာ မရှိသလောက်ရှားပါးနေခဲ့သည်။ ဤသည်မှာ မော့စစ်လန် သူ၏ညစ်ပတ်သောအလုပ်များတွင် သူမအပေါ် မည်မျှယုံကြည်ချက်ရှိသည်ကို ဖော်ပြနေသည်။


အဆုံး‌၌ လူတိုင်းပါဝင်လာကြပြီး တတိယမြောက်နေ့အပြီးတွင် သူတို့ မော့စစ်လန်နှင့်လက်ထောက်တို့ကြားရှိ စကားပြောထားသောမှတ်တမ်းအချို့ကို တွဲစပ်နိုင်ခဲ့သည်။ ကုဒ်ဖြင့်ရေးသားထားသောစာများဖြင့် သူတို့ ဆဲဆိုသည့်စကားလုံးများနှင့် ဒိုင်ယာရီအတုတွင် ပေါင်းထည့်မည်ဖြစ်သော မတော်တဆမှုကို အမှုဆင်မည့်အကြောင်းကို အသေးစိတ်ဆွေးနွေးထားကြသည်။


သက်သေအားလုံးကို လက်ထဲတွင် ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်ပြီးမှသာ အဆုံးတွင် သူတို့ မော့စစ်လန်နှင့်ချင်ချန်းယီတို့ အတူပူးပေါင်း၍ မော့တိအပေါ် ဆိုးဝါးသည့်အရာများလုပ်ဆောင်ရန် မြောက်ထိုးပင့်ကော်ပေးခဲ့ကြသည်ကို သက်သေပြနိုင်သွားသည်။ ထိုအကြမ်းဖက်အဖွဲ့တွင် အသက်မပြည့်သေးသူအချို့လည်း တစ်စိတ်တစ်ပိုင်းပါဝင်‌နေပြီး ထိုအသက်မပြည့်သေးသူများကို လှုံ့ဆောင်ပေးသည့်လုပ်ရပ်ကပင် သူတို့၏ပြစ်မှုများကို ထပ်တိုးသွားစေပေမည်။


မော့တိ မော့စစ်လန်နှင့်ချင်ချန်းယီတို့ကို ဖြုတ်ချနိုင်မည့်အရာအားလုံးကို ရရှိပြီးနောက်မှသာ နောက်ဆုံးတွင် အသက်ရှုနိုင်သွားပြီဖြစ်သည်။ ထို့ကြောင့် သူနှင့်မုထျန်းဟန်တို့ စကားပြောခန်းထဲတွင် သူတို့ကတိပေးထားသည့်စားသောက်ပွဲအကြောင်းပြောလိုက်ကြသည်။ လူတိုင်းကို ယွမ်နှစ်ရာတန်စာအိတ်နီဆယ်လုံး ပေးပို့ပြီးနောက် လာမည့်အပတ်အတွင်း မြို့တော်၏ဈေးကြီးသောဆိုင်တွင် ညစာဖိတ်ကျွေးရန် သဘောတူလိုက်ပြီးမှသာ မော့တိ ပျော်ရွှင်စွာဖြင့် ရေသွားချိုးနိုင်ခဲ့သည်။


လိုင်သယ်စစ်မှာမူ ပျော်ရွှင်စွာဖြင့် စာအိတ်နီများကို လိုက်ကောက်နေခဲ့သည်။ သူ ယွမ်၂၅၀တန် စာအိတ်နီတစ်လုံးရခဲ့ကာ အနည်းဆုံးအနေဖြင့် သာမန်ထက်ပို၍မြင့်မားနေပြီဖြစ်သည်။ မုန့်ထယ်မှာမူ ကံအကောင်းဆုံးဖြစ်ကာ ယွမ် ၄၆၀တန်အိတ်ကို ရရှိခဲ့လေသည်။


မုထျန်းဟန်သည်လည်း အတော်အသင့်ပါသော အိတ်တစ်လုံးရရှိသွားပြီးနောက် သူက နောက်ထပ်ဆယ်လုံးပို့ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း မော့တိ ရေမိုးချိန်ရန် ထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူရပ်တန့်လိုက်သည်။ အကယ်၍ သူ့ထံမှ သူ၏ကောင်လေးလက်ခံရန်မရှိတော့ပါက သူသည်လည်း စာအိတ်နီများကို ထပ်မံပေးရန် မလိုတော့ချေ။


ထို့အပြင် သူတို့စကားပြောနေစဉ် သူရေသွားချိုးခြင်းမှာလည်း ကောင်းပေလိမ့်မည်။ သို့သော် မုထျန်းဟန် သူတို့နှင့်စကားပြောနေစဉ် သူ၏ကောင်ငယ်လေးထံမှ ဆပ်ပြာမွှေးရနံ့ကိုရလိုက်ချိန်တိုင်း မူးဝေသွားခဲ့သည်။


ကြည့်ရသည်မှာ ဖွင့်ပြောပြီးနောက် မုထျန်းဟန် သူ့ကိုယ်သူ သူ၏အထိန်းအကွပ်မဲ့သော သားရဲအခြေအနေသို့ စတင်ပြောင်းလဲလာပုံပင်။ မော့တိ ရေချိုးပြီးနောက် သဘာဝကျစွာပင် သူနှင့်စကားစမြည်ပြော‌ရန်နေလိမ့်မည်ဟု ယူဆခဲ့သည်။ ထို့ကြောင့် ဤမျှနောက်ကျသည့်အချိန်၌ အခန်းထဲသို့ ဝင်ရောက်ခြင်းကို မော့တိခွင့်ပြုမည် မပြုမည်ကို သူစိတ်ထဲမထားတော့ချေ။


ထိုစဉ် မော့တိ ရေအမြန်ချိုးခြင်းမှာ ပြီးဆုံးသွားလေပြီ။


သူ၏ရေချိူးခန်းသုံးပစ္စည်းများမှာ အစုံလိုက်ဖြစ်ပြီး ရှောက်ချိုသီး၏မွှေးရနံ့မှ သူ၏ရွှင်မြူးသောစိတ်ဓာတ်ကို ပို၍ပင်မြင့်မားလာစေသည်။


မော့တိ သူ၏ညအိပ်ဝတ်စုံကိုလဲကာ ခေါင်းသုတ်နေသည့်အချိန်အတွင်း သူ့ဖုန်းမှ အသံအမြင့်ဆုံးအချက်ပေးသံ ပေါ်ထွက်လာခဲ့သည်။ သူ အလျင်အမြန် ဖတ်လိုက်ချိန်၌ သူ့ခံစားချက်များ နစ်မြုပ်သွားလေသည်။


မော့စစ်လန်၏ အစွန်းရောက်ပရိသတ်အချို့မှာ သူ၏လိပ်စာကိုရှာတွေ့သွားကြပြီး လူစု၍ သူတို့အိုင်ဒေါအတွက် အင်းဆက်ပိုးမွှားများရှင်းခြင်းကို လုပ်ဆောင်ပေးချင်နေကြသည်။


မော့တိမှာမူ ပြင်ဆင်ထားပြီးဖြစ်ကာ သူ တိုက်ခိုက်မှုများကိုပင် အနည်းငယ်မျှော်လင့်ထားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းအရာမှာ မော့စစ်လန်ပေါ်သို့ တူပစ်ချနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုလူများမှာ သူ့ကို ဆဲဆိုစော်ကားနေကြရုံသာမက မုထျန်းဟန်ကိုပင် ဆိုးရွားစွာပြောဆိုခဲ့ကြရာ မော့တိဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။


အထူးသဖြင့် ' မော့တိကိုခေါ်ဆောင်သွားသူမှာလည်း လူကောင်းမဖြစ်နိုင် " ဟူသောစကားနှင့် ' ထိုကဲ့သို့အဆိပ်ပြင်းသည့်လူနှင့်နေထိုင်နေသူသည်လည်း အဆိပ်ပြင်းသူပင်ဖြစ်နိုင်သည် ' တို့ပင်ဖြစ်သည်။ အချို့မှာမူ သူတို့ကို တိုက်ခိုက်ရန်အကြံများပေးနေကြပြီး အဆုံး၌ အသက်ဆယ့်ခြောက်နှစ်အောက် အသက်မပြည့်သူများမှာ ထောင်မကျနိုင်‌ခြင်းကြောင့်ပင်။


သူတို့၏တိုက်ခိုက်ရေးအစီအစဉ်ကို လုပ်ဆောင်ချိန်၌ အသက်ကြီးသောပရိသတ်များမှာ လမ်းညွန်မှုများပေးကာ အလုပ်များကိုပင် ခွဲဝေပေးခဲ့ကြသည်။


ထိုလက်တွေ့မကျမှုနှင့် ရူးသွပ်နေမှုကြီးမှာ အမှန်တကယ်ပင် ရူးချင်စရာကောင်းလှသည်။


ထိုအချိန်၌ ရုတ်တရက် တံခါးခေါက်သံနှင့်အတူ မုထျန်းဟန်၏အသံထွက်ပေါ်လာသည်။


 " အိပ်ပြီလား…"


" ဟင့်အင်း မအိပ်ရသေးပါဘူး…"


မော့တိ သက်ပြင်းတစ်ချက်ချကာ သူ၏ဒေါသကို ဖိနှိပ်လိုက်သည်။


စိတ်တိုမနေနဲ့ ဒီလူတွေကြောင့် စိတ်တိုနေဖို့မလိုဘူး…။


မော့တိ စိတ်ကိုလျော့ကာ မုထျန်းဟန်အတွက် တံခါးသွားဖွင့်ပေးလိုက်သည်။ သို့သော်လည်း တံခါးဝသို့ရောက်သည်နှင့် သူ၏ခြေလှမ်းများမှာ ရပ်တန့်သွားခဲ့သည်။


သူတို့ဖွင့်ပြောပြီးသည့်နေ့မှစ၍ မော့စစ်လန်ကို ရင်ဆိုင်ရန် ကြိုးပမ်းနေကြရသဖြင့် ထိုကဲ့သို့ အားလပ်ကာ နှစ်ယောက်တည်းဖြစ်နေခြင်းမှာ ရှားပါးလှသည်။ သူတို့ချစ်ကြောင်းခင်ကြောင်းပြောခြင်း သို့မဟုတ် မုထျန်းဟန်နှင့် ချစ်ကြည်နူး တစ်တီတူးရန်အတွက် အခွင့်အရေးမျိုးမရှိခဲ့ပေ။


သူတို့အနမ်းဖလှယ်ကြရန်အခွင့်မှာ ပို၍ပင် နည်းပါးလေသည်။


သို့သော်လည်း ယခုအချိန်တွင်သာ…


မော့တိ အလျင်အမြန် မှန်ကိုကြည့်ကာ ဆံပင်များကို ဖြီးသင်လိုက်သည်။


သူ၏ပုံစံမှာ.. အဆင်ပြေလောက်သည် မဟုတ်လား…


ညအိပ်ဝတ်စုံကသာ အလွန်ကလေးဆန်နေပေလိမ့်မည်။


မော့တိ သူ၏အဝါရောင်ဖျော့ဖျော့ ညအိပ်ဝတ်စုံကို ဆွဲကိုင်လိုက်ပြီး အနည်းငယ်စိတ်ပျက်သွားခဲ့သည်။ ထိုအင်္ကျီမှာ အလွန်ကလေးဆန်နေပေရာ မုထျန်းဟန် သူ့ကိုမည်သည့်အရာမှ လုပ်တော့မည် မဟုတ်ပေ။


Xxxxx